နန်းဆိုင်နွမ်။ ။
“ အမျိုးသမီးတွေ နိုင်ငံရေးကဏ္ဍတွေမှာ ပါဝင်လာဖို့အားပေးတဲ့ဆန္ဒနဲ့ ဆုံးဖြတ်ချက်ရှိနေရင်တော့ အကောင်းဆုံး နည်းလမ်းက ကိုတာစနစ်ပါပဲ”
လူ့အခွင့်အရေးတက်ကြွဆောင်ရွက်သူလည်းဖြစ်ပြီး ချင်းတိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ ချယ်ရီ ဇာဟောင်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုးရာအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ ပိုမိုပါဝင်လာစေဖို့ အဟန့်အတားတွေဖြစ်နေပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအတွက် နယ်ပယ်အသီးသီးတွေမှာ ပါဝင်လာဖို့ဆိုတာ ကိုတာစနစ်ထားရှိဖို့ အရေးအကြီး ဆုံးဖြစ်တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေ အစဉ်တစိုက် တောင်းဆိုလာခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုတာစနစ်ကို လက်မခံကြောင်းနဲ့ နိုင်ငံရေးကဏ္ဍ မှာ အမျိုးသမီးတွေကို ကိုတာ (ခွဲတမ်းစနစ်) အရ ထည့်သွင်းခြင်းထက် အရည်အသွေး မြင့်မားအောင်ပြုလုပ်ပြီး ထည့်သွင်းဖွဲ့စည်းဖို့ ပိုလိုလားတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဆိုလိုက်ပါတယ်။
ဒေါက်တာမေဝင်းမြင့်က “ကိုတာစနစ်ကို အန်တီတို့ လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လက်မခံဘူး။ အမျိုးသမီးတွေ အရည်အချင်း (skill) မြင့်ရင် (၃၀) ရာခိုင်နှုန်း မကဘူး။ (၆၀) ရာခိုင်နှုန်းလည်း ရတယ်” လို့ ပြော ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီး (၃၀)ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုပြီး သတ်မှတ်ထားပေမယ့် အမျိုးသမီးတွေ နိုင်ငံရေးစိတ်ဝင်စားမှုရှိလာပြီး ထူးချွန်ထက်မြက်စွာ ဆောင်ရွက်လာနိုင်ပါက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းသာမက (၆၀) ရာခိုင်နှုန်းအထိလည်း လက်ခံသွားမယ်လို့ ဒေါက်တာမေဝင်းမြင့်က ဆိုပါတယ်။
အမျိုးသမီးတွေ “ကိုတာစနစ်”ကို ဘာကြောင့် တောင်းဆိုကြလဲ။
နိုင်ငံရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး လူတိုင်းပါဝင်ဖို့၊ ဝင်လုပ်ဖို့ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က အစဉ်တစိုက်ပြောခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ သူတို့လုပ်အား၊ ကျွမ်းကျင်မှု၊ အစွမ်းအစတွေကို အသုံးပြုပြီး ကိုယ့်နိုင်ငံအရေး၊ ငြိမ်းချမ်း ရေး တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးတွေမှာ ပါဝင်လုပ်ဆောင်သင့်တယ်လို့ ခံယူလာကြတာလည်းရှိပါတယ်။
လက်ရှိမှာ အမျိုးသမီးတွေ နယ်ပယ်ပေါင်းစုံမှာ ပါဝင်လာဖို့ မြှင့်တင်ပေးတဲ့စနစ် မထွက်ပေါ်လာသေးပေမယ့် ကို တာစနစ်က အကောင်းဆုံးဖြစ်ပြီး၊ အသိုင်းအဝိုင်းနောက်ခံရှိတဲ့၊ နေရာနဲ့ နာမည်တခုလည်းရှိနေတဲ့ အမျိုးသမီး တွေအတွက် နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်လာဖို့ အခက်အခဲ သိပ်မရှိပေမယ့် အောက်ခြေက ကြိုးစားလာတဲ့ အမျိုးသမီးတွေအတွက် တောင်းဆိုနေရတာဖြစ်တယ်လို့လည်း ချယ်ရီဇာဟောင်က ပြောပါတယ်။
“ သုညကနေစလာတဲ့၊ ကိုယ့်အတွက် ဘာမှမရှိထားတဲ့၊ သန်းပေါင်းများစွာထဲက အမျိုးသမီးတွေအတွက် ကျမတို့ က ပြောနေတာပါ။ ရှေ့ရောက်နေတဲ့ အမျိုးသမီးတွေကို ပြောဆိုနေတာ မဟုတ်ဘူး။ ရွာတွေမြို့ငယ်တွေ မဖွံ့ဖြိုး သေးတဲ့ဒေသက အမျိုးသမီးတွေ အများကြီးကျန်ပါသေးတယ်။ ဒီလူတွေအတွက် ကျမတို့ လမ်းဖွင့်ပေးရမယ်။ သူ တို့အတွက် အကောင်းဆုံးက ကိုတာစနစ်ပါပဲ” လို့လည်း ချယ်ရီဇာဟောင်က ထပ်လောင်းပြောပြပါတယ်။
အမျိုးသမီးတွေအနေနဲ့ နိုင်ငံရဲ့အရေးကိစ္စတွေမှာ အနည်းဆုံးအဆင့်အနေနဲ့ ဘယ်လောက်ပါဝင်ရမယ်ဆိုတဲ့ မူဝါဒ တွေ ချမှတ်ထားပြီး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှသာ အမျိုးသမီးတွေ ပိုပြီးပါလာမယ်လို့ ယုံကြည် လို့ အချိုးကျပါဝင်ဖို့ကို တိုက်တွန်းနေရခြင်းဖြစ်တယ်လို့ Salween ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ယိင်းလောဝ်ကလည်း ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေရဲ့ (၃၄.၂)ရာခိုင်နှုန်းနဲ့ အမျိုးသားလူဦးရေရဲ့ (၂၅.၇) ရာခိုင်နှုန်းတို့ အထက်တန်း ပညာရေးကို ပြီးမြောက်ခဲ့ပြီး ဘွဲ့ကြိုသင်တန်းအဆင့် ပညာရှိလူဦးရေ စုစုပေါင်း (၆၅.၂)ရာခိုင်နှုန်း၊ မဟာဘွဲ့အဆင့် စုစုပေါင်း (၈၀.၅) ရာခိုင်နှုန်းနဲ့ ပါရဂူဘွဲ့အဆင့် စုစုပေါင်း (၈၀.၈) ရာခိုင်နှုန်းတို့ဟာ အမျိုးသမီးများဖြစ်ကြတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနည်းပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း UNESO ရဲ့ စစ်တမ်း အချက်အ လက်အရသိရပါတယ်။
စစ်တမ်းရဲ့ ကိန်းဂဏန်းရလာဒ်တွေကိုကြည့်ရင် မြန်မာနိုင်ငံက အမျိုးသမီးပညာတတ်လူဦးရေဟာ အမျိုးသားတွေ ထက် ပိုမိုများပြားနေတာကို တွေ့ရပါတယ်။
နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လူသားအရင်းအမြစ်တွေ လိုအပ်နေပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်မယ့် ပညာတတ် အမျိုးသမီးတွေ အများအပြားရှိရက်နဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု နည်းနေ တာဟာ မွေးခွန်းထုတ်စရာဖြစ်တယ်လို့ ယခုနှစ် ဇန်နဝါရီလမှာ Salween Institute for Public Policy နဲ့ အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ ပူးပေါင်းထုတ်ဝေထားသော ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူ ဟာများ စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒီလို ကိန်းဂဏန်းတွေ အချက်အလက်တွေကို ကြည့်ရင် ပညာတတ်၊ အရည်အချင်းရှိပြီး ကဏ္ဍစုံမှာ ကျွမ်းကျင်တဲ့ အမျိုးသမီးများရှိနေပေမယ့် ဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာခြင်း မရှိသေးတာ စဉ်းစားစရာဖြစ်နေ တယ်လို့ ယိင်းလောဝ်က ပြောပါတယ်။
“လက်တွေ့မှာ အမျိုးသမီးတွေအတွက် အဟန့်အတားတွေ များစွာရှိနေတာကို တွေ့ရပါတယ်။ ကိုတာစနစ်က အဲ ဒီလို အဟန့်အတားတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် အထောက်အကူပြုစေတဲ့ နည်းစနစ်၊ နည်းနာတရပ်ဖြစ်ပါ တယ်” လို့လည်း ယိင်းလောဝ်က ဆိုပါတယ်။
ကိုတာစနစ်ကို စနစ်တကျလေ့လာပြီး တစိုက်မတ်မတ် အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်ဆိုရင် ပညာ တတ်အမျိုးသမီးတွေ၊ ကျွမ်းကျင်မှုရှိတဲ့ အမျိုးသမီးတွေ၊ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် အကျိုးပြုလုပ်ငန်းတွေ ပိုမိုပါဝင်လုပ်ဆောင်သွားနိုင်မယ်လို့လည်း ယိင်းလောဝ်က ထောက်ပြပြောဆိုလိုက်ပါတယ်။
ကိုတာ (ခွဲတမ်းစနစ်) ကို အရည်အချင်းရှိပေမယ့် ပါဝင်ခွင့်ရဖို့ ခက်ခဲနေသေးတဲ့အမျိုးသမီးတွေ ဝင်လို့ရမယ့် နေ ရာ (space) တခုကို ဖန်တီးပေးနိုင်အောင် ယာယီအထူးလုပ်ဆောင်ချက် (temporary special measurement ) အဖြစ် ကာလတခုအထိတော့ လိုအပ်မှာဖြစ်ပါတယ်လို့ မမေစံပယ်ဖြူက ပြောပါတယ်။
“ ကိုတာ မရှိရင် အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတွေ ပါဝင်ခွင့်ရချင်ပေမယ့် အရေအတွက်များများပါလာဖို့ ထင် သလောက်မလွယ်ကူပါဘူး” လို့လည်း မမေစံပယ်ဖြူက ထောက်ပြပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတွေ အများကြီးရှိပေမယ့် ထိပ်သီးနေရာတွေ၊ နယ်ပယ်အသီး သီးမှာ နေရာပေးခြင်း မခံရဘူးလို့ အမျိုးသမီးရေးတက်ကြွသူတွေက ပြောဆိုနေကြတာပါ။
နိုင်ငံရေးစဉ်မြင့်မှာ ခေတ်အဆက်ဆက်အမျိုးသားတွေ ကြီးစိုးနေရာယူထားပြီး အမျိုးသမီးတွေ ပါဝင်လို့ မရအောင် ခေတ်နောက်ကျတဲ့ ဥပဒေတွေ၊ ရှေးရိုးစွဲဓလေ့ထုံးတမ်းတွေ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုစံနှုန်းတွေကလည်း ကန့် သတ်တားဆီးနေတယ်လို့ အမျိုးသမီးအရေး တက်ကြွသူတွေက ပြောကြပါတယ်။
“ အမျိုးသမီးတွေ အရည်အချင်းပြည့်ဝဖို့ အရင်လုပ်ကြဦးဆိုတဲ့ စဉ်းစားမှုက ရှေးရိုးဆန်တဲ့ သမားရိုးကျ တန်းတူ ညီမျှမှုသဘောတရားဖြစ်နေတယ်” လို့ မမေစံပယ်ဖြူက ပြောပါတယ်။
ဆက်လက်ပြီး ယိင်းလောဝ်က “ အမျိုးသမီးတွေ အရည်အချင်းမရှိလို့ မပါဘူးလို့ ယူဆတယ်ဆိုရင် အရင်က ပါခဲ့ တဲ့သူတွေ၊ အခု လက်ရှိပါနေတဲ့လူတွေအားလုံးက အရည်အချင်းရှိလို့ ပါလာတာလို့ ယူဆတာနဲ့တူနေပါတယ်” လို့ ဆိုပြန်ပါတယ်။
မြန်မာပြည်က အမျိုးသမီးတွေဟာ အိမ်ထဲမှာနေပြီး ထမင်း၊ ဟင်းချက်တဲ့ အလုပ်တခုတည်း လုပ်ကိုင်နေတာ မဟုတ်ဘဲ စီမံခန့်ခွဲမှုတွေ အများကြီးလုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ အရည်အ ချင်းကိုယ်စီရှိကြပါတယ်လို့ ချယ်ရီဇာဟောင်ကလည်း ထပ်လောင်းပြောပါတယ်။
“အမျိုးသမီးတွေကို နိုင်ငံရေးလုပ်ငန်းတွေ၊ အုပ်ချုပ်ရေးတွေမှာ ဘယ်လိုနိုင်ငံအတွက် အသုံးပြုမလဲလို့ စဉ်းစားရင် သူတို့ပါဝင်လာနိုင်တဲ့နည်းလမ်းက ကိုတာစနစ်ပဲ” လို့ ချယ်ရီဇာဟောင်က မှတ်ချက်ပြုလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ ထက်ဝက်ကျော်က ကိုတာစနစ်အမျိုးမျိုးကို ကျင့်သုံးပြီး၊ တချို့နိုင်ငံတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပြဌာန်းကျင့်သုံးတာရှိသလို တချို့က လွှတ်တော်တွေကနေ ဥပဒေပြုပြဌာန်းပြီးတော့ ကျင့်သုံးတာ ရှိပြီး နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒအလျောက် မူဝါဒတွေ ချမှတ်ကျင့်သုံးတာတွေလဲ ရှိပါ တယ်လို့ ယိင်းလောဝ်က ဆက်ပြောပါတယ်။
International IDEA က ပြုစုထားတဲ့ အချက်အလက်တွေအရ ကိုတာစနစ်ကို ဥပဒေပြုပြဌာန်းပြီး ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း (၂၆) နိုင်ငံမှာ ပျမ်းမျှအားဖြင့် အမျိုးသမီးနိုင်ငံရေးပါဝင်မှု (၂၃.၅) ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
အမြင့်ဆုံးနိုင်ငံတွေကတော့ Rwanda (ရဝမ်ဒါ) နိုင်ငံ ၆၃.၈ ရာခိုင်နှုန်း ၊ Nicaragua(နီကာရာဂွာ) နိုင်ငံ ၄၅.၇ ရာခိုင်နှုန်းနဲ့ Senegal (ဆီနီဂယ်လ်) နိုင်ငံ ၄၁.၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။
ကိုတာစနစ်ကို ရာသက်ပန်သုံးစွဲဖို့မဟုတ်ဘဲ အမျိုးသမီးပါဝင်မှု အားကောင်းလာပြီး အမျိုးသားတွေနဲ့ တန်းတူညီမျှ ဖြစ်လာရင် ကိုတာစနစ်ကို ပြန်လည်သုံးသပ်နိုင်တယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက တညီတညွတ်တည်းပြော ဆိုကြပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021