Home ဆောင်းပါး နန်းမိုဟွမ်အရေး ဘာကြောင့်နှုတ်ပိတ်နေကြသလဲ

နန်းမိုဟွမ်အရေး ဘာကြောင့်နှုတ်ပိတ်နေကြသလဲ

ဓါတ်ပုံ – Sai Tom’s Facebook

နန်းဆိုင်နွမ်။        ။

“ ကျမညီမအတွက်  အရမ်းစိတ်ပူတယ်။ အမြန်ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်” ဟု နန်းမိုဟွမ်၏အစ်မဖြစ်သူ နန်းမိုခမ်းက ငိုယိုပြီး ပြောသည်။

“ နန်းမိုဟွမ်ရဲ့သားငယ်က အချိန်တိုင်း သူ့အမေကို မေးနေတာ ကျမစိတ်မကောင်းဘူး” ဟု သူမက ဝမ်းနည်းစွာဖြင့်  ဆက်လက်ပြောပြသည်။

နန်းမိုဟွမ်ပြန်လွှတ်လာရေးအတွက် အစ်မဖြစ်သူနန်းမိုခမ်းကိုယ်တိုင် ဦးဆောင်ပြီး စက်တင်ဘာ(၉)ရက်နေ့ နံနက် က နမ့်ခမ်းဒေသခံများနှင့်အတူ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

ကလေး(၃)ယောက်မိခင် နန်းမိုဟွမ်တယောက် အမြန်ပြန်လွှတ်လာရန်တောင်းဆိုသည့် ဆန္ဒထုတ်ဖော်ပွဲတွင် နမ့် ခမ်းဒေသခံ (၃၀၀) ကျော်တက်ရောက်ခဲ့ပြီး၊ ရောက်လာသည့် အမျိုးသမီးများသည် နန်းမိုဟွမ်အတွက် ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သြဂုတ်လ(၁၇)ရက်နေ့၊ မနက်(၈)နာရီခွဲအချိန်မှာ ကလေးတွေကို ထမင်းကျွေးနေတဲ့ နန်းမိုဟွမ်ကို သေနတ်ဖြင့် ထောက်ပြီး ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းခေါ်သွား ခဲ့ခြင်းကြောင့် ယခုကဲ့သို့လှုပ်ရှားမှုများပေါ်ပေါက်နေခြင်းဖြစ်သည်။

“ ကျမညီမကို အတင်းဆွဲခေါ်သွားတာ ကလေးတွေရှေ့မှာဆိုတော့ ကလေးတွေက တော်တော်လန့်နေတာ။ က လေးတွေက အမေနဲ့လိုက်လို့ရလားလို့ မေးသေးတယ်။ နောက်ပြီး သူ့သမီးလေးက ကားနောက်ကပြေးလိုက်သွား ခဲ့သေးတယ်” ဟု နန်းမိုခမ်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြခဲ့သည်။

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် နမ့်ခမ်းလူငယ်ကွန်ရက်၊ ရှမ်းလူငယ်ကွန်ရက်များမှ ထုတ်ပြန်ချက်များ ထုတ်ခဲ့ကြ သော်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများ၏ သ ဘောထားထုတ်ပြန်ချက်များကို မတွေ့ရှိရပေ။

“ နန်းမိုဟွမ်က စိတ်ဓာတ်ခပ်ပျော့ပျော့ပါ။ အိမ်အလုပ်နဲ့ ကလေးအလုပ်တွေ နေ့စဉ်လုပ်နေသူတယောက်ပါ။ သူက နိုင်ငံရေးတွေ နားမလည်ပါဘူး” ဟု နန်းမိုခမ်းက ဆက်လက်ပြောသည်။

ဓါတ်ပုံ – Sai Tom’s Facebook

နန်းမိုဟွမ်သည် နိုင်ငံရေး၊ အမျိုးသမီးအရေးဆောင်ရွက်နေသူမဟုတ်ဘဲ သာမန်အိမ်ရှင်မတဦးသာဖြစ်သဖြင့် နန်းမို ဟွမ်ပြန်လွှတ်ပေးရေးအတွက် အမျိုးသမီးအရေးဆောင်ရွက်နေသည့်အဖွဲ့များက နှုတ်ဆိတ်နေခြင်းဖြစ်သည်ဟု ရှမ်းမြောက်လူမှုအဖွဲ့အစည်းများကလည်း ထင်မြင်ယူဆနေကြသည်။

“နန်းမိုဟွမ်က နိုင်ငံရေး မလုပ်လို့လား။ အမျိုးသမီးအရေးတွေ မလုပ်လို့လား။ တကယ်တော့ သူလည်း အမျိုးသမီး တယောက်ပဲ။ အမျိုးသမီးအဖွဲ့အစည်းတွေက ဘာကြောင့်နှုတ်ဆိတ်နေတာလဲဆိုတာ ကျမနားမလည်ဘူး” ဟု နမ့် ခမ်းဒေသခံအမျိုးသမီးတဦးဖြစ်သည့် နန်းလောဝ်ခမ်းက ဆိုသည်။

နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ဝန် ထမ်းများအား အပြင်းထန်ထိခိုက်သေဆုံးသည့်အထိ တာဝန်ဝတ္တရားနှောက်ယှက်ခဲ့သည့်အတွက် သူမကို ရာဇ သတ်ကြီး ဥပဒေပုဒ်မ(၃၃၃)ဖြင့် TNLA ဗဟိုတရားရုံးမှ အမှုဖွင့်အရေးယူထားကြောင်း စက်တင်ဘာ(၃)ရက်နေ့ ရက်စွဲဖြင့် TNLA မှ ထုတ်ပြန်ကြေညာခဲ့သည်။

နန်းမိုဟွမ်ကို စီရင်ချက်မှတ်မည့်နေ့တွင် သူမ၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူ၏ ရှေ့မှောက်တွင် စီရင်ဆုံး ဖြတ်ချက်ချနိုင်ရန် စီစဉ်သွားမည်ဟုလည်း  အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နန်းမိုဟွမ်သည် သာမန်အိမ်ထောင်ရှင်မ၊ သားသမီး(၃)ဦး၏မိခင်ဖြစ်သည့်အလျောက် စိုးရိမ်စိတ်ပူတတ်သူဖြစ်ပြီး TNLA ဆက်ကြေးကောက်ခံမှုနှင့်ပါတ်သက်၍ မည်သည့်အဖွဲ့အစည်းကိုမှ တိုင်ကြားထားခြင်းမရှိကြောင်း နန်းမို ခမ်းက အခိုင်အမာပြောသည်။

“ နေ့တိုင်းကလေးတွေကိစ္စ၊ အိမ်အလုပ်ကိစ္စလုပ်နေသူ၊ သာမန်အမျိုးသမီးတယောက်အတွက် ဆက်ကြေးနဲ့ပတ် သက်ပြီး တိုင်ကြားတာတွေ နားမလည်နိုင်ပါဘူး” ဟု နန်းမိုခမ်းက ဆိုသည်။

TNLA လက်နက်ကိုင်တပ်ဖွဲ့မှ နန်းမိုဟွမ်ကို အတင်းအဓမ္မ ခေါ်ဆောင်သွားသည်မှာ တလနီးပါးကြာခဲ့သော်လည်း လက်ရှိအချိန်အထိ ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည့်  လူ့အခွင့်အရေးအဖွဲ့များ၊ အမျိုးသမီး အခွင့်အရေး လှုပ် ရှားသည့်အဖွဲ့များ  နှုတ်ပိတ်တိတ်ဆိတ်နေသည့်အပေါ် ထူးဆန်းသည့်ဖြစ်ရပ်ဖြစ်နေကြောင်း ရှမ်းလူထုအသိုင်းအ ဝိုင်း၏ ဝေဖန်ပြစ်တင်မှုများလည်း ရှိလာသည်။

“ အမျိုးသမီးအရေး လုပ်တဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘယ်မှာလဲ လူ့အခွင့်အရေးသမားတွေ။ နန်းမိုဟွမ်ကို ပြန်လွှတ်ဖို့ ဘာလို့မပြောကြတာလဲ” ဆိုသောမေးခွန်းတွေကလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေသည်။

တချို့လူမှုကွန်ရက်စာမျက်နှာများတွင် အမျိုးသမီးအချင်းချင်း ကိုယ်ချင်းစာ၊ စာနာတတ်ပြီး အမျိုးသမီးထုတခုလုံး ကို အကာအကွယ်ပေးသည့် အမျိုးသမီးအဖွဲ့အစည်းများဖြစ်ဖို့ လိုအပ်ကြောင်း ရေးသားချက်တွေကိုလည်း တွေ့မြင် ရသည်။

နန်းမိုဟွမ်သည် TNLA တပ်ဖွဲ့မှ ဆက်ကြေးလာရောက်ကောက်ခံမှုကို မြန်မာ့တပ်မတော်အား သတင်းပေးသည် ဆိုသည့် စွတ်စွဲချက်ကြောင့် နန်းမိုဟွမ်အရေး ရပ်တည်မှုများ၊ ကူညီမှုများ နှောင့်နှေးနေသလားဟု မေးခွန်းထုတ် စရာလည်း ဖြစ်လာသည်။

မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များက အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ အဓမ္မပြုကျင့်မှု၊ အကြမ်း ဖက်မှုများဖြစ်လာပါက  လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များနှင့် အမျိုးသမီးအရေးဆောင်ရွက်သည့်အဖွဲ့များက အလျင်အမြန်တုန့်ပြန်ကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုမှ အမျိုးသမီးတဦးကို အတင်း အဓမ္မခေါ်ဆောင်သည့်အပေါ်  တိတ်ဆိတ်နေကြသည်ကို အံ့သြကြောင်း ရှမ်းလူငယ်တဦးဖြစ်သည့် နန်းခမ်းဟန်က လည်းပြောသည်။

“ ပလောင်(တအာင်း) အဖွဲ့က နန်းမိုဟွမ်ကို ခေါ်သွားတာ ဘယ်အမျိုးသမီးအဖွဲ့မှ အသံမထွက်ကြတာ အံ့သြစရာပဲ။ နန်းမိုဟွမ် လည်း အမျိုးသမီးတဦးပါ။ ကလေးမိခင်တဦးလည်းဖြစ်တယ်။ အမျိုးသမီးအရေးလှုပ်ရှားသူတွေ နန်းမိုဟွမ်အရေး ပစ်ပယ်ထားကြတော့မှာလား” ဟု နန်းခမ်းဟန်က မေးခွန်းထုတ်လိုက်သည်။

ဓါတ်ပုံ – Sai Tom’s Facebook

တချို့အမျိုးသမီးများ၏ လူမှုစာမျက်နှာပေါ်တွင်လည်း နန်းမိုဟွမ်ကို ပလောင်(တအာင်း)လက်နက်ကိုင်တပ်ဖွဲ့မှ  အတင်းအဓမ္မ ဖမ်းခေါ်သွားသည့်အပေါ် လူမျိုးရေးရောနှောပြီး ပြောဆိုရေးသားနေသည်ကိုလည်း တွေ့မြင်ရသည်။

ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ စက်တင်ဘာ (၁၀)ရက်နေ့က နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ဥပဒေမဲ့လုပ်ရပ် အဖြစ် ပြင်းထန်စွာ ရှုတ်ချကြောင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)သည် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကိစ္စရပ်များအတွက် ပထမဆုံးချမှတ်ခဲ့သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး စစ်ပွဲနှင့် ပဋိပက္ခများ အတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို မဖြစ်မနေစဉ်းစားရန်လိုအပ်ကြောင်း အလေးထားဖော်ပြ ထားသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် လက်နက်ကိုင်တပ်ဖွဲ့တိုင်း ကျင့်သုံးလိုက်နာရမည့် ဆုံးဖြတ်ချက်လည်းဖြစ်သည်။

လက်ရှိအမျိုးသမီးအဖွဲ့အစည်းများက  “ Zero tolerance Policy” (မည်သည့်အကြမ်းဖက်မှုမျိုးမဆိုလုံးဝလက်မခံ) ဟူသည့်မူဝါဒကို လက်ခံကျင့်သုံးနေကြသည်ဟုဆိုသည်။

ထိုမူဝါဒသည် မည်သည့်အခြေအနေမျိုးတွင်မဆို အမျိုးသမီးများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကို လုံးဝလက်မခံပဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

သို့ရာတွင်လည်း အမျိုးသမီးအဖွဲ့များကျင့်သုံးနေသည့် “ Zero tolerance Policy” တွင် ကလေး(၃)ယောက်မိခင် နန်းမိုဟွမ်တယောက် မပါဝင်နိုင်သည့်အဖြစ်ကတော့ မေးခွန်းထုတ်စရာ အခြေအနေဖြစ်နေပါသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးမော်အယ်ဝါးကတော့ သူမ၏အမြင်ကို ယခုလိုပြောသည်။

“ ဒီကိစ္စမှာ လူတွေက ရှမ်းအမျိုးသမီးတွေ၊ တအာင်းအမျိုးသမီးတွေမှာ ပြောဖို့တာဝန်ရှိတယ်လို့ ယူဆနေပုံရ တယ်။ ကျမအမြင်ကတော့ သူတို့ဝင်ပြောလို့ ဘယ်လိုထူးခြားမှုရှိနိုင်မလဲ။ သူတို့ပြောရင်ပြန်လွှတ်ပေးမလား။ ဒါမှ မဟုတ် အမျိုးသမီးအဖွဲ့တွေအနေနဲ့ သဘောထားထုတ်ပြန်ချက်တွေ အပြန်အလှန်ထုတ်ကြရင်း လူမျိုးချင်းတွေကြားမှာ ပြဿနာတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်လာမလား၊ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။  ဒါကိုသေချာစဉ်းစားနေကြတယ်လို့ မြင်ပါတယ်။ တယောက်ချင်းအနေနဲ့ ထုတ်ဖော်ပြောကြားမှုတွေတော့ ရှိနေ ပါတယ်။ ဒါပေမယ့်လည်း ပြောနိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ ထုတ်ဖော်ပြောဆိုသင့်ပါတယ်..”

 

Related Articles