Home ဆောင်းပါး လူလိမ်တွေလွတ်မြောက်နေတဲ့ကာမလိမ်လည်မှု

လူလိမ်တွေလွတ်မြောက်နေတဲ့ကာမလိမ်လည်မှု

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဆယ်ကျော်သက် အမျိုးသမီးများအား လူ့အခွင့်အရေး သင်တန်းပေးစဉ် လှုပ်ရှားမှု (ဓါတ်ပုံ- BWU)

နန်းဆိုင်နွမ်။          ။

“ စားပြီး နားမလည်တဲ့သဘောမျိုး ဖြစ်တယ်။ အခုတော့ ကျနော်လည်း မြေးတယောက်ရနေပြီ”

ဦးဇေယျာအောင်က စိတ်အလိုမကျစွာနဲ့ ပြောပြတာပါ။

၂၀၁၆ ခုနှစ်တုန်းက ဦးဇေယျာအောင်ရဲ့သမီး မြသီတာ(အမည်လွှဲ) ဟာ ဆယ်တန်းကျောင်းသူတဦးဖြစ်ပြီး မုံရွာ မြို့၊ ပုဂ္ဂလိကအဆောင်တခုမှာ ကျောင်းတက်ခဲ့ကာ မောင်ထက်ဝေယံလင်းဆိုသူနဲ့ ချစ်သူရည်းစားဖြစ်ခဲ့ပါတယ်။

“ ကျနော်လည်း အလုပ်တခုနဲ့ ခရီးသွားပြီး ပြန်လာတဲ့အချိန်မှာ  သမီးကိုယ်ဝန်ရနေတာ သိလိုက်တော့  ဒေါသ ဖြစ် တာပေါ့။ ကိုယ်က အဖေပဲလေ” လို့ ဦးဇေယျာအောင်က အဖြစ်အပျက်တွေကို ပြန်လည် ပြောပြပါတယ်။

နောက်တော့ ဒေါသကို ရှေ့တန်းမတင်တော့ဘဲ သမီးကို ဖြစ်ပျက်ခဲ့တာတွေ သေချာမေးမြန်းပြီး သူ့ကောင်လေး ( မောင်ထက်ဝေယံလင်း) နေထိုင်တဲ့ ကျေးရွာကို မေးပြီး လိုက်သွားကြပါတယ်။

မောင်ထက်ဝေယံလင်းရဲ့ ကျေးရွာကို လိုက်သွားချိန်မှာ သူ့သမီးမြသီတာဟာ ကိုယ်ဝန်(၄) လရှိနေပါပြီ။

ကိုယ်ဝန်ရှိနေတဲ့  သမီးလေးအတွက် တခုခုလာရောက် စီစဉ်ပေးဖို့ အဖေတယောက်အနေနဲ့  တောင်းဆိုပြီး ပြန် လာခဲ့ပါတယ်။

သားရှင်တွေဖြစ်တဲ့ မောင်ထက်ဝေယံလင်းတို့ဘက်ကတော့  သူ့သမီးကိုယ်ဝန် (၇)လနဲ့သားဖွားပြီးချိန်မှ မှားသွား ကြောင်း ကန်တော့ပွဲနဲ့  လာရောက်တောင်းပန်ပြီး  ပြန်သွားတယ်လို့  ဦးဇေယျာအောင်က ဆိုပါတယ်။

“ကန်တော့ပွဲနဲ့တောင်းပန်ပြီးရင် မင်္ဂလာဆောင်ဖို့အတွက် လက်မှတ်ထိုးပေးဖို့လည်း ကျနော် တောင်းဆိုခဲ့သေး တယ်။ ဒါပေမယ့် လက်မှတ်ကို မထိုးပေးနိုင်သေးဘူးဆိုပြီး မင်္ဂလာဆောင်ဖို့ တောင်းရမ်းဖို့ ကတိပြုပြီး ပြန်သွား ကြတယ်” လို့လည်း ဦးဇေယျာအောင်က အဖြစ်အပျက်တွေကို ဝမ်းနည်းစွာနဲ့ ပြန်ပြောပြပါတယ်။

မင်္ဂလာဆောင်ဖို့ ကတိပြုပြီး မြေး(၆)လပြည့်တဲ့အထိ အဆက်အသွယ်မလုပ်ကြဘူးလို့လည်း သူက ဆက်ပြော ပါတယ်။

ဦးဇေယျာအောင်ဟာ သမီးရှင်အဖြစ် မာနကို လျော့ချကာ မြေးလေးရဲ့ ဖခင်ဘက်ကို ဖုန်းဆက်ပေမယ့်လည်း အကြောင်းတစုံတရာ မထူးခြားလာတဲ့အတွက် နောက်ဆုံးမှာတော့ မုံရွာမြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

“ ကျနော်တို့ လှမ်းဖုန်းဆက်တယ်။ သူ့အမေက ငါတို့လာမခေါ်နိုင်ဘူး။ ပို့စရာရှိတာ လာပို့လို့ပြောတယ်။ ကျနော်က သမီးရှင်ဖြစ်တဲ့အတွက် ဒေါသကတော့ ထွက်တယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ ကာမလိမ်လည်မှုနဲ့ အမှုဖွင့်လိုက် တယ်” လို့  ဦးဇေယျာအောင်က ဆိုပါတယ်။

သမီးရှင် ဦးဇေယျာအောင်က သူ့ဒေါသကို ထိန်းချုပ်ပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့ဝေဖန်တာတွေကို နားမယောင်ဘဲ ကာမလိမ်လည်မှုဆိုတာ တိုင်ကြားလို့ရတယ်ဆိုတဲ့ အသိ လူတွေမှာ ရှိလာအောင် အမှုဖွင့်လိုက်တယ်လို့ သိရပါ တယ်။

ချစ်သူကို ချစ်ကြောင်းသက်သေပြုဖို့ တောင်းဆိုမှုတွေနဲ့ လက်ထပ်မယ်လို့ ကတိကဝတ်ပြုပြီး အမျိုးသမီးတွေကို ကာမလိမ်လည်ရယူမှုတွေဟာ မြန်မာပြည်မှာ အများဆုံးဖြစ်နေတယ်လို့ မြန်မာနိုင်ငံ၊ ရှေ့နေများကွန်ယက်က ဆို ပါတယ်။

ဒီလိုလိမ်လည်ခံရသူတွေထဲမှာတော့ ဦးဇေယျာအောင်ရဲ့သမီး မြသီတာတယောက် အပါအဝင်ပါပဲ။

မြသီတာကို လက်ထပ်ယူမယ်လို့ ယုံကြည်အောင် ကတိတွေပေးပြီး၊ မြသီတာနဲ့အတူနေဖို့ မောင်ထက်ဝေယံလင်း က ဆွဲဆောင်စည်းရုံးခဲ့ကာ ကိုယ်ဝန်ရလာချိန်မှာတော့ ချန်ထားခဲ့တယ်လို့ အသက် (၁၈) နှစ်အရွယ် မြသီတာ (အမည်ပြောင်း) က အတိတ်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

“ သမီးတို့(၂)ယောက်လုံးက အဆောင်မှာပဲ အတူနေကြတယ်။ သူကတော့ ရွာကနေ ကျောင်းလာတက်တာ။ သမီးကတော့ အဆောင်မှာ ညစာကျက်၊ သွားအိပ်ပေမယ့် ထမင်းကိုတော့ အိမ်ပြန်စားပါတယ်” လို့ မြသီတာက ဆိုပါတယ်။

“သမီးရည်းစားဖြစ်လာတော့ အပြင်ကိုတွေ့ဖို့ ချိန်းတယ်။ ချိန်းတွေ့ပြီး သမီးနဲ့အတူ နေဖို့တောင်းဆိုတယ်။ အစက တော့ လက်မခံဘူး။ ဒါပေမယ့် သူက သမီးကို လက်ထပ်မယ်။ မယုံဘူးလား။ သူ့ကို မချစ်ဘူးလား တွင်တွင် ပြောလာတော့  သမီးလည်း ဘာမှမဖြစ်ဘူးထင်လို့ နေခဲ့မိတယ်”  လို့ ၂၀၁၆ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်း လေးကို သူမက ပြန်ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ မြသီတာဟာ အသက် (၆)လကျော်   သားလေးတယောက် မိခင်ဖြစ်နေပါပြီ။

ဆယ်တန်းစာမေးပွဲ ဖြေပြီးချိန်မှာတော့ မြသီတာတယောက် အခက်အခဲ စတင်ကြုံတွေ့လာရပြီး၊ သူမချစ်သူရည်း စားလည်းဟုတ်၊ ကလေးအဖေလည်းဖြစ်တဲ့ မောင်ထက်ဝေယံလင်းကတော့ သူ့ဇာတိမြေကို ပြန်သွားကာ ကိုယ်ဝန် ရနေပြီလို့ သွားရောက်အသိပေးခဲ့သော်လည်း တာဝန်ယူမှု မရှိခဲ့ပါ။

“ ကိုယ်ဝန် စရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။  အိမ်ကိုလည်း မပြောပြရဲဘူး။ အိမ်က ဆူမှာလည်း ကြောက်တယ်။ နောက်ဆုံးတော့ ဘာဘဲဖြစ်ဖြစ်ဆိုပြီး အိမ်ကိုပဲ ဖွင့်ပြောလိုက်ပါတယ်” လို့ မြသီတာက ဝမ်းနည်းစွာ ပြန်ပြောပြပါတယ်။

ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ချိန်မှာ  စိတ်ဓာတ်တွေလည်းကျခဲ့ပြီး၊ ဘာဆက်လုပ်ရမယ်ဆိုတာ တကယ်မသိဘူးလို့ သူမက ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ နေထိုင်တဲ့ နန်းဆာတယောက်လည်း လွန်ခဲ့တဲ့ (၅)နှစ်ကျော်က သူမရည်းစားမှ လက်ထပ်မယ်လို့ ပြောဆိုကာ အတူနေထိုင်ခဲ့ပြီး နောက်ဆုံးကိုယ်ဝန်ရချိန်မှာ ထွက်ပြေးသွားခဲ့ပါတယ်။

“ သမီးရည်းစားသဘာဝတော့ ကိုယ့်ချစ်သူကို ယုံမိပြီး သူတို့လိုချင်တာ၊ တောင်းဆိုတာ ပေးမိတယ်လေ။ ဒါပေမယ့် ကိုယ်ဝန်လည်းရလာတော့ လက်မထပ်ဘဲ ထွက်ပြေးသွားတယ်” လို့ နန်းဆာက သူမကြုံတွေ့ခဲ့တာကို ပြန်ပြော ပြပါတယ်။

လက်ရှိမှာလည်း နန်းဆာကတော့ ကလေးတယောက်နဲ့အတူ သူ့မိဘနေအိမ်မှာသာ ပြန်နေပြီး ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ဝေဖန်မှုတွေ ခံနေရပါတယ်။

“ တရားစွဲဆိုမှုကတော့ ကျမ မလုပ်ဘူး။ အစကတော့ အချိန်တန်ရင် သူပြန်လာမယ်လို့ မျှော်လင့်မိသေးတယ်။ အခု သမီးလည်း(၃)နှစ်ရှိနေပြီ။ မကြာခင် ကျောင်းတောင်တက်တော့မယ်” လို့ နန်းဆာက ထပ်လောင်း ပြော ပါတယ်။

သမီးတယောက်နဲ့ အခက်အခဲအများကြီး ရှိပေမယ့် အဓိကအခက်အခဲကတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့တဲ့ဒဏ်ကို ခံရတာပါပဲ။

မြသီတာအမှုကို ကူညီဆောင်ရွက်ပေးနေတဲ့  Justic House မှ တာဝန်ရှိသူ ကျော်သူရိန်ထွန်းက “ အမျိုးသားတွေ အနေနဲ့ ကိုယ်တကယ် လက်မထပ်နိုင်ရင်  ကိုယ့်စည်းကိုယ်စောင့်ဖို့လိုတယ်။ အတူနေရင်တောင် အမျိုးသားတွေ က သားဆက်ခြားနည်းတွေမှာ အမျိုးသမီးတွေထက် ပိုသိပါတယ်။ ဒါကြောင့် အမျိုးသားတွေက ဦးဆောင်ပြီး သား ဆက်ခြားမှုတွေ လုပ်သင့်တယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မုဒိမ်းမှုနဲ့ ကာမလိမ်လည်မှုက အများဆုံးဖြစ်ပြီး၊ ကာမလိမ်လည်မှု၊ ပုဒ်မ (၄၂၇) ကတော့ ကာမကို မယုံယုံအောင်ပြော၊ ယုံကြည်အောင်စည်းရုံ၊ ယုံကြည်အောင် လက်ထပ်ယူမယ်လို့ ကတိကဝတ်ပြုပြီး အမျိုးသမီး တွေဆီက ကာမယူကာ လက်မထပ်တဲ့ ပုဒ်မဖြစ်ကြောင်း ဥပဒေရေးရာ ကုစားရေး (မြန်မာ) တရားလွှတ်တော် ရှေ့ နေ ဒေါ်လှလှရီက ပြောပါတယ်။

“ ဥပဒေမှာ ကာမလိမ်လည်မှုဆိုတာ သီးသန့်ပြဌာန်းထားတာ မရှိဘူး။  မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေမှာတော့ ပုဒ်မ (၄၂၇)လိမ်လည်မှုနဲ့ ပတ်သက်ပြီးပြဌာန်းထားတယ်။ ငွေပဲလိမ်လိမ်၊ ကာမပဲလိမ်လိမ် ၊ ထောင်ဒဏ် (၃)နှစ်က နေ ငွေဒဏ်ပါချနိုင်တယ်” လို့ ဒေါ်လှလှရီက ဆိုပါတယ်။

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုတဲ့အခါမှာ အဓိကအနေနဲ့ အခက်အခဲကတော့ သက်သေအထောက်အထား ဖြစ် တယ်လို့လည်း  ဒေါ်လှလှရီက ဆိုပြန်ပါတယ်။

လက်ရှိရေးဆွဲနေကြတဲ့  အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးရေးဥပဒေ (မူကြမ်း)ထဲမှာတော့ ကာမလိမ်လည် တာကို သီးသန့် ပြဌာန်းထားဖို့ ဆွေးနွေးထားကြောင်းလည်း သိရပါတယ်။

ကာမလိမ်လည်မှုက တရားစွဲလို့ရတယ်ဆိုပေမယ့် အမျိုးသမီးတွေအနေနဲ့ သက်သေအထောက်အထားတွေ တင်ပြ ရတဲ့ အပိုင်းတွေရှိပြီး အမှန်တကယ် ကာမလိမ်လည်ခံနေရပေမယ့် သက်သေအထောက်အထား အခိုင်အမာ မတင်ပြနိုင်သေးတဲ့ကိစ္စတွေမှာ တရားဥပဒေ အကာအကွယ်ကို မရနိုင်တဲ့အမှု ဖြစ်နေသေးတယ်လို့ ဒေါ်လှလှရီ ကပြောပါတယ်။

အမျိုးသမီးအတွက်  တရားဥပဒေက အကာအကွယ်မပေးနိုင်သေးသရွေ့တော့ အမျိုးသမီးတွေအနေနဲ့ သတိရှိရှိ နေဖို့လည်း ဒေါ်လှလှရီက တိုက်တွန်းလိုက်ပါတယ်။

ကာမလိမ်လည်မှု ဖြစ်ပွားလာရင် မဖြစ်မနေ တိုင်ကြားကြဖို့လည်း သူမက ဆက်လက်ပြောဆိုလိုက်ပါတယ်။

ကာမလိမ်လည်မှုတွေဟာ သမီးရည်းစားတွေမှာ အဖြစ်များပြီး၊ အသက်ဆယ်ကျော်သက်အရွယ်ကနေ အသက် (၃၀) အရွယ်အထိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

အသက် (၁၈) နှစ်သမီး မြသီတာရဲ့ ဖခင်ဦးဇေယျာလင်းကတော့ “  ဖြစ်လာရင်လည်း မိန်းကလေးဘက်က နစ်နာ သလို ယောကျ်ားလေးဖက်ကလည်း အချုပ်ကျထောင်ကျဖြစ်သွားမယ်” လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ်။

“ အတုမြင် အတတ်သင်တဲ့ ခေတ်၊ ဖုန်းတွေသုံးနေတဲ့ ခေတ်မှာ ကိုယ့်သားသမီးတွေ ဘာတွေလုပ်နေသလဲဆိုတာ မိဘတွေ သိသင့်ပါတယ်။ ယောကျာ်းတွေကလည်း ကိုယ်ကျူးလွန်ပြီးရင်တော့ တာဝန်ယူတဲ့စိတ်တွေ ရှိသင့်ပါ တယ်” လို့ ဦးဇေယျာအောင်က ပြောပါတယ်။

Related Articles