နန်းဆိုင်နွမ်။ ။
“ လက်ရှိမှာတော့ တိုက်ပွဲကြောင့် ပိတ်ခံနေရတဲ့ စစ်ရှောင်အမျိုးသမီး(၂)ယောက်ကတော့ ကလေးမွေးဖွားပြီးပြီ။ နောက်ထပ်ကိုယ်ဝန်ဆောင်တွေလည်း ရှိနေသေးတယ်” လို့ ဆွတ်ဆန်းထွယ်က ပြောပြပါတယ်။
ဆွတ်ဆန်းထွယ်ဟာ ကချင်အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသူပါ။
ကချင်အမျိုးသမီး လူငယ်တွေဟာ လတ်တလောမှာ ပိတ်မိနေတဲ့ ကချင်ပြည်နယ်၊ စစ်ပွဲအတွင်းက ပြည်သူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားရင်း ခေါင်းဆောင်မှုနေရာကို သိသိသာသာရောက်ရှိလာပါတယ်။
ပိတ်မိခံရတဲ့ စစ်ရှောင်တွေ လွှတ်မြောက်လာဖို့အတွက် ကချင်လူငယ်တွေနဲ့ ကချင်အမျိုးသမီးတွေက ဦးဆောင်ပြီး ဆန္ဒပြထုတ်ဖော်မှုတွေ ပြုလုပ်လာကြတာပါ။
“ ကလေးမွေးဖွားထားတဲ့အမျိုးသမီးတဦးက လက်ရှိမှာ ကျန်းမာရေးသိပ်မကောင်းဘူး။ တောထဲမှာ ရေမရှိ၊ မီးမရှိနဲ့ ဘယ်လိုမွေးလိုက်သလဲဆိုတာလည်း ကျမတို့ မသိရသေးဘူး။ သူတို့အမြန်လွှတ်လာဖို့ ဆက်ပြီးဆန္̔ဒထုတ်ဖော် မယ်” လို့ ကချင်အမျိုးသမီးသမဂ္ဂမှ ဆွတ်ဆန်းထွယ်က ပြောပါတယ်။
အမျိုးသမီးတွေဟာ တလတကြိမ်ဓမ္မတာသွေးပေါ်တဲ့အတွက် အခုလို စစ်ပြေးရှောင်နေတဲ့အချိန်မှာ အများကြီး အခက်အခဲကြုံရပြီး ကျန်းမာရေးအရလည်း စိုးရိမ်စရာ အနေအထားရှိတယ်လို့ သူမက ပြောပါတယ်။
လက်ရှိမှာ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာက စစ်ဘေးရှောင်(၁၀၀)ကျော်ကတော့ တလနီးပါး တောထဲ လှည့်လည်ပုန်းခိုနေရာက မေ(၈)ရက်နေ့မှာတော့ မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီ ဖြစ်တယ်လို့သိရပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာမှာ ပြည်သူ (၂၀၀၀)ခန့်ပိတ်မိပြီး ဒီထဲမှာတော့ အမျိုးသမီး တဝက်ခန့်ရှိတယ်လို့ ထွယ်အမျိုးသမီးနဲ့ ဖွံ့ဖြိုးရေး တာဝန်ခံ နန်ပူက ပြောပြပါတယ်။
“ ပိတ်မိခံရသူအများစုက အမျိုးသမီးတွေနဲ့ကလေးတွေပါ။ အမျိုးသမီး (၁)ထောင်ကျော်ပိတ်မိနေသေးတယ်။ ကိုယ် ဝန်ဆောင်တွေ၊ မွေးကင်းစကလေးတွေပါတော့ စိုးရိမ်နေရတယ်” လို့ နန်ပူက ဆိုပါတယ်။
တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေက ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)ထိန်းချုပ်ရာနယ်မြေ ဖြစ်နေ ပေမယ့် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တောင်းဆိုနေရတာဖြစ်တယ်လို့လည်း နန်ပူက ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ကချင်ပြည်နယ်၊ တနိုင်းဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကချင် အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြပါတယ်။
“ အမျိုးသမီးတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ပြေလည်အောင် ညှိနှိုင်းနိုင်တဲ့ အစွမ်းရှိကြတယ်။ ဒါကြောင့် လူငယ် ရော လူကြီးတွေပါ အမျိုးသမီးတွေ ပါဝင်မှုအပေါ် အလေးပေးလာတာ တွေ့ရပါတယ်” လို့ ဆွတ်ဆန်းထွယ် က ဆိုပါတယ်။
အမျိုးသမီးတွေက အကြမ်းမဖက်တဲ့နည်းနဲ့ ပြဿနာတော်တော်များများကို ညှိနှိုင်းနိုင်တဲ့အတွက် အမျိုးသမီးတွေကို ပိုအားကိုးလာတာဖြစ်တယ်လို့ သူမက ထပ်လောင်းပြောပါတယ်။
“နိုင်ငံရေးအရ အဆင်မပြေလို့ စစ်ရေးအရ ဆက်တိုက်ကြမယ်ဆိုရင်တောင် အဲဒီဒေသ ရွာတွေမှာရှိနေတဲ့ ပြည်သူ တွေကို အဓိက အလေးထားစေချင်တယ်။ အထူးသဖြင့် ကလေးတွေ အမျိုးသမီးတွေအတွက် ဦးစားပေးစဉ်းစား စေချင်ပါတယ်” လို့လည်း သူမက မှတ်ချက်ပြုပါတယ်။
အမျိုးသမီးတွေက အမျိုးသမီးရဲ့ ပြဿနာကို ပိုသိမြင်နားလည်ကြပြီး အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေဟာ အမျိုး သားတွေနဲ့ မတူညီတဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းတွေက ရှေ့ထွက်လာပြီး ပိုဦးဆောင်လာကြရတယ်လို့ ထွယ် အမျိုးသမီးနဲ့ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ နန်ပူကပြောပြပါတယ်။
“ ကျမတို့အမျိုးသမီးတွေက ကိုယ်လွတ်ရုန်းထွက်ပြေးလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ကလေးတွေနဲ့ အိမ်က သက်ကြီးရွယ်အိုတွေကိုလည်း ပါအောင်ခေါ်ရတယ်လေ။ ဒါကြောင့် စစ်ပွဲဖြစ်လာရင် ပိုပြီးအန္တရာယ်များတာက အမျိုးသမီးတွေပဲ။ နောက်ပြီး စစ်ပွဲဧရိယာမှာ မုဒိမ်းကျင့်ခံရမယ်။ အသတ်ခံရမယ်” လို့နန်ပူ ကဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ဟာ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကချင်အမျိုးသမီးအဖွဲ့အစည်း တွေဟာ တိုက်ပွဲအတွေ့အကြုံတွေ များစွာရရှိလာပြီး အခုလိုရှေ့ထွက်လာတာဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့အစည်း တွေက ပြောဆိုကြပါတယ်။
“စစ်မြေပြင်မှာ အမျိုးသမီးတွေက ပိုပြီးတော့ အန္တရာယ်ကြီးပါတယ်။ အမျိုးသမီးတွေက ဝန်ထုတ်ဝန်ပိုးလည်း ပိုကြီး ပါတယ်။ စစ်ပွဲမှာပဲဖြစ်ဖြစ် စစ်ပွဲထဲမှာပြေးနေတာပဲဖြစ်ဖြစ် အမျိုးသမီးတွေက ကိုယ့်အန္တရာယ်ကိုယ်သိတော့ ပို လှုပ်ရှားရတယ်။ ပိုအားစိုက်ရတယ်” လို့လည်း နန်ပူက မှတ်ချက်ပြုလိုက်ပါတယ်။
“ ခံစားတတ်တဲ့နှလုံးသားက အမျိုးသမီးတွေမှာ ပိုရှိတယ်။ မတရားဘူးဆိုရင် ပိုတွန်းလှန်ချင်တဲ့အပိုင်းလည်း အ များကြီးရှိတယ်။ အမျိုးသမီးတွေဖြစ်နေတဲ့ ခံစားမှုကို အမျိုးသမီးတွေက ပိုသိလို့ အခုလို ရှေ့ပိုထွက်လာပြီး တောင်းဆိုမှုတွေ ပြုလုပ်လာရတယ်” လို့ ကချင်လူငယ်အဖွဲ့အစည်းမှ မိုင်းမိုင်က ပြောပါတယ်။
အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အားဖြင့် အားနည်းတဲ့အချိန် တောတောင်ထဲမှာ နေထိုင်ရစဉ်ရင်ဆိုင်ရမယ့် အခက် အခဲတွေကို အမျိုးသမီးတွေပဲ သိနိုင်သလို တောထဲမှာ ကလေးမွေးဖွားရတာ ဘယ်လောက် အန္တရာယ်ကြီးမား သလဲဆိုတာ အမျိုးသမီးတွေပဲ ပိုသိနိုင်ပါတယ်လို့ မိုင်းမိုင်က ပြောပါတယ်။
ကချင်တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေရှေ့ပိုထွက်လာပြီး အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေ ဖော်ထုတ်လာတဲ့ အတွက် ဂုဏ်ယူမိသလို အားရကျေနပ်ကြောင်းလည်း ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ ( KWAT) မှ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ပြောပါတယ်။
“ အမျိုးသမီးတွေ ဘာလို့ပါဝင်လာရသလဲဆိုရင်တော့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံ အထူးသဖြင့် စစ်ပဋိပက္ခမှာ ခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံက ဘာနဲ့မှလဲလို့မရဘူး။ သူတို့အတွေ့အကြုံကို ငြိမ်းချမ်းရေး ဖြစ် စဉ်မှာ ပါဝင်ပြီးတာ့ ထုတ်ဖော်နိုင်ခြင်းအားဖြင့် ကျမတို့ နိုင်ငံရဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် လာနိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိလို့ပါ” လို့ မွန်းနေလီက ထပ်မံပြောပါတယ်။
လူထုကိုယ်စားပြုအမျိုးသမီးတွေ အများကြီးထွက်လာဖို့ လိုအပ်နေဆဲဖြစ်ပြီး အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင် အောင် တံခါးဖွင့်ထားဖို့လည်း လိုအပ်နေသေးတယ်လို့ မွန်းနေလီက ပြောဆိုလိုက်ပါတယ်။
“ အမျိုးသမီးတွေက ဖေးမနားလည်စာနာတာ ပိုရှိတယ်။ လူမှုရေး ပြဿနာ အဖုံဖုံလက်တွေ့ကျကျ စဉ်းစားတာ အမျိုးသမီးတွေဖြစ်တယ်။ ဒါကြောင့် စစ်ပွဲတွေရပ်တန့်ဖို့၊ ပိတ်မိနေတဲ့ ပြည်သူတွေလွှတ်မြောက်ဖို့ တောင်းဆိုတဲ့ နေရာမှာ အမျိုးသမီးတွေ ပိုပါလာတာဖြစ်တယ်” လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ၊ ဥက္ကဌ ဒေါ်တင်တင်ညိုက ပြောပါ တယ်။
“ အရင်က အမျိုးသမီးတွေက ရှေ့မထွက်ကြဘူး။ မီးဖိုချောင်မှာ အိမ်ထဲမှာ သားသမီးပြုစုပြီး အချိန်ကုန်ကြတယ်။ အခုကိုယ်တိုင် ရှေ့တန်းထွက်လာတော့ အခြေအနေက ပိုဆိုးရွားနေတယ်။ လိုအပ်ချက်တွေကလည်း များနေ တယ်။ ဘယ်လိုမှ သည်းခံနိုင်လောက်တဲ့ အခြေအနေမရှိလို့ ထွက်လာတယ်လို့ ထင်ပါတယ်” လို့လည်း ဒေါ်တင် တင်ညိုက ဆိုပါတယ်။
အခုနောက်ပိုင်းအမျိုးသမီးတွေဟာ နိုင်ငံရေးနှိုးကြားမှုတွေ ရှိလာတဲ့အတွက် အမျိုးသမီးတွေရဲ့နိုးကြားမှုကို အညွှန့် မချိုးဖို့လည်း ဆုတောင်းနေရပါတယ်လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
ကချင်အမျိုးသမီးလူငယ်ခေါင်းဆောင်တွေကတော့ “ပိတ်မိနေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ မွေးကင်းစမိခင်တွေ၊ ကလေးတွေ၊ အကုန်လုံးအမြန်လွှတ်လာဖို့၊ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းဖို့အတွက် ဆက်လက် တိုက်ပွဲဝင်နေမယ်”လို့ ပြောဆိုလိုက်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021