Home ဆောင်းပါး ကြောက်လို့ လျော်ကြေးလက်ခံလိုက်ရပေမယ့်လည်း..

ကြောက်လို့ လျော်ကြေးလက်ခံလိုက်ရပေမယ့်လည်း..

7

ညီးသံလိုလိုကြားလိုက်လို့ လယ်တောဘက်ပြေးကြည့်တော့ သမီးကို မမှတ်မိအောင် မျက်နှာမှာ ထိုးကျိတ်ထားတဲ့ အရာတွေနဲ့ ကြည့်မကောင်းအောင်ကို ဖြစ်နေတယ်

ရေးသူ – Cherry/ Anna

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် အောင်နန်ကျေးရွာ၏ ရွာအစွန်းဘက် ရှမ်းအိမ်တအိမ်မှာ အိမ်ခြံဝင်းတွင် အသီးအရွက်တွေနဲ့ ပြောင်းဖူးပင်များ စိုက်ပျိုးထားသည်။ အိမ်လေးနဲ့တဆက်ထဲမှာ ချောင်းလေးသာရှိတော့ပြီး ချောင်းလေး၏ တဖက်တွင် ရွာသူရွာသားများ၏ လယ်တောများရှိပါသည်။

ထိုချောင်းလေးတွင် သစ်သားပြားခင်းပြီး အဝတ်လျော် နေရာလေးတခုပြုလုပ်ထားပါသည်။ အိမ်လေးမှာ ချောင်းလေးဘက် မျက်နှာမူထားသော်လည်း အိမ်ခြံဝင်းတွင် စိုက်ပျိူးထားသော ပြောင်းဖူးပင်များကြောင့် ချောင်းလေးဘက် အလွယ်တကူ မမြင်နိုင်ပါ။

လွန်ခဲ့တဲ့ နှစ်နှစ် စက်တင်ဘာ လရဲ့ မနက်စောစော တခုမှာ အသက် ၂၅ နှစ်အရွယ် မိခင်တဦးဟာ အဝတ်လျော်နေပါသည်။ သူသည် မကြာခင်ကြုံရမည့် ကြမ္မာဆိုးကို ထိုစဉ်ကတော့ မသိခဲ့နိုင်ပါ။

ကလေးမွေးပြီး လပိုင်းသာ ရှိသေးတဲ့ အမျိုးသမီး အဝတ်လျှော်နေစဉ် သီပေါ အခြေစိုက် အစိုးရတပ် (၆၈) တပ်သားတစ်ဦးရောက်ရှိလာပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူက ပြန်ပြောပြပါတယ်။

“ကျွန်မကလေးမွေးပြီး နှစ်လအကြာမှာ ရေချောင်းမှာ တစ်ယောက်ထဲအဝတ်လျှော်နေတုန်း စစ်သားတစ်ယောက် ရောက်လာပါတယ်။ ရောက်တာနဲ့ တစ်ခါတည်း သူမကို ချက်ချင်းရေထဲ တွန်းလဲပြီး နှိပ်စက်တယ်။ ခေါင်းကိုမပေါ်အောင်နှစ်ထားတယ်၊ ကျွန်မတစ်ကိုယ်လုံး ပျော့ခွေသွားတော့ လယ်တောထဲဆွဲခေါ်သွားပြီး ရင်ဘက်ပေါ်မှာ ထိုင်ဖိထားပြီး ခေါင်းနဲ့မျက်နှာကို လက်သီးနှစ်ဖက်နဲ့ထိုးကျိတ်ထားလိုက်တော့ ဘယ်ဘက်မျက်လုံးဆို လုံးဝဖွင့်လို့ မရတော့ဘူး။ ခဏကြာတော့ ကျွန်မလည်းသတိလစ်မေ့မြောသွားတယ် ဘာကိုမှမသိတော့ဘူး” ဟု ပြုကျင့်ခံရသူ အမျိုးသမီးက ပြန်ပြောပြသည်။

သူမ အတင်းအဓ္ဓမပြုကျင့်နှိပ်စက်ခံရသည်ကို (၆၈)တပ် ဗိုလ်မှုးကြီးကို အကြောင်း ကြားသော်လည်း  ဘယ်သ့ူကိုမှ အသိမပေးဖို့ အမျိုးသမီးကို ငွေနှစ်သိန်းတိတိနှင့် နစ်နာကြေားပေးကာ နှုတ်ပိတ်ခဲ့သည်ဟု ဒေသခံ ဒေါ်ခမ်းဆွယ်ထံက ပြောပြခဲ့သည်။

“သူတို့ကကြောက်လို့ထင်တယ် အဲသည်ငွေကို လက်ခံလိုက်ကြတယ် သူမကိစ္စနှင့်ပတ်သက်၍ မေးလာခဲ့ရင် သူမမှာ ဦးနှောက်ထဲ ဌက်ဖျားပိုးဝင်လို့ဖြစ်တယ်လို့ ရွာသားများကို ဆင်ချေဆင်လက် ပေးခဲ့တယ်” လို့ ဒေသခံ ဒေါ်ခမ်းဆွယ်ထံမှ သိရသည်။

သူမမှာ အချိန်နှစ်လကျော် ဆေးကုသမှု ခံယူခဲ့ကြောင်းလည်း သိရသည်။ ဒေသခံ သူနာပြုအကူ ဆရာမ ဒေါ်ခေါန်ဂျာ၏ အကူအညီကြောင့် တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံရကြောင်းလည်း သိရသည်။

“သမီးကို လယ်တောထဲမှာ အရင်စတွေ့တာကကျွန်တော်ပါ။ ကျွန်တော်လည်း လယ်တောမသွားခင် သမီးက ကလေးတွေရဲ့ အဝတ်တွေလျှော်ဖို့ပြင်ဆင်နေတာ တွေ့ထားတယ် လယ်တောမှာ သွားကြည့်ပြီး ပြန်လာတော့ ချောင်းထဲမှာက အဝတ်တွေကလည်း ရေးထဲကျနေတာကကျနေ အဝတ်တွေက လျှော်ထားသလိုလဲမဟုတ် သမီးကအဝတ်တွေကို ဒီလိုပစ်ပြီးဘယ်သွားနေလဲပေါ့ ကျွန်တော်စဉ်းစားနေချိန်မှာဘဲ ညီးသံလိုလိုကြားလိုက်လို့ လယ်တောဘက်ပြေးကြည့်တော့ သမီးကို မမှတ်မိအောင် မျက်နှာမှာ ထိုးကျိတ်ထားသည့် အရာတွေနဲ့ ကြည့်မကောင်းအောင်ကို ဖြစ်နေတယ်” လို့ ခံရသူ၏ဖခင်က ပြောပြပါသည်။

သူမသည် ဆေးကုသမှုခံယူပြီးသော်လည်း အခုချိန်ထိ ဝေဒနာက ပြန်ထထလာနေဆဲ ဖြစ်သည်။  အထူးသဖြင့် ခေါင်း နာကျင်ကိုက်ခဲပြီး ခေါင်းမူးသည့် ရောဂါက အခုချိန်ထိ မပျောက်သေးကြောင်း သိရပါသည်။

“ကျွန်မဆိုရင် အဲတုန်းက သမီရဲ့အဖြစ်အပျက်ကို ကြားလိုက်သည်နှင့် တစ်ခါတည်း သတိလစ်သွားတယ် ကျွန်မအခုချိန်ထိ နှလုံးရောဂါခံရှိသွားပြီ။ သမီးလေးကဆေးရုံသွားဖို့ ငွေခက်ခဲနေချိန် (KIA) ကချင်လွတ်မြောက်ရေး လက်နတ်ကိုင် အဖွဲ့အစည်းမှ ငွေသုံးသောင်းကျပ် လာကူညီလို့ ကျွန်မတို့သမီး ဆေးကုနိုင်ခဲ့တယ် ကျွန်မလည်းဘဲ တစ်လလောက် ဆေးကုသလိုက်ရတယ်” လို့ မိခင်ဖြစ်သူ ကပြောပြသည်။

သူမသည် အတင်းအဓ္ဓမပြုကျင့်နှိပ်စက်ခံရများ၍ သူမ၏ဘဝလဲ နာကျည်းစွာ ကြီးမားသော စိတ်ဒဏ်ရာနှင့် ကြောက်ရှက်စိတ်ရှိသွား၍ “သူ့ရဲ့မိသားစုအတိုင်းအဝိုင်းကိုလည်း မသိ ကယောင်ချောက်ချားဖြစ်ပြီး သုံး-လေးလ အရူးတစ်ပိုင်းလို ဖြစ်သွားတယ်” လို့ ဒေသခံ သူနာပြုအကူ ဆရာမက ပြောပြသည်။

အစိုးရတပ်များ အခုချိန်ထိ  ရွာတွင် အဝင်အထွက်ရှိနေသေးကြောင်း၊ ရွာသူရွာသားများစိုးရိမ်မှုှနှင့်နေ နေရကြောင်းလည်း ရွာသားများက ပြောပြသည်။

Related Articles