နန်းဆိုင်နွမ်။ ။
“ အမျိုးသားတွေက တော်တဲ့တတ်တဲ့အမျိုးသမီးတွေဆိုရင် ဘေးဖယ်ထားတယ်။ ပြောရဲဆိုရဲတဲ့ အမျိုးသမီးဆိုရင် ချန်ထားခံရတယ်” လို့ နော်ဆဲဆဲက ပြောပါတယ်။
“ကျမအတွေ့အကြုံအရ ထက်မြက်တဲ့အမျိုးသမီး၊ တကယ်အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက ချန်ထားတယ်။ သူတို့ထက်တော်ရင် သူတို့ထက်နေရာရသွားမှာစိုးတယ်လို့ မြင်တယ်။ အမျိုးသားခေါင်းဆောင်တွေ က ကျမတို့အမျိုးသမီးတွေကို နေရာယူချင်တာလို့ပြောကြတယ်။ အဲဒါတွေကလည်း ကျမတို့အတွက် စိန်ခေါ်မှုတခု ပါပဲ” လို့ သူမက ဆိုပါတယ်။
နော်ဆဲဆဲဟာ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှာ (၁၀)နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကရင် ပြည်နယ်အတွင်း အခြေခံလူ့အဖွဲ့အစည်းတည်ဆောက်မှုများဖြစ်တဲ့ ဒေသတွင်း စာသင်ကျောင်းများ ကူညီထောက် ပံ့မှုတွေ၊ အမျိုးသမီးလူငယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာရရှိရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရေးတို့အတွက် တက်ကြွလှုပ်ရှားခဲ့သူတဦးလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) လို့ခေါ်တဲ့ နယ်စပ်အခြေစိုက် အမျိုးသမီးအဖွဲ့(၁၃)ဖွဲ့ပါဝင်တဲ့ တိုင်းရင်းသူအမျိုးသမီးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့မှာ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)တာဝန်ကို ထမ်းဆောင်နေသူပါ။
သူမဟာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ်၊ ပဒို မန်းရှာလားဖန်းကို ရည်စူးတဲ့ “ဖန်းဖောင်ဒေးရှင်း”က ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်း ဆောင်ဆုကို ရရှိတဲ့ အမျိုးသမီးလူငယ်တဦးလည်း ဖြစ်ပါတယ်။
“ ကျမ မမျှော်လင့်ဘူး။ သတိလည်း မထားမိဘူး။ ဒါပေမယ့် ကျမရဲ့ ကြိုးစားမှုကို အားပေးတဲ့အတွက် ဝမ်းသာပါ တယ်။ အသိအမှတ် ပြုခံရတဲ့အတွက် တာဝန်လည်း ပိုကြီးလာပါတယ်” လို့ သူမက ဆက်လက်ပြောဆိုပါတယ်။
ပဒိုမန်းရှာဟာ သက်ရှိထင်ရှားရှိချိန်ကတည်းက လူငယ်တွေကို ခေါင်းဆောင်ကောင်းတွေဖြစ်လာအောင် အားပေးခဲ့ သူတဦးဖြစ်ပါတယ်။
ဖန်းဖောင်ဒေးရှင်း (Phan Foundation) ကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ နေအိမ်မှာ မသမာသူသေနတ်သမားနှစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကေအဲန်ယူ အထွေထွေ အတွင်းရေး မှူး ပဒိုမန်းရှာလားဖန်းနဲ့ ကွယ်လွန်သူဇနီးနမ့်ကျင်ရွှေတို့အား ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူ သားသမီးများဖြစ်ကြတဲ့ စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖခင်ကွယ်လွန်တဲ့နှစ်မှာပဲ စတင်တည်ထောင် ခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကရင်လူငယ်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ချီးမြင့်နေတာပါ။
“လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးလောကမှာလည်း ပဒိုမန်းရှာရဲ့အသံတွေ၊ စကားတွေ အမြဲကြားနေရပါတယ်။ လူငယ် တွေကို မျှော်လင့်တဲ့သူတဦးဖြစ်ပြီး လူငယ်တွေကို သင်ခန်းစာပေးတဲ့ခေါင်းဆောင်တဦးအတွက် အမှတ်တရ ပေး တဲ့ဆုဖြစ်လို့ ဝမ်းသာပါတယ်” လို့ သူမ ကဆက်လက်ပြောပါတယ်။
နော်ဆဲဆဲဟာ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ မွေးဖွားခဲ့ပြီး လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကတည်းက မိဘဘိုး ဘွားတွေနဲ့အတူ တိုက်ပွဲတွေကြောင့် မကြာခဏ ရွှေ့ပြောင်းနေထိုင်ရသူလည်း ဖြစ်ပါတယ်။
မိဘတွေရဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ငယ်စဉ်က သူမဟာ ပညာသင်ကြားရေးမှာ အခက်အခဲကြုံခဲ့ရ ပါတယ်။
ဒါပေမယ့်လည်း အသက်(၁၇)နှစ်အရွယ်မှာ မထင်မှတ်တဲ့ကံတရားကြောင့် သူမဟာ နယ်စပ်ဒေသမှာ သွား ရောက်ပညာသင်ကြားဖို့ အခွင့်အလမ်းရလာခဲ့ပါတယ်။
သူမဟာ ၂၀၁၇ ခုနစ်မှာ ပညာဆက်သင်ယူလိုစိတ်နဲ့ နယ်စပ်ဒေသကို ထွက်လာခဲ့ပေမယ့် လမ်းခရီးမှာတော့ သူမ မထင်မှတ်ခဲ့တဲ့ စစ်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီး စစ်ဘေးရှောင်ဘဝကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသေးတယ်။
ပညာသင်ဖို့ လာရာလမ်းတလျှောက်မှာ စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့သူမဟာ ကိုယ့်လူမျိုးကို ကူညီလိုတဲ့စိတ်နဲ့ အမျိုးသားနိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားလာခဲ့ပါ တယ်။
အဲဒီအချိန်က ကရင်နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရှောင်သူတွေရဲ့ မျက်ရည်တွေ၊ စစ် မြေပြင်မှာ ပြေးလွှားနေတဲ့ သူတို့ဘဝတွေကို မြင်ရတဲ့အခါမှာ အမျိုးသားရေးအတွက် တခုခုလုပ်မှ ဖြစ်မယ်ဆို တဲ့စိတ်ဓာတ်နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကို ဝင်ရောက်ခဲ့တယ်လို့ နော်ဆဲဆဲက အတိတ်က အဖြစ် ကို ပြန်လည်ပြောပြပါတယ်။
ပညာသင်ဖို့သွားရာလမ်းမှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပွားနေခဲ့တဲ့အတွက် “ ငိုတဲ့သူကငို၊ ဒဏ်ရာရတဲ့သူကရ။ ကိုယ်တွေ့မြင်နေရတော့ ကျမလည်း ဘယ်အချိန်သေမလဲဆိုတာ အမြဲစဉ်းစားနေရတယ်” လို့ နော်ဆဲဆဲက ဆက် လက်ပြောပြပါတယ်။
နော်ဆဲဆဲဟာ ပညာသင်ဖို့ထွက်လာစဉ်က ပညာတတ်တဦး ဖြစ်ချင်စိတ်၊ သူနာပြုတဦးအဖြစ် ကိုယ့်ဒေသ ကိုယ့် ရပ်ရွာကို ပြန်ကူညီမယ်ဆိုတဲ့ စိတ်နဲ့ ထွက်လာခဲ့တာပါ။
“ ကျမမျှော်လင့်ချက်က သူနာပြုဖြစ်ချင်တယ်။ ဆေးပညာသင်ပြီး ကိုယ့်ရပ်ရွာကို ပြန်ပြီးကူညီမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒါပေမယ့် အဲဒီလို စစ်မြေပြင်က လူထုတွေကိုမြင်တော့ ကျမအမျိုးသားရေးစိတ်ဓာတ်ကြောင့် နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားလာပါတယ်” လို့နော်ဆဲဆဲက သူမရဲ့ အကြောင်းကို ပြောပြပါတယ်။
နယ်စပ်ဒေသမှာ ပညာသင်ကြားဖို့ မွေးရပ်မြေက ထွက်ခွာလာစဉ်မှာ အစိုးရဝါဒဖြန့်ချိရေးတွေကြောင့် သူပုန်လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ကြောက်စရာကောင်းတဲ့သူတွေ၊ မိန်းမတွေကို ဖျက်ဆီးတဲ့၊ မုဒိမ်း ကျင့်တဲ့သူတွေလို့သာ သိနားလည်ခဲ့တယ်လို့လည်း သူမက ပြောပြပါတယ်။
နော်ဆဲဆဲဟာ အမျိုးသမီးငယ်တဦးဖြစ်ပေမယ့် နိုင်ငံရေးကို ပိုစိတ်ဝင်စားကာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် တွန်းအားပေးနေသူတဦးလည်း ဖြစ်ပါတယ်။
“တကယ်လို့ ကျမသာ သူနာပြုပဲ လုပ်မယ်ဆိုရင် အခုချိန်မှာ ကျမသူနာပြုအလုပ်ပဲ သိတော့မယ်။ နိုင်ငံရေးကို သိ တော့မှာ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ရင်းနှီးတော့မှာမဟုတ်ဘူး” လို့ သူမက ဆိုပြန်ပါတယ်။
သူမတို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ တိုက်တွန်းနေပေမယ့် လက်ရှိမှာတော့ အမျိုးသမီးအများစုက အမျိုးသားခေါင်းဆောင်တွေရဲ့အတွင်းရေးမှူးအဆင့် သာ ရှိနေသေးကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။
နော်ဆဲဆဲက “ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေကို ပြောရေးဆိုခွင့် မရှိတဲ့နေရာ၊ ဟန်ပြထားတဲ့နေရာ တွေမှာ မပါဝင်စေချင်ဘူး။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာပဲ ပါဝင်ချင်တယ်” လို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထုကြားမှာ အသိပညာပေးမှုတွေ၊ စည်း ရုံးလှုံ့ဆော်မှုတွေလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သူမက ဆက်လက်ပြောပါတယ်။
စစ်ပွဲတွေကြား ကိုယ်တိုင်အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့သူတဦးအနေနဲ့ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ပါ တယ်လို့လည်း သူမက ပြောဆိုလိုက်ပါတယ်။
နော်ဆဲဆဲဟာ လူငယ်အားလုံး အဖူးပဒိုမန်းရှာလားဖန်းရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်ပြီးပခုံးပြောင်း ထမ်းဆောင်ဖို့ ကြိုးစားကြရမယ် လို့ စူးစူးနစ်နစ် ယုံကြည်သူတဦးလည်း ဖြစ်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021