မယ်လွန်း။ ။
၂၁ ပင်လုံ တတိယအစည်းအဝေးလို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင် လ((၁၆)ရက်နေ့မှာ ပြည်ထောင်စုသဘောတူညီချက်(၁၄)ချက်ထွက်ရှိလာပြီး ပြီးဆုံးသွားခဲ့ပါပြီ။ ညီလာခံ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေကြားထဲမှာတော့ ခံစားချက်မျိုးစုံ၊ အမြင်မျိုးစုံနဲ့ ပွက်လောရိုက်နေဆဲပါ။ ပြည်ထောင်စုငြိမိးချမ်းရေးညီလာခံကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါ လမ်း ညွှန်ချက်များနဲ့အညီ ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အရ အမျိုးသားအဆင့်ဆွေးနွေးပွဲ များမှ ရရှိလာသောသဘောထားစုစည်းချက်များကို ကဏ္ဍအလိုက်လုပ်ငန်းကော်မတီများမှာ အကျေအလည် ဆွေးနွေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်ပြအတည်ပြုချက်ရယူခဲ့ခြင်းဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း ဆွေးနွေးတင်ပြနိုင်မှုအပိုင်းနဲ့ ဆုံးဖြတ်ချက်များ ရယူခြင်းအပိုင်းတွေမှာတော့ မတင်မကျနဲ့ အ ငြင်းပွားစရာတွေ ဖြစ်ပေါ်နေဆဲပါ။ အနာဂတ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုမှာ ကျားမတန်းတူရေးမူဝါဒများချမှတ်နိုင်ရေးအတွက် အခြေခံမူများချမှတ်နိုင်ရေးကို ဦးစားပေးဆွေးနွေးခဲ့ကြတဲ့ ဒီညီလာခံမှာ တက်ရောက်ခဲ့ကြတဲ့အမျိုးသမီးကိုယ်စားလှယ်များရဲ့အသံကို စုစည်းတင်ပြပေးလိုက်ရပါတယ်။
ဒေါ်ခင်မမမျိုး (Myanmar Institute of Gender Studies (MIGS)- ဦးဆောင်ဒါရိုက်တာ)
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနဲ့ တတိယအစည်းအဝေးကြားမှာ တနှစ်လောက်ရှိလာတော့ ဖြစ်ပါ တော့မလားလို့ အချို့ကတောင် မေးလာကြပါတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက deadlock (ခရီးမပေါက်ခြင်း)ဖြစ်နေပြီလို့ ဆိုသူတွေတောင် ဆိုနေကြပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ခေါင်းဆောင်များ အားလုံးရဲ့ အမြော် အမြင်ကြီးမှုနဲ့ တတိယအစည်းအဝေးကြီးဖြစ်လာတယ်။ ဒီလိုအခြေအနေ၊ ဒီလိုပုံစံတွေနဲ့ပဲ ရှေ့ဆက်လို့ မရ ဘူးဆိုတာလဲ သိမြင်လာကြပြီ။ Framework for Political Dialogue (နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်) ကိုလည်း ပြန်ပြီး သုံးသပ်လေ့လာသင့်တယ်၊ review (ပြန်လည်ဆန်းစစ်မှု) ကို မဖြစ်မနေလုပ်ရ တော့မယ်ဆိုတာကိုလည်း စဉ်းစားလာကြပြီဆိုတော့ ရှေ့မှာ ပိုမိုခြေလှမ်းသွက်သွက်နဲ့ တွန်းအားတွေ ဖြစ် လာတော့မယ်လို့ ယူဆပါတယ်။
နိုင်ငံရေးကဏ္ဍမှာ အခြေခံအခွင့်အရေးနဲ့ ကျားမရေးရာ အခန်းကဏ္ဍကို ဆွေးနွေးရမယ့် ခေါင်းစဉ်အောက် မှာ အခြေခံအခွင့်အရေးများကို မဆွေးနွေးရသေးပဲ ကျားမရေးရာအခန်းကဏ္ဍကို အရင်ကြိုဆွေးနွေးရသလို ဖြစ်နေတယ်။ ပြီးတော့ နိုင်ငံရေးကဏ္ဍအတွက် အရေးကြီးတဲ့ တိုင်းပြည်အမည်ကို မဆွေးနွေးရသေးဘူး။ ဒီတော့ ကျားမရေးရာ အခန်းကဏ္ဍကို အဓိကထား မဆွေးနွေးရတော့ပဲ တိုင်းပြည်အမည်ကိစ္စနဲ့ package deal (အစုံလိုက်အဆိုပြုချက်များ၊ ကမ်းလှမ်းချက်များ အပေးအယူ) လုပ်ကြတယ်။ အကယ်၍များ တိုင်းပြည်အမည်ကိစ္စ ဆွေးနွေးပြီးမှ၊ အခြေခံအခွင့်အရေးကိစ္စတွေ ဆွေးနွေးပြီးမှ ကျားမရေးရာ အခန်းကဏ္ဍအကြောင်း ဆွေးနွေးခွင့်သာ ရမယ်ဆိုတာ ဆွေးနွေးပွဲတွေမှာ ငြင်းခုံဆွေးနွေးရတာတွေ၊ package deal လုပ်ယူရတာတွေ၊ UPDJC ကို ပြန်ယူသွားရတာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွေမှာ တင်းမာမှုဖြစ်တာမဟုတ်ဘူး။ လုပ်ထုံး လုပ်နည်းကြောင့် ပေါ်ထွက်လာတဲ့ ငြင်းခုံဆွေးနွေးရမှုများ (procedural tension) ဖြစ်တာ။ အခန်း (၁) လောက်မှာ ဆွေးနွေးရမယ့်အရာတွေက မပြတ်ပဲ၊ အခန်း (၃) လောက်မှာ ဆွေးနွေးရမယ့်အရာတွေကို ကျော်လွန်ဆွေးနွေးနေရင် ဒီလိုအခြေအနေတွေက ဖြစ်နေဦးမှာပဲ။ နိုင်ငံအမည်နဲ့ ကျားမရေးရာကိစ္စကို package deal ဖြစ်လာတော့ ကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှု အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်ရေး ဆိုင်ရာ မူဝါဒချမှတ်ရေး ဆွေးနွေးနေကြတာက မူဝါဒချရေးမဟုတ်ပဲ အားပေးရန်ပဲ ပြန်ဖြစ်သွားခဲ့တယ်။ နိုင်ငံအမည်ကိစ္စသာ အစကတည်းက ဆွေးနွေးထားကြပြီးသားဖြစ်ရင် ဒီလို အားပေးရန်ဆိုတဲ့ မတိကျသော စကားလုံးက ပြည်ထောင်စုမူ ဖြစ်သွားမှာ မဟုတ်ဘူး။
စီးပွားရေးကဏ္ဍ မူကတော့ ဖက်ဒရယ်စီးပွားရေးစနစ်ကို အခြေခံထားတဲ့ ဆွေးနွေးချက်လို့ မြင်ပါတယ်။ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အလိုက်ရဲ့ စီးပွားရေးမူဝါဒများ ချမှတ်နိုင်ခွင့်နဲ့ သက်ဆိုင်ပါတယ်။ ဖက်ဒရယ် စီးပွားရေးစနစ်ရဲ့ အခြေခံမူများကို အစုံလိုက်ဆွေးနွေးလို့ရတဲ့ agenda ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ အချို့အခြေခံမူတွေက အပြန်အလှန် complementary (ဆက်စပ်၊ ချိတ်ဆက်မှု) ဖြစ်နေရတာ။ တချက်ချင်းစီ ဆွဲထုတ်ဆွေးနွေး နေရတာ ရေရှည်ဆို အခက်တွေ့ပါလိမ့်မယ်။ ဒီလိုနေရာမျိုးမှာ တူညီတဲ့အစိတ်အပိုင်းအလိုက် package deal တွေက လုပ်သင့်တာပါ။ Fiscal Federalism (ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ် ကျင့်သုံးမှု) အပိုင်းကလဲ ဆွေးနွေးလာသင့်တဲ့ အပိုင်းလို့မြင်ပါတယ်။
လူမှုရေးကဏ္ဍကတော့ ကြီးမားကျယ်ပြန့်လာပါတယ်။ လူမှုရေးမူဝါဒနယ်ပယ် (social policy areas) တွေ ကို ခွဲခြမ်းစိတ်ဖြာပြီး၊ အခွင့်အလမ်း(scope) တချို့သတ်မှတ်ဆွေးနွေးသင့်ပါတယ်။ အခုသဘောတူညီချက် ရသွားတဲ့ အချက်တွေအားလုံးက နိုင်ငံရေးလူမှုဗေဒ ရှုထောင့်ကကြည့်ရင် သင့်လျော်မျှတပါတယ်။
မြေယာကိစ္စကတော့ နိုင်ငံရေးကဏ္ဍလိုပဲ အခန်းကျော်နေပါတယ်။ အကာအကွယ်ပြုရေးအစီအမံများ မတိုင် ခင်မှာ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနဲ့ မြေအသုံးချမှုအပိုင်းတွေ အရင်ဆွေးနွေးထားသင့်တယ် မြင်ပါတယ်။ အနာ ဂတ်ဖက်ဒရယ်နိုင်ငံတော်ကြီးရဲ့ မြေယာအရေးဆိုတဲ့ ရှုထောင့်ကကြည့်ရင် တိကျမှု သိပ်မရှိဘူးဖြစ်နေ တယ်။ ပိုင်ဆိုင်မှုအပိုင်းတွေမှာ နိုင်ငံသားအပိုင်းပဲ ပါဝင်ပြီး၊ ဌာနေတိုင်းရင်းသားအရေးကိစ္စ မပါသေးပါဘူး။ ဒါကြောင့် ပိုင်ဆိုင်မှုကဏ္ဍကို ကနဦးဆွေးနွေးပြီးမှသာ နိုင်ငံသားနဲ့ နိုင်ငံခြားသားအရေးကို ထပ်မံဆွေးနွေး သင့်တယ် ထင်ပါတယ်။ စီမံခန့်ခွဲမှုအပိုင်းတွေ မပါသေးပဲ မြေအသုံးချမှုအပိုင်းကို ကျော်လွန်ဆွေးနွေး ထားရသလိုတော့ ဖြစ်နေပြန်ပါတယ်။ ဆန်းစစ်ချက်များ ပြုလုပ်ရာမှာ အရေးကြီးတဲ့ နိုင်ငံတကာ အဆင့်မီ ဆန်းစစ်ချက် အမည်တခု ကျန်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ progressive realism (တိုးတက်မှုအခြေခံတဲ့ပကတိအခြေအနေ) ရှုထောင့်က ကြည့်ရင် တော့ သဘောတူညီချက်တွေရတယ်၊ တိုးတက်မှုလို့ သတ်မှတ်ရမယ် ထင်ပါတယ်။ ဒီထက်ပိုမိုတိကျပြီး၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံတဲ့မူတွေ ထွက်လာဖို့ကတော့ အစုအဖွဲ့အားလုံးရဲ့ တာဝန်ပဲလို့ မြင်ပါတယ်။
မိကွန်းချမ်းနွန် (မွန်အမျိုးသမီးအဖွဲ့ – ဒုဥက္ကဌ)
ဆွေးနွေးတဲ့ထဲမှာ ဒီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ပေါ့။ နိုင်ငံတော်ရဲ့ နာမည်ကိုဆွေးနွေးတဲ့ နေရာနဲ့ နိုင်ငံသားဆိုတဲ့နေရာတွေမှာရယ် နောက်တခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေပေ့ါနော်။ နယ်မြေ ဒေသတွေအကြောင်းပြောတဲ့အခါမှာ အဲဒီဆွေးနွေးချက်တွေကို ကြည့်လိုက်မယ်ဆိုရင် ကျမတို့ တိုင်းရင်း သားတွေ တကယ်ပဲ လိုချင်နေတဲ့၊ တိုင်းရင်းသားတွေရဲ့အသံကို ထင်ဟပ်စေတဲ့ အရာတွေ မဖြစ်နေဘူး လို့တော့ ကျမအနေနဲ့ သုံးသပ်ချင်တယ်။ တကယ့်ဆွေးနွေးချက်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တိုင်းရင်း သားတွေ တကယ်လိုအပ်တဲ့၊ တကယ်လိုချင်တဲ့အရာက အဲဒါတွေ မဟုတ်ဘူးဆိုတာတော့ သိလိမ့်မယ်။
ကျမကတော့ လူမှုရေးကဏ္ဍမှာပဲ လေ့လာတာဆိုတဲ့အခါကျတော့ လူမှုရေးကဏ္ဍမှာတော့ sensitive (ထိလွယ်ရှလွယ်) ဖြစ်စရာ ဘာမှတော့ မရှိသေးဘူး။ အဓိကရှိနေတာက နိုင်ငံရေးကဏ္ဍပေါ့။ အခုဆိုရင်ပြောတဲ့တိုင်းပဲ ဒုတိယ အကြိမ်နဲ့ တတိယကြိမ်မှာဆိုရင် လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘာမှဆွေးနွေးတာတွေ မရှိဘူး။
မြေယာကဏ္ဍမှာဆိုရင် နိုင်ငံသားနဲ့ ဒီတိုင်းရင်းသားတွေဘက်ကတော့ ဆွေးနွေးချင်နေတာက ဌာနေတိုင်း ရင်းသား။ ဆိုတဲ့အခါကျတော့ ကျမတို့နိုင်ငံမှာကလည်း အငြင်းပွားစရာဖြစ်နေတာကတော့ ဘယ်အရာကို ဘယ်စကားလုံးကိုယူရင် ကောင်းမလဲဆိုတာကို မသိသေးတာကလည်း ပြဿနာတခုတော့ရှိတယ်။
ပင်လုံမှာ ဆွေးနွေးတဲ့ပုံစံကို လေ့လာကြည့်ရင် လူတွေအကုန်လုံးပြောနေကြတယ်၊ လူမှုကွန်ယက်မှာလည်း တွေ့နေရတယ်။ (၄) ဂိုး (၁) ဂိုးဆိုတာ။ အဲဒီမှာ ကျမတို့ စေ့စပ်ညှိနှိုင်းတဲ့ပါဝါက မညီမျှနေဘူး။ တပ်မတော် ဘက်က နည်းနည်းလျှော့သင့်တယ်ထင်တယ်။ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒနဲ့ တိုင်းရင်းသားတွေ ဘက်က တောင်းဆိုတဲ့ ကိစ္စရပ်တွေကိုလည်း နားလည်ပေးပြီးတော့ နေရာပေးဖို့ အခွင့်ပေးဖို့ပေါ့။ အခုတော့ (၄) ဖွဲ့က လက်ခံတယ်ဆိုရင်တောင် တဖွဲ့က လက်မခံဘူးဆိုရင် မဖြစ်တဲ့အခြေအနေဆိုတဲ့အခါကျတော့ ဒါက သိသာထင်ရှားလွန်းနေတယ်လေ။
နန်းယဉ်ယဉ်စိုး (ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – ကိုယ်စားလှယ် – နိုင်ငံရေးကဏ္ဍ)
၂၁ ပင်လုံ တတိယအကြိမ်အစည်းအဝေးမှာ ထွက်ရှိသွားတဲ့ မူ (၁၄) ချက်ပေါ့နော်။ ဒီအတိုင်းအတာ ပေါ်မှာကတော့ ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ လွှမ်းခြုံလားဆိုတဲ့အခါကျတော့ တစုံလုံးအနေအထားနဲ့ ပြန်လည်သုံးသပ်မယ်ဆိုရင် ကျန်တဲ့အချက်တွေ လိုသေးတာပေါ့နော်။ အားရစရာကတော့ အပြည့်အ၀ တော့ မဟုတ်ဘူးပေါ့။ ဒီကနေ့ ကျမတို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားတဲ့အခါကျတော့ ဆွေးနွေးတဲ့ ခေါင်းစဉ် အနေအထားပေါ်မှာ ကျမတို့ နိုင်ငံရေးကဏ္ဍအနေနဲ့က တိုင်းရင်းသားလူနည်းစုအခွင့်အရေးတို့ ဒါတွေကနေ စခဲ့တာပေါ့နော်။ ဒါပေမဲ့ အဲဒီလူနည်းစုအခွင့်အရေးတွေ ခေါင်းစဉ်ကို မဆွေးနွေးသေးပဲနဲ့ ကျားမတန်းတူရေး ဆိုင်ရာဆိုတဲ့ အချက်တွေအပေါ်မှာ ဆွေးနွေးသွားတာပေ့ါနော်။ ပြီးတော့ ကျန်တဲ့ ခေါင်းစဉ်တွေကိုလည်း ဆွေးနွေးသွားတာပေါ့။ စီးပွားရေးမှာလည်း (၁)ချက်၊ မြေယာမှာလည်း ၂ ချက်၊ လူမှုရေးမှာ (၇) ချက်ပေါ့။ အားလုံးက ဖက်ဒရယ်ကိုသွားမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အတွက် ကြောင့် ကျမတို့က တဆင့်ချင်းတော့ ဖော်ဆောင်သွားရမှာပေါ့။ ဒါကြောင့် ဒီကနေ့ထွက်ရှိတဲ့ (၁၄) ချက် အတိုင်းအတာသည် အရင်ထွက်ရှိထားတဲ့ (၃၇)ချက်နဲ့ ပြန်ပေါင်းတဲ့အခါကျတော့ တိုင်းရင်းသားတွေ သွား မယ့် ဖက်ဒရယ်ထဲမှာ ထည့်ရမယ့် အခြေခံကျတဲ့ အဓိကအချက်တွေကတော့ ကျန်ရှိနေသေးတယ်။ သွား နေတဲ့ Process ဖြစ်စဉ်အရကြည့်ရင်တော့ တဆင့်ချင်းစီတော့ သွားနေတာပေ့ါ။ လွှမ်းခြုံနိုင်တဲ့ အနေ အထားကတော့ တိုင်းရင်းသားလူနည်းစုအခွင့်အရေးတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဒါတွေက မဖြစ်မနေ ဆွေး နွေးရမယ်ဆိုတော့ ဒီခေါင်းစဉ်တွေက နောက်ဆွေးနွေးပွဲတွေ လာမယ့်အပေါ်မှာ ဘယ်လိုဆောင်ရွက်သွား မလဲ၊ တစ်ဆို့နေတဲ့အစိတ်အပိုင်းတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတဲ့အခါကျတော့ ဒီအချက်လေးတွေ ကတော့ စုစည်းမှုအချက်အနေနဲ့တော့ ပါရှိသွားတာပေါ့။ ဒီ (၁၄) ချက်ကိုပဲကြည့်ရင်တော့ တိုင်းရင်းသား တွေအတွက် အားလုံးမလွှမ်းခြုံနိုင်သေးဘူး။
ဒီတတိယအကြိမ်မှာ ကျမကတော့ ဆွေးနွေးမှုအပိုင်းတွေမှာ အားပိုရတယ်။ ဘာလို့လည်းဆိုတော့ ဆွေး နွေးလာနိုင်ကြတယ်။ အကျိတ်အနယ်တွေတော့ ဖြစ်ကြတာပေါ့၊ သူ့ခေါင်းစဉ်တွေအပေါ်မှာလေ။ ဥပမာဆို ရင် ကျားမတန်းတူရေးဆိုတာက ကျမတို့တွေ တိုင်းရင်းသားလူနည်းစုအရေးကို ဆွေးနွေးဖို့ တောင်းဆို တာ။ ဒါပေမဲ့ ခေါင်းစဉ်က ကျားမတန်းတူရေးကျသွားတာ။ ကျားမတန်းတူရေးဆိုတာ ကျမတို့ အမျိုးသမီး တွေအနေနဲ့ တချိန်လုံးပြောနေတာလေ။ ဒီလိုခေါင်းစဉ်ကျလာတော့ ကျမတို့ အမျိုးသမီးတွေအပါအဝင် အခုဆွေးနွေးနေတဲ့ ခေါင်းဆောင်အတော်များများဟာ အမျိုးသားတွေဖြစ်တယ်။ ဒီလိုကိစ္စတွေအပေါ်မှာ လည်း ကျမတို့ ကိုယ်၌ကိုက အခွင့်အရေးတွေပေးပြီး ပါဝင်ဆွေးနွေးခွင့်တွေ ပေးလာရတဲ့အခါကျတော့ ပိုပြီး တော့ ဆွေးနွေးလာနိုင်တယ်။ ပိုပြီးတော့မှ အကြောင်းအရာတွေ သိလာနိုင်တယ်။ ပြီးတော့မှ ကျမတို့ ဒီ ဆွေးနွေးပွဲတွေကနေပြီးတော့ သူ့တံခါးပေါက်ကနေ ဝင်လာကြတဲ့ ပညာရှင်တွေ၊ နည်းပညာ အထောက် အကူပြုတွေ၊ ကျန်တဲ့သူတွေကလည်း ပိုပြီးတော့ တက်တက်ကြွကြွကို ပူးပေါင်းပါဝင်ပြီးတော့ အကြံဉာဏ် တွေပေးနိုင်တယ်။ ဆွေးနွေးနိုင်တယ်ပေ့ါနော်။ ပြောရမယ်ဆိုရင်တော့ အကျိတ်အနယ်တော့ ဖြစ်တာပေါ့။ နောက်တခုအားသာချက်က အမျိုးသမီးတွေကိုယ်တိုင် ပိုပြီးတော့ ဆွေးနွေးမှုပုံစံတွေ မြင့်လာတယ်။ ပြီးရင် အမျိုးသမီးတွေ ဆွေးနွေးနိုင်ဖို့ အနောက်ကနေ နည်းပညာအရရော ပညာပိုင်းအရရော အထောက်အကူပြု ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ အတော်များများလည်း အားကောင်းလာတယ်။
နော်ဆဲဆဲ (ကရင်အမျိုးသားအစည်းအရုံးကိုယ်စားလှယ် – နိုင်ငံရေးကဏ္ဍ)
ဒီနှစ်ကတော့ ပိုဆိုးသွားတဲ့အနေအထားရှိတယ်။ ကျမတို့ အင်တိုက်အားတိုက်နဲ့ ဆွေးနွေးလာခဲ့တဲ့ အထူး သဖြင့် နိုင်ငံရေးကဏ္ဍအောက်မှာဆိုရင် ကျားမတန်းတူရေး။ ဒါပေမဲ့ ဒီကျားမတန်းတူရေးနဲ့ပတ်သက်တဲ့ တကယ့်အာမခံချက်ရှိရှိ တကယ့် မူဝါဒပဲဖြစ်ဖြစ် မူအရပဲဖြစ်ဖြစ် တနိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့အခြေအနေမှာ တော့ မရှိဘူးပေါ့နော်။ UPC အစည်းအဝေးမှာ အချက်အလက်တွေဆွေးနွေးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အများကြီးဆွေးနွေးတယ်၊ အချက်အလက်ပေးတယ်၊ ပြင်ဆင်တယ်၊ ဖြည့်စွက် တယ်ပေါေ့နာ်။ အဲဒီလို ပြင်ဆင်ဖြည့်စွက်တာက ကျမတို့တွေ တနိုင်ငံလုံးအတိုင်းအတာကို ကြည့်ပြီး ပြင် ဆင်ဖြည့်စွက်တာပေါ့နော်။ တချို့ဆို ပဋိပက္ခနယ်မြေမှာရှိတယ်။ တချို့က ပဋိပက္ခအလွန် (Post Conflict) နေရာမှာရှိတယ်ပေါ့။ အဲဒီနှစ်ခုစလုံး ပါဝင်အောင် ကျမတို့က အဆိုတင်သွင်းပြီးတော့ ညှိနှိုင်းခဲ့တယ်။ ဒါပေမဲ့ တချက်မှ မပါတဲ့အပြင် ပြီးခဲ့တဲ့ UPDJC က ဆွေးနွေးတဲ့အတိုင်းပဲ လက်ခံသွားရတယ်။ အဲဒါအပြင် ဒီနေ ရာမှာ မစဉ်းစားသေး၊ ဆွေးနွေးစရာမလိုသေးတဲ့ နိုင်ငံတနိုင်ငံရဲ့ အမည်နာမကို တပ်မတော်အစုအဖွဲ့က တင်သွင်းလာတဲ့အခါမှာ တပ်မတော်ရဲ့အဆိုက နိုင်သွားတာပေါ့။ အဲဒါတွေကို ညှိနှိုင်းတယ်။ အဲဒါက နိုင်ငံရေးအရ ကြီးမားတဲ့ ပြဿနာတခုလို့မြင်တယ်။ ကျမတို့ အဆိုတင်သွင်းထားတဲ့ အချက်တွေကို ညှိနှိုင်း ဆွေးနွေးလို့ မရတဲ့ အပြင် ကျမတို့ မလိုချင်တာကို ရသွားတဲ့သဘောပေါ့။
ကျမတို့အဆိုတင်သွင်းတဲ့နေရာမှာ တချက်ချင်းစီပြောရရင် နံပါတ် (၁) အချက်အရ “မည်သည့်နိုင်ငံသား မဆို”ပေါ့နော်။ ကျမတို့ တကယ့်လက်တွေ့ကျကျ ကြည့်တဲ့အချိန်မှာ ကျမတို့ ပြည်တွင်းမှာ ရှိနေတဲ့သူတိုင်း နိုင်ငံသားမဟုတ်သေးဘူး။ တချို့က စိစစ်ရေးကဒ်ပြားပဲ သုံးနေရတဲ့ အနေအထားပဲရှိသေးတယ်။ အချို့ လည်း တိုင်းရင်းသားဒေသတွေမှာ မွေးကတည်းက တခါမှ မှတ်ပုံတင်မရဖူးဘူး။ ဒါပေမဲ့ အစိုးရတို့၊ လွှတ် တော်တို့ တပ်မတော်တို့က စိုးရိမ်တာကတော့ ဒီရိုဟင်ဂျာကိစ္စပေ့ါနော်။ ဒါပေမဲ့ ကျမတို့ တိုင်းရင်းသား မှာလည်း ပြည်တွင်းစစ်ဘေးဒုက္ခသည်တွေ (IDP/ Refugees) တွေလည်း နိုင်ငံသားမှ မဟုတ်တာဆိုတော့ ကျမတို့က “ဒီပြည်ထောင်စုအတွင်း နေထိုင်သူတိုင်း” ဒါမှမဟုတ်ရင် “နေထိုင်သူအားလုံး” ဆိုပြီး ကျမတို့က ပြင်ဆင်ဖြည့်စွက်တယ်။ ပြီးလို့ရှိရင် သူက “လိင်ကွဲပြားမှုအပေါ်အခြေခံသော ကျားမတန်းတူရေး” ဆိုပြီး ရေးထားတယ်။ ဒါပေမဲ့ ကျမတို့က နည်းနည်းပိုပြီးတော့ ထိရောက်အောင် “လိင်ကွဲပြားမှု” ကိုလည်း ကျမတို့ ထည့်တယ်။ ပြီးတော့ “လိင်စိတ်ခံယူမှု”နဲ့ ပတ်သက်ပြီးလည်း ထည့်တယ်။ ပြီးတော့ ဘာသာရော၊ လူမျိုး ရော၊ ဇာတိရော၊ ခွဲခြားဆက်ဆံမှုမရှိဖို့၊ ပြီးတော့ အဲဒီလူတွေလည်း တန်းတူအခွင့်အရေးရဖို့ပေါ့နော်။ အဲဒါ တွေကို ဖြည့်စွက်ထားတယ်။ ဒါပေမဲ့ တချက်မှမပါခဲ့ဘူး။ အဲဒါတွေတချက်မှ မပါတဲ့အပြင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” ဆိုတဲ့ နာမည်ကို ထည့်ဖို့ သဘောတူခဲ့ရတာပေါ့။
အပြုသဘောဆောင်ပြီး ကြည့်မယ်ဆိုရင်တော့ NCA မှာ ဖော်ပြတာက (၃၀)ရာခိုင်နှုန်းပဲ။ ဒါပေမဲ့ ဒီထဲမှာ ဆွေးနွေးလာခဲ့တာကျတော့ အနည်းဆုံး (၃၀)ရာခိုင်နှုန်းပေါ့နော်။ အဲဒီလိုတော့ ပါလာတယ်။ ဒါပေမဲ့ အဖျား ပြန်ရှူးသွားတာက “အားပေးရန်” ပေါ့နော်။ အားပေးရန်ကျတော့ တချို့ဥပဒေပညာရှင်တွေကျတော့ ဘယ် လိုအာမခံချက်ရှိအောင် ဆက်လုပ်ရမလဲပေ့ါ။ ဒါက အခြေခံမူ (guiding principle) ဖြစ်တဲ့အတွက်ကြောင့် သေသေချာချာ လမ်းညွှန်ဖို့တော့လိုတာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ ဥပဒေအရ ဘယ်လို ရေးဆွဲ မလဲ၊ မူဝါဒအရ ဘယ်လိုချမှတ်မလဲပေါ့နော်။ ဥပမာ စဉ်းစားချက်တွေတော့ ရှိရင်ရှိမှာပဲ။ ဒါပေမဲ့ တကယ့် လက်တွေ့ကျရင်တော့ သြော် ဒါကတော့ အားပေးတာပဲ၊ အစိုးရတွေရော ဘယ်သူတွေရော တာဝန်ရှိတယ် ဆိုပြီးလိုသလို တွန်းပြီးတော့ ပြောသွားမှာကို စိုးရိမ်တယ်။
ပြီးတော့ UPC က ညီလာခံဖြစ်ပေမယ့် ဘယ်လောက်ပဲ ညှိနှိုင်းဆွေးနွေး၊ ဘယ်လောက်ပဲ ဖြည့်စွက်ဖြည့် စွက်၊ လက်မခံတဲ့အပြင် UPDJC ရောက်ရင် ပြန်ပယ်ချတာမျိုးပေါ့နော်။ ဆိုတော့ ဒီ UPC ကိုလုပ်တာက UPDJC လောက်တော့ Mandate (လုပ်ပိုင်ခွင့်) မရှိတဲ့သဘောပေါ့။ အမှန်တကယ်ဆို UPC ဆိုတာ တကယ့်ညီလာခံဖြစ် တော့ သူ့ Mandate က ပိုရှိရမယ်။ သူ့အာဏာက ပိုရှိရမှာပေါ့။ အဲဒီအပေါ်မှာပဲ အခြေခံပြီးတော့ လူအင် အားတွေလည်း များတယ်၊ ဒေါင့်ပေါင်းစုံနဲ့လာပါဝင်တဲ့သူတွေရှိတာပေါ့နော်။ ဆိုတဲ့အခါကျတော့ အဲဒီ UPC ဆွေးနွေးချက်ကို ဦးစားပေးတာမဟုတ်ပဲနဲ့ UPDJC မှာ ဆုံးဖြတ်ချက်ပိုပြီးတော့ ကျသွားတာမျိုးဖြစ်တယ်။ အမှန်တကယ်ဆို UPDJC က ဆွေးနွေးတာကိုတောင် UPC မှာ တင်ပြရမှာပေါ့နော်။ သူတို့တင်ပြတဲ့ အချက်တွေကိုအခြေခံပြီးတော့ UPC မှာ ဖြစ်သင့်တဲ့ဟာတွေကို ပြင်ဆင်ဖြည့်စွက်ပြီးတော့မှ သူတို့က အဲဒီ အပေါ်မှာ အခြေခံပြီးတော့ ဘယ်အချက်တွေလက်ခံမယ်၊ ဘယ်အချက်တွေကို ဘယ်လိုညှိနှိုင်းဆွေးနွေးပြီး မူအရချမှတ်မလဲဆိုတာမျိုး သူတို့က အဲဒီလို အခြေခံပြီးဆွေးနွေးရမှာ။ ဒါပေမဲ့ အခုက အဲဒီလိုမဟုတ်ဘူး။ ကျမတို့ UPC မှာ ဘယ်လောက်ပဲဆွေးနွေးဆွေးနွေး၊ သူတို့အဆိုတင်သွင်းလာတာပဲ ပြန်အတည်ယူသွားတဲ့ သဘောပေါ့။ ဒါတခုတော့ ကျမတို့ ထောက်ပြတယ်။
နောက်တခုက ခေါင်းစဉ်လွဲနေသလိုဖြစ်တာပေါ့နော်။ တကယ်တမ်းကျတော့ ကျမတို့က UPC မှာ Gender Equality ကိုဆွေးနွေးတယ်။ ဒါပေမဲ့ တကယ်ဆွေးနွေးတော့ Gender Equality ရဲ့ ခေါင်းစဉ်အောက်ကနေ မဆွေးနွေးပဲနဲ့ မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရဲ့ အမည် နာမကို ပိုဦးစားပေးပြီးတော့ ဆွေးနွေးတဲ့ ပုံစံရောက်သွားတယ်။ ဆိုတော့ နည်းနည်းခေါင်းစဉ်လွဲသွားတဲ့ အနေအထားမျိုးကိုလည်း တွေ့ရတယ်။
မြေယာကဏ္ဍနဲ့ပတ်သက်ပြီး ကျမတို့တိုင်းရင်းသားအဖွဲ့တွေက ပြတ်ပြတ်သားသားပြောတယ်။ မကြိုက်ဘူး ပေါ့နော်။ အဲဒီမြေယာကဏ္ဍက အချက်(၂)ချက်က တကယ်ကို တိုင်းရင်းသားတွေက လက်မခံနိုင်တဲ့ အချက်တွေဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ ခေါင်းဆောင်အချင်းချင်းက မညီညွှတ် မပြတ်သားတာတခု၊ နောက် တခုကျတော့ ဒီဟာကို ထားခဲ့တာမျိုးမဟုတ်ပဲ မဖြစ်မနေ သဘောတူလိုက်တာမျိုး အဲဒီလို ဖြစ်သွားတာ ပေ့ါ။
နော်မာမာချို (ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်)
တချို့စကားလုံးတွေမှာ အားမရတဲ့အပိုင်းတွေရှိတာပေါ့နော်။ ဒါပေမယ့် အခုဟာက မူဘဲဆိုတော့ပေါ့နော်။ မူ (၁၄) ချက်ကတော့ ဥပမာ စီးပွားရေးဆိုရင် တချက်ဘဲ ကျသွားတာပေါ့နော်။ အဲဒီလိုလေးတွေဆိုတော့ အရမ်းကြီးတော့လဲ စိတ်ထဲမှာတော့ အားရတယ်မဟုတ်ပေမယ့် (၁၄)ချက်အပေါ်မှာတော့ ဘုံသဘော တူညီမှုရသွားတဲ့အပေါ် ဘယ်လိုဘဲဖြစ်ဖြစ်တော့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာလည်း အားနည်းတဲ့ အားမရတဲ့အပိုင်းတွေတော့ တွေ့တာပေါ့။
အထူးသဖြင့် နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေအတွက် ကျားမတန်းတူညီမျှရေးကို ဆွေးနွေးတဲ့အခါမှာ တချို့စကားလုံးလေးတွေမှာဆိုရင် ကျမတို့လိုချင်တဲ့ အဓိပ္ပါယ်တွေ မပါသွားဘူးပေါ့နော်။ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပါဝင်မှုအတွက် အားပေးနေရုံလောက်ဘဲ ထည့်ထားတာကို ကျမတို့အမျိုးသမီးတွေက တကယ်ဘဲ သိသာတဲ့မူဝါဒတွေ ချပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အဲဒီစကားလုံးမပါဘဲနဲ့ အားပေးမယ် ဆိုတာဘဲ ကျသွားတော့ ဒါလေးတွေက ကျမတို့ကို အားမလိုအားမရဖြစ်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျမတို့က အမျိုးသမီးအရေး၊ တတိုင်းပြည်လုံးမှာရှိတဲ့ တဝက်ကျော်ရှိတဲ့ အမျိုးသမီးထုတရပ်လုံးအတွက် တောင်းဆိုခဲ့တာ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် တိကျတဲ့၊ ခိုင်မာတဲ့ မူတခုရဖို့အတွက် တောင်းဆိုခဲ့တာဖြစ် တဲ့အတွက် အဲဒီလို ထိထိမိမိမကျလာဘဲနဲ့ အားပေးရန်ဆိုတာလောက်ဘဲဆိုတော့ ကျမတို့အတွက်က တော့ ကြိုးစားခဲ့သမျှ အရာမထင်ခဲ့ဘူးပေါ့။
ကျမကတော့ နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ ကိုယ်စားပြုတက်တော့ မြေယာကျတော့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်ရမယ်လို့ပဲပါတယ်။ တချို့ကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက်ကို ညှိနှိုင်းရုံမက သူတို့သဘော တူညီချက်နဲ့မှ လုပ်ရမယ်ပေါ့ အဲဒီလို သဘောထားကွဲလွဲမှုလေးတွေ နည်းနည်းရှိတယ်။ ညှိနှိုင်းရုံနဲ့မဟုတ်ဘဲ အားလုံးသဘောတူညီချက်နဲ့မှ လုပ်ဆောင်မယ်ဆိုတာမျိုး ပါစေချင်ကြတာပေါ့။ အဲဒီလိုမျိုး မပါခဲ့တော့ တချို့ကိုယ်စားလှယ်တွေက အားမလိုအားမရ ဖြစ်ကြတယ်။
တယောက်တည်းအမြင်နဲ့ဆိုရင်တော့ စီးပွားရေးကဏ္ဍက တင်ထားတဲ့အချက်တွေက အရမ်းကောင်းတယ်။ ဒါပေမယ့် UPDJC က ချလာတာ တချက်တည်းကျလာတာက အားမလိုအားမရဖြစ်မိတယ်။ တချက်တည်း ချပေးတဲ့အခါမှာ အဲဒီတချက်ထဲ ဆွေးနွေးရတော့ အချိန်နဲ့ မကာမိဘူးလို့ ကျမခံစားရတယ်။
အခုညီလာခံမှာတော့ အကုန်လုံးညှိနှိုင်းကြတယ် စကားလုံးတွေကအစပေါ့။ ဒါပေမယ့် ဘုံသဘောတူညီ ချက် ကျအောင်တော့ တော်တော်လေးကို ညှိနှိုင်းရတယ်ပေါ့နော်။ အဲဒါကလဲ ကျမတို့အတွက် အခက်အခဲ တခုပေါ့နော်။ အစုအဖွဲ့ (၅)ခုစလုံးအတွက်ဆိုတော့ သိတဲ့အတိုင်းဘဲ။ အဲဒီအစုအဖွဲ့ထဲမှာ နိုင်ငံရေးပါတီ၊ တပ်မတော်၊ လွှတ်တော်၊ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ အားလုံး (၅) ခုဆိုတော့ တော်တော် လေးကို ညှိနှိုင်းယူရတာပေါ့နော်။ UPDJC ကို တင်ထားတဲ့ဟာတွေများပြီးတော့ ပြန်ကျလာတဲ့ဟာတွေက တချက်လောက်ဘဲ ပြန်ဆွေးနွေးခွင့်ရတယ်ဆိုတော့ ဒီထက်မက ထက်ကြိုးစားဖို့ အများကြီးလိုသေးတယ်။ ဒီအတိုင်းကြိုးစားလို့တော့မရဘူး။ တကယ့် မဟာဗျူဟာကျကျနဲ့ ပြင်ဆင်ဆွေးနွေးပြီးတော့ နောက်အခေါက် တွေမှာ အများကြီးတော့ လုပ်ရတော့မယ်ဆိုတာ ဒီကပြန်လာတဲ့အချိန်မှာ သိလိုက်တာပေါ့နော်။
စောစံငြိမ်းသူ – ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) – (နိုင်ငံရေးကဏ္ဍ)
ကဏ္ဍတခုချင်းစီအနေနဲ့ အခုရခဲ့တဲ့ အချက်တွေထဲမှာ လူမှုရေးကဏ္ဍအစိတ်အပိုင်းကတော့ အများဆုံးပေါ့။ ကျန်တဲ့ စီးပွားရေးတို့၊ နိုင်ငံရေးတို့ဆိုတာက ရတဲ့အချက်တွေ နည်းတယ်။ နည်းပေမယ့် ဒီအချက်တွေကို အခြေခံပြီးတော့ ရှေ့ဆက်ကျမတို့ မူဝါဒဆိုင်ရာ ရေးဆွဲလာရမယ့် အနေအထားမှာ ဘယ်လောက်ထိ ဆွဲယူ သွားနိုင်မလဲဆိုတာကို စဉ်းစားရမယ်။ အဲဒီလိုစဉ်းစားတဲ့အခါမှာ အခုရခဲ့တဲ့ တချက်ပဲဖြစ်ဖြစ်၊ နှစ်ချက်ပဲ ဖြစ်ဖြစ် လာမယ့်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တဲ့အခါမှာ ရှေ့ဆက်ပြီးတော့ မူဝါဒဆိုင်ရာ ကိစ္စရပ်တွေကို ပြန်ပြီးတော့ ဆွဲခေါ်သွားနိုင်မယ့် အချက်တွေဖြစ်တယ်ဆိုတဲ့အပေါ်မှာ များများစားစား မရနိုင်ခဲ့ပေမယ့်လည်း လက်ခံလို့ရနိုင်တဲ့ အနေအထားတခုရှိတယ်လို့ မြင်ပါတယ်။
စိတ်ကျေနပ်မှုအရပြောမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ တိုင်းရင်းသားပြည်သူအားလုံးကို ကိုယ်စားပြုပြီးတော့မှ အတတ်နိုင်ဆုံး ခိုင်မာတဲ့ အခြေခံမူဖြစ်ဖို့အတွက် တချို့ စကားလုံး၊ စာသားတွေ ပြည့်ပြည့်စုံစုံထည့်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် မဟုတ်တဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတို့ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်ဘက်ကပေါ့နော်။ ပိုပြီးတော့မှ ခိုင်မာတဲ့ အခြေခံ မူတွေဖြစ်ဖို့အတွက်ကို အချက်အလက် ပြည့်ပြည့်စုံစုံထည့်ပေမယ့်လဲ အဲဒါတွေကိုတော့ မရခဲ့ဘူး။ မရခဲ့ပေ မယ့်လဲ ရခဲ့တဲ့အချက်တွေကို အခြေခံပြီးတော့ မူဝါဒဆိုင်ရာကို ဆွဲခေါ်သွားနိုင်မယ့် အနေအထားရှိတယ် ဆိုပြီးတော့မှ ပြောလို့ရတယ်။ တဖက်ကလဲ ဆွေးနွေးမှုမှာ ဘယ်လိုဖြစ်လဲဆိုတော့ တိုင်းရင်းသား လက်နက် ကိုင်တွေဘက်က ပြည့်ပြည့်စုံစုံထည့်နေတဲ့အချက်တွေက လာမယ့်မူဝါဒဆိုင်ရာတွေနဲ့ ဥပဒေတွေ၊ နည်းဥပ ဒေတွေမှာ ပိုပြီးတော့မှ ပြည့်ပြည့်စုံစုံထည့်သွင်းရမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချုပ်ပြီးတော့ လက်ခံ လိုက်ရတဲ့ အနေအထားမျိုးဖြစ်တယ်။
အဓိကတော့ ရထားတဲ့ အချက်တွေအပေါ်မှာ တကယ်မူဝါဒချမှတ်တဲ့အပေါ်မှာ အခုကတည်းက အခြေခံမူ မှာကတည်းက ထည့်ချင်တဲ့ စကားလုံး၊ စာသားတွေကို မူဝါဒချမှတ်တဲ့အခါမှာ ပါလာနိုင်အောင်၊ ပြီးတော့ ဥပဒေတွေ နည်းဥပဒေတွေထဲမှာ ပြည့်ပြည့်စုံစုံပါလာအောင် ကြိုးပမ်းသွားရမယ့် အနေအထားမှာရှိတယ်။ အဲဒီလိုမျိုးသာ တကယ်ဘဲ ပါလာနိုင်တယ်ဆိုရင်တော့ အခုရထားတဲ့အချက်တွေက အနှစ်သာရရှိတဲ့ အချက်တွေ ဖြစ်လာနိုင်မယ်။ အများကြီး သေသေချာချာတော့ ဆွေးနွေးသွားရဦးမှာဖြစ်တယ်။
အဓိကကတော့ အချက်တွေကို များများစားစားတင်ခဲ့တယ်။ များများစားစားတင်သွင်းခဲ့တယ်ဆိုပေမယ့် လောလောဆယ်အနေအထားမှာတော့ နည်းနည်းလေးကို အကြေအလည်အချိန်ယူပြီးတော့ ဆွေးနွေးနိုင် တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးခဲ့တယ်။ ကျန်တဲ့အချက်တွေကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေး သွားမယ်ဆို ပြီးတော့မှ အဲဒီလိုသဘောမျိုးနဲ့ ချန်ထားခဲ့တဲ့ ပုံစံမျိုးဖြစ်တယ်။ နောက်ပိုင်းဆွေးနွေးတဲ့နေရာမှာ တကယ်ဘဲ ဆွေးနွေးခွင့်တွေရှိမလား၊ ဆွေးနွေးပွဲရလာဒ်တွေကို တကယ်ဘဲ ဖော်ဆောင်နိုင်မလားဆိုတာက တော့ ရှေ့ဆက်လာမယ့် ဆွေးနွေးပွဲတွေနဲ့ ညီလာခံအပေါ်မှာ အများကြီး မူတည်နေတယ်။
မိကျဲကျဲနီ (မွန်အမျိုးသားပါတီ ကိုယ်စားလှယ်)
မူအရ (၁၄)ချက်ရတယ်။ အဲဒီ(၁၄)ချက်ကို မူအဖြစ်တော့ လက်ခံကြတယ်ပေါ့လေ။ ဒါပေမဲ့ ကျမအနေနဲ့ ဆိုရင် သိပ်ပြီးတော့ အားမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျားမရေးရာကိစ္စကို နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေး တဲ့နေရာမှာ နိုင်ငံရဲ့အမည်ကိုပါ တခါတည်းထည့်သွင်းလာတဲ့အပေါ်မှာ တိုင်းရင်းသားပါတီကြီးတွေကတော့ ဒီအပေါ်မှာ မှတ်ချက်ပေးတာ မရှိဘူးပေါ့။ ဒါကိုမြင်ရတယ်။ နိုင်ငံရဲ့အမည်ကို ကျားမရေးရာကဏ္ဍမှာ လာ ဆွေးနွေးစရာမှမလိုတာ။ တပ်မတော်ဘက်ကနေပြီး ဒါကို ထည့်ပြီးဆွေးနွေးလာတဲ့အပေါ်မှာ နည်းနည်း တော့ တိုင်းရင်းသားတွေဘက်ကတော့ စိတ်အဆင်မပြေဘူး။ ဒါပေမဲ့ အများဆန္ဒအရဆိုတော့လည်း လက်ခံ လာရတဲ့အနေအထားဖြစ်တယ်။
နိုင်ငံရေးပါတီအစုအဖွဲ့က နဂိုမူလက UPDJC က ချထားတဲ့အတိုင်း ၄ ချက်လုံး package အလိုက်ကို လက်ခံရင် လက်ခံမယ်ဆိုတဲ့ဟာပေါ့လေ။ အဲဒီမှာ ကျမတို့ဘာပေးလိုက်ရလဲဆိုတော့ ကျမတို့ နိုင်ငံရေး ကဏ္ဍမှာ နံပါတ် ၂ ၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန် ဆိုတဲ့ နေရာမှာ ကျမတို့ နိုင်ငံရေးပါတီအစုအဖွဲ့က ဒါဟာ အားလျော့တယ်ပေါ့။ အားပေးတာလောက်ပဲ မရဘူး။ တိကျတဲ့မူဝါဒ ချဖို့ကို ဆွေးနွေးသဘောတူထားတာ။ ဒါပေမဲ့ သုံးပွင့်ဆိုင်ပေါ့နော်၊ EAO ဘက်၊ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့မှာ ပြန်ဆွေးနွေးတဲ့အခါကျတော့ တင်ပြမှုတွေက အမျိုးမျိုးဖြစ် လာတယ်ပေါ့။ အဲဒီမှာပဲ ကျမတို့အနေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က တကယ်လို့ တပ်မတော်ကချတဲ့ နိုင်ငံရဲ့ အမည်လာထည့်တာလည်းမယူဘူး။ ကျမတို့ UPDJC ကချတဲ့ (၄)ချက်အတိုင်းချမယ်ဆိုရင် ခုနက ကျမတို့ တင်ထားတဲ့ တိကျတဲ့ မူဝါဒဆိုတဲ့နေရာမှာ ကျမတို့လျော့လိုက်မယ်။ ဒါပေမဲ့ အဲဒီမှာ နိုင်ငံရဲ့အမည်ကိုတော့ မထည့်ဘူးပေါ့။ အဲဒီလို ဆုံးဖြတ်လိုက်ကြပေမယ့်လည်း နောက်ဆုံးတော့ EAO ဘက်က ဒါကို ပြန်လျော့ လိုက်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့် ကျမတို့ နိုင်ငံရေးပါတီအစုအဖွဲ့ (၂၃)ဖွဲ့ကလည်း အဲဒီ အပေါ် မှာ လိုက်လျောဖို့ အချို့ပါတီတွေက ပြန်ပြီးတော့ အမြင်တွေတောင်းကြတယ်ပေါ့လေ။ အဲဒီမှာ အများ သဘောဆန္ဒလိုက်ရတဲ့အခါကျတော့ လျော့လိုက်ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က သိပ်ပြီးတော့ အားရတဲ့ အနေအထား မရှိဘူးပေါ့။
ကျမတို့တိုင်းရင်းသားတွေ၊ EAO ပဲဖြစ်ဖြစ် ဒီနိုင်ငံရေးပါတီအစုအဖွဲ့တွေပဲဖြစ်ဖြစ် ကျမတို့ နည်းနည်းအား ပျော့တယ်လို့ထင်တယ်။ ညီလာခံရဲ့ ပထမရက်မှာပဲ ကာကွယ်ရေးဦးစီးချုပ်ကပြောတဲ့ ငြိမ်းချမ်းရေးစကား လာပြောတာ တပ်ကအင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတဲ့အပေါ်မှာလည်း နည်းနည်းတော့ ခံစားမှုတွေ ရှိ သွားကြမယ်ထင်တယ်။ နောက်နိုင်ငံတော်အတိုင်ပင်ခံကလည်း ပြောလိုက်တယ်။ ငြိမ်းချမ်းရေး စကားပြော တဲ့နေရာမှာ ဦးရာလူစနစ်မဟုတ်ပေမယ့်လည်း နေရောင်ခြည်ကို စပြီးမြင်တွေ့တဲ့သူကတော့ အရင်ခံစား ရမယ်ဆိုတဲ့အပေါ်မှာလည်း တွေးစရာတွေတော့ အများကြီးဖြစ်လာတယ်။ နောက်ပြီးတော့ အဖြေထွက် လာတဲ့အခါကျတော့ ပထမတော့ အမျိုးသမီးတွေက အမျိုးသမီးပါဝင်ရေးကို မူဝါဒချဖို့ကို တွန်းတွန်းတိုက် တိုက်ပြောပေမယ့်လည်း ကျမမြင်တယ်၊ တချို့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အမျိုးသမီး ကိုယ် စားလှယ်တွေကို လွှတ်သာလွှတ်လိုက်တာ။ ဆုံးဖြတ်ခွင့်မပေးထားဘူး။ နောက်ဆုံးချုပ်တဲ့အခါကျတော့ အမျိုးသားအမြင်တွေ ပါနေတယ်လို့လည်း ကျမမြင်တယ်။ ချုပ်လိုက်တဲ့အခါကျတော့ အမျိုးသမီးတွေ တင် ပြသမျှတွေ အကုန်လုံးဟာ ဘာမှ ဖြစ်မလာတော့ဘူး။
ဥပမာ ကျမတို့ နိုင်ငံရေးပါတီအစုအဖွဲ့က တပ်မတော်ကတင်တဲ့ နိုင်ငံအမည်ကိုလည်း လက်မခံဘူး။ ကျမတို့ ဘက်ကလည်း အမျိုးသမီးရေးပါဝင်မှုအတွက် တိကျတဲ့ မူဝါဒချမှတ်ဖို့ကို လျော့ပေးမယ်ပေါ့။ နဂိုမူလ UPDJC ချထားတဲ့အတိုင်း နိုင်ငံရေးကဏ္ဍရဲ့ နံပါတ် ၁ မှာ – အစမူလက “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ” လို့ပါတဲ့နေရာမှာ တပ်မတော်က “ပြည်ထောင်စု မြန်မာနိုင်ငံ၏” လို့ ထည့်ချင်တာ။ တိုင်းရင်းသားတွေဘက်ကတော့ “မြန်မာနိုင်ငံ” ကို ထည့်စရာ မလိုဘူး၊ ဒါကနိုင်ငံရေး Principle မှာ သွားထည့်ရမှာ၊ ကျားမရေးရာကိစ္စမှာ ထည့်စရာမလိုဘူးလို့ ပြောပေမယ့် လည်း နောက်ဆုံးတော့ တပ်မတော်က မလျော့တဲ့အခါကျတော့ နိုင်ငံရေးပါတီအစုအဖွဲ့ကလည်း နဂိုမူလ ချထားတဲ့အတိုင်းကိုပဲ ယူမယ်ဆိုပြီးတော့ အမျိုးသမီးပါဝင်မှုမှာ “အားပေးရန်” ပဲထားမယ်၊ “မြန်မာနိုင်ငံ” ဆိုတဲ့ နာမည်ကိုလည်း မထည့်နဲ့ပေါ့ အဲဒီလိုမျိုးယူလာတယ်။ ဒါပေမဲ့ နောက်ဆုံးရက် UPDJC ပြန်ထိုင် တဲ့အခါကျတော့ မြန်မာနိုင်ငံဆိုတာ ပြန်ပါသွားတယ်။ အဲဒီလိုဆိုတော့ အမျိုးသမီးပါဝင်ရေးမှာလည်း မရ လိုက်ဘူး၊ နိုင်ငံအမည်မထည့်ဖို့ဆိုတာလည်း မရလိုက်ဘူးပေါ့။ အဲဒီအပေါ် ကျမတို့ကတော့ အားမရဘူး။ နောက်ပြီးတော့ ညီလာခံမှာ ဆွေးနွေးပွဲက TOR အရလည်း မသွားဘူးပေါ့လေ။ ကျမတို့နားလည်တာက အစုအဖွဲ့တခုက သဘောမတူရင်တော့ မဲခွဲဆုံးဖြတ်ရမယ်လေ။ UPDJC ဘက်ကလည်း နည်းနည်းပါဝါယူ ထားတာများတယ်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အားရတာတခုကတော့ အမျိုးသမီးကိစ္စကို ဒီနိုင်ငံရေးကဏ္ဍ မှာ ဆွေးနွေးလိုက်ရတာတော့ အမျိုးသမီးရေးဟာ နိုင်ငံရေးအဆင့်ထိရောက်လာပြီဆိုတာ သက်သေပြနိုင် တာ အမျိုးသမီးတွေအတွက် အားရစရာပါ။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021