Home ဆောင်းပါး အကြမ်းဖက်ရတာ ပျော်ရဲ့လား

အကြမ်းဖက်ရတာ ပျော်ရဲ့လား

Photo Credit: Press Association Images

နန်းဆိုင်နွမ်။         ။

နေရာက လူအများသွားလာလှုပ်ရှားမှုများတဲ့ ရန်ကုန်မြို့လည်…။ တိတိကျပြောရရင် ဆူးလေဘုရားနဲ့ ကုန်သည် လမ်းဒေါင့်မှာ….။ အချိန်ကတော့ ညနေလေးနာရီခွဲကျော် အလုပ်ဆင်းချိန်၊ ချစ်သူတွေလို့ ထင်ရသူနှစ်ဦး စကားများ ရန်ဖြစ်နေတဲ့ပုံနဲ့ လမ်းလျှောက်လာကြပါတယ်။ သိပ်မကြာခင်မှာပဲ  ယောကျ်ားလေးက “ဖြန်း” အသံမြည်အောင် မိန်းကလေးကို ရိုက်ချလိုက်ပါတယ်။

ဒါကတော့ ရန်ကုန်၊  ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်တဲ့ မအေးအေးအောင်(အမည်လွှဲ)က သူမကြုံခဲ့ရတဲ့ အဖြစ် အပျက်ကို ပြန်လည် ပြောပြတာဖြစ်ပါတယ်။

“ အစကတော့ ကျမတို့အချင်းချင်း စကားများကြတာပါ။ အပြန်အလှန် ပြောကြတယ်။ နောက်ပိုင်း ဘယ်လိုကနေ သူက ကျမကို ရိုက်လိုက်တာလည်း မသိတော့ဘူး။ ရုတ်တရက်ဆိုတော့ ကျမလည်း ရှက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” လို့ လူလည်ခေါင်မှာ အရိုက်ခံရတဲ့ မအေးအေးအောင်က ပြောပြပါတယ်။

ရန်ဖြစ်လာတဲ့ လမ်းတလျောက်မှာ လမ်းလျှောက်နေတဲ့သူတွေ၊ မော်တော်ယာဉ်ထိန်းရဲကအစ ရှိပေမယ့် လာ ရောက်တားမြစ်တာတွေ၊ လာရောက်ဖြေဖြန်တာတွေ မရှိဘူးလို့လည်း မအေးအေးအောင်က ဆိုပါတယ်။

“ ကျမတို့ ချစ်သူသက်တမ်း(၂)နှစ်ကျော် တွဲခဲ့ပါတယ်။ သူက စိတ်မြန်တယ်။ ဒေါသလည်း ကြီးတယ်။ စိတ်မရှည် ဘူး။ အစကတော့ စကားများတာလောက်ပဲ။  နောက်ကြာလာတော့ ရန်ဖြစ်တိုင်း သူလက်တွေ ပါလာတယ်။ လမ်း လယ်ခေါင်မှာတောင်မရှောင် ရိုက်လာတဲ့အဆင့်ပါပဲ” လို့ မအေးအေးအောင်က သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် ကို ဝမ်းနည်းစွာ ပြောပြပါတယ်။

ဒီလိုပါဘဲ။ အသက်(၂၅)နှစ်အရွယ် မအိမွန်တယောက်လည်း ချစ်သူကောင်လေးရဲ့  ကိုယ်ထိလက်ရောက်ပြုမှုခံခဲ့ ရဖူးကြောင်း ပြောပြပါတယ်။

“ ကျမ တခြားယောကျ်ားလေးသူငယ်ချင်းတွေနဲ့ စကားပြောရင် သူကဒေါသထွက်ပြီး ရန်ရှာတယ်။ အစကတော့ သူသဝန်တိုတယ်ပဲ ထင်ခဲ့တာ။ နောက်ပိုင်းမှာ စကားနဲ့ရန်ရှာရုံမက ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အထိ ဖြစ်ခဲ့ တယ်” လို့ အိအိမွန်က ဆိုပါတယ်။

အစပိုင်းမှာ ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက်ထိုးကျိတ်၊ ပြီးတော့ပြန်လာတောင်းပန်၊ ဒီလိုနဲ့ ပြန်ပြေလည်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီလိုအပြုအမူတွေ မကြာခဏပြုလုပ်လာတဲ့အတွက် လမ်းခွဲလိုက်ရတယ်လို့ အိအိမွန်က ဆက် လက်ပြောပြပါတယ်။

မအိမွန်တယောက် သူ့ချစ်သူကောင်လေးနဲ့ တွဲခဲ့စဉ်က နေ့စဉ်နဲ့အမျှ စိတ်ပျော်ရွှင်မှု မရခဲ့ဘဲ မကြာခဏ ကိုယ်ထိ လက်ရောက် ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ပြီး၊ လမ်းခွဲပြီးနောက်ပိုင်းမှာလည်း သမီးရည်းစားဘဝမှာ ဖြစ်ပျက်ခဲ့တာကို အများသိအောင် လုပ်မယ်လို့ အစဉ်ခြိမ်းခြောက်မှုတွေ ပြုလုပ်တာကို ခံခဲ့ရတယ်လို့  ဆိုပါတယ်။

အခုလိုသာမန်ချစ်သူစုံတွဲတွေရဲ့ အဖြစ်အပျက်တွေသာမက  မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် အစ္စဏီတယောက် သူ့ရဲ့ချစ်သူရည်းစားဟောင်း စူးရှထက်ကို ကိုယ်ထိလက်ရောက် နာကျင်စေအောင်  ပြုလုပ်ကာ အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့သလို ဒါဟာ လူထုကြားမှာ ထင်ရှားတဲ့ ချစ်သူသမီးရည်စားချင်း အကြမ်းဖက်မှုတခုလည်းဖြစ်ပါတယ်။

သူဟာ တရားစွဲဆိုခံခဲ့ရပြီး တရားရုံးထုတ်ချိန်မှာ “ဘေဘီ့ကိုမေးလိုက်ပါ လိမ်နေတာပျော်ရဲ့လား”လို့ သတင်း ထောက်တွေကို ပြောဆိုခဲ့ရာမှာ လူမှုကွန်ယက်ပေါ်က လူအများက သူ့စကားကို လိုက်ပြီးသုံးစွဲခဲ့တဲ့အထိ ရေပမ်း စားခဲ့သလို အချို့အမျိုးသမီးရေးဆောင်ရွက်နေသူတွေကလည်း အကြမ်းဖက်မုဒိမ်းသမားပြောတဲ့ စကားကို လိုက် မပြောသင့်ကြောင်း အကြံပြုပြောဆိုကြပါတယ်။

အဆိုတော် အစ္စဏီဟာ စူးရှထက်ကို ချစ်သူရည်းစားဖြစ်ခဲ့စဉ်ကာလတလျှောက်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် မှုတွေ ကျူးလွန်တတ်သူတယောက်လို့ အကြောင်းသိတွေက ဆိုကြပြန်ပါတယ်။

မြန်မာနိုင်ငံမှာ  အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ချစ်သူသမီးရည်းစားအဖြစ် နှစ်ကာလကြာရှည်လာချိန် (သို့မ ဟုတ်) ရင်းနှီးတဲ့ကိုယ်ကာယချင်း ဆက်ဆံမှုတွေ ရှိလာချိန်မှာ သူတို့ချစ်သူမိန်းကလေးတွေကို သူတို့ပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေလို သတ်မှတ်ဆက်ဆံလာကြပါတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်လှုပ်ရှားနေတဲ့သူတွေ က ပြောဆိုကြပါတယ်။

“ ကျမတို့မြန်မာနိုင်ငံမှာ သမီးရည်းစားဖြစ်တာ၊ အိမ်ထောင်ကျတာ ကြာလာရင် ပြဿနာကတော့ လူတိုင်းရှိကြပါ တယ်။ ဓလေ့မှာကိုက အမျိုးသမီးတွေကို တဆင့်နိမ့်ဆက်ဆံနေကြတာ။  အမျိုးသမီးတွေဆိုရင် အနိုင်ကျင့်လို့ရ တယ်။ ဘာလုပ်လုပ်ရတယ်” ဆိုတဲ့ အယူတွေရှိကြတယ်လို့ ရှမ်းအမျိုးသမီးရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ နန်းနောင့်ဟွမ်က ပြောပါတယ်။

“ အရိုးစွဲအောင် ရိုက်ရင် အသဲစွဲအောင် ချစ်မယ်” ဆိုတဲ့ဆိုရိုးစကားနဲ့ “ မယားနေစကြောင်သေမှ” ဆိုတဲ့ဆိုရိုး စကားတွေကလည်း လွှမ်းမိုးနေဆဲဖြစ်သလို မြန်မာစကားပုံတွေအရ “ ကြားသုံးကြား  မဝင်ကောင်းဘူး” ဆိုတဲ့ အတိုင်း ချစ်သူစုံတွဲတွေ၊ လင်မယားတွေ ရန်ဖြစ် ရိုက်နှက်နေကြတာတွေ့ရင်လည်း ဝင်ရောက်ဖြေရှင်းတဲ့သူ မရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်နေတာ ကြာလှပါပြီ။

“ကြားသုံးကြား” ဝင်ရောက်မှုကြောင့် ပြဿနာတက်၊ ရဲစခန်းရောက်ပြီး လျော်ကြေးငွေပေးခဲ့ရတယ်လို့ ရန်ကုန်မြို့၊ တောင်ဒဂုံမှ အသက်(၃၀)အရွယ် ကိုစိုးထက်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ညနေခင်းပိုင်း ဗိုလ်တထောင်ကမ်းနားမှာ လေညှင်းခံနေရာက ချစ်သူရည်းစား(၂)ဦး လမ်းလျှောက်ရင်း ရန်ဖြစ်ကာ အမျိုးသမီးကို အမျိုးသားက ကိုယ်ထိလက်ရောက်ထိ ရိုက်နှိက်နေတာကို မြင် တွေ့ခဲ့ပြီး မရိုက်ဖို့ ဝင်တားရာကနေ အမျိုးသားက ဆက်လက်ရိုက်နှက်နေသတဲ့အတွက် ကိုစိုးထက်တယောက် အဲဒီအမျိုးသားကို ဆွဲထိုးခဲ့တာပါ။

“ ကျနော် အစတော့ မလုပ်ဖို့ တားတယ်။ အမျိုးသားက ဆက်ရိုက်နေတော့ ကျနော်လည်း မခံနိုင်လို့ သူ့ကို ဝင် ရိုက်တယ်။ အဲဒီမှာ ကောင်လေးနဲ့ ကျနော် အပြန်အလှန်ချသလို ဖြစ်သွားတယ်။ နောက် သူ့ကောင်မလေးက  ထ အော်ပါလေရော၊ သူ့ရည်းစားကို  ရိုက်နေပါတယ်၊ ကူကြပါဦးဆိုပြီး ပတ်ဝန်းကျင်က ထွက်လာကြပြီး ကျနော့်ကို ဝိုင်းရိုက်ပါလေရော” လို့ ကိုစိုးထက်က သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

သမီးရည်းစားရန်ဖြစ်ကာ ကိုယ်ထိလက်ရောက်ထိ ကျူးလွန်နေတာကို ကြားဝင်ဖြေရှင်းပေးတဲ့အတွက် ရဲစခန်း ရောက်သွားပြီး၊ ကြားဝင်ရောက်ကူညီတဲ့သူကို တရားစွဲဆိုဖို့ ပြန်ကြိုးစားကြတယ်လို့ သူက ပြောပါတယ်။

Photo: Thinkstock

“ ကောင်မလေးကို ရိုက်တာ ပါးစပ်မှာ သွေးတောင်ထွက်တယ်ဗျာ။ မိန်းမတယောက်ကို ယောကျ်ားတယောက် အဲဒီလို လုပ်တာ ကျနော်ကတော့ ကြည့်မနေနိုင်ဘူး။ ခွန်အားမှ မမျှတတာ။ ကြည့်မနေနိုင်လို့ ဝင်လုပ်မိတော့ ကိုယ်ပဲ လျော်ကြေးပြန်ပေးလိုက်ရတယ် ” လို့ ကိုစိုးထက်က  ချစ်သူရည်းစားတွေ ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် လုပ်တဲ့ ကြားဝင်မိလို့ ကြုံခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။

“ချစ်သူရည်းစားတွေဆိုတာ ချစ်လို့ ကြင်နာလို့ လက်တွဲကြတာမို့ ကိုယ်ချစ်တဲ့သူကို လူမြင်ကွင်းမှာ ရိုက်တာရော လူကွယ်ရာမှာ ရိုက်တာရော မဖြစ်သင့်ပါဘူး”လို့ ကိုစိုးထက်က မှတ်ချက်ပြုလိုက်ပါတယ်။

“ ကျနော့်အနေနဲ့ကတော့ အားကြီးတဲ့ယောကျ်ားတွေအနေနဲ့ မိန်းကလေးတွေကို အနိုင်မကျင့်သင့်ဘူးလို့ယုံကြည် တယ်။ အနိုင်ကျင့်တာ မြင်ရင်လည်း ကျနော်ကတော့ တားမှာပဲ” လို့ ကိုစိုးထက်က ဆိုပါတယ်။

သမီးရည်းစားဘဝမှာကတည်းက ရိုက်တတ်တဲ့အမျိုးသားအများစုဟာ စိတ်မြန်ကြောင်း၊ စိတ်ပူတတ်ကြပြီး ဒေါသ ကြီးကြောင်း၊ ရန်ဖြစ်သည့်အခါ အစပိုင်းမှာ ပစ္စည်းတွေကို စတင်ပစ်ပေါက်တတ်ကြကာ နောက်ပိုင်းမှာတော့ ကိုယ် ထိလက်ရောက်ရိုက်နှက်ထိုးကျိတ်တဲ့အဆင့်အထိ ရောက်လာတတ်ပါတယ်လို့ နန်းကိန်ခမ်းက ဆိုပါတယ်။

“ ကျမရဲ့တိုက်ဘေးမှာ သမီးရည်းစားတွေ နေတယ်။ တရက် သူတို့ရန်ဖြစ်တော့ ယောကျ်ားလေးက မိန်းကလေးကို ရိုက်လိုက်တယ်။ တော်တော်ပြင်းတယ်။ အသံကတော်တော်ကျယ်တယ်။ မိန်းကလေးက ရဲကိုခေါ်ပေး၊ သူငါ့ကို ရိုက်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် ဘယ်သူမှ ခေါ်မပေးဘူး” လို့ နန်းကိန်ခမ်းက ပြောပါတယ်။

သမီးရည်းစားတွေ၊ လင်မယားတွေ ရန်ဖြစ်လို့ ကိုယ်ထိလက်ရောက်ဖြစ်ပြီးရင် နောက်နေ့ကျရင် ပြန်တည့်သွား ကြပြီး ကြားဝင်ဖြေရှင်းမှုတွေလုပ်သူ၊ ရဲခေါ်သူတွေကို အညှိုးထားတတ်ကြတယ်လို့လည်း  နန်းကိန်ခမ်းက ဆိုပြန် ပါတယ်။

တရားလွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်ကတော့ “သမီးရည်းစားအချင်းချင်း ရန်ဖြစ်ပြီး ကိုယ်ထိလက် ရောက်မှု ဖြစ်ပွားတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေမှာ တိုင်ကြားအမှုဖွင့်ဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုလိုက် ပါတယ်။

“ ပုဒ်မတွေကို သက်ဆိုင်တဲ့နေရာမှာ သုံးပြီး တိုင်လို့ရတယ်။ ကျနော်တို့ပြောချင်တာကတော့ သက်ဆိုင်ရာမှာ တရားဝင်တိုင်ကြားဖို့လိုပါတယ်။ ဖြစ်ရပ်အပေါ်မူတည်ပြီးတော့ တရားဝင်တိုင်ကြားဖို့လိုတယ်။ အဖြစ်မှန်ကိုလည်း ဖော်ထုတ်ဖို့လိုတယ်” လို့  ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို အသိပညာ ပေးဖို့လိုအပ်သလို အမျိုးသားတွေကိုလည်း အသိ ပညာပေးဖို့လိုအပ်ကြောင်း ၊ ပညာပေးတဲ့အခါမှာလည်း  အမျိုးသမီးတွေ အကြမ်းဖက်မှုနဲ့ ကြုံရပါက ဘယ်လို ကာကွယ်သင့်တယ်ဆိုတာတွေကိုပါ ပေးသင့်ကြောင်း Triangle Women Support Group ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ထောက်ပြပါတယ်။

“ မလွှဲမသာလို့ သဘောထားမတူလို့ ပြဿနာဖြစ်ကြရင် ကိုယ်ခံရရင် ရှက်ကြောက်မနေပဲ ပတ်ဝန်းကျင်ကို အကူ အညီတောင်းတာမျိုး လုပ်သင့်တယ်။ အမျိုးသားဘက်ကို ပညာပေးဖို့ ပိုလိုအပ်တယ်” လို့ ဒေါ်ခင်လေးက ဆိုပါ တယ်။

မြန်မာ့လူ့ပတ်ဝန်းကျင်မှာ “ကြား(၃)ကြား မဝင်သင့်” ဆိုတဲ့ စကားလိုမျိုး မှားယွင်းတဲ့ လူနေမှုဓလေ့တွေကြောင့်၊ သမီးရည်းစားနဲ့ လင်မယားတွေ ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ထိုးကျိတ်နေရင်လည်း ပတ်ဝန်းကျင်က ဥပက္ခာပြုကာ  နေတတ်ကြတယ်လို့ ဒေါ်ခင်လေးက ပြောပြပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက်  လုပ်လို့ရတယ်ဆိုတဲ့ အယူအဆတွေကို ပယ် ဖျက်သင့်ပြီဆိုတာနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ထိရောက်စွာ အရေးယူဆောင်ရွက်မှုတွေ မရှိသေးတဲ့အတွက် အခုလိုအဖြစ်အပျက်တွေ ပိုများပြားလာတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။

အကြမ်းဖက်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်းတို့အပြင် ထိခိုက်နစ်နာစေတဲ့ မိရိုးဖလာ ထုံးတမ်းစဉ်လာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

“ အကြမ်းဖက်မှုဆိုရင် ရဲတွေကအစ ခန္ဓာကိုယ်မှာ ဒဏ်ရာပေါ်နေမှ အကြမ်းဖက်မှုလို့ထင်ကြတာ။ ဒဏ်ရာမြင်မှ ရဲတွေကစ အရေးတယူ ဆောင်ရွက်ကြတာ” လို့ ဒေါ်ခင်လေးက ဆက်လက်ပြောပါတယ်။

သမီးရည်းစားဘဝတွေမှာ ကောင်လေးဘက်က  ပြုမူမှုတွေ ကြည့်ပြီးတော့ ရှောင်သင့်ရင် ရှောင်ဖို့ လိုအပ်ကြောင်း၊ တကယ်လို့ ကောင်လေးက ကိုယ်ထိလက်ရောက်မှုတွေ ပြုလုပ်တတ်ရင် လူကြားထဲသွားကာ ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံသင့်ကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ မယ်စုစုဆွေကပြောပါတယ်။

“ကြား(၃)ကြားမဝင်ရဆိုတဲ့ စကားက အကြမ်းဖက်တဲ့သူကို အားပေးတဲ့စကားမျိုးပါ။ လူတွေမဝင်ရတော့ အကြမ်း ဖက်တဲ့သူက အားရှိပြီပေါ့။ မတရားရင် ဘယ်ကြားမဆို ဝင်ရမယ်”  လို့မယ်စုစုဆွေက ဆိုပါတယ်။

အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိကာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ဆက်ဆံတဲ့ အမျိုးသားတွေ ကို ပညာသားပါပါ ရှောင်ရှားဖို့လိုအပ်တယ်လို့လည်း မယ်စုစုဆွေက ထပ်လောင်းပြောဆိုပါတယ်။

ဆက်လက်ပြီး မယ်စုစုဆွေက “ အမျိုးသားရော အမျိုးသမီးတွေပါ အပြန်အလှန် လေးစားမှုက အရေးကြီးတယ်။ အပြန်အလှန်လေးစားမှု မရှိတဲ့သူကို ဘာလို့ဘဝအဖော်အဖြစ် ဆက်တွဲနေမှာလဲ” လို့  ဆိုပြန်ပါတယ်။

သမီးရည်းစားအချင်းချင်း၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရင် အမျိုးသမီးတွေကိုယ်တိုင် တိုင်ကြားသင့်သလို၊ အမျိုးသမီးတွေကိုယ်တိုင်လည်း ပတ်ဝန်းကျင်တွေ မိသားစုဝင်တွေကို သေချာပြောပြသင့်ကြောင်း အမျိုးသမီးအ ရေး ဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကာလရှည်ကြာ စည်းရုံးလှုပ်ရှားခဲ့ပေမယ့် အမျိုးသမီးတွေကို တဆင့်နိမ့်ခွဲခြားဆက်ဆံတတ်တဲ့ မြန်မာ့လူ့အဖွ့ဲ အစည်းထဲမှာ အကြမ်းဖက်မှုတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါ။

အမျိုးသားတွေ ကိုယ့်ချစ်သူမိန်းကလေးနဲ့ ကိုယ့်ဇနီးကို အကြမ်းဖက်တာမျိုးကို ပတ်ဝန်းကျင်က လျစ်လျူမရှုသင့် သလို  အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့  ရုန်းထွက်ဖို့လည်း လိုအပ်ပါတယ်လို့ မအေးအေးအောင်က ပြောဆိုလိုက်ပါတယ်။

“ ကျမအနေနဲ့ပြောချင်ကတော့ အမျိုးသမီးတွေ ကိုယ့်ရည်းစားပဲဖြစ်ဖြစ်၊ ကိုယ့်ယောကျ်ားပဲဖြစ်ဖြစ် အကြမ်းဖက်ရင် အဲဒီထဲကနေ ရုန်းထွက်ပါ။ ကိုယ်ယုံကြည်စိတ်ချရတဲ့သူကို ပြောပြပါ။ မကြောက်ကြပါနဲ့လို့ အားပေးချင်ပါတယ်”

Related Articles