Home ဆောင်းပါး ပန်းချီဆရာမတွေလျှောက်သောလမ်း

ပန်းချီဆရာမတွေလျှောက်သောလမ်း

Photo Credit: Myannmar Handicrafts

 

ပစ်တိုင်းထောင်မ။ ရန်ကုန်

“ဘာလို့ မိန်းကလေးတွေကို နေရာတိုင်းမှာ မလုပ်နိုင်ဘူးလို့ ထင်ကြတာလဲဆိုတဲ့ အတွေးမျိုးတော့ဖြစ်တာပေါ့။ အဲဒီလို ဆက်ဆံတဲ့အပေါ်မှာ ကျမကတော့ Gender ခွဲတယ်လို့ မြင်တယ်။ သူတို့စိတ်ထဲမှာ အမျိုးသားပဲ လုပ် နိုင်မယ်။ အမျိုးသမီးဆို မလုပ်နိုင်လောက်ဘူးလို့ ထင်ကြတာကိုး…”

ပန်းချီဆရာမ May East က သူမရဲ့အတွေ့အကြုံလေးတခုကို ပြောပြခဲ့တာဖြစ်ပါတယ်။ သူမဟာ (၇)တန်း လောက်ကတည်းက ပန်းချီကို စတင်ရေးဆွဲခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ယဉ်ကျေးမှုတက္ကသိုလ်တက်ခဲ့ပြီး ပန်းချီပညာနဲ့ပဲ ကျောင်းပြီးခဲ့တာပါ။ ကျောင်းပြီးတဲ့ နောက်ပိုင်းမှာလည်း ပန်းချီတွေ တောက်လျှောက်ရေးဆွဲဖြစ် ခဲ့ပါတယ်။ သူဆွဲခဲ့တဲ့ပန်းချီတွေကို ပြပွဲတွေရှိရင် ပြသခဲ့သလို ပန်းချီကားတွေ လှူလို့ရမယ့်နေရာရှိရင်လည်း လှူခဲ့ပါတယ်။ အခုတော့ သူတတ်မြောက်ထားတဲ့ ပန်းချီပညာကို ပြန်ဝေမျှပေးတဲ့အလုပ်ကိုလုပ်နေပါတယ်။

“ကလေးတွေကို ပန်းချီပညာပြန်သင်ပေးဖြစ်တယ်။ ကလေးတွေကို သင်ပေးရင်းနဲ့ ဒီလောကထဲမှာ ရပ်တည် နေတယ်”

သူမဟာ ငယ်စဉ်ကတည်းက ပန်းချီဆွဲလာတာဖြစ်ပြီး ပန်းချီပညာနဲ့ပဲ ကျောင်းပြီးခဲ့တာကြောင့် ပန်းချီလောက မှာပဲ ဘဝရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘဝအတွက် ဖူလုံတဲ့ဝင်ငွေတော့ မရခဲ့ဘူးလို့ ဆိုပါတယ်။

တချို့လူတွေက ပန်းချီဆွဲဖို့ အလုပ်လာအပ်ကြတဲ့အခါ အမျိုးသမီးပန်းချီဆရာဖြစ်နေတဲ့အပေါ် အလုပ်အပ်ဖို့ စိတ်ပျက်သွားတတ်တာလည်း တွေ့ရတယ်လို့ အခုလို ပြောပြပါသေးတယ်။

“မြန်မာပြည်မှာ တော်တော်များများက ကျောင်းနံရံ ပန်းချီရေးချင်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာ ဆွဲချင်တာ ဖြစ်ဖြစ်၊ ရေးဆွဲမယ့်သူက ဘယ်သူလဲဆိုတာ အရင်ဆုံးမေးတယ်။ ပန်းချီဆရာလား၊ ဆရာမလားပေါ့။ ဆရာမလို့ ပြောလိုက်ရင် နောက်မှပြန်ဆက်သွယ်မယ်နော်ဆိုပြီး မဆက်သွယ်လာတော့ဘူး။ အမျိုးသမီးပန်းချီဆရာမဆိုရင် အလုပ်မအပ်ချင်ကြဘူး။ လုပ်နိုင်ပါ့မလားလို့ထင်ကြတယ်။ အဲဒီလိုအလုပ်တွေ       ပေါ် လာရင် အမျိုးသားတွေပဲ ရတတ်ကြတယ်။ အမျိုးသမီးကို အပ်တယ်ဆိုတာမျိုး တခါမှ မရှိခဲ့ဖူးဘူး”

တကယ်တော့ ပန်းချီပညာဆိုတာ ယောကျ်ား၊ မိန်းမစတဲ့ လိင်အပေါ်မှာ မူတည်တာမဟုတ်ပဲ ပန်းချီဆွဲတဲ့သူရဲ့ အတွေးအခေါ်နဲ့ လက်ရာအပေါ်မှာသာ မူတည်တာဖြစ်လို့ ဘာကြောင့် ခွဲခြားကြတာလဲလို့လည်း သူကမေးခွန်း ထုတ်ပါတယ်။

“များသောအားဖြင့် နိုင်ငံခြားသား အသိုင်းအဝိုင်းက လက်ခံတယ်။ နိုင်ငံခြားသား စားသောက်ဆိုင်တို့၊ ကုပ္မဏီ တို့တွေမှာဆိုရင် အမျိုးသား၊ အမျိုးသမီး မခွဲခြားဘူး။ လက်ရာကိုကြည့်ပြီး အပ်ပါတယ်” လို့ ပြောပြပါတယ်။

သူ့အနေနဲ့ တစိုက်မတ်မတ်ဆွဲဖြစ်တဲ့ ပန်းချီကားတွေကတော့ သစ်ပင်ပုံတွေ၊ ရှုခင်းပုံတွေပဲဖြစ်ပါတယ်။ ဘာ ကြောင့် သစ်ပင်၊ ရှုခင်းပုံတွေ ရေးဆွဲဖြစ်ရသလဲဆိုတာကိုလည်း အခုလို ပြောပြပါတယ်။

“အဓိက သစ်ပင်ပုံဆွဲဖြစ်တာကလည်း မြန်မာပြည်ရဲ့ရှုခင်းတွေကိုမြင်ရင် စိတ်ချမ်းသာတယ်။ ခရီးတွေ သွားဖြစ် နေတော့ ကိုယ်တွေ့ခဲ့သမျှကို ပြန်ပြီးမျှဝေချင်တယ်။ နိုင်ငံခြားသားတွေမြင်ရင်လည်း ဒါဘယ်နေရာမှာဆိုတာ လေးကို ပြောပြချင်တယ်”

အမျိုးသမီးပန်းချီဆရာမတွေအနေနဲ့ အိမ်ထောင်ကျသွားတဲ့အခါ အမျိုးသားတွေလို အလုပ်မလုပ်နိုင်တော့ တာကိုလည်း အခုလို ပြောပြပါသေးတယ်။

“အမျိုးသမီးတွေက များသောအားဖြင့် အိမ်ထောင်ကျရင် မီးဖိုချောင်ရောက်မယ်။ ကလေးတွေမွေးရမယ်၊ က လေးတွေ ပြုစုစောင့်ရှောက်ရမယ်။ မိသားစုတာဝန်တွေ ထမ်းဆောင်ရမယ်။ ပန်းချီအတွက်

အချိန်တွေပေးဖို့က အခွင့်အရေးတွေ တော်တော့်ကို နည်းပါးသွားမယ်”

အမျိုးသမီးတယောက် ပန်းချီဆက်ဆွဲနိုင်ဖို့အတွက် အိမ်ထောင်ဖက်နဲ့ မိသားစုကလည်း ထောက်ပံ့ဖို့ အဓိက လိုအပ်တယ်လို့  ဆက်ပြောပါတယ်။

“မိသားစုနဲ့ အမျိုးသားက ထောက်ပံ့ပေးရင်တော့ အပြင်ထွက်လုပ်ရတာတွေရှိမယ်။ ပန်းချီဆွဲရတာတွေရှိမယ်။ နောက်ဆုံးကျမတို့ ပန်းချီပြပွဲတခုလုပ်မယ်ဆိုရင် ရေးဆွဲနိုင်ဖို့ သူတို့တွေထောက်ပံ့မှရမယ်။ ကျမအမျိုးသားဆို ပန်းချီပြပွဲအတွက် ကလေးထိန်းပေးတယ်။ မီးဖိုချောင်ဝင်ပေးတယ်။ အဲဒါမှ ကျမက သေချာအာရုံစိုက်ပြီး စိတ်ချ လက်ချ ပန်းချီရေးဆွဲနိုင်မယ်။ အဲဒီလိုမှ မပံ့ပိုးပေးရင် အမျိုးသမီးတွေမှာ ပန်းချီဆွဲဖို့ အင်မတန်ကို အချိန်နည်းတယ်။ ဒါကြောင့် ပန်းချီကားအရေအတွက် ထွက်နှုန်းကနည်းတယ်။ လက်ရာကောင်းကောင်းထွက်ဖို့ ဆိုတာက လည်း မနည်းကို ကြိုးစားရမယ်”

May East လို အိမ်ထောင်သည် ပန်းချီဆရာမတယောက်လည်း ရှိပါသေးတယ်။ သူမကတော့  မနုယဉ်ပဲဖြစ် ပါတယ်။ မနုယဉ်က အသက်(၇)နှစ်အရွယ် ကလေးဘဝထဲကစလို့ ပန်းချီကို ဝါသနာပါခဲ့တာဖြစ်ပါတယ်။ ဝါသ နာကို အရင်းခံပြီး ယဉ်ကျေးမှုတက္ကသိုလ်မှာ ကျောင်းပြီးခဲ့ပါတယ်။ သူမ အဓိကဆွဲခဲ့တဲ့ပန်းချီကတော့ ပုံတူ ပန်းချီဖြစ်ပြီး ယဉ်ကျေးမှုတက္ကသိုလ်မှာ သူအဓိကယူထားတဲ့ ဘာသာရပ်တခုလည်း ဖြစ်ပါတယ်။ သူဟာ အိမ် ထောင်ကျပြီးချိန်မှာတော့ (၁၀)နှစ်လောက် ပန်းချီလောကနဲ့ ဝေးကွာသွားခဲ့သူလည်း ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတာကို အခုလို မနုယဉ်က ပြောပြပါတယ်။

“အမျိုးသမီးတယောက်အနေနဲ့ မိခင်ဆိုတဲ့ တာဝန်ကိုယူဖို့ ဆုံးဖြတ်လိုက်တော့ (၁၀)နှစ်နီးပါးလောက် ပန်းချီ လောကနဲ့ ဝေးသွားတယ်။ အိမ်ထောင်ကျသွားရင် အိမ်ထောင်မှုတာဝန်ကို အလုံးစုံယူလိုက်ရတော့  ပန်းချီ ပညာနဲ့ ကင်းကွာသွားတာပေါ့။ ပန်းချီလောကထဲကလူနဲ့မဟုတ်ပဲ အပြင်ကလူတွေနဲ့ အိမ်ထောင်ကျရင်၊ သူတို့ က နားလည်မှု မပေးနိုင်ရင်၊ ပိုလို့တောင်အခက်အခဲဖြစ်နိုင်တယ်”

အိမ်ထောင်သည် ပန်းချီဆရာမတယောက်အနေနဲ့ ပန်းချီဆွဲဖို့ အချိန်တွေကို စီမံခန့်ခွဲရတယ်လို့လည်း ဆိုပါ တယ်။

“ကလေးရှိတဲ့မိခင်တယောက်အနေနဲ့ ပန်းချီဆွဲဖို့အချိန်တွေကို စီမံတဲ့အခါ အခက်အခဲကတော့ ရှိတာပေါ့။ နေ့ ခင်းပိုင်းမှာတော့ ကလေးတွေကို အချိန်ပေးရတယ်။ ကလေးတွေက ကျောင်းနေအရွယ်ဖြစ်တော့ လုပ်ပေးရ တာတွေရှိတယ်။ နည်းနည်းအေးအေးဆေးဆေး ဖြစ်တဲ့အချိန်ကတော့ ညဘက်ပေါ့။ ကျမပန်းချီဆွဲရင် ညဘက် ဆွဲဖြစ်တာများတယ်။ အိပ်ချိန်တော့ နည်းတာပေါ့။ မနက်ဆိုရင်လည်း အစောကြီးထ၊    ချက်ပြုတ်၊ ကလေး ကျောင်းအတွက် ပြင်ဆင်ပေးရသေးတယ်ဆိုတော့လေ”

ဒီနေရာမှာ အိမ်ထောင်တခုအတူတည်ထောင်ကြတဲ့အခါ အမျိုးသမီးက ပိုတာဝန်ယူရတာ များနေသလား။ အိမ် ထောင်ဖက်ဖြစ်တဲ့ အမျိုးသားကရော အိမ်မှုအလုပ်တွေမှာ တာဝန်မရှိတော့ဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမကပဲ အခုလို ဆက်ပြောပြပါတယ်။

“ပြပွဲတွေရှိတဲ့အခါဆိုရင်တော့ အမျိုးသားက ဝိုင်းကူပေးတယ်။ သူ့အလုပ်ကိုတောင် နားထားပြီး ကူပေးတာမျိုး တွေ လုပ်ပါတယ်။ အမျိုးသားက ပံ့ပိုးပေးပါတယ်။ သူက ကျမနဲ့အတူ ယဉ်ကျေးမှုတက္ကသိုလ်မှာ ကျောင်းအတူ တူပြီးခဲ့တဲ့သူလည်းဖြစ်၊ မေဂျာကလည်းတူတော့ ကိုယ့်အပေါ် အတော်လေးကို နားလည်မှုရှိတယ်”

တချို့ပန်းချီပညာကို သင်ယူခဲ့ပြီး အိမ်ထောင်ကျသွားတဲ့အခါ ကိုယ့်ရဲ့ပညာတွေကို စွန့်လွှတ်လိုက်ရသူတွေ ရှိ သလို ဒီပညာနဲ့ ဆက်လက်ရပ်တည်နေကြတဲ့ လူတွေလည်းရှိပါတယ်။ ပညာကို စွန့်လွှတ်လိုက်ကြတဲ့ ပန်းချီ ဆရာမတွေကို မနုယဉ်က အခုလို အားပေးစကားပြောထားပါတယ်။

“တချို့ပန်းချီဆရာမတွေ၊ အိမ်ထောင်ကျသွားတဲ့သူတွေကို ကျမအားပေးစကားပြောချင်ပါတယ်။ ကိုယ်သင်ယူ တတ်မြောက်ထားတဲ့ ပညာကို အလကားမဖြစ်အောင် ပန်းချီပြန်ရေးဆွဲပါ။ ငါတော့ အလှမ်းဝေးသွားပြီဆိုပြီး စိတ်အားမငယ်ပါနဲ့။ အမျိုးသမီးတွေမှာ အများနဲ့မတူညီတဲ့ အရည်အချင်းတွေရှိပါတယ်။ အတွေးအခေါ်၊ စဉ်း စားမှုတွေကအစ ဆန်းပြားမှုတွေရှိပါတယ်။ အဓိက စိတ်ဓာတ်ပါပဲ။ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်နဲ့နီးစပ်တဲ့ နေရာ တွေမှာ ပန်းချီကို ပြန်လေ့လာပါ။ မရမကအချိန်ယူပြီး တကားဖြစ်ဖြစ်၊ နှစ်ကားဖြစ်ဖြစ် ပြန်ရေးဆွဲပါလို့ အား ပေးချင်ပါတယ်”

ပန်းချီအနုပညာမှာ အမျိုးသားပန်းချီဆရာတွေကိုသာ လူသိများကြပြီး အမျိုးသမီးပန်းချီဆရာမတွေ ရှိပေမယ့် လူတွေ သိပ်အသိအမှတ်မပြုကြတာ ဘာကြောင့်လဲလို့ လက်ရှိပန်းချီရေးဆွဲနေတဲ့ ပန်းချီဆရာ ဦးအောင်လတ် ကို မေးကြည့်ရာမှာတော့ အခုလိုပြောပြပါတယ်။

“အမျိုးသမီးတွေမှာ မိဘရဲ့လွမ်းမိုးမှုကလည်း များတော့ အချိန်ပေးပြီး အပြင်ထွက်လာဖို့ မလွယ်ဘူး။ နောက် တခုက ပန်းချီနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ဒီနိုင်ငံမှာ ပန်းချီပြခန်းလိုမျိုး (Museum) တွေ မရှိဘူး။ ဈေး ကွက်လည်း မရှိသလို အနုပညာကို ခံစားတဲ့ ပရိတ်သတ်ကလည်း နည်းတယ်။ အမျိုးသားထဲမှာတော့ ငတ်ငတ် ပြတ်ပြတ်လုပ်ကြတဲ့လူတွေရှိတယ်။ အပေါင်းအသင်းတွေနဲ့စုပြီး နေထိုင်လုပ်ကိုင်ကြတယ်။ အမျိုးသမီးတ ယောက်အနေကျတော့ အဲဒီလိုလုပ်ဖို့က ပတ်ဝန်းကျင်ရဲ့အမြင်တွေ ရှိနေပြန်ရော။ ပန်းချီသမားအချင်းချင်း ဝိုင်း ဝန်းကူညီလုပ်ဆောင်ကြပေမယ့်လည်း မိန်းကလေးတယောက်အနေနဲ့တော့ အမျိုးသားတွေနဲ့အတူ အမြဲရှိနေ ပြီဆိုရင် ပတ်ဝန်းကျင်က အမြင်မရှင်းတော့ဘူး။ အဲဒါတွေကြောင့်လည်း အမျိုးသမီးတွေရဲ့ ပန်းချီသင်ကြားမှု၊ ကြိုးပမ်းမှုတွေက နောက်ကောက်ကျနေရတယ်လို့ မြင်တယ်”

အမျိုးသမီးပန်းချီဆရာမတယောက်နဲ့ အမျိုးသားပန်းချီဆရာတယောက် အိမ်ထောင်ကျတာချင်း တူနေရင် တောင် အခက်အခဲတွေ၊ အပူအပင်ရှိတာတွေက မတူကြဘူးလို့လည်း သူ့အမြင်ကို ဆက်ပြောပြပါတယ်။

“အမျိုးသားတွေက အိမ်ထောင်တခုတည်ထောင်လို့ မသာယာရင် ထွက်ပေါက်ရှာကြတယ်။ အိမ်ထောင်အပေါ် မှာ တာဝန်ယူတဲ့အခါ အမျိုးသားတွေက တာဝန်ယူမှုနည်းတယ်။ မယူတာတော့ မဟုတ်ဘူး။ ယူကြပါတယ်။ ဒါ ပေမယ့် အမျိုးသမီးတွေလောက်  မယူကြဘူး။ အမျိုးသားတွေလည်း စိတ်မပျော်ရင်၊ စိုးရိမ်သောကတွေ၊ အပူ အပင်တွေ ရှိနေရင်၊ ပန်းချီဆွဲချင်စိတ် မရှိပါဘူး။ အမျိုးသမီးတွေကျတော့ မိသားစုတာဝန်တွေ၊ သားသမီးတာ ဝန်တွေနဲ့ စိတ်ပူပန်မှုတွေက ပိုများတယ်။ ဒါတွေက အမျိုးသမီးတွေကို ပန်းချီဆွဲနိုင်ဖို့အတွက် အဟန့်အတား ဖြစ်စေတာပဲ။ အမျိုးသားတိုင်းလည်း အပူအပင်ကင်းဝေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ အပူအပင်ပိုများကြတယ်”

ဘာကြောင့် အမျိုးသမီးတွေက ဘဝရဲ့ပင်ပန်းမှုတွေကို ပိုခံစားနေရတာလဲ။ ဘာကြောင့် ပန်းချီပညာမှာ လူ ကြိုက်များတဲ့၊ ထင်ရှားတဲ့ အောင်မြင်မှုမျိုး မရနိုင်ကြတာလဲဆိုတဲ့ သူ့အမြင်တွေကို အခုလိုဆက်ရှင်းပြပါတယ်။

“အိမ်ထောင်ကျသွားပြီဆိုတဲ့ အမျိုးသမီးရဲ့ ပင်ကိုယ်စိတ်မှာရော၊ မသိစိတ်မှာပါ အိမ်ထောင်ကို တာဝန်ယူစိတ်က ရှိနေတယ်။ ဒါကလည်း နှစ်ပေါင်းများစွာထဲက အမျိုးသမီးဆိုရင် ဒီလိုလုပ်ရမယ်၊ ဒီလိုမလုပ်ရဘူးဆိုတဲ့ ဆုံးမမှု တွေကို အရိုးစွဲနေတာမို့ဖြစ်တာ”

ပြီးတော့ မိဘတွေနဲ့ လူမှုအသိုင်းအဝိုင်းက အားမပေးတဲ့ အမျိုးသမီးတွေရဲ့ ပန်းချီပညာလေ့လာသင်ကြားနိုင်မှု အခွင့်အလမ်းကိုလည်း အခုလိုထပ်ရှင်းပြပါသေးတယ်။

“ဥပမာ မိန်းကလေးတစ်ယောက်ဟာ ပန်းချီဆွဲတဲ့ဗီဇပါလာတယ်။ သူ့မှာ ပန်းချီနဲ့ပတ်သက်တဲ့ ပါရမီ (ပင်ကိုယ် စွမ်းရည်) ရှိနေတယ်။ ဒါပေမယ့် မိဘက ပန်းချီကျောင်းတက်ဖို့ အားမပေးဘူး။ သူသင်ယူနေရတာက နွေရာသီ ကျောင်းပိတ်ရက်လိုမျိုးမှာ။ အဲဒါနဲ့ တပြိုင်နက်ထဲ အိမ်မှုကိစ္စတွေလည်း လုပ်နေရသေးတယ်။ ပိုက်ဆံရှိတဲ့ မိ သားစုဆိုရင်လည်း ပန်းချီသင်တန်းကို မပို့ဘဲ ရေကူးသင်တန်း၊ စန္ဒယားတီးသင်တန်းတွေကို မိဘစိတ်တိုင်းကျ သူ့ခမျာတက်ရတယ်”

အမျိုးသမီးပန်းချီဆရာမတွေရဲ့ အခြေအနေနဲ့ပါတ်သက်ပြီး စာရေးဆရာလည်းဖြစ်၊ ပန်းချီဆရာလည်းဖြစ်တဲ့ (ဆရာမ) ခင်မြဇင်ကတော့ လက်ရာအရသာအလေးထားတဲ့ကာလတခုကို ရောက်စပြုနေပြီလို့ အခုလို ပြောပြ ပါတယ်။ သူဟာ မျိုးဆက်သုံးဆက် မြန်မာအမျိုးသမီးပန်းချီဆရာမများစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။

“ အမျိုးသမီးတွေအတွက် ပန်းချီရေးရတာ ပြပွဲပါရတာ အခက်အခဲရှိပေမယ့် အခုဆယ်စုနှစ်အတွင်းမှာ လက်ရာ ရော၊ ကြိုးစားအားထုတ်မှုရော၊ ပန်းချီဆရာမဦးရေရော၊ ပိုပြီးကောင်းလာတိုးတက်လာတာတွေ့ရပါတယ်။ ပန်း ချီကားပေါ်က ရတဲ့ဝင်ငွေထက် ပန်းချီသင်ခြင်းအပေါ်မှာ ပိုအားပြုရပ်တည်ကြရပါတယ်။ ပြခန်းဈေးတွေကြီး တော့ အမျိုးသမီးပန်းချီဆရာမအများစုက တကိုယ်တော်ပြပွဲတွေထက် စုပေါင်းပွဲတွေမှာပဲ ပြသဖြစ်ကြတယ်။ တကိုယ်တော်ပြ ပွဲကတော့ ပန်းချီဆရာရဲ့ရပ်တည်မှုနဲ့ အရောင်သုံးစွဲမှုကိုယ်ပိုင်ဟန်ကို ပိုပြီးဖော်ပြနိုင်လေ့ရှိ ပါတယ်။ ပြခန်းစရိတ်ကြီးမြင့်တာကလည်း ဆရာမတွေကိုသာမက လူငယ်ပန်းချီဆရာတွေကိုပါ အခက်အခဲဖြစ် စေပါတယ်။ နိုင်ငံပိုင်ပြခန်းတွေဖွင့်လှစ်ပြီး ဈေးနှုန်းချိုသာစွာငှားရမ်းပေးဖို့လိုနေပါပြီ။ ဆရာရေးလို့ ဆရာမရေး လို့ဆိုတာထက် လက်ရာအရသာ အလေးထားတဲ့ကာလတခုကိုရောက်စပြုပြီလို့လည်း ကျမမြင်ပါတယ်”

Related Articles