မယ်လွန်း။ ။
စိမ်းလဲ့တဲ့ ရေပြင်ကျယ်ကြီးဟာ အင်းလေးကန်ကြီးအလား ထင်ရပါတယ်။ တောင်တွေက ဟိုမှာတလုံး ဒီမှာတလုံး မြင်နေရပြီး သစ်ပင်သစ်အုပ်တွေ တရိပ်ရိပ်ရှိနေတာဟာ မြင်ရသူအဖို့ စိတ်လန်းဆန်းကြည်နူး စေမယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ရွာခံတောင်သူလယ်သမားတွေအဖို့တော့ ဒီမြင်ကွင်းက စိတ်အေးချမ်း စရာ မဟုတ်ခဲ့ပါဘူး။
“ဒီရေတွေအောက်မှာ အကုန်လုံး လယ်ကွက်တွေလေ၊ နွားစားကျက်မြေနဲ့ လယ်ကွက်တွေချည်းပဲ” လို့ စက်လှေပေါ် လိုက်ပါလာတဲ့ ရွာခံတဦးဖြစ်သူ ဒေါ်ထွေးပိုက ပြောပါတယ်။
မိုးက တဖြိုက်ဖြိုက်ရွာနေလို့ စက်လှေပေါ်ပါလာသူတွေဟာ ထီးတွေ၊ ခမောက်တွေ ဆောင်းထားကြပါ တယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က တောကြီးကုန်းကျေးရွာကိုရောက်ဖို့ ကော့ဂွန်းဂူဘေးက ရေပြင် ကျယ်ထဲမှာ နာရီဝက်ကျော်လောက် ဖြတ်ပြီးမှ ရောက်မယ်လို့ ရွာခံတွေက ပြောပါတယ်။ ကားသွားလို့ရတဲ့ မြေနီလမ်းရှိပေမယ့် ရေကြီးမှုကြောင့် လမ်းပျက်ခဲ့ပြီး လူနှစ်ရပ်နီးပါး ရေလွှမ်းခံထားရတဲ့ လယ်ကွင်းထဲက နေ လှေငယ်လေးတွေ စက်လှေတွေနဲ့ သွားလာနေကြရပါတယ်။
စက်လှေပေါ်ပါလာတဲ့ ဆံပင်အုံလုံးသိမ်းထုံးပြီး မျက်နှာမှာ သနပ်ခါးဘဲကျားလိမ်းထားတဲ့ အသားညိုညိုနဲ့ ဒေါ်ထွေးပိုက တောကြီးကုန်းရွာနားအရောက်မှာ သူမရဲ့ စိုက်ခင်းရှိရာ လယ်ကွက်ကို လက်ညိုးထိုးပြပါ တယ်။
“ဟိုမှာတွေ့လား၊ ခြံစည်းရုံးပေါ်နေတဲ့နေရာ၊ အဲဒါ ကျမစိုက်ခင်းနေရာ” လို့ ကရင်သံဝဲ၀ဲနဲ့ ပြောပါတယ်။ သူမဟာ ကရင်လူမျိုးမဟုတ်ပေမယ့် သူမရဲ့ဇာတိ ပဲခူးမြို့နယ်ဘက်က ဒီနယ်ဘက်ကို အခြေချခဲ့တာ (၁၂) နှစ်ကျော်ပြီမို့ ဒေသလေသံထွက်နေတာဖြစ်ပါတယ်။
ရေပေါ်မှာ လက်တတောင်သာသာပေါ်နေတဲ့ ခြံစည်းရုံးတိုင်တွေကိုငေးရင်း သူမမျက်လုံးတွေ တခဏ အရောင်မှိန်ကျသွားခဲ့တယ်။
ပြီးခဲ့တဲ့လက သူမတို့အိမ်အထိ ရေမြုပ်ပေမယ့် အခု ရေနည်းနည်းပြန်ကျသွားတယ်လို့ဆိုပါတယ်။
အသက် (၄၅)နှစ်အရွယ်၊ ကလေး(၇)ယောက်မိခင် ဒေါ်ထွေးပိုက သူမမိသားစု စားဝတ်နေရေးအတွက် သီးနှံစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးပညာပေး မသိသလို အခုချိန်ထိလည်း သူမတို့ရွာမှာ ဆေးခန်းသေးသေးလေးတောင် မရှိတာကြောင့် ကလေး(၇)ယောက်အထိ မွေးခဲ့ရတယ်လို့ပြောပါတယ်။
စီးပွားရေးအဆင်မပြေမှုကြောင့် သမီးအကြီး(၃)ယောက်ကို ထိုင်းနိုင်ငံပို့ပြီး အလုပ်ထွက်လုပ်စေခဲ့ပေမယ့် တရားမဝင်အလုပ်သမားဖြစ်တာမို့ အိမ်ကို တခါတရံမှာသာ ငွေစအနည်းငယ် ပေးပို့နိုင်တယ်လို့ သူမက ပြောပါတယ်။ ဒါကြောင့် အိမ်မှာကျန်နေတဲ့ ကလေးငယ်(၄)ယောက်ရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာ ရေးစရိတ်အတွက် သူမနဲ့ သူမခင်ပွန်းတို့ဟာ သီးနှံစိုက်ပျိုးရောင်းချပြီး နေ့တဓူ၀ စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ကြတာပါ။
“ကိုယ့်ဖာသာကိုယ်ပဲ ခေါင်းပေါ်တင် သားအမိ(၃)ယောက် လျှောက်ရောင်းတယ်၊ ရတဲ့ပိုက်ဆံနဲ့ ဝယ်စား လိုက်။ ဈေးကြွေးဘာကြွေး မတင်တော့ဘူးပေါ့” လို့ သူမရဲ့ စိုက်ခင်းထွက်သီးနှံတွေ ရွာလှည့်ရောင်းခဲ့တဲ့ အကြောင်း ပြောပြပါတယ်။
မနက်(၄)နာရီခွဲလောက်ကနေ ခြံထွက်သခွားသီး အချိန်(၃၀)လောက်ကို သူမတို့ သားအမိ(၃)ယောက် ခွဲ သယ်ပြီး ခြေကျင်နဲ့ ကျေးရွာတလျှောက် ဈေးလှည့်ရောင်းပြီး နေ့လည်(၁၂)နာရီလောက်မှ အိမ်ပြန်ရောက် တယ်လို့ဆိုပါတယ်။ တခါတလေ ကလေးတွေ ထမင်းဆာတဲ့အတွက် လမ်းခုလတ်က အသိအိမ်တွေက ခေါ်ပြီး ထမင်းကျွေးတတ်တယ်လို့ သူမက ပြီးခဲ့တဲ့နှစ် သီးနှံထွက်ချိန် ဈေးရောင်းခဲ့ရတာကို ပြန်ပြောင်း ပြောပြပါတယ်။
အမှန်တော့ ဒီနှစ်ဟာ ဒေါ်ထွေးပိုအတွက် စီးပွားရေးအောင်မြင်ဖို့ လမ်းစတခုအဖြစ် မျှော်လင့်ခဲ့တာပါ။ နည်း ပညာတွေ အရင်းအနှီးတွေမရှိခဲ့လို့ ဟိုးအရင်က စိုက်ခင်းတကွက်ကို ကျပ် ၂ သောင်း/ ၃ သောင်းပတ်ဝန်း ကျင်သာရခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က လူမှုဖွံ့ဖြိုးရေးအဖွဲ့အချို့ရဲ့ နည်းပညာအကူညီအပြင် ဝဲ၊ ပိုးသတ်ဆေး စတဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အထောက်အပံ့အချို့နဲ့ စနစ်တကျ စိုက်ခဲ့လို့ စိုက်ခင်းတကွက်ကို(၃)သိန်း ရခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အရင်းအနှီးကို ချေးငှားခဲ့ပြီး ဒီနှစ်မှာ တိုးချဲ့စိုက်ပျိုးပြီး အရင်လို ဈေးဗန်း ရွက် လှည့်မရောင်းတော့ပဲ ဖောက်သည်ပေးမယ်လို့ စိတ်ကူးခဲ့တာပါ။
“အရင်က နှစ်သောင်း၊ သုံးသောင်းရတဲ့အခင်းက အခုဆို (၃)သိန်းလောက်ပြန်ရတယ်။ နှစ်ကွက် သုံးကွက် စိုက်ရင် ကိုယ်ဘယ်လောက်ရမလဲ၊ ကိုယ့်သားသမီးလေးတွေကို သူများတွေလို ကိုယ်ထားလို့နိုင်တယ်ပေါ့ နော်။ အဲဒီလိုမျိုး ရှေ့ရေးကိုတော့ ကိုယ်တွေးထားတာပေါ့”
စိုက်ခင်းကို ဂရုစိုက်ဖို့နဲ့ စိုက်ခင်းထွက်သီးနှံတွေ ရောင်းချဖို့အတွက် ကိုယ်ခွဲမရှိတာကြောင့် (၆)တန်းအောင် ပြီးတဲ့ သူမရဲ့သမီးကို ကျောင်းထုတ်ပြီး ဝိုင်းကူခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ သူမရဲ့စီမံကိန်းကတော့ မျှော်လင့်သလို မဖြစ်လာခဲ့ပါဘူး။ အရင်နှစ်က စိုက်ခင်းအဆင်ပြေလို့ နောက်တကျော့ပြန်စိုက်ပြီး ခူးချိန်လောက်ရောက်မှ မမျှော်လင့်ထားတဲ့ ရေကြီးမှုကြောင့် သူမရဲ့ စိတ်ကူး အိပ်မက်တွေ ပျက်ခဲ့ရပါတယ်။
“အခင်းကို ပြေးကြည့်လိုက်၊ အရင်ဆုံး ၃ ကွက်က အရင်မြုပ်တယ်လေ။ ဒါပေမဲ့ အပေါ်ကအခင်းလေးတော့ မြုပ်မှာမဟုတ်ဘူးပေါ့။ နည်းနည်းအားပြန်တင်းလိုက်ပြန်ရော။ အားပြန်တင်းလိုက်တာနဲ့ ရေက တက်လာပြန် တက်လာပြန်၊ ခူးရင်း ခူးရင်းနဲ့ပဲ မြုပ်မြုပ် မြုပ်မြုပ် မြုပ်သွားရော”
သီးနှံရောင်းမှ စားစရိတ်ရမယ့် ဒေါ်ထွေးပိုကတော့ ရေမြှုပ်သွားပေမယ့်လည်း ဇွဲမလျော့ခဲ့ပါဘူး။ ရေအောက် ရောက်ခဲ့တဲ့ သီးနှံပင်တွေကို ရေထဲမှာစမ်းပြီး ရသလောက်အသီးခူးရောင်းခဲ့တာ ကျပ်တစ်သောင်းကျော်ဖိုး ရလိုက်တယ်လို့ ဆိုပါတယ်။
“အပေါ် ၂ ကွက်က ၈ သိန်း။ သခွား၊ ပဲ၊ ပြောင်း၊ စုစုပေါင်းဆို ၁၀ သိန်းကျော်တယ်” လို့ တဲသာသာရှိတဲ့ သူမရဲ့ခြေတံရှည်အိမ်ပေါ်ကနေ ရေပြင်ဘက်ကို လက်ညှိုးထိုးပြပြီး ရေအောက်ရောက်နေတဲ့ သူမရဲ့ စိုက်ခင်း က ထွက်ကုန်တန်ဖိုးကို တွက်ပြနေပါတယ်။
အခုချိန်မှာတော့ စိုက်ခင်းအတွက် ချေးငှားခဲ့တဲ့ အကြွေးလည်းကျန်၊ ထွက်ကုန်လည်း ရှုံးရတဲ့ ဒေါ်ထွေးပို အဖို့ ရေကျချိန်မှာစိုက်ဖို့ နောက်ထပ်မျိုးစေ့ဝယ်ဖို့တောင် ငွေရှာမရဖြစ်နေပါတယ်။
တောကြီးကုန်းကျေးရွာမှာ လယ်ယာစိုက်ခင်းမြေတွေ ရေမြုပ်ခံရတာ ဒေါ်ထွေးပိုတယောက်တည်းတော့ မဟုတ်ပါဘူး။ ရွာခံအားလုံးနီးပါးပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခြားဝင်ငွေမရှိတဲ့ ဒေါ်ထွေးပိုအတွက်ကတော့ အဆိုးဆုံးခံရသူတွေထဲက တဦးအပါအဝင်ပါလို့ ရွာခံတွေက ပြောပါတယ်။
တောင်ကြီးကုန်းကျေးရွာမှာ လယ်ယာစိုက်ပျိုးမြေဧက (၄၀၀)ပတ်ဝန်းကျင်ရှိပြီး အဲဒီထဲက မိုးတွင်းစိုက် ဧက (၆၀)ကျော်က ရေအောက်ရောက်ခဲ့တယ်လို့ ရွာရဲ့ ဥက္ကဌဟောင်းဖြစ်သူ ဦးလှမယ်က ဆိုပါတယ်။
“အခု ဒီနှစ်က မိုးဦးစပါးလည်း ဘာမှမရှိတော့ဘူး၊ ဟိုဘက်ရွာသွားလို့လည်းမရှိဘူး၊ ဒီဘက်ရွာလာလို့လည်း မရှိဘူး။ ဘယ်ရွာမှမရှိတော့ဘူး။ ကုန်သွားပြီ”လို့ ဦးလှမယ်က ပြောပါတယ်။
ဒီနှစ်ရေကြီးမှုကြောင့် ကရင်ပြည်နယ်အတွင်းမှာ စုစုပေါင်း လယ်ဧက (၃) သောင်းကျော် ပျက်စီးခဲ့ပြီး လမ်း တံတားသေးတွေ (၁၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူးဖြစ်သူ ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆိုပါတယ်။
အိမ်အထိပါ ရေမြုပ်တုန်းကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့အချို့ရဲ့ ရိက္ခာအချို့ လက်ခံရရှိခဲ့ပေမယ့် ရေ နည်းနည်းပြန်ကျချိန်မှာတော့ စားနပ်ရိက္ခာပေးမယ့်သူတွေလည်း မရှိတော့ပါဘူး။ အဲဒါကြောင့် တနေ့တာ ဟင်းစားရဖို့အတွက် အသီးခူးစရာ စိုက်ခင်းမရှိတော့ အခြားရရာအလုပ် ရှာရပြန်ပါတယ်။ အဲဒါကတော့ ရေ လွှမ်းနေတဲ့ လယ်ယာစိုက်ခင်းမြေ၊ စားကျက်မြေထဲမှာပဲ သူမပိုင်တဲ့ ပျက်စီးခါနီးလှေငယ်လေးနဲ့ အောင် သပြေညွှန့်လေးတွေ ခူးရောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်။
“ဝါဆိုလပြည့်တွေဆိုရင် (၅)ထောင်ဖိုး (၆)ထောင်ဖိုး၊ (၂)ထောင်ဖိုး၊ (၃)ထောင်ဖိုးလောက်ရတယ်” လို့ ဘာသာရေးနေ့တွေနဲ့တိုက်ပြီး သူမခင်ပွန်းနဲ့အတူ ရက်ခြား ရှာခူးရောင်းတဲ့အကြောင်း ဒေါ်ထွေးပိုက ပြောပါ တယ်။ လူနှစ်ရပ်နီးပါးကို ကျော်လွန်ပြီးပေါက်တဲ့ အောင်သပြေပင်တွေကလည်း ရှားတဲ့အတွက် ကလေး ကျောင်းမုန့်ဖိုးသာသာပဲ ရတယ်လို့ ဆိုပါတယ်။
ဒီလိုရေကြီးမှုကြောင့် လယ်သူမတွေအနေနဲ့ ဝင်ငွေထိခိုက်ခဲ့တဲ့အပြင် ကုန်ဈေးနှုန်းကလည်း သိသိသာသာ မြင့်တက်နေတာကြောင့် နေ့တဓူ၀ စားဝတ်နေရေးအတွက်ပင် အတော်ခက်ခဲသွားသလို နောက်တကြိမ် ထုတ်လုပ်မယ့် အရင်းအနှီးအတွက်လည်း အင်အားမစိုက်နိုင်တော့ကြောင်း ပေါင်းစည်းလုပ်အားကူညီရေး အဖွဲ့ စီမံချက်တာဝန်ခံ ဦးသန်းဇော်က ပြောပါတယ်။ နည်းပညာဆိုင်ရာ လက်လှမ်းမီဖို့ အားနည်းသေး တာကြောင့် ရေကျသွားခဲ့ရင်လည်း ရာသီဥတု သဘာဝဘေးဒဏ်ကြောင့် ပိုးမွှားက အရင်ကထက် ပိုပြီး ကျ ရောက်နိုင်တဲ့အတွက် အစိုးရအနေနဲ့ ကူညီပေးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
“ရေကျသွားရင် သူတို့တွေအနေနဲ့ ပြန်လည်စိုက်နိုင်တဲ့ မျိုးတို့၊ နည်းပညာတို့၊ သူတို့လုပ်နိုင်ဖို့အတွက် စရိတ် တွေလည်း လိုလာတယ်။ အဲဒီလို ထောက်ပံ့နိုင်မှသာ သူတို့က နည်းနည်းလေး ပြန်ထူထောင်နိုင်မယ်”လို့ ဦးသန်းဇော်က ဆိုပါတယ်။
ဘားအံပြည်နယ်အစိုးရအဖွဲ့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ရုံဆွေးနွေးပွဲလုပ်ခဲ့ပြီး ရေကြီးမှုကြောင့် အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ပညာရေး ဆုံးရှုံးထိခိုက်မှုအပိုင်းတွေနဲ့ပတ်သက်ပြီး Assessment (လေ့လာသုံးသပ်မှုစစ်တမ်း) ကောက်ဖို့ စီစဉ်နေကြတယ်လို့ သူက ဆိုပါတယ်။
ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာစိုက်ခင်းတွေနဲ့ လမ်းတံတားတွေကို ပြန်လည်ပြင်ဆင်ဖို့ အတွက် အစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။
“ရှိပြီးသား မျိုးစေ့တွေနဲ့လည်း ဖြန့်ဝေပြီးတော့ ပြန်လည်စိုက်ပျိုးတဲ့ဟာတွေလုပ်ဖို့၊ စိုက်ပျိုးတဲ့နေရာမှာ လို အပ်တဲ့နည်းပညာတွေပေးမယ်၊ မျိုးစပါးတွေပေးမယ်၊ အဲဒီလိုမျိုးဆောင်ရွက်နေတယ်” လို့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ကျပ်သိန်းတစ်ထောင်ကို လိုအပ်တဲ့ နေရာမှာ အသုံးပြုဖို့အတွက် ထောက်ပံ့ထားတဲ့အပြင် ကရင်ပြည်အစိုးရအဖွဲ့နဲ့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဌာနတွေ စုပေါင်းပြီး လယ်ယာကဏ္ဍပြန်လည်ထူထောင်ရေးကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လမ်းတံတားပြုပြင်ဖို့အတွက်လည်း ကျပ်သန်းပေါင်း(၂)ထောင်ကို အမျိုးသားသဘာဝဘေးန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ရန်ပုံငွေပေးဖို့ ဆောင်ရွက်နေကြောင်းသိရပါတယ်။
“မျိုးစေ့ကအစ ထောက်ပံ့မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုက မျိုးစေ့က ဝယ်ပြီး ပျိုးရတော့မယ်။ ဒါပေမဲ့ ပိုက်ဆံအဆင်မပြေသေးလု့ိ” လို့ ဒေါ်ထွေးပိုက ပြောပါတယ်။
အစိုးရရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုတွေက ဒေါ်ထွေးပိုတို့လို အသေးစားစိုက်ပျိုးရေးသ မားလယ်သူမတွေဆီ ရောက်မလား၊ ဘယ်လောက်အတိုင်းအတာထိ ရောက်မလဲဆိုတာ ဒေါ်ထွေးပိုတ ယောက် မသိပါဘူး။ ဒါပေမဲ့ ရေကြီးချိန်မှာ အောင်သပြေရွက်တွေ ရှာကြံခူးရောင်းရင်း ရေကျချိန်မှာ စိုက် ခင်းပြန်စဖို့ အတွက် အတိုးနဲ့ ငွေထပ်ချေးပြီး မျိုးစေ့ဝယ်မယ်လို့ ဆိုပါတယ်။
“ဟင်းရွက်ကို ပြန်စိုက်မယ်၊ ကြိုးစားမယ်” လို့ နေ့လည်ကျောင်းဆင်းထမင်းလာပြန်စားတဲ့ သူမ ကလေး ငယ်နှစ်ဦးကိုကြည့်ပြီး ပြောပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ သူမရဲ့အသိမိတ်ဆွေတဦးရဲ့ ငွေကြေးအနည်းငယ် ပံ့ပိုးမှုကြောင့် သခွားမျိုးစေ့ဝယ်ပြီး ပျိုးထားပြီလို့ သူမ အားရဝမ်းသာ ဖုန်းဆက်ပြောခဲ့ပါတယ်။ ရေနည်းနည်းကျချိန် ပေါ်နေတဲ့အခင်းအချို့မှာ ပြန်စိုက်ပျိုးနိုင်ဖို့ သူမ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဒေါ်ထွေးပိုရဲ့ ဝမ်း သာမှုက ကြာရှည်မခံခဲ့ပါဘူး။ စက်တင်ဘာလ (၆)ရက်နေ့မှာပဲ ရေပြန်ကြီးလာလို့ ဘာအံမြို့တွင်းအပါအဝင် ကျေး ရွာအတော်များများ ရေပြန်လွှမ်းခဲ့ပြန်ပါတယ်။
မျှော်လင့်ချက်တွေနဲ့ အားပြန်တက်လာတဲ့ဒေါ်ထွေးပိုတယောက်ကတော့ ငြီးငြူရင်း စိတ်ပျက်လက်ပျက်ဖြစ် နေရပြန်ပါပြီ။
“ရေပြန်တက်လာပြန်ပြီ။ အခင်းနေရာအကုန်လုံး ရေပြန်မြုပ်သွားပြန်ပြီ။ ကျမပျိုးထားတဲ့အပင်တွေ သွားပြီ ထင်တယ်။ နောက်တပတ်လောက်မှ ရေပြန်မကျရင်တော့ စိုက်မယ့်နေရာမရှိတော့ပြန်ဘူး”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021