Home ဆောင်းပါး စစ်ပွဲနဲ့ တိုက်ပွဲဝင် မိခင်များ

စစ်ပွဲနဲ့ တိုက်ပွဲဝင် မိခင်များ

ဒေါ်လဘရမ် ဒွဲဘူ (Photo – Aung Jan’s Facebook)

မလိခ။              ။

“ကိုယ်ဝန်က (၉)လထဲဝင်ပြီဆိုတော့ လမ်းလျှောက်တဲ့အချိန် အဆင်မပြေဘူး။ ကလေးမွေးတဲ့ညကဆို မိုးတွေ လေတွေ လည်း အရမ်းပြင်းတော့ တော်တော်ဒုက္ခရောက်တယ်။ မိုးကာတဲနဲ့ အောက်က ဝါးကြမ်းခင်းပေါ်မှာဘဲ မွေးခဲ့တယ်”

အသက် (၂၃)နှစ်အရွယ် ကိုယ်ဝန်(၈)လကျော်လွယ်ထားတဲ့ (ဒေါ်)လဘရမ်ဒွဲဘူ (Labrang Doi Bu) ဟာ (၁)လ ကျော် ကြာ တောထဲမှာ ပုန်းရှောင်နေချိန် သားဦးလေးကို မွေးဖွားခဲ့ရပါတယ်။

(ဒေါ်) လဘရမ်ဒွဲဘူဟာ တနိုင်းမြို့နယ်၊ အောင်လောဒ်ကျေးရွာမှာ နေထိုင်နေသူဖြစ်ပြီး ဆရာဝန်က ဧပြီလ(၁၀)ရက် ကျော်မှာ ကလေးမွေးမယ်လို့ ခန့်မှန်းရက်သတ်မှတ်ပေးခဲ့လို့ ကလေးမွေးမယ့်ရက်ကို စောင့်နေခဲ့တာပါ။

ဒါပေမယ့် ဧပြီလ(၁၁)ရက်နေ့မှာတော့ ကျေးရွာထဲမှာ လေယာဉ်နဲ့ ပစ်ခတ်သံတွေ၊ သေနတ်သံတွေ ဆူညံနေလို့ ရွာနားက လယ်တောထဲကို ကိုယ်ဝန်အရင့်အမာနဲ့ အသက်လုထွက်ပြေးခဲ့ရပါတယ်။

(ဒေါ်) လဘရမ်ဒွဲဘူဟာ လယ်တောထဲမှာ (၂)ညအိပ် ပုန်းရှောင်နေခဲ့ပေမယ့် နောက်နေ့တွေအထိ သေနတ်သံတွေ ကြား နေရသေးတဲ့အတွက် ရွာနဲ့ပိုဝေးတဲ့ တောနက်ထဲအထိ ထွက်ပြေးခဲ့ရပြန်ပါတယ်။

ထွက်ပြေးပုန်းရှောင်တဲ့လမ်းခရီးတလျှောက်မှာ ကိုယ်ဝန်အရင့်အမာနဲ့ အဝေးကြီးလမ်းလျှောက်ခဲ့ရပြီး တောင်တွေတက်ခဲ့ ရတာကို (ဒေါ်)လဘရမ်ဒွဲဘူက ပြောပြတာပါ။

ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်လရင့်လာတယ်လို့ ပြောတဲ့ကာလဟာ ကိုယ်ဝန်(၅)လကျော်ကာလဖြစ်ပြီး ရင်သွေးငယ်တွေ ဝမ်းဗိုက်ထဲမှာ ကန်ကျောက်တာ၊ လှုပ်ရှားတာတွေ လုပ်လာချိန်တွေမှာ ကိုယ်ဝန်ဆောင်မိခင်တယောက်ရဲ့ နေ့စဉ်ဘဝဟာ ဘယ်လိုခက်ခဲသလဲဆိုတာကို  ရင်သွေးလွယ်ဖူးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။

သူမဟာ သားဦးမွေးရမှာဖြစ်ပြီး ဒီလိုတောနက်ကြီးထဲမှာ ကလေးမွေးဖို့ဆိုတာကို ဘဝမှာ တခါမှ မစဉ်းစားခဲ့ဖူးဘူးလို့ ဆိုပါ တယ်။ သူမမှာ စိုးရိမ်ကြောက်ရွှံ့စိတ်တွေ အများကြီးဖြစ်နေခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ အားပေးနှစ်သိမ့်မှုနဲ့ ဆုတောင်းပေးမှု ကို ခွန်အားအဖြစ် ရယူခဲ့တယ်လို့ ပြောပြပါတယ်။

“ကျမအမျိုးသားက ဘာမှစိတ်အားမငယ်ပါနဲ့။ ပြန်ငြိမ်းချမ်းလာလိမ့်မယ်။ လုံခြုံတဲ့နေရာကို ရောက်တော့မှာပါဆိုပြီး တချိန် လုံး အားပေးခဲ့တယ်” လို့သူမကပြောပါတယ်။

တောနက်တနေရာမှာ သုံးလေးရက်နေပြီး မလုံခြုံသေးတဲ့အတွက် သုံးကြိမ်မြောက်ပြောင်းရွှေ့ဖို့ တတောင်တက် တတောင် ဆင်း ထပ်လမ်းလျှောက်ခဲ့ရပြီး ချောင်းကမ်းစပ်တနေရာကို ရောက်တဲ့ညနေမှာတော့ ဗိုက်စနာလာခဲ့ကာ ည (၁၁)နာရီ ထိုး ခါနီးမှာ သားဦးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ မေလ (၂၉)ရက်နေ့ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

တောထဲကို ထွက်ပြေးပုန်းရှောင်ရသူ လူဦးရေ (၂၀၀၀)ကျော်မှာ ကိုယ်ဝန်ဆောင်မိခင်(၆)ဦးပါဝင်ပြီး နေ့စေ့လစေ့ ကိုယ်ဝန် ဆောင်မိခင်(၂)ဦးလည်း ပါဝင်ခဲ့ပါတယ်။

အခြား နေ့စေ့လစေ့ကိုယ်ဝန်ဆောင်တဦးဖြစ်တဲ့ အသက်(၂၂)နှစ်အရွယ် (ဒေါ်) အင်ခွမ်မော်ရိန်းကလည်း အောင်လောဒ် ကျေးရွာက နေအိမ်မှာ စပါးလှမ်းနေချိန်၊ ရွာထဲမှာ သေနတ်သံတွေကြားရလို့ ကိုယ်ဝန်အရင့်အမာနဲ့ အသက်(၃)နှစ်ကျော် သားကြီးကို လက်ဆွဲပြီး (၁)နှစ်နဲ့ (၅)လအရွယ် သားငယ်ကို ကျောပိုးလို့ လယ်တောထဲကို ထွက်ပြေးခဲ့ရသူဖြစ်ပါတယ်။

“တခြားလူတွေက အကုန်ကျော်သွားပြီ။ ကျမက ကလေးလည်းချီ၊ ပစ္စည်းကို အနောက်မှာ ပလိုင်းနဲ့လွယ်ဆိုတော့ တောင် တက်တဲ့အချိန် ဗိုက်(ကိုယ်ဝန်)အောက်ပိုင်းက နာလာပြီဆိုရင် နားနားပြီး ဖြည်းဖြည်းချင်းလျှောက်တာ။ သစ်တုံးကြီးတွေ ဖြတ်ရင်လည်း ပစ္စည်းတွေကို အရင်ချထားပြီး လူက သစ်တုံးကို အရင်ကျော်၊ ပြီးမှ ပစ္စည်းကို ပြန်ဆွဲယူရတယ်”လို့ သူက ပြောပါတယ်။

သူမဟာလည်း မေလ(၂)ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ ဗိုက်နာလာပြီး မိုးမလင်းမီ နံနက်(၆)နာရီမထိုးခင်မှာ ခြင်တွေ၊ ကျွတ်တွေနဲ့ ခက်ခက်ခဲခဲမွေးဖွားခဲ့တယ်လို့  (ဒေါ်)အင်ခွန်မော်ရိန်းက ပြောပါတယ်။

“ကလေးမွေးတဲ့အချိန် မိုးကာတဲနဲ့ မြေကြီးထက် နည်းနည်းလေးမြင့်တဲ့ ဝါးကြမ်းခင်းပေါ်မှာ မွေးတယ်။ ကျွတ်တွေ၊ ခြင်တွေ ကိုက်ပြီး မွေးခဲ့ရတယ်။ အဲဒီညမှာ ကြောက်လည်း အရမ်းကြောက်တယ်။ အဲဒီအချိန် တချို့ရွာသားတွေလည်း မြို့ကို ထွက် သွားကြတဲ့အချိန်ဖြစ်လို့ အရမ်းအားငယ်ခဲ့ရပါတယ်”လို့ နစ်ဝင်သွားတဲ့အသံနဲ့  (ဒေါ်) အင်ခွမ်မော်ရိန်းက ပြောပါတယ်။

ကလေးမွေးဖွားပြီး နောက်တနေ့မှာ လမ်းမလျှောက်နိုင်တဲ့အတွက် အတူပုန်းရှောင်နေတဲ့ ရွာသားတချို့က မြို့ပေါ်ကို အရင်ထွက်သွားနှင့်ကြတာမို့ သူမတို့မီးဖွားနေတဲ့မိသားစုနှစ်စုနဲ့ တခြားအိမ်ထောင်စု(၇)စုသာ တောထဲမှာ ကျန်ရစ်ခဲ့ကြ ပါတယ်။ သူတို့ဟာ စိတ်အားငယ်လွန်းလို့ တနေကုန် ကလေးတွေနဲ့အတူ ငိုခဲ့ရပါတယ်လို့ (ဒေါ်) အင်ခွမ်မော်ရိန်းက ပြန် ပြောပြပါတယ်။

“ကျမတို့ပဲ ကျန်ခဲ့တော့ တနေကုန်ငိုခဲ့ရတယ်။ သားနှစ်ယောက်ကလည်း နေ့ရော၊ ညရော တချိန်လုံးငိုနေတယ်။ သားကြီး က ဗုံးသံတွေ မကြားတော့ဘူးဆိုရင် အိမ်ပြန်ရအောင်နော်လို့ ပြောပြောပြီး ငိုတယ်”လို့ သူက ပြောပါတယ်။

သူတို့သယ်လာတဲ့ရိက္ခာတွေလည်း အချိန်(၂)ပတ်လောက်မှာ ကုန်သွားပြီး စားသောက်ဖို့ မရှိတော့လို့ ကလေးမွေးပြီးချိန် မှာ ဘာဟင်းခါးရည် (မီးနေသည်ဟင်းရည်) မှ မသောက်ခဲ့ရဘဲ ချောင်းထဲမှာ ငါးနည်းနည်းရှာပြီး စားသောက်ခဲ့ရသလို ဆားနဲ့စားခဲ့ရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဒေါ်အင်ခွန်မော်ရိန် ပုံ (Photo: Sut Seng’s Facebook)

ကလေးမွေးခဲ့တဲ့နေရာကလည်း လုံခြုံမှုမရှိတော့လို့ဆိုပြီး အဲဒီနေရာကနေ မိနစ်(၃၀)အကြာ လမ်းလျှောက်ရတဲ့ နောက်တ နေရာကို ထပ်ပြောင်းရပြန်ပါတယ်။ အဲဒီနေရာမှာ ရက်သတ္တပတ်(၁)ပတ်ခန့် နေထိုင်ခဲ့ပြီး သွေးနုသားနုနဲ့ (၂)ညနဲ့(၃)ရက် ခက်ခက်ခဲခဲလမ်းဆက်လျှောက်ကာ တနိုင်းမြို့ပေါ်ကို ရောက်ရှိခဲ့တာပါ။

“လမ်းမှာ မိုးကရွာ၊ ကျွတ်တွေကကိုက်၊ ကလေးကငို၊ ပစ္စည်းတွေလည်း သယ်ရဆိုတော့ အရမ်းဒုက္ခရောက်တယ်။ ဆင် ရိုင်းတွေသွားတဲ့ လမ်းအတိုင်းသွားရတော့ အရမ်းနက်တဲ့ ရွံ့တွေဖြတ်၊ အရမ်းနက်တဲ့ရေချောင်းတွေကို ကူးရတယ်” လို့ (ဒေါ်) လဘရမ်ဒွဲဘူက ပြောပါတယ်။

(ဒေါ်) အင်ခွန်မော်ရိန်းကလည်း မွေးကင်းစကလေးငယ်နဲ့ ခက်ခက်ခဲခဲ ရေထဲဖြတ်ကူးခဲ့တဲ့အဖြစ်အပျက်ကို အခုလို ပြန် ပြောပြပါတယ်။

“လမ်းမှာ မနက်ကနေ ညနေအထိလျှောက်၊ ရောက်တဲ့နေရာအိပ်ပြီး တချို့နေရာမှာ ရေက ခါးအထက်ကျော်တယ်။ ဖြတ်ရ တယ်။ ကလေးကိုလည်း ကျောပိုးထားတာ ခေါင်းပေါ်ရုံ ရေမမွန်းအောင် ထားရတယ်။ တကိုယ်လုံးအကုန်ရေစိုတယ်” လို့ (ဒေါ်)အင်ခွမ်မော်ရိန်းက ပြောပါတယ်။

အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရလို့ အဝတ်အစားလုံလောက်မှု မရှိတဲ့အတွက် မြို့ပေါ်ကို အရင်ထွက်သွားတဲ့ ရွာ သားတွေက ချန်ပေးထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

သူမဟာ ပထမသား(၂)ယောက်ကို နေအိမ်မှာ မွေးဖွားခဲ့ချိန်က (၁)လကျော်ကြာတဲ့အထိ ရေမစိုအောင် ဂရုစိုက်နေနိုင်ခဲ့ပေ မယ့် အခုဆိုရင် တောထဲမှာမီးဖွားခဲ့ပြီး တပတ်မကြာခင်မှာ မိုးတွေ၊ ရေတွေထိခဲ့လို့ ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားနေ ရတယ်လို့  (ဒေါ်) အင်ခွန်မော်ရိန်းက ပြောပါတယ်။

သူတို့(၂)ဦးစလုံးဟာ အတူစစ်ဘေးရှောင်ကြတဲ့ ရွာသားတွေထဲက ကလေးမီးဖွားပေးတဲ့အတွေ့အကြုံရှိသူ အရပ်လက် သည်တွေနဲ့ မီးဖွားခဲ့ကြရတာပါ။

သူတို့တွေဟာ တောထဲမှာ (၁)လနဲ့ (၁၂)ရက်ကြာခဲ့ပြီး မေလ(၂၂)ရက်နေ့မှာတော့ တနိုင်းမြို့ကို ရောက်ရှိလာပါတယ်။ (ဒေါ်)အင်ခွမ်မော်ရိန်းတို့မိသားစုကတော့ တနိုင်းမြို့က ကက်သလစ်ဘုရားကျောင်းမှာ ခိုလှုံနေပြီး (ဒေါ်) လဘရမ်ဒွဲဘူတို့ မိသားစုက မေလ(၂၃)ရက်နေ့မှာ မြစ်ကြီးနားမြို့ ဂျော်မဆတ်ဘုရားကျောင်းကို ပြောင်းရွှေ့ခိုလှုံနေပါတယ်။

ဒီလို ကိုယ်ဝန်သည်မိခင်တွေ တောတောင်တွေထဲမှာ ထိတ်လန့်မှုတွေအပြည့်နဲ့ မီးဖွားခဲ့ကြရတာဟာ အမျိုးသမီးတွေရဲ့ မျိုး ပွားခွင့်အခွင့်အရေးကို စစ်ပွဲပြုလုပ်ဖန်တီးသူတွေက ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် အမျိုးသမီး အရေးဆောင်ရွက်နေတဲ့ ထွယ်အမျိုးသမီးများနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ တာဝန်ခံ (ဒေါ်)နန်ပူက ပြောပါတယ်။

“ဒါက ခြိမ်းခြောက်တာ ဖြစ်တယ်။ စီဒေါမှာပါတဲ့ အမျိုးသမီးတဦးရဲ့မျိုးပွားခြင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတဦးဟာ မီးဖွားချိန်မှာ ရသင့်ရထိုက်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ရကိုရရမယ်။ သူတို့က အဲဒါတွေ ဘာမှမရဘူး။ တောမှာ ကာကွယ်ဆေးလည်း မထိုးရဘူး။ မွေးတဲ့အချိန်လည်း မွေးဖွားကိရိယာတွေ ဘာမှ မရှိဘူး။ ရွာသားတွေအချင်းချင်း မွေးပေးတယ်။ ခက်ခက်ခဲခဲနဲ့ မွေးဖွားရတယ်ဆိုတာက အမျိုးသမီးဆိုင်ရာ ကျန်းမာ ရေးအခွင့်အရေးကို ချိုးဖောက်ခံရတာ ဖြစ်တယ်။ ပိတ်ပင်တားမြစ်တဲ့ တပ်မတော်က ချိုးဖောက်တာဖြစ်တယ်”လို့ (ဒေါ်) နန်ပူက ပြောပါတယ်။

(ဒေါ်)နန်ပူဟာ တပ်မတော်နဲ့ ကေအိုင်အိုတို့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပိတ်မိနေရာတဲ့ရွာသားတွေကို ကယ်ထုတ်ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ဦးဆောင်ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ သူမအပါအဝင် ကချင်လူငယ်ခေါင်းဆောင်(၃)ဦးကို တပ်မတော် အပေါ် မဟုတ်မမှန်ပြောဆိုမှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ တာဝန်ရှိသူတဦးက တရားစွဲဆိုထားပါတယ်။

အစိုးရတပ်မတော်နဲ့ ကေအိုင်အိုတို့ စစ်ပွဲဖြစ်ချိန်မှာ အောင်လောဒ်ရွာသား (၂၀၀၀) ကျော်ဟာ တောလမ်းအတိုင်း ထွက် ပြေးခဲ့ရာမှ ပိတ်မိခဲ့ပြီး မေလ (၂၇)ရက်နေ့အထိ တနိုင်းမြို့ ကက်သလစ်ဘုရားကျောင်းမှာ စစ်ရှောင်(၅၀၀)ကျော်၊ မြစ်ကြီးနားမြို့ ဂျော်မဆတ်ဘုရားကျောင်းမှာ (၅၀၀) ကျော်ရောက်ရှိလာကြပြီး တောလမ်းအတွင်း ပိတ်နေတဲ့ရွာသား တွေလည်း ရှိနေသေးတယ်လို့ ဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

အခုအချိန်မှာ မြို့ပေါ်ရောက်နေတဲ့ ကလေးမိခင်နှစ်ယောက်စလုံး ကျန်းမာနေပေမယ့်လည်း ဆင်ရိုင်းတွေ သွားလာနေတဲ့ လမ်းကနေ ဖြတ်လာခဲ့ရလို့ ဆင်ခြေရာချိုင့်ခွက်တွေ၊ ဆင်ချေးတွေ နင်းမိပြီး ခြေထောက်တွေမှာ ဆင်ဝဲနာတွေဖြစ်လို့ ပွန်းပဲ့ယောင်ရမ်းပြီး နာကျင်မှုတွေ ခံစားနေရတယ်လို့ (ဒေါ်)လဘရမ်ဒွဲဘူက ပြောပါတယ်။

လုံခြုံတဲ့နေရာမှာ ရောက်ရှိလာလို့ စိတ်အေးရပေမယ့် (ဒေါ်) အင်ခွမ်မော်ရိန်းကတော့ သူတို့အောင်လောဒ်ရွာက နေအိမ် ကိုသာ ပြန်ချင်ပါတယ်တဲ့။

(ဒေါ်)လဘရမ်ဒွဲဘူရဲ့သားဦးလေးကို “ဇော်လောဒ်အောင်”လို့ အမည်ပေးထားပြီး (ဒေါ်)အင်ခွန်မော်ရိန်းရဲ့ သားငယ်လေး ကိုတော့ “ဒွဲလောဒ်အောင်”လို့ အမည်ပေးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တိုက်ရဲသူတွေနဲ့ စစ်ပွဲကြားမှာ လူသားအဖြစ် ဘဝကို ရှင်သန်အောင် ရုန်းကန်နေရသူတွေအနက် ဘယ်သူတွေကို ရဲစွမ်းသတိရှိသူလို့ သတ်မှတ်ရမလဲဆိုတာကတော့ စဉ်းစားစရာပါ။

စစ်ပြေးဘဝနဲ့ တောတွင်းမွေးဖွားခဲ့တဲ့ သားလေး(၂)ယောက်ရဲ့ မိခင်(၂)ဦးဖြစ်တဲ့ (ဒေါ်) လဘရမ်ဒွဲဘူနဲ့ (ဒေါ်) အင်ခွန် မော်ရိန်းတို့ကို စစ်ပွဲကြားမှာ ရဲရဲရင့်ရင့် ကလေးမွေးဖွားနိုင်ခဲ့ကြတဲ့ ခွန်အားသတ္တိတွေအပြည့်နဲ့ ဂုဏ်ထူးဆောင်မိခင်များ အဖြစ် မလွဲမသွေ ဂုဏ်ပြုကြရမှာမဟုတ်ပါလား။

 

Related Articles