Home ဆောင်းပါး လျှပ်စစ်မီး မှန်မှန်မလာသရွေ့ စိတ်မောနေရဦးမယ့် အမျိုးသမီးတို့ဘဝ

လျှပ်စစ်မီး မှန်မှန်မလာသရွေ့ စိတ်မောနေရဦးမယ့် အမျိုးသမီးတို့ဘဝ

‘ဟင်း..’ ဆိုတဲ့ သက်ပြင်းချသံနဲ့အတူ မကေသီတစ်ယောက် ချက်လက်စထမင်းပေါင်းအိုးကို ပိတ် လိုက်ပါတယ်။

ထမင်းအိုးတည်ပြီး (၁၀) မိနစ်ခန့်အကြာမှာ ပျက်သွားတဲ့လျှပ်စစ်မီးက EPC က ထုတ် ပြန်ထားတဲ့အချိန်အတိုင်း ပြန်လာ၊ မလာဆိုတာ မသေချာပါဘူး။ သူနာရီကိုကြည့်လိုက်တော့ မနက် (၁၀) နာရီခွဲခါနီးပါပြီ။

မိုးမရွာလို့ ပူလောင်အိုက်စပ်နေတဲ့အခန်းလေးထဲမှာ ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း သူတွေးနေမိတာ က အချိန်မီသာ မီးပြန်မလာခဲ့ရင် သူတို့လင်မယား အပြင်ထမင်းဆိုင်မှာ သွားဝယ်စားရမယ့် အရေးကို ပါ။ ဒီလထဲမှာ မီးခဏခဏပျက်လို့ မလိုအပ်ဘဲ ကုန်ကျစရိတ်များလာတာက အိမ်ရှင်မဖြစ်သူ မကေသီ အတွက်တော့ စိတ်ပျက်စရာပါ။

ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်မှာနေထိုင်တဲ့ မကေသီဟာ အာမခံကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူ့ခင်ပွန်းဖြစ်သူကိုကျော်မောင်သွင်ကတော့ ဆေးကုမ္ပဏီတစ်ခုရဲ့ သာမန်အရောင်းဝန် ထမ်းပါ။ သူတို့ဇနီးမောင်နှံလို ဝင်ငွေသိပ်မများတဲ့မိသားစုတွေမှာ မီးပျက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ပိုခံစားရပါတယ်။

“ကိုယ်က ဝန်ထမ်းတွေဆိုတော့ ဆိုင်မှာ အမြဲတမ်းသွားစားရမှာ အဆင်မပြေဘူး။ မနေ့ကဆို မီးသွေး အိတ်တွေ သွားဝယ်ရတယ်။ မဖြစ်မနေ ချက်ပြုတ်စားရမှာကို။ မီးပျက်တဲ့အချိန် အတိအကျမသိတာ အစ်မတို့အတွက် အခက်ခဲတစ်ခုပဲ” လို့ မကေသီက ပြောပါတယ်။

အိမ်ရှင်မတွေဟာ နိစ္စဓူဝသူတို့လုပ်ကိုင်နေရတဲ့ ထမင်းဟင်းချက်တာအစ၊ ရေတင်တာအလယ်၊ အဝတ်လျှော်၊ မီးပူတိုက်တာအဆုံး လျှပ်စစ်မီးနဲ့ မကင်းနိုင်ကြသူတွေပါ။

ရေအားလျှပ်စစ်ကို အဓိကထားနေရတဲ့ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုနည်းပါးပြီး လုံလောက်တဲ့ ရေမရရှိ တာကြောင့် နိုင်ငံတဝှမ်းလျှပ်စစ်မီးပြတ်တောက်မှုတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေ တဲ့ ဒီလျှပ်စစ်မီးပြဿနာဟာ မြို့ပြလူနေမှုဘဝမှာ စားဝတ်နေရေးပြေလည်ဖို့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဝင်ငွေနည်းပါးတဲ့မိသားစုတွေအပေါ် ရိုက်ခတ်မှုတွေရှိနေပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေအပေါ် ပိုပြီးဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ် ရှားနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။

အရှိုအမျိုးသမီးအဖွဲ့အစည်းမှ ဒါရိုက်တာမိုင်သန့်စီဦးကလည်း “ညပိုင်းမှာ ကလေးတွေလည်း စာဖတ်ရ တာအစ အဆင်မပြေဘူး။ ရာသီဥတုအရမ်းပူတဲ့အချိန်မှာ မီးခဏခဏပျက်တော့ မခံနိုင်ကြတော့ဘူး။ ညပိုင်းတွေမှာ မီးပျက်ပြီဆိုရင် သူတို့မှာ ဘာမှမလုပ်တတ်တော့ဘူး။ စိတ်တွေက တိုနေတတ်ကြ တယ်။ အဲ့ဒီအချိန်မှာ အမေတွေက သူတို့ကိုအချိန်ပေးပြီးတော့ သူတို့ အစစအရာရာ အဆင်ပြေ အောင် လုပ်ပေးပြင်ဆင်ပေးရတဲ့အပိုင်းတွေရှိတဲ့အခါကျတော့ တော်တော်လေး စိတ်အနှောက်အ ယှက်ဖြစ်မိပါတယ်။ အိပ်ရေးတွေမဝတော့ လုပ်ငန်းပိုင်းဆိုင်ရာမှာပါ အလုပ်တွေက အဆင်မပြေတော့ ဘူးပေါ့” လို့ ပြောပါတယ်။

အစိုးရထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စု (၁၀)သန်းမှာ(၆)သန်းက လျှပ်စစ်မီး မရရှိသေးပါဘူး။ နှစ်စဉ်လျှပ်စစ်လိုအပ်ချက် (၁၅) ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့မေလ(၁၇)ရက်က ဘဲလင်းသဘာ ဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲမှာ ယခုနှစ်မကုန်ခင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅၀ ရာ ခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

“လာမယ့် ၂၀၂၅ ခုနှစ်မှာဆိုရင် တနိုင်ငံလုံး ရာနှုန်းပြည့်သုံးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” လို့ သူ က ဆိုပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီးလုံလောက်စွာရရှိဖို့ မျှော်လင့်ထားပေမယ့် လျှပ်စစ်မီးပြတ်တောက်မှုကတော့ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေတယ်လို့ အိမ်ရှင်မတွေက ဆိုကြ ပါတယ်။

တောင်ဥက္ကလာမြို့နယ်၊ ၁၂ရပ်ကွက်က မသီသီနိုင်က “တနိုင်ငံလုံးကိုလည်း မီးလင်းစေချင်ပါတယ်။ မီး ရထားတဲ့နေရာတွေကိုလည်း မီးပုံမှန်လာစေချင်တယ်။ မီးပုံမှန်မလာတော့၊ တနေ့လုပ်ရမယ့်အချိန် ဇယားတွေပါ ပြောင်းကုန်တာ။ အမှန်ဆို မီးပျက်မယ့်အချိန်လေး ကြိုပြောထားရင် ပိုအဆင်ပြေမယ်” လို့ ပြောပါတယ်။

အခုလို လျှပ်စစ်မီးမလုံလောက်မှုအတွက် သက်ဆိုင်ရာအစိုးရဌာနတွေက ကိန်းဂဏန်းတွေနဲ့ ထုတ် ပြန်ထားပေမယ့် လက်ရှိ အိမ်ရှင်မတွေကြုံတွေ့နေရတဲ့ မိသားစုအရေးပြဿနာတွေ ဘယ်လောက်ထိ မြင့်တက်လာနေသလဲဆိုတာကိုတော့ တိုင်းတာဖို့ ခက်ခဲလှပါတယ်။

မကေသီက “အစိုးရရဲ့ အခက်အခဲတွေကိုနားလည်ပေမယ့် ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း စာနာပြီး ဖြေရှင်းပေးစေလိုပါတယ်” လို့ ဆိုပါတယ်။

မကေသီလိုပဲ အခြားသော အိမ်ထောင်ရှင်အမျိုးသမီးတွေဟာလည်း လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ခံစားနေကြရပါတယ်။

မဖြူဖြူအောင်တစ်ယောက် ရေချိုးခန်းထဲကို ဝင်လိုက်တာနဲ့ ရေစည်ပိုင်းထဲမှာ ဖင်ကပ်သာရှိတော့တဲ့ ရေကို တွေ့လိုက်ရပါတယ်။ အခန်းထောင့်မှာရှိတဲ့ အဝတ်ခြင်းထဲက မလျှော်ရသေးတဲ့ အဝတ်ပုံကို ကြည့်ပြီး သူခေါင်းခါယမ်းလိုက်ပါတော့တယ်။

သူလက်ရှိနေထိုင်နေတဲ့ ယုဇနဥယျာဉ်မြို့တော်ရဲ့ ရေပေးဝေမှုဟာ ရန်ကုန်မြို့ရဲ့ အခြားနေရာတွေနဲ့ မ တူပါဘူး။ တစ်ရက်ခြား တစ်ခါသာ ရေပေးဝေတာပါ။ ရေပေးဝေချိန်မှာ သူအလုပ်ကိစ္စနဲ့ မြို့ထဲရောက် နေတာ၊ အိမ်မှာရှိနေပေမယ့်လည်း မကြာခဏမီးပျက်နေတာတွေကြောင့် ပုံမှန်ရေမတင်ရပါဘူးလို့ သူ က ဆိုပါတယ်။

မိသားစုဝင်လေးယောက်ရှိတဲ့ မဖြူဖြူအောင်တို့အိမ်မှာ လက်ရှိ ရေတစ်စည်ကို ကျပ် ၁၅၀၀ နှုန်းနဲ့ ဝယ်ယူသုံးစွဲနေရတာဖြစ်ပြီး တနေ့ကို ရေနှစ်စည်ကုန်ပါတယ်။

“ကျွန်တော်တို့တောင် တစ်နေ့ကိုရေဖိုး ၃၀၀၀ ကုန်ရင် မိသားစုများတဲ့သူတွေဆို စဉ်းစားကြည့်ပေါ့” လို့ သူက စိတ်ပျက်နေတဲ့လေသံနဲ့ ပြောပါတယ်။

မီးပြန်လာတဲ့ အချိန်မှာလည်း မီးအားမပြည့်တဲ့အတွက် လျှပ်စစ်ပစ္စည်းတွေ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေ အနေကိုစိုးရိမ်နေရတယ်လို့ ကွန်ပျူတာ၊ ပရင်တာတွေကို သုံးစွဲလုပ်ကိုင်နေရတဲ့ ဂရပ်ဖစ်ဒီဇိုင်းနာ မဖြူ ဖြူအောင်က ရှင်းပြပါတယ်။

“တစ်မနက်ခင်းလုံး မီးပျက်နေတာ။ မီးလာတော့ ယုဇနမှာ မီးအားအဝင် ၅၀(ဗို့)ပဲ ရှိတယ်။ ဘာမှလုပ် လို့ မရတဲ့အပြင် ရှိစုမဲ့စုလျှပ်စစ်ပစ္စည်းလေးတွေ ကြွတော့မယ်။ ကျွန်တော်တို့က လက်လှုပ်မှ ပါးစပ် လှုပ်ရတဲ့ သာမန်ပြည်သူလေ” လို့ သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရာသီဥတုပူပြင်းပြီး ရေနည်းနေတာကြောင့် ရေအားလျှပ်စစ်စက်ရုံတွေက ထုတ်လုပ်မှုလျော့ကျလာပြီး ဇောင်းတူ၊ မုန်း၊ ဖြူးချောင်း၊ မြစ်သာ၊ ရာဇဂြိုလ်နဲ့ တာပိန် စတဲ့ ရေအား လျှပ်စစ်စက်ရုံ ၆ ရုံကို ခေတ္တရပ်နားထားရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကို လျှပ်စစ်မီးအပြည့်အဝပေးဖို့ဆိုရင် မဂ္ဂါဝပ် ၁၆၀၀ ခန့် ဖြန့်ဖြူးထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မဂ္ဂါဝပ် ၁၃၀၀ ခန့်သာပေးနိုင်တဲ့အနေအထားကြောင့် ယခုမေလကစပြီး မြို့နယ်အ လိုက်အုပ်စုတွေခွဲပြီး အလှည့်ကျစနစ်နဲ့ မီးပေးနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးဌာနရဲ့ ကြေညာချက်မှာတော့ အများပြည်သူအုပ်စုကို A, B, C, D အုပ်စု ၄ ခုခွဲပြီး ဝန်အားလျော့ချမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အုပ်စုအလိုက် ဝန်အားလျော့ချမယ့်အ ကြိမ်ရေဟာ တနေ့ကို အများဆုံး ၃ ကြိမ်ကနေ အနည်းဆုံး ၂ ကြိမ်ရှိမှာဖြစ်ပြီး တစ်ကြိမ်ကို ၂ နာရီ ကြာမြင့်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “အရင်နှစ်တွေကထက် မီးပို ပျက်တယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုပူပြင်းတော့ မီးသုံးစွဲသူတွေအတွက် အချိန်ပိုင်းလေးတွေ မျှအောင်ပေးရတာပေါ့” လို့ ပြောပါတယ်။

တစ်နှစ်ထက်တစ်နှစ် အပူချိန်လွန်ကဲလာတဲ့အတွက် အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုမှာလည်း မြင့်တက် လာပြီး တစ်အိမ်ကို ယူနစ် ၃၀ သုံးစွဲရာမှ ယူနစ် ၅၀ ထိ တိုးမြှင့်သုံးစွဲလာလို့ လျှပ်စစ်မီးမလုံလောက်မှု တွေဖြစ်ရတယ်လို့လည်း ဦးစိုးမြင့်က ဆက်ပြောပါတယ်။

မီးပျက်လို့ မကြာခဏ အပြင်ထမင်းဆိုင်ကနေ ဝယ်စားနေရတဲ့ မကေသီတို့ဇနီးမောင်နှံကတော့ သူတို့ ဝင်ငွေနဲ့ကိုက်ညီတဲ့ ထမင်းဆိုင်တွေကို ရွေးချယ်စားသောက်နေရပါတယ်။

ခင်ပွန်းဖြစ်သူ ကိုကျော်မောင်သွင်က “အစကတော့ မသိဘူး။ တခါတရံပျက်တယ်ဆိုတော့ အပြောင်း အလဲဖြစ်တယ် ။ အပြင်မှာသွားစားကြမယ်ပေါ့။ ပျက်တာစိပ်လာတော့ ဝင်ငွေအရလည်း အဆင်မပြေ တော့ဘူးလေ” လို့ ပြောပါတယ်။

မီးပျက်တာကြောင့် စီးပွားရေးထိခိုက်တဲ့အပြင် လူမှုရေးအဆင်မပြေမှုတွေလည်း ရှိနေပါသေးတယ်။

“မီးပျက်တော့ ညပိုင်းမှာ ရာသီဥတုကပူ၊ အိပ်လို့ကမရ၊ မနက်ပိုင်းမထဘဲ အိပ်တော့၊ သူနဲ့ပြိုင်အိပ် တယ်ပြောတော့ ရန်ဖြစ်စကားများ ကြပြန်ရော” လို့ မကေသီက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ မကေသီတို့လို ဝင်ငွေနည်းတဲ့ ပြည်သူတွေအနေနဲ့ မိုးဖြိုင်ဖြိုင်ရွာသွန်းပြီး ရေအားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့သာ မျှော်လင့်နေကြရပါတယ်။

အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာမထားကတော့ မီးပျက်မှုအပေါ် အခုလို မှတ်ချက်ပေးပါတယ်။

“မီးပျက်ပြီဆိုရင် ကလေးငယ်ရှိတဲ့ အိမ်တွေမှာဆို အမေတွေကပဲ ထပြီးယပ်ခတ်ပေးရတယ်။ အမျိုးသ မီး၊ အမျိုးသား အဖေ၊ အမေတူပေမယ့်လည်း အမျိုးသားကထပြီး ယပ်ခတ်ပေးတာမျိုး မရှိဘူး။ အမျိုး သမီးတွေက ဒီလိုလုပ်ပေးရတော့ မနက်အလုပ်သွားရမယ်။ အိပ်ရေးပျက်တယ်။ အစရှိသဖြင့်။ အဲ့လို မီးပျက်ပြီဆိုရင် ဘယ်သူပိုခံနေရသလဲဆိုရင် အမျိုးသမီးတွေက ပိုပြီးခံနေရပါတယ်”

သွေးစစ်ကိုင်း / ကျော်စိုးမိုး / မေချိုကျော်သိန်း / မိုးမိုး

Related Articles