Home သတင်း ၀င်ပေါက်တွေကို ပိတ်ထားတဲ့ ငြိမ်းချမ်းရေးတံခါး

၀င်ပေါက်တွေကို ပိတ်ထားတဲ့ ငြိမ်းချမ်းရေးတံခါး

Photo: မဖွေးယုမွန်

ခက်ဆစ်။       ။

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အနည်းဆုံး (၃၀)ရာခိုင်နှုန်းပါဝင်နိုင်ဖို့ ကြိုးစားနေကြသလို တဖက်မှာလည်း နောင်တချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ကြမယ့် အနာဂတ်မျိုးဆက်သစ် အမျိုး သမီး လူငယ်တွေကို မွေးထုတ်နိုင်ဖို့အတွက် အမျိုးသမီးအဖွဲ့အစည်းတွေက လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရေရှည်သွားရမယ့်လုပ်ငန်းစဉ်ဖြစ်သလို အခုလက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အမျိုးသမီးအရေအတွက်က အလွန်နည်းပါးနေတာကြောင့် အမျိုးသမီးဦးရေ ပိုမိုပါဝင်လာအောင် လုပ်ဆောင်ရမှာဖြစ်ပြီး လက်ဆင့်ကမ်းတာဝန်ယူကြမယ့် အမျိုးသမီးငယ်တွေကိုလည်း အခုချိန်ကတည်းက လက်တွဲခေါ်ယူသွားရမှာဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြော ပါတယ်။

“အခုလက်ရှိပါဝင်နေတဲ့ အမျိုးသမီးတွေ အားကောင်းဖို့အတွက် အနောက်ကနေ လူငယ်အမျိုး သမီးတွေ ထောက်ကူပေးရမှာဖြစ်တယ်။ လက်ရှိအမျိုးသမီးခေါင်းဆောင်တွေရဲ့ လုပ်ဆောင်မှုတွေ၊ ခိုင်မာမှုတွေ ရဖို့ဆိုရင် အနောက်ကလည်း ပံ့ပိုးပေးရမှာဖြစ်သလို လူငယ်အမျိုးသမီးတွေကလည်း လုပ်ရင်းနဲ့ အရည်အချင်း ပြည့်ဝလာမယ်ဆိုရင် တချိန်ချိန်မှာ သူတို့အထောက်အကူပေးခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်ကြီးတွေရဲ့နေရာကို လက်ဆင့်ကမ်းယူမယ့်သူတွေဖြစ်လာမှာပါ။ အမျိုးသမီးငယ်တွေကို များများမွေးထုတ်ဖို့လိုအပ်နေပါတယ်”  လို့ ငြိမ်းဖောင်ဒေးရှင်းက ဒေါ်နန်ရှန်ကပြောပါတယ်။

ပြီးခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးပါဝင်မှုနှုန်းကတော့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံမှာ (၇)ရာခိုင်နှုန်း၊ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ အစိုးရသစ်လက်ထက် ၂၁ ရာစုပင်လုံ၊ ပထမအစည်းအဝေးမှာ (၁၃)ရာခိုင်နှုန်းနဲ့ တတိယအကြိမ်ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ၊ ၂၁ရာပင်လုံ ဒုတိယအစည်းအဝေးမှာ (၁၇)ရာခိုင်နှုန်းပါဝင်လာတာကို တွေ့ရပါတယ်။

ဒါကြောင့် နောက်ထပ်ကျင်းပမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာဖို့ မျှော် လင့်နေကြသလို အရည်အချင်းရှိပြီး ပါဝင်ဆွေးနွေးနိုင်မယ့် အမျိုးသမီးငယ်တွေကိုလည်း အတွေ့အကြုံရှိ အောင် နေရာပေးပါဝင်နိုင်စေဖို့ လိုအပ်နေတယ်လို့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးထံ အမျိုးသမီးတို့ အသံ ဆွေးနွေးပွဲမှာ အမျိုးသမီးထုက တိုက်တွန်းထားပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့အမျိုးသမီးတွေဟာ အရည်အချင်းရှိပြီး အတွေ့အကြုံ ရင့်ကျက် သူတွေလည်းဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာကတည်းက ရဲရဲရင့်ရင့်ပါဝင်ခဲ့ကြသလို အခုချိန်မှာလည်း ငြိမ်း ချမ်းရေးလုပ်ငန်းတွေကို တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေကြသူတွေဖြစ်ပါတယ်။

ဒါပေမယ့် ပါဝင်နေတဲ့အမျိုးသမီးတွေဟာ အတွေ့အကြုံရှိတဲ့ အသက်အရွယ်အရ အနည်းဆုံး (၅၀) အထက် လူနည်းစုဖြစ်ပြီး ပါဝင်နေတဲ့အစုအဖွဲ့တွေအနေနဲ့ လက်ဆင့်ကမ်းသယ်ဆောင်မယ့် လူငယ်အမျိုး သမီးမျိုးဆက်ကိုလည်း အစီအစဉ်တကျ ပြုစုပျိုးထောင်မှုတွေ မတွေ့ရလို့ အမျိုးသမီးလူငယ်များ ခေါင်း ဆောင်မှုနေရာမှာ ပါဝင်လာနိုင်မယ့် အခြေအနေနဲ့ အခွင့်အလမ်းတွေ အင်မတန်နည်းပါးနေပါတယ်။

Photo: မဖွေးယုမွန်

“လူငယ်တွေရဲ့အားကို အသုံးချလို့ရတယ်။ လူငယ်တွေသည် Human Resource ဖြစ်တယ်။ အခု လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာဆိုရင် လူငယ်တွေရဲ့အခန်းကဏ္ဍကို အများကြီးဖွင့်သင့်ပြီ။ ဘာလို့လဲဆိုတော့ နောက်ဆယ်နှစ်နေရင် ဒီလူငယ်တွေကပဲ ပြန်ဦးဆောင်ရတော့မှာ။ အဲဒီတော့ ဒီလူငယ်တွေက ဒီဖြစ်စဉ်ကို ဂဃနဏအတွေ့အကြုံမရှိထားဘူးဆိုရင် နောက်တစ်ခါပြန်တည်ဆောက်ယူနေရမှာ။ အဲဒီတော့ လူငယ်တွေ အ မျိုးသမီးတွေကို နေရာပေးတာနဲ့အတူ အတွေ့အကြုံတွေကို ပေးယူစေတာလည်း အများကြီးလိုအပ်တယ်” လို့ လူငယ်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုတက်တက်ကြွကြွလုပ်ဆောင်နေသူ မဖွေးယုမွန်က ပြောပါတယ်။

လက်တွေ့မှာ အမျိုးသမီးငယ်တွေပါဝင်ဖို့အတွက် အတားအဆီးတချို့လည်း ရှိနေပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေကသာ ပကတိမြေပြင်အခြေအနေမှာ တွေ့ကြုံခံစားနေရတဲ အမျိုးသမီးတွေရဲ့အသံကို ယူ ဆောင်လာနိုင်တာဖြစ်ပြီး အမျိုးသမီးထုအများဆုံးပါတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အသံဟာလည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေဆီရောက်ဖို့ အခက်အခဲရှိနေပြန်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ပြည်နယ်အဆင့်၊  ပြည်ထောင်စုအဆင့်၊  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကိုယ် စားပြုဆွေးနွေးနိုင်ဖို့အတွက် အရည်အချင်းပြည့်မီဖို့သာမက အတွေအကြုံသက်တမ်းတွေကို မူဝါဒတွေအရ ကန့်သတ်ထားတာဟာလည်း နောက်ထပ်ပါဝင်လာမယ့် အမျိုးသမီးငယ်တွေအတွက် အဟန့်အတား ဖြစ်စေပါ တယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ အစိုးရဘက်ကရော၊ ပါတီတွေမှာဖြစ်ဖြစ် အမျိုးသမီးနဲ့ပတ် သက်တဲ့ ဘာမူဝါဒ ဘာပေါ်လစီမှ မရှိနေဘူး။ အမျိုးသမီးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး မူတွေမရှိဘူး။ သူတို့ ပါတီရဲ့ စည်းမျည်းစည်းကမ်းတွေအရလည်း အမျိုးသမီးပါဝင်ဖို့ ခက်တယ်။ ဥပမာဆိုရင် တော်လှန်ရေးသက် တမ်း အနည်းဆုံး(၁၀)နှစ်ရှိမှ (၁၅)နှစ်ရှိမှ၊ အဲဒီလိုတွေပဲများတယ်။ ဥပမာ ကေအန်ပီပီဆိုလည်း အနည်းဆုံး အဖွဲ့ဝင်အဖြစ်(၁၅)နှစ်လား၊ ပြီးတော့  တော်လှန်တဲ့ကာလက အနည်းဆုံး(၁၀)နှစ်ရှိရမယ် စသဖြင့်ပေါ့။ အဲဒီလို မျိုး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း အမျိုးသမီးလူငယ်တွေ ပါဝင်ဖို့ခက်ခဲစေတယ်” လို့ ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့တဲ့ ကယန်းအမျိုးသမီးအစည်းက မူအန်ဂျလာက ပြောပါတယ်။

အခုလို မူဝါဒပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေဟာ အမျိုးသမီးပါဝင်မှုအတွက် အခက်အခဲဖြစ်စေသလို စည်းမျဉ်းစည်းကမ်းအရ ပါဝင်နိုင်တဲ့သူတွေကျတော့လည်း တချိန်ကတော်လှန်ရေးကာလမှာပါဝင်ခဲ့တဲ့ အမျိုး သမီးတွေဖြစ်ခဲ့ပေမယ့် ဓလေ့ထုံးစံတွေအရ အိမ်ထောင်ကျပြီး၊ မိသားစုအရေးကို အဓိကလုပ်ခဲ့ရသူတွေဖြစ်လို့ အခုလက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လိုက်မီနိုင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။

တချို့အမျိုးသမီးပါတီဝင်တွေဟာ အသက်(၂၀)ကျော်အရွယ်ကတည်းက တော်လှန်ရေးမှာ ပါဝင်ခဲ့ပေ မယ့် အိမ်ထောင်ကျပြီးတဲ့အခါ ခင်ပွန်းသည်အတွက် အနောက်ကနေ ကူညီထောက်ပံ့ပေးသူအဖြစ်သာ ရပ် တည်ခဲ့ရပြီး အသက် (၄၀)ကျော်မှသာ ပါတီမှာ ဗဟိုကော်မတီဝင်ဖြစ်လာခဲ့ပါတယ်။ နှစ်ပေါင်း (၂၀)ကျော် အ ဆက်ပြတ်ခဲ့တဲ့ ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ဦးဆောင်ရတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်လည်ရပ်တည်နိုင်ဖို့ ဒီအမျိုးသမီးတွေအနေနဲ့ ခက်ခက်ခဲခဲရုန်းကန်နေကြရပြီး ဒီလိုဆက်လက်တာဝန်ယူချင်တဲ့ အမျိုးသမီးတွေ ရှားပါးနေတာကိုလည်း တွေ့ရပါတယ်။

Photo: မဖွေးယုမွန်

“အဖီးက အခုအသက်(၆၄)နှစ်ရှိပြီ။ တော်လှန်ရေးမှာနှစ်(၄၀)ကျော်ပြီလေ။ အဖီးတို့က နောက်မှာပဲ နေတော့မယ်။ လူငယ်ပိုင်းတွေပဲ ဆက်လုပ်ကြပေါ့။ အသက်လည်းကြီးလာပြီ။ ဦးနှောက်ကလည်း မရတော့ ဘူးဆိုတော့ နားချင်ပြီ။ နားနားနေနေနေဖို့ ဒါပေမယ့် လူကလည်းမရှိတော့ လုပ်နေရသေးတယ်။  အမျိုးသမီး တွေကို များများလုပ်စေချင်တယ်။ နောက်ပိုင်းအမျိုးသမီးတွေက ကိုယ်နဲ့တအားကြီးကွာဝေးသွားတယ်လေ။ ကိုယ့်မြေးအရွယ်တွေလောက်ဖြစ်နေတာပေါ့။ ကိုယ်ကလုပ်တော့လုပ်လာတာပဲ။ ကိုယ့်ကိုကိုယ်တော့ သိပ် အားမရဘူးပေါ့” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သူ နော်ဒေးဒေးဖောက ပြောပါတယ်။

အမျိုးသမီးတွေပါဝင်ဖို့အတွက် အရည်အချင်းပြည့်မီဖို့ လိုအပ်တယ်လို့ ဝေဖန်ထောက်ပြ ပြောဆိုလေ့ရှိကြတာ ကြောင့် အမျိုးသမီးတွေကိုယ်တိုင် အရည်အချင်းပြည့်မီအောင် ကြိုးစားလေ့လာနေချိန်မှာ လက်တွေ့လုပ် ဆောင်နိုင်ဖို့အတွက် ခေါင်းဆောင်ပိုင်းနေရာမှာ မြောက်များစွာပါဝင်နေတဲ့ အမျိုးသားတွေရဲ့ လက်တွဲခေါ်ယူမှု ကလည်း အရေးပါလှပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးငယ်တွေအတွက် စွမ်းရည်မြင့်သင်တန်း၊ နိုင်ငံရေးသင်တန်း၊ ငြိမ်းချမ်းရေးအမြင်ဖွင့်သင်တန်း စတဲ့ သင်တန်းတွေကို ပေးနေပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးလူငယ်တွေ ရှိလာပေမယ့်လည်း လက်တွေ့မှာ အတွေ့အကြုံပိုင်းအရတော့ လိုအပ်နေပါသေးတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံးက အတွင်းရေးမှူး မမီးမီးက ပြောပါတယ်။

“ အမျိုးသမီးတွေကိုယ်တိုင်ကအရည်အချင်းရှိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့၊ စကားဝိုင်းမှာ စကားဝင် ပြောမယ်။ ချက်ချင်းလည်း ပြောနိုင်တဲ့အရည်အချင်းရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ မူပေါ်လစီတွေနဲ့ မကိုက်ညီရင် လည်း ပြောလို့မရပြန်ဘူး။ အဲဒီလိုတွေရှိတယ်” လို့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အတွင်းရေးမှူး မမီးမီး က ပြောပါတယ်။

လူငယ်ဖြစ်လို့ နေရာပေးခြင်းမခံရတာနဲ့ အမျိုးသမီးဖြစ်လို့ အထင်သေးခြင်းခံရတာတွေဟာ နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမျိုးသမီးလူငယ်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးငယ်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်အမြင်သဘောထားတွေ ကို ထုတ်ဖော်ပြောဆိုခွင့်မရှိတာ၊ အမျိုးသမီးငယ်တွေကိုယ်တိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ပြောဆိုဆွေး နွေးဖို့ မဝံ့မရဲဖြစ်တာ စတဲ့အနေအထားတွေကို တွေ့ရပါတယ်။

 “ ဒုတိယအကြိမ် ၂၁ ပင်လုံမှာဆိုရင် အင်တာဗျူးလုပ်နေကျမဟုတ်တဲ့ အမျိုးသမီးငယ်တွေ ရှာကြည့်တယ်။ နည်းတယ်။ တွေ့ပေမယ့်လည်း သူတို့က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း မပြောနဲ့၊ သူတို့ရဲ့ငြိမ်းချမ်း ရေးအပေါ်ထားရှိတဲ့ ကိုယ်ပိုင်သဘောထားကိုတောင် သူတို့ဖြေဆိုခွင့်၊ ပြောကြားခွင့် မရှိနေတာကို တွေ့ရ တယ်။ သူတို့ကို ဖြေပိုင်ခွင့် မပေးထားဘူးဆိုတာမျိုးတွေပေါ့။ ၂၁ ပင်လုံမှာတော့ ပါဝင်တာပဲ။ ဒါပေမယ့် သူတို့ အသံကို ထုတ်ဖော်ခွင့်ရှိ မနေဘူး”  လို့ ၂၁ ရာစုပင်လုံညီလာခံမှာ အမျိုးသမီးတွေရဲ့အသံကို မေးမြန်းဖို့ သွားရောက်ခဲ့တဲ့ အမျိုးသမီးသတင်းထောက် မထက်ထက်က သူမရဲ့အမြင်ကိုပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝင်ရောက်ဆွေးနွေးနိုင်ဖို့ဆိုတာ အခုချိန်ကတည်း က အမျိုးသမီးလူငယ်တွေကို နေရာပေးဖို့ လိုအပ်နေပြီး သူတို့ကို အတွေ့အကြုံရယူစေဖို့ အရေးပါတဲ့ကာလ ရောက်ရှိနေပြီဖြစ်ပါတယ်။ အရည်အချင်းရှိနေပမယ့် အတွေ့အကြုံပေးနိုင်မယ့်အခွင့်အလမ်းမျိုး မဖွင့်ပေးခဲ့ရင် လည်း လိုအပ်ချက်တွေက ရှိနေမှာပါ။

နိုင်ငံရေး၊ ငြိမ်းချမ်းရေးလို့ပြောလိုက်ရင် အမျိုးသားတွေနဲ့သာ သက်ဆိုင်ပြီး အမျိုးသမီးတွေနဲ့ မသက်ဆိုင် ဘူးဆိုတဲ့အမြင်တွေဟာလည်း အမျိုးသမီးပါဝင်ဖို့ကို နှောင့်နှေးစေပါတယ်။ တိုက်ပွဲမှာ နှစ်ဖက်တိုက်နေတာဟာ အမျိုးသားတွေသာဖြစ်ပေမယ့် ဒုက္ခတွေ၊ အခက်အခဲတွေကို ခံစားရတာကတော့ အမျိုးသား၊ အမျိုးသမီး မခွဲခြားပဲ ကလေးသူငယ်တွေပါ ပါဝင်နေရတာဖြစ်ပြီး ကိုယ်ဝန်ဆောင်တွေ၊ မီးနေသည်တွေ၊ ကလေးမိခင် တွေရဲ့ အခက်အခဲကတော့ စစ်ပွဲတွေမှာ အကြီးမားဆုံးဖြစ်နေတဲ့အပြင် လိင်အကြမ်းဖက်မှုတွေကိုပါ အမျိုး သမီးတွေကသာ ခံစားနေရတာမို့ ဆွေးနွေးပွဲတွေမှာ အမျိုးသားတွေပဲ ဦးဆောင်ဆွေးနွေးတာထက် အမျိုးသမီး တွေပါ ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ပိုမိုညှိနှိုင်းအဖြေရှာနိုင်မယ်လို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက ယုံ ကြည်ထားကြပါတယ်။

Photo: မဖွေးယုမွန်

“တဖက်ကကြည့်ရင် စစ်ပွဲကိုဖန်တီးနေတာက ယောကျ်ားတွေ၊ ဘယ်အမျိုးသမီးကမှ စစ်ပွဲကြီးတွေ ဖြစ် ဖို့ လက်နက်ဆွဲကိုင်ပြီး ဦးဆောင်တိုက်နေတာမဟုတ်ဘူး။ ဒါပေမယ့်စစ်ပွဲရဲ့ရလာဒ်တွေကိုကြည့်ရင် ကလေး တွေနဲ့အမျိုးသမီးတွေ ပိုဒုက္ခဖြစ်တယ်။ အဲ့ဒါကြောင့် စစ်ပွဲနဲ့အမျိုးသမီးက တိုက်ရိုက်ကို ဆက်စပ်နေတယ်။ အဲဒီတော့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်မှုအပိုင်းမှာ ပိုမိုပါဝင်လာခြင်းအားဖြင့် နှစ်ဖက်တိုက် နေတဲ့ အမျိုးသားတွေလည်း နည်းနည်းတော့ ပြန်သုံးသပ်နိုင်မလားလို့လဲ မြင်မိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စားပွဲဝိုင်းထိုင်ကြတဲ့အခါ အမျိုးသားတွေချည်းပဲ ထိုင်နေကြရုံနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ခေါင်းဆောင်မှုပိုင်းမှာ အမျိုးသမီးတွေကို တန်းတူထားခြင်းအားဖြင့် လူ့သဘောသဘာဝမှာ အမျိုးသား၊ အမျိုး သမီးဆိုတဲ့နေရာမှာ တန်းတူရှိခြင်းအားဖြင့် ပြဿနာတွေကို တော်တော်များများ ဖြေရှင်းနိုင်မယ်လို့မြင်တယ်” လို့ ပင်လုံမြို့မှာကျင်းပ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်နဲ့တွေ့ဆုံတဲ့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးလူငယ်မဖွေးယုမွန်ကပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေရဲ့အခန်းကဏ္ဍကို အတွေ့အကြုံကန့်သတ်ချက်တွေနဲ့ ပိတ်ပင်တားဆီးထား သလို အမျိုးသမီးတွေရဲ့ကိုယ်စားပြုပါဝင်မှုတွေကိုလည်း အရည်အချင်းနဲ့ အတွေ့အကြုံဆိုတဲ့အချက်တွေနဲ့  ထပ်မံတားဆီးခံနေရတဲ့ အခြေအနေနှစ်ရပ်စလုံးကို အမျိုးသမီးလူငယ်တွေက တပြိုင်နက်တည်း ရင်ဆိုင်နေကြ ရတာပါ။

ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်သယ်ဆောင်သွားဖို့ ခေတ်သစ်အမျိုးသမီးလူငယ်တွေဟာ အရည် အချင်းပြည့်မီအောင် ကြိုးစားနေကြသလို လူငယ်တွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့အသံကို ကိုယ်စားပြုနိုင်ဖို့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးလူငယ်တွေကို အခုချိန်မှာ အတွေ့အကြုံရယူစေခြင်းဟာ နောင်တချိန် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး အမျိုးသားများသာပါဝင်တဲ့ မပြည့်စုံတဲ့ ဖြစ်စဉ်တခုအဖြစ်ကနေ ပိုမိုထိရောက်ပြီး ရေရှည်မှာ ခွန်အားသစ်တွေကို သယ်ဆောင်လာပေးနိုင်တဲ့ အား ကောင်းတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို ပြောင်းလဲနိုင်မှာဖြစ်တယ်လို့ အမျိုးသမီးလူငယ်တွေက ထုတ်ဖော်ပြော ဆိုနေကြတာဖြစ်ပါတယ်။

 

Related Articles