Home ဆောင်းပါး ငြိမ်းချမ်းရေးအလိုချင်ဆုံးက ဘယ်သူတွေလဲ

ငြိမ်းချမ်းရေးအလိုချင်ဆုံးက ဘယ်သူတွေလဲ

စစ်ပွဲကြောင့်ထွက်ပြေးလာသော ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင် အမျိုးသမီးများပုံ (ဖေဖော်ဝါရီလ၊ ၂၀၁၈) Photo Credit: တအာင်း အမျိုးသမီးအဖွဲ့အစည်း

နန်းဆိုင်နွမ်။             ။

ပဋိပက္ခဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပိုပြီး ရှိလာတယ်လို့ ရှမ်း ပြည်နယ်၊ လက်နက်ကိုင် ပဋိပက္ခနယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက ပြောဆိုကြပါတယ်။

တပ်မတော်ဖက်ကတော့ တိုင်းပြည်မပြိုကွဲရအောင် ကာကွယ်နေတယ်လို့ဆိုသလို တိုင်းရင်းသားလက်နက်ကိုင် တွေကလည်း သူတို့ရဲ့အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေရတာလို့ ပြောကြပါတယ်။ ဒီလိုပဲ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြားမှာလည်း သူ့နယ်မြေထဲဝင်လာလို့၊ ငါ့နယ်မြေထဲဝင်လာလို့ဆိုပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒီလိုတိုက်ပွဲတွေထဲမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အကြမ်းဖက်မှုတွေကလွဲလို့ အခြားဘာ မှ တိုးတက်ပြောင်းလဲလာတာ မရှိပါဘူးလို့ အဲဒီနယ်မြေက အမျိုးသမီးတွေက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေတာဟာ လျော့နည်းသွားခြင်း မရှိဘဲ ပိုလို့သာ တိုး ပွားလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက မြန်မာ့တပ်မတော်က တပ်သား(၃)ဦးက လားရှိုးခရိုင်၊ မိုင်း ယော်မြို့နယ်၊ ပန်ဝို့ကျေးရွာနေ တအာင်း(ပလောင်)အမျိုးသမီး(၄)ဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ တ အာင်း အမျိုးသမီးအဖွဲ့ကပြောခဲ့ပါတယ်။

“ မြန်မာတပ်သား(၃)ယောက်က ရွာထဲဝင်လာပြီး သူတို့ (အမျိုးသမီးများရှိနေသောအိမ်) အိမ်ထဲဝင်သွားတယ်။ သူ တို့ကို မုဒိမ်းကျင့်ဖို့ ကြံစည်အားထုတ်ခဲ့တယ်။ ဒါပေမယ့် သူတို့အကြံအစည်က အထမမြောက်ခဲ့ဘူး။ အမျိုးသမီး တွေက ထွက်ပြေးသွားခဲ့တယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ  လွေးပိုးကမေးခြိုဝ်းက ပြောပြခဲ့တာဖြစ်ပါ တယ်။

တပ်မတော်သား(၃)ဦးရဲ့ နှောက်ယှက်မှုကိုခံရတဲ့ အမျိုးသမီး(၄)ဦးမှာ (၂)ဦးက ညီအစ်မဖြစ်ပြီး ကျန်(၂)ဦးကတော့ အိမ်ကိုအလည်လာတဲ့ အမျိုးသမီးများဖြစ်တယ်လို့ လွေးပိုးကမေးခြိုဝ်းက ပြောပြပါတယ်။

နောက်ပိုင်းမှာတော့ ညီအစ်မ(၂)ဦးဟာ ရွာထဲမှာ မနေရဲတော့ဘဲ ရှောင်ပုန်းနေရတဲ့အခြေအနေရှိပြီး ကျန်(၂)ဦး ကတော့ ရွာမှာဆက်လက်နေထိုင်နေပေမယ့် တအာင်းအမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ဆက်သွယ်မေးမြန်းမှုတွေကို မဖြေကြားတော့ဘူးလို့ သူက ဆိုပါတယ်။

“လုံခြုံရေးအရ  သူတို့က ကြောက်နေကြတယ်။ တဖက်မှာလည်း စစ်သားတွေကို ကြောက်နေရတာတမျိုး၊ တဖက် မှာလည်း ဖခင်ကို ကြောက်ရတာတမျိုးနဲ့ အခုတော့ ဘာပဲမေးမေး မဖြေရဲကြတော့ဘူး” လို့ လွေးပိုးကမေးခြိုဝ်းက ဆိုပါတယ်။

“ ဒီအဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ရွာမှာ ဥက္ကဌတွေ၊ အုပ်ချုပ်ရေးမှူးတွေ ရှိပေမယ့် ဒီလိုပြဿနာဖြစ်လာရင် နောက် ဆက်တွဲပြဿနာတွေ ဆက်ဖြစ်မှာကို စိုးရိမ်မှုတွေ ရှိကြတယ်လေ” လို့  လွေးပိုးကမေးခြိုဝ်းက ပြောပါတယ်။

ဒါကြောင့် ပဋိပက္ခဒေသအတွင်းမှာနေထိုင်တဲ့ အမျိုးသမီးများအကြမ်းဖက်ခံရမှုက နေရာတိုင်းမှာ ဖြစ်ပွားနေတယ် လို့ ရှမ်းပြည်နယ်က အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက ပြောဆိုနေကြတာပါ။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ မိန်းကလေးငယ်(၂)ဦးကို  စစ်သားက မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့ရာမှာ ကလေး များက အော်လိုက်တဲ့အတွက် လွတ်မြောက်သွားတဲ့ အဖြစ်အပျက်လည်း ရှိတယ်လို့ လွေးပိုးကမေးခြိုဝ်းက ဆိုပါ  တယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာထဲမှာ တအာင်း(ပလောင်)လွတ်လပ်ရေးတပ်မတော်(TNLA)က စစ်သား(၂)ဦးက ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာ၊ အလယ်တန်းကျောင်းအုပ်ဆရာမကြီးကို အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ အဖြစ် အပျက်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခနယ်မြေဒေသအတွင်း ဘယ်တပ်ဖွဲ့မဆို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေ ဆက်မဖြစ်အောင် ထိရောက်တဲ့အရေးယူမှုတွေလိုနေပြီလို့  ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေတဲ့အမျိုးသမီး အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားရင် ပထမဦးဆုံး အမျိုးသမီးတွေသာ ထိခိုက်နစ်နာမှု အများဆုံးကြုံရတယ်လို့ လီဆူးအမျိုးသမီး ကွန်ယက် (ရှမ်းပြည်မြောက်ပိုင်း) တာဝန်ခံ ဒေါ်ခင်စန်းမြင့်ကလည်း အခုလိုပြောပါတယ်။

“ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ အများ ကြီးပါပဲ၊ ကျမတို့ကိုယ်တိုင် မသိနိုင်တာ၊ သတင်းမီဒီယာတွေဆီ မရောက်နိုင်တာ၊ မြို့နဲ့ လမ်းပန်းဆက်သွယ်ရေး တအားပြတ်တဲ့နေရာတွေမှာလည်း အများကြီးရှိပါတယ်” လို့ ဒေါ်ခင်စန်းမြင့်က ဆိုပါတယ်။

စစ်ပွဲကြောင့်ထွက်ပြေးလာသော ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင် အမျိုးသမီးများပုံ (ဖေဖော်ဝါရီလ၊ ၂၀၁၈) Photo Credit: တအာင်း အမျိုးသမီးအဖွဲ့အစည်း

“ဒါတွေကို ကျမတို့အစိုးရက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့နဲ့ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာ ကွယ်ရေး ဥပဒေတွေ ထိထိမိမိ လုပ်ဆောင်သင့်ပါပြီ” လို့ဒေါ်ခင်စန်းမြင့်က ဆက်ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ နယ်မြေတွေမှာ အမျိုးသမီးတွေ အခက်အခဲများစွာကြုံနေကြရပြီး အဓိက တိုက်ပွဲတွေ ဖြစ်ပွား လာရင် စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးနဲ့ ပညာရေးက ပိုပြီးခက်ခဲတဲ့အကြောင်း ဒေါ်ခင်စန်းမြင့်က ဆိုပါ တယ်။

“ ပဋိပက္ခနယ်မြေတွေမှာ အသက်ကြီးသူတွေကိုတောင် မုဒိမ်းမှုကျင့်တာတွေကြားရပါတယ်။ အသက်ကြီးသူတွေ ကိုတောင် မရှောင်ဘူးဆိုတော့  အမျိုးသမီးတွေ လုံခြုံရေးက တနေ့တခြားဆိုးဝါးလာတာကို ပြနေတာပဲ” လို့ ကချင် လူငယ်အဖွဲ့မှ မိုင်းမိုင်က ပြောပါတယ်။

တိုင်းရင်းသားနယ်မြေတွေမှာ၊ ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ၊ နေထိုင်တဲ့ အမျိုးသမီးတွေအနေနဲ့ တခုခုဖြစ်ပွား လာရင် တိုင်ကြားဖို့ အခက်အခဲအများကြီးရှိပြီး အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု တွေ ကြုံလာရရင် ပတ်ဝန်းကျင်တွေက အမျိုးသမီးတွေကိုသာ အပြစ်တင်နေတဲ့ကိစ္စကိုလည်း ရပ်တန်းက ရပ်သင့် ပြီလို့ မိုင်းမိုင်က ထောက်ပြပါတယ်။

“အမျိုးသမီးတွေကိုယ်တိုင် အကြမ်းဖက်ခံရရင် ပြောရမှာ ရှက်တာတွေ၊ ကြောက်တာတွေ ရှိနေတုန်းဘဲ။ နောက်ပြီး အမျိုးသမီးအချင်းချင်း ဖေးမမှုတွေ မရှိတာကလည်း သိပ်ဆိုးဝါးတယ်” လို့ မိုင်းမိုင်က ဆိုလိုက်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုခံရရင် တိုင်ကြား ဖို့ ခက်ခဲသလို၊ တိုင်ကြားပြန်ရင်လည်း အဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကူညီဖို့ အခက်အခဲရှိပါတယ်လို့  မိုင်း မိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသများမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲကို ပြောပြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅)ကို သဘောတူညီထားတဲ့ နိုင်ငံ တနိုင်ငံလည်းဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ထဲမှာတော့ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် တွေအပေါ် ကျူးလွန်တဲ့ လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ဆိုတာ အချက်တခုအနေနဲ့ပါဝင်တာပါ။

အထူးသဖြင့် မုဒိမ်းပြုကျင့်မှုနဲ့ လိင်အခြေပြုအခြားနည်းတွေနဲ့ မတရားပြုကျင့်မှုတွေက အကာအကွယ်ပေးဖို့၊ အထူး ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အုပ်စုတွေအားလုံးကို တိုက်တွန်းတောင်း ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဆုံးဖြတ်ချက်အမှတ်(၁၃၂၅)ကို သဘောတူထားပေမယ့် လက်ရှိ မှာတော့ ပဋိပက္ခထဲက အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် မလုပ်ဆောင်နိုင်တာ၊ အစိုးရရဲ့လုပ်ဆောင်နိုင်မှုတွေ အားနည်းနေတာ၊ ဥပဒေအရ ကာကွယ်ပေးဖို့ အားနည်းနေတာတွေ ဖြစ်နေပါတယ်လို့ အမျိုးသမီးအရေးဆောင် ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

“ တပ်တွေအားလုံးက ပြည်သူအတွက်လို့ပြောပြီး ပြည်သူကို တကယ်မကာကွယ်ရင်၊ ပြည်သူကို ခြိမ်းခြောက်နေ ရင်၊ ပြည်သူတွေက ဘယ်လိုရုန်းကန်ရှာဖွေစားသောက်ရမှာလဲ၊ ဒါတွေကိုယ်ချင်းစာဖို့လိုပါတယ်” လို့ လီဆူး အမျိုး သမီးကွန်ယက်က ဒေါ်ခင်စန်းမြင့်က ပြောပါတယ်။

“ ဥပဒေကို အကောင်အထည်ဖော်နိုင်ဖို့ အစိုးရကလည်း ထိထိရောက်ရောက်ကိုင်တွယ်မယ်ဆိုရင် အခုလိုအဖြစ်အ ပျက်တွေ လျော့နည်းသွားမယ်လို့ ကျမထင်ပါတယ်” တအာင်းအမျိုးသမီးအဖွဲ့မှ လွေးပိုးကမေးခြိုဝ်းကလည်း ပြောပါတယ်။

အစိုးရအနေနဲ့ ဥပဒေကိုလိုက်နာဖို့ ဖြစ်လာရင် ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ထပ်လောင်း ပြောပါတယ်။

အခုရက်ပိုင်း ဖေဖော်ဝါရီ(၇)ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နဲ့ နမ့်ဆမ်မြို့နယ်အကြား ရှမ်း ပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားနေသလို ဖေဖော်ဝါရီလ ပထမပါတ်အတွင်းမှာလည်း TNLA ဟာ တပ် မတော်နဲ့  တိုက်ပွဲတွေဖြစ်ပွားရာမှာ တပ်မတော်ဖက်က ရဟတ်ယာဉ်(၂)စီးနဲ့ လာရောက်ပစ်ခတ်မှုရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို အပြစ်မဲ့ပြည်သူတွေ ပိတ်မိပြီး ဒုက္ခရောက် နေကြရပါတယ်။

ဒီလိုပြင်းထန်တဲ့ပဋိပက္ခတွေ ဖြစ်ပေါ်ရင် ဒီတိုက်ပွဲတွေအတွင်းမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေရဲ့အခက်အခဲ တွေကို ကူညီဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ကာကွယ်ပေးဖို့ အစိုးရအနေနဲ့ အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ရှမ်းပြည်နယ်၊ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက တောင်းဆိုလိုက် ပါတယ်။ လွေးပိုးကမေးခြိုဝ်းကတော့ အခုလိုပြောဆိုလိုက်ပါတယ်။

“ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အများဆုံးခံရတာ အမျိုးသမီးတွေပါပဲ။ စစ်ဖြစ်ပြီဆိုရင် အမျိုးသမီးတွေပဲ ထိပ်ဆုံးက ဒုက္ခရောက်တာပါ။ ဒါတွေက အစဉ်အလာလိုဖြစ်နေပါပြီ။ တကယ်ငြိမ်းချမ်းရေးရမှ ဒီလိုဒုက္ခတွေ ကင်း ဝေးသွားမယ်လို့ ကျမမြင်ပါတယ်။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက ကျမတို့အမျိုးသမီးတွေပါ”

Related Articles