Home ဆောင်းပါး ဖိနှိပ်မှုကြားက အာဂအမျိုးသမီးတွေရဲ့ သမိုင်းစာမျက်နှာ

ဖိနှိပ်မှုကြားက အာဂအမျိုးသမီးတွေရဲ့ သမိုင်းစာမျက်နှာ

Honest Information (HI)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေထဲမှာ အမျိုးသမီးတွေ ပါဝင်တဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။

ခေတ်အဆက်ဆက် ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံမှုတွေ ကြုံခဲ့ရတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းတူ အလုပ်လုပ်ကိုင်နိုင်သလို တော်လှန်ရေးမှာလည်း ကျရာ အခန်းကဏ္ဍကနေ အားမယုတ်လျော့အောင် ပါဝင်ပေးနေတာ တွေ့ရပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရဲရဲတောက် အာဂ အမျိုးသမီးတွေဟာ ဖိနှိပ်မှု၊ အခက်အခဲ၊ အကြမ်းဖက် နှိမ်နင်းမှုတွေကြားကနေ ပါဝင်နေကြသလို လက်နက်ကိုင် တော်လှန်ရေးမှာပါ ရွပ်ရွပ်ချွံချွံ ပါဝင်နေတာ တွေ့မြင်ရပါတယ်။

ဒါကြောင့်လည်း ဒီလို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ဂုဏ်ယူထိုက်တဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သမိုင်းထင်ကျန်ရစ်ဖို့ အမျိုးသမီးများအသံကို တစိုက်မတ်မတ် ရေးသားနေတဲ့ ဟိုင်းသတင်းဌာနကနေ ၂၀၂၂ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်) ၄ လအတွင်း အမျိုးသမီးများ ပါဝင်ခဲ့ကြတဲ့ သမိုင်း စာမျက်နှာများကို တစုတစည်း ဖော်ပြပေးလိုက်ပါတယ်။

စစ်ကောင်စီလက်အောက် အမျိုးသမီးများ အကြမ်းဖက်ခံရမှု

စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ် ချုပ်ခြယ်မှုတွေ ရှိခဲ့ပြီး အရပ်သားအစိုးရ လက်ထက်မှာ ဒီလို ဖိနှိပ်မှုတွေ လျော့နည်း ပပျောက်အောင် အရပ်ဘက် အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြိုးပမ်းခဲ့ကြပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ ဒီအရာတွေ အကုန် ပျက်စီးခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရာနဲ့ချီတဲ့ အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအရေး ဆောင်ရွက်သူတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေး အဖွဲ့တွေက ဆိုပါတယ်။

အထူးသဖြင့် စစ်ရေး ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ ဆိုကြပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်တာကြောင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ ရှိသလို၊ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြားမှာ မြေစာပင်အဖြစ် အသက်ပေးခဲ့ရတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။

NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ အဆိုအရ အာဏာသိမ်းပြီးနောက် တစ်နှစ်နဲ့ တစ်လကျော်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသမီး ၁၅၀ ခန့်ဟာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အသတ်ခံရတဲ့ ဖြစ်စဉ်တိုင်းမှာ အမျိုးသမီးတွေဟာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

သွေးပျက် ချောက်ချားစရာ အဖြစ်တခုကို ဥပမာပြရမယ်ဆိုရင် မတ်လ ၅ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာက အမျိုးသမီးနဲ့ သူ့ကလေးငယ် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

အဲဒီလို သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေထဲမှာ “ရေစကြိုက လက်ထပ်ပြီးစ ခုနစ်ရက်သာ ရှိသေးတဲ့ အမျိုးသမီး”၊ “ကိုယ်ဝန်ငါးလနဲ့ CDM ကျောင်း ဆရာမ”၊ “ဆီဆိုင်မြို့နယ်မှာ ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်သတ်ခံရတဲ့ အမျိုးသမီး”၊ “PDF ထောက်ပံ့သူတွေလို့ စွပ်စွဲခံရတဲ့ မန္တလေးက သားအမိနှစ်ယောက်” စတဲ့ ဖြစ်စဉ်တွေဟာ ထင်ရှားပါတယ်။

ရေစကြိုနယ်မှာ ဖြစ်သွားတဲ့ သတ်ဖြတ်မှုဟာဆိုရင် စစ်ကောင်စီတပ်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကို ပိုပြီး မြင်သာစေပါတယ်။ ဘာကြောင့်လဲဆိုရင် ဘာအပြစ်မှ မရှိတဲ့ CDM ကျောင်းဆရာမ တစ်ဦးကို အကြောင်းမဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာကြောင့်ပါ။

စစ်တပ်ဟာ နိုင်ငံတော် အာဏာကို မတရားရယူပြီးနောက်ပိုင်း သူတို့ကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ မတရားဖမ်းဆီး ထောင်ချ၊ အကြမ်းဖက်မှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ကျူးလွန်နေတဲ့အပြင် သူတို့ အလိုရှိတဲ့သူကို ဖမ်းမမိခဲ့ရင် နေအိမ်မှာ ကျန်ရစ်တဲ့ မိသားစုဝင်တွေ၊ သက်ကြီး ဘိုးဘွား ကလေးတွေပါမကျန် ဓားစာခံအဖြစ် ဖမ်းဆီး ထောင်ချနေတာ ဖြစ်ပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေထဲမှာ ထားဝယ်မြို့၊ ကနိုင်းဒါရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မသီရိမိုးရဲ့ မိခင်လည်း ပါဝင်ခဲ့ပါတယ်။ အလားတူ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်မှာလည်း သားဖြစ်သူကို မတွေ့တဲ့အတွက် မိဘနှစ်ပါးအပါအဝင် မိသားစု ငါးယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ယနေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃၁၀၄ ဦး အပါအဝင် လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲ စုစုပေါင်း ၂၃၅၁ ဦးနဲ့ ပြည်လည် လွတ်မြောက်လာသူ အမျိုးသမီး စုစုပေါင်း ၇၄၄ ဦး ရှိထားပါတယ်။

အခုလို စစ်ကောင်စီရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ အင်မတန် စက်ဆုတ် ရွံရှာစရာဖြစ်ပြီး လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ AAPP မှ တာဝန်ရှိသူတဦးက မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးမှာ ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍ

အာဏာသိမ်းကာလ တနှစ်ခွဲကျော်လာခဲ့ပေမယ့် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ယနေ့တိုင်ရှိနေဆဲပါ။ အာဏာသိမ်းစတုန်းကလို လူထုအင်အားအပြည့်နဲ့ ဆန္ဒပြကြတာမျိုး မဟုတ်ပေမယ့် မြို့ပြတွေမှာ ပျောက်ကျားသပိတ်တွေက ခပ်စိတ်စိတ် ရှိနေဆဲပါ။

စစ်ကောင်စီဘက်က ပြောက်ကျားသပိတ်တွေကို နှိမ်နင်းဖို့ သပိတ် စစ်ကြောင်းတွေကို ကားနဲ့တိုက် ဖြိုခွင်းတာ၊ အကြမ်းဖက် ဖမ်းဆီးတာတွေနဲ့ ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို လိုက်လံ ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ ဒီလို ပျောက်ကြားသပိတ် ဆန္ဒပြပွဲတွေမှာလည်း အမျိုးသမီးငယ်တွေ ရဲရဲဝံ့ဝံ့ ပါဝင်ကြပါတယ်။

သပိတ်တိုက်ပွဲဝင် လူငယ်တွေဟာ ဒလန်တွေရဲ့ သတင်းပေးမှု၊ ရန်ကုန်မြို့ပေါ်က တိုက်ခန်း ပိုင်ရှင်တွေက လူငယ်ဆိုရင် PDF လို့ သံသယ ရှိတာကြောင့် အခန်းအလွယ်တကူ ငှားမပေးခြင်း စတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်ကဆိုရင် မြို့ပြပြောက်ကျားသပိတ်မှာ ပါဝင်တဲ့ လူငယ်တွေ အများဆုံး အသုံးပြု ငှားစီးတဲ့ အငှားယာဉ်မောင်းကို စစ်ကောင်စီက ဖမ်းဆီးပြီးတဲ့နောက် ရန်ကုန်က သပိတ်တိုက်ပွဲဝင် လူငယ်အယောက် ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

ဒီလို အခက်အခဲတွေကြားကနေ မြို့ပြပျောက်ကျားသပိတ်တွေ ကွယ်ပျောက် မသွားဘဲ စစ်ကောင်စီကို ဆန့်ကျင်ဖို့ လူထုကြားမှာ နေ့စဉ် ထွက်ပေါ်နေဆဲပါပဲ။ သပိတ်တွေ စတင်ကတည်းက လက်ရှိ အချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ကြတဲ့ အမျိုးသမီးတွေဟာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမ၊ ရဲမေ၊ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ စတဲ့ ကဏ္ဍပေါင်းစုံက အမျိုးသမီးတွေအပြင် အိမ်ထောင်ရှင်မ၊ လူငယ်၊ ကျောင်းသူ စတဲ့ နယ်ပယ်ပေါင်းစုံ အရွယ်ပေါင်းစုံ အမျိုးသမီးတွေ ပါဝင်ကြပါတယ်။

စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ ဒေသတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက မြောင်မြို့နယ်မှာဆိုရင်လည်း CDM ဆရာ၊ ဆရာမတွေ ဦးစီးလို့ ကိုယ်ပိုင် အစီအစဉ်နဲ့ လည်ပတ်တဲ့ ပညာရေးစနစ်တစ်ခုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါဟာ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ပညာရေး ဝေးကွာနေခဲ့မှုကို ပြန်လည် အသက်ဝင်စေခဲ့တာပါ။

လက်ရှိမှာ စာသင်ကျောင်း (၂၂) ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆရာ၊ဆရာမ (၃၅၀) ခန့်နဲ့ ကျောင်းသား (၃၇၀၀) ဝန်းကျင်ကို သင်ကြားပေးလျက် ရှိပါတယ်။

လက်နက်စွဲကိုင် တော်လှန်ကြတဲ့ အမျိုးသမီးများ

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေက စစ်ကောင်စီကို နည်းလမ်း ပေါင်းစုံနဲ့ တော်လှန်နေကြပြီး လက်နက်စွဲကိုင် တော်လှန်နေတဲ့ အာဂ အမျိုးသမီးတွေလည်း ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ပထမဆုံး အမျိုးသမီးတပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့တဲ့ M2W တပ်ဖွဲ့ဟာ လက်ရှိမှာ သက်တမ်း ၁၀ လသာ ရှိသေးပေမယ့် လက်လုပ်မိုင်း ၅ မျိုး အထိ ထုတ်လုပ်နိုင်ခဲ့ပါပြီ။

မိုင်းထုတ်လုပ်တဲ့ အမျိုးသမီးတွေထဲမှာ အသက် ၂၀ ကနေ အသက် ၄၀ ဝန်းကျင်အထိရှိပြီး အဲဒီ မိုင်းထုတ်လုပ်တဲ့ နေရာမှာ တာဝန်ယူတဲ့ မအလင်္ကာက အသက် ၂၀ နှစ်အရွယ်သာ ရှိပါသေးတယ်။

စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေကြသူတွေထဲမှာ မြို့ပြပျောက်ကြား စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ မြေအောက်လှုပ်ရှားမှုအဖွဲ့(ယူဂျီ)တွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။

တိမ်းရှောင်ရ မလွယ်ကူတဲ့ မြို့ပြမှာ လှုပ်ရှားရတာကြောင့် ပိုပြီး ခက်ခဲပင်ပန်းသလို၊ အဖမ်းဆီးခံရနိုင်တဲ့ အခြေအနေ၊ အသက်ဆုံးရှုံးနိုင်ခြေလည်း အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အခါ နာမည် ထုတ်ဖော် ဝမ်းနည်းဖို့ အခွင့်အရေး မဆိုထားနဲ့၊ လူမသိသူမသိ အသက်ပေး စွန့်လွှတ်ကြရသူတွေ မနည်းပါဘူး။

အခက်အခဲ အန္တရာယ်တွေ ရှိနေပေမယ့်လည်း မြို့ပြစစ်ဆင်ရေးတွေကိုတော့ အဖွဲ့တွေ ချိတ်ဆက်ပြီး ဆက်လက် လုပ်ဆောင်နေကြသလို ဒီအထဲမှာလည်း အသက်ငယ်ငယ် အမျိုးသမီးငယ်တွေကစလို့ အသက်လတ်ပိုင်း အာဂအမျိုးသမီးတွေ များစွာ ပါဝင်ပါတယ်။

စစ်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်ကြတဲ့ အမျိုးသမီးများ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ လက်ဖြောင့်ဆုရ အမျိုးသမီးစစ်မေတစ်ဦးဖြစ်တဲ့ အင်ဂျင်နီယာကျောင်းသူ အကြည်ဟာ အသက် ၂၀ ကျော် အရွယ်သာ ရှိပါသေးတယ်။

သူ့အနေနဲ့ ဒီလက်ဖြောင့်ဆုကို ရာကျော်တဲ့ သင်တန်းသားတွေ အထူးသဖြင့် အမျိုးသားတွေကြားကနေ ရယူနိုင်ခဲ့တာကလည်း အမျိုးသမီးတွေအပေါ်မှာ ခွဲခြားထားတဲ့ အမြင်တွေ၊ အယူအဆစွဲကို ချေဖျက်ပစ်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အာဏာရှင်ကို အမြစ်ဖြတ်ဖို့ စစ်ပညာသင်ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူ ပါဝင်လာရာကစလို့ အခုဆိုရင် အမျိုးသမီး ကွန်မန်ဒိုအဖွဲ့တွေ၊ ပြောက်ကျား စစ်သည်တော်အဖွဲ့နဲ့ အမျိုးသမီး စနိုက်ဘာသမားတွေ အဖြစ် တိုက်ပွဲတွေမှာ ပါဝင်လာကြပါတယ်။

အမျိုးသမီးတွေဟာ စစ်နဲ့ မသက်ဆိုင်ဘူး၊ တိုက်ခိုက်စွမ်းရည် မရှိဘူးဆိုတဲ့ စကားဟာ အရိုးစွဲနေတဲ့ အယူအဆ အမှားတွေဖြစ်လို့ အမြစ်ကနေ ဆွဲနုတ် တော်လှန်ရမယ်လို့ BPLA ရဲ့ ကွပ်ကဲရေးရုံး၊ ရုံးအုပ် ခိုင်က ထောက်ပြပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ်ရှိတဲ့ ခိုင်ဟာ လိင်အခြေပြုခွဲခြားတာတွေ၊ လိင်အခြေပြုဖိနှိပ်တာတွေ၊ အမျိုးသမီးတွေကို ဒုတိယလိင်အဖြစ် တံဆိပ်ကပ်ထားတာတွေနဲ့ပတ်သက်ပြီး တော်လှန်သင့်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် အကြံပြုထားပါတယ်။

တော်လှန်ရေး နောက်ကွယ်က ထောက်ပို့ အမျိုးသမီးများ

တော်လှန်ရေးမှာ ရှေ့တန်းကနေ လက်နက်ကိုင်ပြီး ပါဝင်တိုက်ခိုက်နေကြတဲ့ အမျိုးသမီးတွေ ရှိသလို လက်နက် မကိုင်ပေမယ့် နောက်ကွယ်ကနေ ပံ့ပိုးနေကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။

တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအတွက် ချက်ပြုတ်ကျွေးမွေးတာ၊ ရိက္ခာ ထောက်ပံ့တာ၊ ကိုယ်ပိုင်ဆိုင်ရာ ပစ္စည်းဥစ္စာတွေကို စွန့်လွှတ် ရောင်းချတာ စတဲ့ မိမိတို့ တတ်နိုင်တဲ့နေရာကနေ ပံ့ပိုးကူညီနေကြတာပါ။

စစ်ကောင်စီလက်အောက် ပိုင်ဆိုင်သမျှ အရာတွေ ဆုံးရှုံးခဲ့ရပြီး စစ်ရှောင်ဘဝ ရောက်သည့် တိုင်အောင် တော်လှန်ရေးအတွက် တတပ်တအား အနေနဲ့ သူတို့ ပိုင်ဆိုင်တဲ့ ရှိစုမဲ့စု လက်ဝတ် ရတနာတွေနဲ့ ထောက်ပံ့ လှူဒါန်းခဲ့ကြပါတယ်။

တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအတွက် လက်နက်ခဲယမ်း ဝယ်ယူရာမှာ အထောက်အပံ့ဖြစ်စေဖို့ မြိုင်မြို့နယ် ဒေသခံ အမျိုးသမီးတွေက သူတို့ရဲ့ နားကပ် ရတနာကို ချွတ်ရောင်းပြီး ထောက်ပံ့ လှူဒါန်းခဲ့ကြပါတယ်။

အမျိုးသမီးတွေအတွက် နားဆွဲနားကပ်ဆိုတာ အဖိုးဖြတ်လို့ မရတဲ့ အဆင်တန်ဆာပါ။ ဒီလို တန်ဖိုးထားတဲ့ ရတနာကို နှမြောခြင်း မရှိဘဲ တော်လှန်ရေးမှာ အသုံးပြုဖို့ သာမန် အရပ်သူ အမျိုးသမီးတွေက လှူဒါန်းခဲ့ကြတာပါ။

ဒီလို လှူဒါန်းတာတွေတင်မက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့တာ၊ PDF ရဲဘော် သားသမီးကို လက်နက် ဝယ်ပေးဖို့ ပိုင်ဆိုင်တဲ့ မြေကွက်၊ လယ်ယာ ခြံမြေတွေ၊ နွားတွေ ရောင်းချကာ ထောက်ပံ့ပေးနေတဲ့ အာဂသတ္တိ သူရဲကောင်း မိခင်တွေလည်း ရှိနေပါတယ်။

တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေတဲ့ Fundraiser တွေရဲ့ အခန်းကဏ္ဍကလည်း တော်လှန်ရေး ခါးမပြတ်စေဖို့ ကြိုးပမ်းကြရမှာ အရေးပါလှတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ကောင်စီကို ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း တော်လှန်နေတဲ့ Myanmar Defense Force (MDF)အတွက် လိုအပ်တဲ့ ရန်ပုံငွေကို ရှာဖွေပေးနေသူကတော့ ဒါဒါဆိုတဲ့ အမျိုးသမီးပါ။

ဒါဒါတို့လို အမျိုးသမီးတွေက မြို့ပေါ်မှာ ပျောက်ကြားဆန္ဒပြရင်း လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ကြားနေတဲ့ သူငယ်ချင်းတွေအတွက် လိုအပ်တဲ့ ငွေကြေး ထောက်ပံ့မှုတွေ ပေးဖို့ နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေထံကနေ အလှူခံပြီး ကူညီပေးနေတာပါ။

ဒါ့အပြင် ရှေ့တန်းရောက် စစ်သည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင် ပို့ပေးနေတဲ့ အမျိုးသမီး ထောက်ပို့ စစ်သည်တွေလည်း ရှိပါတယ်။ ထောက်ပို့ အလုပ်က အသက်အန္တရာယ် များလွန်းတာကြောင့် တော်ရုံ အမျိုးသားစစ်သည်တောင် မလုပ်နိုင်တာ အမျိုးသမီး စစ်သည်တွေ အတွက် ပိုတောင် ခက်ခဲပါသေးတယ်။

ရှေ့တန်းကို ထောက်ပို့တဲ့အခါမှာ တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို ရှောင်ရတာ တမျိုး၊ ရာသီဥတုကြောင့် တောလမ်းခရီးကြမ်းကို ခက်ခက်ခဲခဲ ဖြတ်သန်းရတာက တဖုံ၊ တဖက်မှာလည်း လက်နက်ဖိုးရှာရတဲ့ အခက်အခဲ စတဲ့ ရုန်းကန်မှုတွေ ရှိနေပါတယ်။

ဒါတွေအပြင် အမျိုးသမီးဖြစ်တာကြောင့် လစဉ် ရာသီသွေးဆင်းတဲ့ ကိုက်ခဲနာကျင်တဲ့ ဝေဒနာကိုလည်း အန္တရာယ်တွေကြားကနေ ကြိတ်မှိတ်သည်းခံရင်း တာဝန်တွေကို မပြတ် ထမ်းဆောင်ကြရပါတယ်။

ထောင်တွင်းရောက် အမျိုးသမီးတွေရဲ့ အခက်အခဲများစွာ

စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံရသူ အမျိုးသမီးတွေထဲမှာ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပြီး သူတို့ဟာ ကိုယ်ဝန်ဆောင်ဘဝကို အကျဉ်းထောင်အတွင်းမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင် ဖြတ်သန်းကြရပါတယ်။

ကိုယ်ဝန်သည်တွေအနေနဲ့ ထောင်အတွင်းမှာ လပေါင်းများစွာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆင်းရဲစွာ နေထိုင်ရပါတယ်။ ထောင်မကျခင် စစ်ကြောရေးမှာလည်း ဖြတ်သန်းရတာကြောင့် ကိုယ်ဝန်ရှိခါစ စိတ် အတက်အကျမြန်တဲ့ အချိန်မှာဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ကြုံရတယ်လို့ ကိုယ်တွေ့ ကြုံခဲ့သူ အမျိုးသမီးတွေက ဆိုပါတယ်။

ထောင်ထဲမှာလည်း အဖမ်းခံခဲ့ရတဲ့အကြောင်းတွေ မြင်ယောင်နေမိတာ၊ ညဘက် အိပ်မပျော်တာ၊ အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုအတွက် စိတ်ပူတာစတဲ့ စိတ်ပူပင်မှုတွေနဲ့ ဖြတ်သန်းရပါတယ်။

ကိုယ်ဝန်ရင့်လာတဲ့အခါမှာ ခြေလက်တွေ ရောင်လာတာ၊ ခန္ဓာကိုယ် မသယ်ချင်တာ၊ ခါးနာတာတွေ ခံစားခဲ့ရပြီး ဒီအခြေအနေတွေကြားမှာ ကြမ်းပြင်ပေါ် အိပ်ရတဲ့အတွက် ကိုယ်ဝန်ဆောင်တွေအတွက် ဘယ်လိုမှ သက်သောင့်သက်သာ မရှိနိုင်ခဲ့ပါဘူး။

စစ်ကောင်စီလက်အောက် လိင်အလုပ်သမတွေနဲ့ အမျိုးသမီးများ ဖိနှိပ်ခံရမှု

စစ်ကောင်စီ လက်အောက်မှာ နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြပြီး အလုပ်သမားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေကို အလုပ်ရှင် အချို့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ခပ်စိတ်စိတ် တွေ့ရပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်သူတွေကလည်း ဒီအရာတွေကို သိမြင်နေပေမယ့် ဥပဒေ မစိုးမိုးတဲ့ ဒီအချိန်မှာ (သူတို့ကိုယ်တိုင်လည်း လုံခြုံရေးအရ ရှောင်တိမ်းနေရတာကြောင့်) ထိရောက်စွာ ကူညီပေးနိုင်ဖို့ အခွင့်အရေး နည်းပါးပါတယ်။

အလုပ်သမားတွေကို အချိန်ပို ဆင်းခိုင်းပြီး အချိန်ပိုကြေး မပေးတာ၊ လစာ ပုံမှန် မပေးတာတွေအပြင် အလုပ်သမားတွေကို မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ဆဲဆိုခိုင်းစေပြီး အမျိုးသမီး အလုပ်သမတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို မမြင်ချင် မကြားချင်မှ အဆုံးပါ။

“ကျမတို့ မတိုင်ရဲဘူးဆိုပြီး သူတို့(အုပ်ချုပ်သူ)က တင်ပါးလာလာ ရိုက်တယ်။ လှည့်ကြည့်လိုက်ရင် သူတို့ မဟုတ်သလို အချိုးနဲ့။ နောက်သလိုလိုနဲ့ ပုခုံးဖက်တာ၊ တခါတရံ နမ်းသွားတယ်။ ဒါကျမ တစ်ယောက်တည်း ခံရတာ မဟုတ်ဘူး။ စက်ရုံထဲက မိန်းကလေး အများစု ခံနေရတာ”လို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အလုပ်သမတဦးက ဖွင့်ဟ ပြောတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ အထည်ချုပ် စက်ရုံတွေပဲ မဟုတ်ဘဲ တခြား စားသောက်ကုန် လုပ်ငန်း၊ အချိုရည်၊ ရေသန့်စတဲ့ လုပ်ငန်းတွေမှာလည်း အလားတူ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်။

ဒါ့အပြင် လိင်အလုပ်သမအချို့ဟာ လိင်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရတာတွေ အရင်ကထက် ပိုမိုရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အစကတည်းက ဥပဒေကြောင်းအရ အကာအကွယ် မရတဲ့အပြင် အာဏာသိမ်းပြီးတဲ့နောက် လိင်အလုပ်သမတွေဘဝဟာ လုံခြုံရေး နတ္ထိ ကင်းမဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အရင်တုန်းကတော့ လိင်အလုပ်သမတွေ အကြမ်းဖက်ခံရရင် ကြားဝင် ကူညီပေးကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGOs)တွေ အားကောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ ယိုင်နဲ့လာတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ စီးပွားရေး အခြေအနေတွေက လိင်အလုပ်သမတွေ ပိုမိုအကြမ်းဖက်ခံရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ခက်ခဲကျပ်တည်းလှတဲ့ အခြေအနေမျိုးတွေမှာ အမျိုးသမီးတွေဟာ တော်လှန်ရေးမှာ အင်အား လုံးဝ လျော့မသွားပါဘူး။ သူတို့ ကျရာ အခန်းကဏ္ဍကနေ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေကြဆဲပါ။

နွေဦးတော်လှန်ရေးနဲ့အတူ လူထုကြားမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ထဘီအလံနဲ့ ထဘီသပိတ်တွေ နိုင်ငံနဲ့ အဝန်း ပေါ်ပေါက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကြာတဲ့ ယနေ့အချိန်အထိ အမျိုးသမီးဝတ် ထဘီကို တော်လှန်ရေးနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး၊ အသွင်ပုံစံ အမျိုးမျိုးနဲ့ အသုံးပြုနေကြတဲ့အပေါ်မှာ မတူညီတဲ့ ဝေဖန်မှုတွေ၊ ဝိဝါဒကွဲလွဲတဲ့ ထောက်ပြ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဘယ်လိုပဲ ဝိဝါဒတွေကွဲကွဲ အဓိက ရည်ရွယ်ချက်ကတော့ အာဏာရှင်နဲ့အတူ ထွက်ပေါ်လာတဲ့ ဖိုဝါဒတွေကို တိုက်ဖျက်ဖို့ပါ။ ဒီလို ရဲရင့်တဲ့ အာဂ အမျိုးသမီးတွေက ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုကြားမှာ မီးလျှံကြားက ဇာမဏီငှက်တွေလို မဆုတ်မနစ် တိုက်ပွဲဝင်နေတာဟာ ဂုဏ်ယူဖွယ် အံ့မခန်းပါပဲ။

ဒါကြောင့်လည်း စစ်ကောင်စီရဲ့ လက်အောက်မှာ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အခက်အခဲ အကျပ်အတည်းတွေကြားကနေ တော်လှန်ရေးအတွက် ကျရာ ကဏ္ဍ အသီးသီးကနေ ရဲရဲတောက် ပါဝင်ပေးနေတဲ့ အာဂ အမျိုးသမီးတွေရဲ့ သမိုင်းစာမျက်နှာကို ၂၁ ရာစု လူငယ်တွေအနေနဲ့ မေ့လျော့ မထားသင့်ပါဘူး။

နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်ပေးနေကြတဲ့ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိ စွမ်းပကားကို အားလုံးက အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ ပုခက်လွှဲသော လက်ပိုင်ရှင်တွေဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေကြပါတယ်။ စစ်ကောင်စီ ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ရဲရဲတောက် အာဂ အမျိုးသမီးတွေကတော့ အာဏာရှင်စနစ်ကို ဆက်လက် တော်လှန်နေဦးမှာ ဧကန်ပါပဲ။

Author:

Related Articles