Home ဆောင်းပါး ငြိမ်းချမ်းရေးညီလာခံထဲက ကျားမတန်းတူရေး

ငြိမ်းချမ်းရေးညီလာခံထဲက ကျားမတန်းတူရေး

 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (တတိယအကြိမ်) တက်ရောက်သူအမျိုးသမီးများအား အင်တာဗျူးလုပ်နေပုံ(ဓါတ်ပုံ – Flower Century’s Facebook )

နန်းဆိုင်နွမ်။              ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးရဲ့ ထူးခြားမှုကတော့ နိုင်ငံရေးကဏ္ဍမှာ  ကျား၊ မ တန်းတူညီမှုရေးကို တခုတည်းသောခေါင်းစဉ်အဖြစ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်က အမျိုးသမီးများဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဖြစ် စဉ်တွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပစ်ပယ်ထားလို့မရဘူးလို့ အမျိုးသမီးအရေး တက်ကြွဆောင်ရွက် သူတွေက အစဉ်အမြဲ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊  နိုင်ငံရေးဆွေးနွေးပွဲတွေမှာ  ကျား၊ မတန်းတူညီမှု (Gender Equlity) အကြောင်း ဆွေးနွေးကြရာမှာ နားလည်မှုတွေက အများကြီးကွဲလွဲနေသေးတယ်လို့ သိရပါတယ်။

၂၁ ပင်လုံခေါ် ငြိမ်းချမ်းရေးညီလာခံဟာ  အနာဂတ် ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ လို အပ်တဲ့  အခြေခံမူတွေ၊ မူဝါဒတွေ ချမှတ်နိုင်ရေးကို ဦးတည်ပြီး နိုင်ငံရေးဆွေးနွေးနေသော အခင်းအကျင်းတခု ဖြစ်ပါတယ်။

ဒါ့ကြောင့် Gender အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်းဟာ ဖက်ဒရယ်ရဲ့  အခြေခံသဘောတရားဖြစ်တဲ့  မတူကွဲ ပြားမှုတွေကို စုစည်းညီညွတ်စေခြင်းနဲ့ ဒီမိုကရေစီ စံနှုန်းတခုဖြစ်တဲ့  အများသဘောကို လိုက်နာအကောင် အထည်ဖော်ရန် ကြိုးပမ်းမှုဖြစ်တဲ့အတွက် Gender နဲ့ပတ်သက်ပြီး ဆွေးနွေးတာဟာ အရေးကြီးပါတယ်လို့ ရှမ်း ပြည်နယ် အမျိုးသမီးနဲ့ငြိမ်းချမ်းရေးကွန်ရက်မှ ဒါရိုက်တာ  မသန္တာဦးက မှတ်ချက်ပြုလိုက်ပါတယ်။

ငြိမ်းချမ်ရေးညီလာခံမှာ ဂျန်ဒါနဲ့ပတ်သက်ပြီး အချက်(၄)ချက်ကို ဆွေးနွေးကြပေမယ့် အမျိုးသမီးအဖွဲ့အစည်းတွေ လိုချင်တာကို အတိအကျတော့ မရရှိခဲ့ဘူးလို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးတွေက ပြောဆိုခဲ့ပါတယ်။

လက်ရှိ  ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခဲ့တာတွေကတော့ ကျား၊ မ ဆိုင်ရာလိင်ခွဲခြားမှု မရှိစေခြင်း၊ တန်းတူ ညီမျှခြင်း၊ ကဏ္ဍတိုင်းမှာ အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်စေခြင်း၊ လိင်အခြေပြုအကြမ်းဖက်မှု များအား အကာအကွယ်ပေးခြင်း၊ အမျိုးသမီးများရဲ့စွမ်းဆောင်မှုကို မြင့်တင်ခြင်းဆိုတဲ့ အချက်(၄)ချက် ပါဝင်ပါ တယ်။

ဒါပေမယ့်လည်း ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၂)မှာ အားလုံးသဘောတူလာခဲ့ကြတဲ့ အပိုဒ်(ခ) နဲ့ အပိုဒ်(ဃ)တို့ကိုတော့ အမျိုးသမီးကိုယ်စားလှယ်များက စိတ်တိုင်းမကျခဲ့ကြဘူးလို့ပါဆိုပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (တတိယအကြိမ်) တက်ရောက်သူများ (ဓါတ်ပုံ – ဒေါ်နန်းဖြူဖြူလင်း Facebook )

“ ကျမတို့ကြိုက်တဲ့စာသားတော့ မဟုတ်ဘူး။ ကျမတို့ နောက်ဆုံးမျှော်လင့်ထားတာကတော့ ကျား၊မ တန်းတူညီမျှ ရေးကို အနည်းဆုံး(၃၀)ရာခိုင်နှုန်း အမျိုးသမီးတွေကို ပါဝင်ဖို့ အားပေးမယ်ဆိုတဲ့ စကားလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ ပါသွားမှာဖြစ်တဲ့အတွက် ခိုင်လုံမှုရှိပြီးတော့ တကယ်ကို ဖြည့်ဆည်းပေးနိုင်မယ့် မူဝါဒဖြစ်လာဖို့ မျှော် လင့်တယ်” လို့ ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူညီမျှရေးအဖွဲ့ (AGIPP)မှ နန်းဖြူဖြူလင်းက ပြောပါတယ်။

အပိုဒ်(ခ)နဲ့ပတ်သက်လို့ အမျိုးသမီးအဖွဲ့တွေအနေနဲ့ ဆက်လက်ကြိုးစားသွားရမှာဖြစ်ပြီး “မတိကျတဲ့ အခြေခံမူ ကြောင့် မူဝါဒကို ဘယ်လိုအကောင်အထည်ဖော်ကြမယ်ဆိုတာ စိတ်ပူစရာကောင်းပါတယ်” လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

“ ဂျန်ဒါကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရတာ ခက်ခဲနေဦးမှာပါ။ ကျား၊မ ရေးရာမူဝါဒကို ဆွေးနွေးမယ်ဆိုတဲ့အတွက်  ကျမတို့ကြိုဆိုတယ်၊ ဝမ်းသာတယ်။ တချို့အစုအဖွဲ့ခေါင်းဆောင်တွေ၊ အမျိုးသားစည်းလုံးရေးနဲ့ယဉ်ပါးနေသူတွေ ကတော့  တခြားအရေးကြီးတာတွေရှိတဲ့အထဲက ဂျန်ဒါက အရေးမကြီးဘူး၊  ဆွေးနွေးပွဲတွေက အဓိပ္ပါယ်မရှိတော့ ဘူးလို့ ပြောဆိုနေတာတွေလည်း တွေ့ရပါတယ်” လို့ နန်းဖြူဖြူလင်းက ထောက်ပြပါတယ်။

၂၁ ရာစုပင်လုံရဲ့ ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေမှာ အမျိုးသမီးများ ပါဝင်ဆွေးနွေးမှုရှိပေမယ့် အမျိုးသမီးတွေရဲ့ ပါ ဝင်မှုကို အာမခံချက်ပေးတဲ့မူဝါဒတွေ ဆွေးနွေးရာမှာ ကျား၊ မရေးရာ တန်းတူညီမျှမှုအသိပညာပေးရန် များစွာလို အပ်နေကြောင်းလည်း  ယနေ့ AGIPP ရဲ့ ထုတ်ပြန်ချက်ဖော်ပြထားပါတယ်။

“ ကျမတို့ဒီပွဲမှာ ပွဲမလှဘူး။ ကျမတို့ ကျား၊မ တန်းတူညီမျှရေးကိစ္စမှာ အမျိုးသားတွေက အလေးအနက် မထားကြ တဲ့အပြင် စေတနာလည်း မရှိ၊ နားလည်းမလည်ကြဘူး။ စိတ်လည်းမဝင်စားတော့ ဆွေးနွေးတဲ့အခါ ဘာမှဖြစ်မ လာဘူး” လို့  ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့နိုင်ငံရေးကဏ္ဍကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးခဲ့တဲ့ နော် ဆဲဆဲက ပြောပါတယ်။

ကျား၊မတန်းတူညီမျှရေးနဲ့ပတ်သက်ပြီး အမျိုးသားအများစုက  အမျိုးသမီးအခွင့်အရေးလာတောင်းကြတဲ့ သဘော သာနားလည်ကြပြီး  ဆွေးနွေးတဲ့အခါမှာလည်း စိတ်ဝင်စားမှု မရှိတာကို တေ့ွမြင်ရတယ်လို့ နော်ဆဲဆဲက ထောက် ပြလိုက်ပါတယ်။

“တပ်မတေ်ာ၊ လွှတ်တော်နဲ့ အစိုးရက   ကျား၊မတန်းတူညီမျှရေးကိစ္စမှာ နားမလည်တာ၊ လက်မခံချင်တာတွေကို ပြတ်ပြတ်သားသားတွေ့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖက်ကတော့ ကျွမ်းကျင်တဲ့အမျိုးသမီးတွေကို ခေါ်ထားပေမယ့် သူတို့လည်းမပြတ်သားဘူး၊ အချင်းချင်းလည်း ညီညွတ်မှုမရှိဘူး။ ဂျန်ဒါနဲ့ပတ်သက်ပြီး အသိတွေ၊ ခံယူမှုတွေလည်း မရှိတော့  မရရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့သဘောပဲ။ ခပ်ပေါ့ပေါ့ပဲ။ ကျမတို့ ပါဝင်ရပေမယ့် ဆုံး ဖြတ်ချက်ချပိုင်ခွင့် မရှိဘူး” လို့ နော်ဆဲဆဲက  ဆွေးနွေးပွဲမှာ ကြုံတွေ့ရတာတွေကို ပြန်ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ ကျား၊မ တန်းတူညီမျှမှုတွေ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်လာရင် နားလည်မှု သိပ်မရှိကြ သလို ယဉ်ကျေးမှုအရ အမျိုးသားများဦးဆောင်မှုကသာ လွှမ်းမိုးနေတယ်” လို့ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ် စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး  စိုင်းကျော်ညွှန့်ကလည်း ပြောဆိုလိုက်ပါတယ်

“ကျနော်တို့ ဂျန်ဒါဆွေးနွေးတဲ့အချိန်မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဂျန်ဒါကို  ကျေကျေလည်လည် နား လည်တဲ့သူကလည်း သိပ်မရှိဘူး။ ဆွေးနွေးနေတဲ့သူအများစုက အမျိုးသားတွေဖြစ်နေတဲ့အတွက် တွေးခေါ်မှုတွေ မှာ သူတို့ နည်းနည်းဝေးတယ်” လို့ စိုင်းကျော်ညွှန့် က မှတ်ချက်ပြုလိုက်ပါတယ်။

ဆက်လက်ပြီး စိုင်းကျော်ညွှန့်က “ မြန်မာနိုင်ငံမှာ  အမျိုသမီးတွေက အရည်အချင်းရှိမှ ဘာမှဆိုပြီး အမျိုးမျိုး ပြော ကြတယ်။ ဒါပေမယ့် တကယ် ဖြစ်ပျက်နေတာ ကြည့်လိုက်ရင် အရည်အချင်းရှိတာချင်းတူတူ အမျိုးသားတွေက နေရာရနေကြတာများတယ်။ အမျိုးသမီးတွေက သူတို့ထက် ၂ဆလောက်တော်မှပဲ သူကနေရာတနေရာ ရောက် လာတယ်ဆိုတာ လက်တွေ့မှာတော့ ဒီလိုပဲဖြစ်နေတယ်” လို့ စိုင်းကျော်ညွန့်က ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးအပါအဝင် ဖြစ်စဉ်တခုလုံးမှာ မြန်မာနိုင်ငံ၊ အမျိုးသမီးတွေ ရာခိုင်နှုန်းထက်ဝက်ကျော်ရှိတဲ့အတွက် အ မျိုးသမီးတွေကဏ္ဍ အရေးပါမှုကို ပြောနေစရာမလိုတော့ဘဲ  သာမန်အတွေးနဲ့တွေးမယ်၊ တွက်မယ်ဆိုရင်တောင် အမျိုးသမီးအခန်းကဏ္ဍက အလွန်အရေးကြီးတယ်ဆိုတာ ပေါ်လွင်နေတယ်လို့လည်း  စိုင်းကျော်ညွန့်က ထောက် ပြလိုက်ပါတယ်။

“ ကျား၊မတန်းတူ ညီမျှမှုနဲ့ပတ်သက်ပြီး တဖြည်းဖြည်းချင်းနဲ့ နားလည်အောင် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရ မယ်လို့ စိုင်းကျော်ညွှန့်က ထပ်မံတိုက်တွန်းပြောဆိုပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (တတိယအကြိမ်) AGIPPနှင့် WLB မှ တက်ရောက်သူများ (ဓါတ်ပုံ – Thwe Thwe Aye’s Facebook )

ငြိမ်းချမ်းရေးညီလာခံမှာ ဂျန်ဒါနဲ့ပတ်သက်ပြီး “ Gender (ဂျန်ဒါ)ဆိုတာကို မြင်တဲ့အမြင်သဘောထားတွေ မတူညီ ဘူး၊ အမျိုးသမီးတွေရဲ့  အရည်အချင်းအပေါ် မေးခွန်းထုတ်တာတွေ၊ မယုံကြည်မှုတွေရှိကြတယ်” လို့ မသန္တာဦးက လည်း ပြောပါတယ်။

လက်ရှိ အနည်းဆုံး (၃၀) ရာခိုင်နှုန်းဆိုတာကို တော်တော်လက်မခံကြဘူး။ ဒါက အမျိုးသမီးတွေကိုနေရာပေးဖို့ ခက်ခဲနေသေးတဲ့သဘောပဲလို့ ကရင်အမျိုးသားပါတီမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ နော်မာမာချိုက ပြောပါတယ်။

“ ကျမတို့ နိုင်ငံရေးပါတီအစုအဖွဲ့မှာလည်း တော်တော်လေး ငြင်းခုံရတယ်။ ကဏ္ဍအသီးသီးတွေမှာ  အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်ဖို့ အချက်တွေ တော်တော်ပြောယူနေရတယ်” လို့နော်မာမာချိုက ဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်မာမာချိုက “ ဒီနေရာထိရောက်ဖို့ အစ်မတို့ အမျိုးသမီးအဖွဲ့တွေ တေ်ာတော်လေး ကြိုးစားလာ ကြပေမယ့် ဆွေးနွေးပွဲမှာ အခက်အခဲကတော့ အများကြီး ရှိသေးတယ်” လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေး မဟာမိတ် (AGIPP) မှ သဘာပတိ မိကွန်ချန်းနွန်ကတော့ အမျိုးသမီး အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးကဏ္ဍတိုင်းမှာ ပါဝင်လာနိုင်ဖို့၊ ပေါ်လစီတွေ ခိုင်ခိုင်မာမာ ချမှတ်ပြီး အကောင် အထည်ဖော်ဆောင်တဲ့ အဆင့်တွေမှာလည်း အမျိုးသမီးတွေ ပါဝင်မှုကို သေချာအောင် ပြုလုပ်ရမယ်ဆိုတာ အစဉ် တစိုက်တောင်းဆိုခဲ့တယ်လို့ မိကွန်ချန်းနွန်က ပြောပါတယ်။

“ ပြည်ထောင်စုသဘောတူညီချက်က တချို့အချက်တွေမှာ အားပေးမယ်ဆိုတာနဲ့ ကျေနပ်ရတဲ့အဆင့်ပါ။  ကျမတို့ ပန်းတိုင်ရောက်ဖို့ ပေါ်လစီတွေ သေသေချာချာချမှတ်ရမှာက ကျမတို့ အမျိုးသမီးတွေရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်” လို့ မိကွန်ချန်းနွန်က ဆိုပါတယ်။

၂၁ရာစု ပင်လုံ တတိယအစည်းအဝေးမှာ အမျိုးသမီးပါဝင်မှုအခြေအနေကတော့ ကိုယ်စားလှယ်အဖြစ် ပါဝင်တဲ့ အ မျိုးသမီး(၁၇)ရာခိုင်နှုန်းဖြစ်ပြီး ညီလာခံမှာ ပါဝင်တဲ့အမျိုးသမီးအားလုံးစုစုပေါင်း (၂၂)ရာခိုင်နှုန်းဖြစ်ပါတယ်။

အမျိုးသမီး ပါဝင်မှုအများဆုံးကတော့ အစိုးရအဖွဲ့ (၂၉)ရာခိုင်နှုန်း၊ ဒုတိယ အများဆုံးကတော့ လွှတ်တော်အစု အဖွဲ့(၂၄)ရာခိုင်နှုန်းဖြစ်ပြီး တတိယအများဆုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂၀)ရာခိုင်နှုန်းဖြစ်ကာ  တပ်မ တော်အစုအနေနဲ့ အမျိုးသမီး ပါဝင်မှု(၅)ရာခိုင်နှုန်းသာ ရှိတယ်လို့ AGIPP ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးမှာ ကျား၊ မရေးရာ ဂျန်ဒါဆန်း စစ်မှုတွေကို အဆင့်တိုင်းပြုလုပ်ပေးဖို့လိုအပ်တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောဆို လိုက်ပါတယ်။

ကျား၊မရေးရာ တန်းတူညီမျှမှုက ငြိမ်းချမ်းရေးအတွက်  ဆွေးနွေးရမယ့် ခေါင်းစဉ်တခုဖြစ်ပြီး၊ အနာဂတ်ဖွဲ့စည်းပုံ မှာ ကျားမတန်းတူညီမျှမှုနဲ့ ကျား၊မခွဲခြားဆက်ဆံမှုတွေကို အကာအကွယ်ပေးနိုင်တဲ့ မူဝါဒတွေ အခိုင်အမာချမှတ် ထားဖို့ လိုအပ်တယ်လို့ အမျိုးသမီး အဖွဲ့အစည်းတွေက တညီတညွတ်တည်း ပြောဆိုနေကြပါတယ်။

Related Articles