Home ဆောင်းပါး ကူရာကယ်ရာမဲ့ သတ်ဖြတ်ခံနေရတဲ့ ဘိုးဘွားတွေ

ကူရာကယ်ရာမဲ့ သတ်ဖြတ်ခံနေရတဲ့ ဘိုးဘွားတွေ

ရှင်ငြိမ်း။ ။

၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ထွက်မပြေးနိုင်တဲ့ ဘိုးဘွားတွေ သေဆုံးရမှုဟာ ခပ်စိပ်စိပ်ဖြစ် လာတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထောက်ပြကြပါတယ်။

သေဆုံးရတဲ့အဓိကအကြောင်းရင်းအများစုက ထွက်မပြေးနိုင်လို့မီးရှို့သတ်ဖြတ်ခံရတာဖြစ်ပြီး တချို့ကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက်သေဆုံးရတာဖြစ်တယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့နဲ့စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ၊မန္တလေး ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ စစ် ဘေးမရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်နေတာပဲဖြစ်ပါတယ်။

အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်အထိ အဘွားအို ၁၀၉ ဦးအပါအဝင် နိုင်ငံတစ်ဝန်းက ဘိုးဘွား ၂၈၁ ဦးဟာ စစ်တပ်လက်ချက်နဲ့သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူထားတဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB မှ အထွေထွေအတွင်းရေးမှူး နန်းမို့မို့က ” မိန်းကလေးတွေနဲ့ သက်ကြီးရွယ်အို တွေ၊ မသန်စွမ်းတွေ၊ ကလေးတွေက ထိလွယ်ရှလွယ်တဲ့လူအုပ်စုဖြစ်တယ်။ ဒီလိုမျိုးလူအုပ်တွေကို ဦးတည်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေတာကို ကျမတို့အနေနဲ့ ဘယ်လိုမှလက်ခံလို့ မရပါဘူး။” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ကို ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်နေလို့မရဘဲ သူတို့တွေကို ထိရောက်စွာ အပြစ် ပေးအရေးယူမှု အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်လို့ သူက တောင်းဆိုပါတယ်။

အခုလိုအဘိုးအဘွားတွေမီးရှို့သတ်ဖြတ်ခံနေရတာနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ ယခုအချိန်ထိမတွေ့ရသေးတဲ့အပြင် ရွာတွေမီးရှို့နေတာကိုလည်း သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားတာဖြစ်တယ်။

Photo – အရာတော်ပို့စ်
ပုံစာ – ဘိုးဘွားခြောက်ဦး သေဆုံးခဲ့သည့် စစ်တပ်ဝင်ရောက်မီးရှို့ခဲ့သော အရာတော်မြို့နယ် တောင်မွှာရွှာရှိ အပျက်အစီးများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်း

စစ်သားတွေဟာ သေနတ်တွေနဲ့ပစ်ခတ်ပြီး စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် တောင်မွှာရွာထဲကို စီးနင်းဝင်ရောက်လာပါ တယ်။ အချိန်က မေ ၂၄ ရက်၊ ရွာသားတွေအိပ်မောကျနေတဲ့နံနက် လေးနာရီလောက်မှာပါ။ 

စစ်သားတွေရုတ်တရက်ဝင်လာတာကြောင့် ရွာသားတွေဟာ ဘာမှမယူနိုင်ဘဲ ခြေဦးတည့်ရာကို ပြေးပုန်းကြရပါတယ်။

ဒီထဲမှာအသက် ၃၉ နှစ်အရွယ် ဒေါ်စန်းမောလည်းပါပါတယ်။ သူရဲ့လသားကလေးကိုပွေ့ချီပြီး အသက် ၈၀ကျော်အရွယ်  အမေအိုကို ကုန်းပိုးကာ အသက် ကိုးနှစ်နဲ့ လေးနှစ်အရွယ်သားငယ်နှစ်ယောက်ကို ဆွဲကာထွက်ပြေးခဲ့ရသူဖြစ်တယ်။

ပြေးလွှားရင်း အမေအိုကြီးလမ်းမှာပြုတ်ကျကျန်ခဲ့လို့ ပြန်ခေါ်မယ်လုပ်တော့ “အမေ့ထားခဲ့၊ သမီးပြေး. ပြေး” လို့အော်ပြော နေတဲ့မိခင်ကို ဒေါ်စန်းမော်အနေနဲ့ နောက်ဆုံးမြင်တွေ့လိုက်ရတာပါ။

ဒေါ်စန်းမော်တို့သားအမိတွေဟာ စစ်သားတွေထွက်သွားလို့ စိတ်ချရတဲ့အချိန်ရောက်မှ ရွာထဲဝင်လာတော့ သူရဲ့အမေအို ကြီးအပါအဝင် ဘိုးဘွားခြောက်ဦးရဲ့အလောင်းကို မီးလောင်ကျွမ်းနေတဲ့ပြာပုံတွေကြားမှာ တွေ့လိုက်ရတာ ဖြစ်တယ်။

“စစ်သားတွေက နောက်ကနေလိုက်ပစ်နေတော့ ပြန်လှည့်ခေါ်ရင်လည်း အားလုံးသေကုန်မှာဆိုတော့ အသက်ကြီးတွေ ဆိုရင်မပစ်လောက်ဘူးလို့ထင်တာ။ ခုတော့အိမ်ထဲထည့်မီးရှို့သတ်သွားတယ်။ ဘယ်လိုစိတ်နဲ့များသတ်သွားတာလဲ။”လို့ ဒေါ်စန်းမော်က ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အသက် ၈၀ အရွယ်ဒေါ်ခင်စိန်၊ အသက် ၆၀ အရွယ်ဒေါ်အေးထုပ်၊အသက် ၇၀ အရွယ်ဦးရာညွန့်၊ အသက် ၃၀ အရွယ် ဦးမင်းမင်း၊ အသက် ၇၀ အရွယ် ဦးလှဌေးနဲ့ အသက် ၇၈ နှစ်အရွယ် ဦးစိုးမင်းတို့သေဆုံးခဲ့ရပြီး လူနေအိမ် ၂၀၀ ဝန်းကျင်လည်း မီးလောင်ပျက်စီးသွားခဲ့ရတယ်။

အကြမ်းဖက်စစ်တပ်ဟာ တောင်မွှာကျေးရွာ၊ ကြွေပုဂံရွာ၊ ဝက်ခဲရွာနဲ့ အောင်သာကျေးရွာ၊ ဒုံဒစ်စတဲ့ကျေးရွာတွေထဲ စစ် ကြောင်းဝင်ထိုးနေတာကြောင့် ထောင်ချီတဲ့ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာဖြစ်တယ်။

အလားတူ ပြီးခဲ့တဲ့ မေ ၂၄ ရက်၊ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ရွာမှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ် တပ်မှ လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲလာလို့ အသက် ၆၀ ဝန်းကျင်အဘိုးတစ်ဦးနဲ့ အဘွားနှစ်ဦးသေဆုံးခဲ့ရပါတယ်။

ဒီဘိုးဘွားတွေဟာ လေယာဉ်တွေဗုံးလာကြဲချိန်မှာ ထွက်မပြေးနိုင်တာကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အရှိန်နဲ့ နှလုံးရပ် သေဆုံးရတာဖြစ်ပါတယ်။

” သူတို့(စစ်တပ်)က ပေါင် ၅၀၀ အားရှိတဲ့ဖျက်အားပြင်း ဗုံးတွေသုံးတော့ နဂိုယဲ့ယဲ့ရှိတဲ့လူကြီးတွေက ဘယ်ခံနိုင်မလဲ။ သူတို့ က လူကြီး၊ ကလေးဘာမှစဉ်းစားမနေဘူး။ အကုန်ရမ်းပစ်၊ တမင်ရည်ရွယ်ချက်ရှိရှိနဲ့သတ်နေတာ။”လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားထောင်နဲ့ချီနေထိုင်တဲ့အင်းတော်မြို့နယ်၊ ကျွန်းတောရွာထဲကို စစ်တပ်က လေ ယာဉ်နဲ့ လက်နက်ကြီးအလုံးရေ ၂၀ ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်ကို တစ်ကြိမ်ကို နှစ်လုံးနှုန်းနဲ့ မနက် ရှစ်ကြိမ်၊ ညနေ ငါးကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်တာ ကြောင့် နှလုံးလေဟပ်ကာ အသက် ၉၃ နှစ်အရွယ်ဒေါ်မိသိန်းဆိုတဲ့ အဘွားတစ်ဦး သေဆုံးသွားခဲ့ရတာဖြစ်တယ်။

၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သား ၆၉၃ ဦးထက် မနည်းသေဆုံးခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ရဲ့ အချက်လက်တွေမှာ ဖော်ပြထားပါတယ်။ 

Photo – အရာတော်ပို့စ်
ပုံစာ – ဘိုးဘွားခြောက်ဦး သေဆုံးခဲ့သည့် စစ်တပ်ဝင်ရောက်မီးရှို့ခဲ့သော အရာတော်မြို့နယ် တောင်မွှာရွှာရှိ အပျက်အစီးများကို တွေ့ရစဉ်

မန္တလေးတိုင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာထဲကို မေ ၂၄ ရက်၊ မနက်အစောပိုင်းမှာ ကားသုံးစီးနဲ့ စစ်သားတွေ ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ခဲ့တာကြောင့် ရွာသားတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြပါတယ်။

ရွာသားတွေမရှိတော့မှ နေအိမ်ထဲက ပစ္စည်းတွေကို ကားပေါ်တင်သွားပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးပါတယ်။ မီးရှို့နေ ချိန်မှာ ထွက်မပြေးနိုင်ခဲ့တဲ့အသက် ၇၀ အရွယ်ဒေါ်မြအေးကို စစ်သားတွေ မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

” အမေ့ကို စစ်ပြေးတိုင်းခေါ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် သူဒီနေရာမှာပဲသေမယ်ဆိုပြီး ဘယ်တော့မှခေါ်မရဘူး။ အမေက နား နဲနဲလေးတယ်။ အရင်ကလည်းမပြေးဘူး။ ဒီလိုပဲနေတာဆိုတော့ သတ်သွားမယ်မထင်ဘူးပေါ့။”လို့ မိသားစုဝင်တစ်ဦးက ပြန်ပြောပြပါတယ်။

ဒါတင်မက အသက် ၃၅ နှစ်အရွယ်မသန်စွမ်းတစ်ဦးကိုလည်း ဒေါ်မြအေးနဲ့အတူ မီးရှို့ထားခဲ့ပေမယ့် သူ့ကိုအချိန်မီကယ် တင်နိုင်ခဲ့တာကြောင့် အသက်မသေခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်ထိ ကြောက်စိတ်ကြောင့်စကားမပြောနိုင်သေးသလို မီးခိုး ငွေ့ရှူမိတဲ့အတွက် အသက်ရှူကြပ်တဲ့ဝေဒနာခံစားနေရပါတယ်။

စစ်သားတွေဟာ ကျေးရွာတွေထဲမကြာခဏဝင်ပြီး မီးရှို့နေတာကြောင့် ရွာထဲမှာမနေရဲဘဲ စစ်ရှောင်တွေအဖြစ်နဲ့ တော တောင်တွေထဲမှာ ပုန်းအောင်းနေကြရပြီး စားနပ်ရိက္ခာခက်ခဲမှုနဲ့ရင်ဆိုင်နေရပါတယ်။

အိမ်ခြေ ၂၇၀ ရှိတဲ့ မန်ကျည်းစုကျေးရွာဟာ အခုတစ်ခေါက်နဲ့ဆိုရင် နှစ်ကြိမ်မြောက်မီးရှို့ခံရတာဖြစ်တယ်။ ပထမအကြိမ် မှာလည်း နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ချင်းပြည်နယ်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က လူနေရပ်ကွက်တွေထဲကို မေလ ၂၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က စစ်တပ်မှ ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၇၀ အရွယ်အဘွားတစ်ဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသူဟာ လက်နက်ကြီးကျရောက်တဲ့အချိန်က မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊အိုအေစစ်ဘန်ဂလိုနဲ့ ဦးဝမ္မသူးမောင်း ပန်းခြံအနီးက ဥယျာဉ်ထဲမှာပေါင်းရှင်းနေတာဖြစ်တယ်။

“အဲ့နေ့က တစ်နေကုန်နီးပါး ခလရ ၂၇၄ တပ်ရင်းနဲ့ ကျောက်ထုအမြောက်တပ်ကပါ လက်နက်ကြီးနဲ့ပစ်ခတ်နေတာ။ ညနေ ပိုင်းမှာလည်းစစ်တပ်ဂိတ်တွေနားမှာ ပစ်ခတ်သံတွေကြားရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့သူဟာ ခန္ဓာကိုယ်ဆိုးဆိုးရွားရွားပျက်စီးသွားတာဖြစ်လို့ မိသားစုက ရိုးရာထုံးစံအတိုင်းဈာပနလုပ်ဖို့ ရုပ်အ လောင်း ပြန်သယ်လိုပေမယ့် စစ်တပ်က သယ်ခွင့်မပေးခဲ့ဘူးလို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းတဲ့အချိန်ကစလို့ ဧပြီ ၃၀ ရက်အထိ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၆၄ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA)က မေ ၂၂ ရက်ထုတ်အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးတဲ့ ၆၄ ဦးထဲမှာ အမျိုးသမီး၊ ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးသူ ၅၄ ဦးပါဝင်တယ်လို့ သိရပါတယ်။

“ထွက်မပြေးနိုင်တဲ့ဖိုးဖွားတွေက သူတို့ကိုဘာမှပြန်မလုပ်နိုင်ဘူးဆိုတာ စစ်တပ်က သိတယ်။ ဒါပေမဲ့သူတို့က သတ်ရဲတယ် ဆိုတာမျိုးပြချင်တာနဲ့ သူတို့ကိုကြောက်အောင်ဆိုပြီး တမင်သတ်ပြတာပေါ့။”လို့ ချင်းကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲပေါင်း ကိုးထောင်ကျော် (၉,၃၄၇)ထက် မနည်းဖြစ်ခဲ့ပြီး စစ်ရှောင်အရေအတွက်ဟာလည်း နှစ်သန်းခွဲကျော်ရှိတယ်လု့ိ ISP-Myanmar က ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်မှုတွေအတွက် ဘယ်စစ်သားကိုမှ အပြစ်ပေးအရေးယူတာမတွေ့ရသေးသလို စစ်သားတွေက အရပ်သားတွေသတ်တာ၊ ရွာတွေကိုမီးရှို့တာမလုပ်ဘူူးလို့ ငြင်းဆိုထားတာပါ။

ဒီအတွက် WLBမှ အထွေထွေအတွင်းရေးမှူး နန်းမို့မို့ကတော့ “သူတို့(စစ်တပ်) ကျူးလွန်တဲ့ရာဇဝတ်မှုတွေက နိုင်ငံတကာ ရဲ့ရာဇဝတ်မှုတွေဖြစ်တယ်။”လို့ ပြောပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့တကယ့်ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေအတွက် သူတို့တွေရဲ့ပြစ်ဒဏ်ကင်းလွတ် ခွင့်ရနေတာတွေကို အဆုံးသတ်ဖို့ဆိုရင် သူတို့ကိုတကယ့်ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

Author:

Related Articles