Home သတင်း ကျေးလက်နေအမျိုးသမီးများ အခွင့်အရေး ချိုးဖောက်မှုများ ပိုခံနေရ မျက်ကွယ်ပြုခံရသောအခွင့်အရေးနှင့် ရုန်းကန်မှုများ အစီရင်ခံစာထုတ်ပြန်

ကျေးလက်နေအမျိုးသမီးများ အခွင့်အရေး ချိုးဖောက်မှုများ ပိုခံနေရ မျက်ကွယ်ပြုခံရသောအခွင့်အရေးနှင့် ရုန်းကန်မှုများ အစီရင်ခံစာထုတ်ပြန်

 

Jpeg

ပစ်တိုင်းထောင်မ (ရန်ကုန်)။          ။

ကျေးလက်နေအမျိုးသမီးများသည် သာမန်ပြည်သူများထက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး အုပ်ချုပ်ရေးအပိုင်းတွင်လည်း ခွဲခြားခံရမှုများရှိနေ သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း တွေ့ရှိရသောအမျိုးသမီးများ၏ အတွေ့အကြုံများကို အခြေခံပြီး “မျက် ကွယ်ပြုခံရသော အခွင့်အရေးနှင့် ရုန်းကန်မှုများ”ဟု အမည်ပေးထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျေးလက်နေ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုဟာဆိုရင် သာမန်ပြည်သူတွေထက်စာရင် ပိုပြီးတော့ သက်ရောက်မှုရှိတယ်၊ ပိုပြီးထိခိုက်နစ်နာမှု တွေရှိတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလည်း အမျိုးသမီးတွေဟာ ခွဲခြားခြင်းခံရတယ်။ တကယ်တမ်းကျ အမျိုးသားတွေက ပဋိပက္ခပြီးတဲ့နောက်ပိုင်း မှာ ရပ်ရွာကို ပြန်ရောက်လာတယ်။ စစ်ပဋိပက္ခဖြစ်တဲ့အချိန်မှာ ရွာကနေ ရှောင်ပုန်းနေကြရတယ်။ အမျိုးသမီးတွေပဲ ရပ်ရွာတာဝန်ကို ထမ်းဆောင် ခဲ့ရတာ။ တကယ်တမ်း သူတို့ပြန်ရောက်လာတော့ ရွာသူကြီးရွေးတော့မယ်ဟေ့ဆိုရင် အမျိုးသမီးတွေကို ဖယ်လိုက်ကြတယ်။ အမျိုးသားကိုပဲ ရွေးကြ တယ်။ နောက်ပြီးတော့ ကျမတို့တွေ့ရှိချက်အရ အစိုးရကနေ တိုက်ရိုက်ရွေးချယ်တဲ့ ရွာသူကြီးတွေရှိလာတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေဟာ ပိုလို့နေရာ မရကြဘူး” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ စီမံကိန်းဒါရိုက်တာနော်ထူးထူးကပြောသည်။

အစီရင်ခံစာမှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအချို့ကို အဓိကထားလေ့လာထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတဝှမ်းလုံးရဲ့ အခြေအနေကို ထင် ဟပ်မှုရှိသည်ဟု အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးဖြစ်သော Women Can Do It (WCDI) မှာ ပရိုဂရမ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသည့် နော်အေးအေးလှိုင်က ပြောသည်။

“အစီရင်ခံစာက မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအားလုံးကို ထင်ဟပ်တယ်။ မြန်မာပြည်ရဲ့အရှေ့တောင်ပိုင်းကို အထူးပြုသုတေသနပြုလုပ်တယ်လို့ ပြောပေမယ့်လည်း မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုတယ်လို့ထင်တယ်”

Jpeg

အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (ဒူးပလာယာခရိုင်) အတွင်းက အမျိုးသမီးတစ်ဦးအား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးက အတင်းအဓမ္မပြုကျင့်မှုဖြစ်စဉ်ကိုလည်း ကိုးကားဖော်ပြထားသည်။

အဓမ္မပြုကျင့်ခံရသောမိန်းကလေး၏ ပြောပြချက်အရ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများထဲမှတစ်ဖွဲ့၏အဖွဲ့ဝင်ဖြစ်သော လက်နက်ကိုင်တစ်ဦးသည် သူမတစ်ဦးထဲရှိစဉ် အိမ်ပေါ်တက်လာခဲ့ကြောင်း၊ သူမကထွက်သွားရန် ပြောသော်လည်းထွက်မသွားပဲ။ သူမကို အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကေ အိတ်ချ်အာရ်ဂျီ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

Jpeg

အတင်းအဓမ္မ ပြုကျင့်ခံရသော်လည်း သူမအနေဖြင့် ရွာလူကြီးများကို မတိုင်ကြားရဲဖြစ်ရပုံကိုလည်း ဖော်ပြထားသည်။

“ကျမအရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒီကိစ္စကိုသွားတိုင်ဖို့ စဉ်းစားမိပေမဲ့ ကျမသွားတိုင်ရင် သူကျမကိုသတ်မှာ။ ကျမဒီအမှုကို ရွာသူကြီးဆီ တင်ပြ ရင် သူကြိုက်မှာလား၊ ကျမတကယ်တင်ပြရင် သူ့ဂုဏ်သိက္ခာကို စော်ကားတယ်ဆိုပြီး သူကျမကိုသတ်မယ်လို့ပြောမယ်ထင်တာဘဲ”

ကျားမအခြေပြု အကြမ်းဖက်မှုများခံခဲ့ရသော ကျေးလက်နေအမျိုးသမီးများသည်  ရွာသူကြီး၏ဂုဏ်သိက္ခာထိခိုက်မည်ကို ငဲ့ကွက်ရခြင်း၊ သူမကို အသက်အန္တရာယ်ပေးမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်းတို့ကြောင့် တိုင်ကြားမှု မပြုရဲကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ကျေးလက်အမျိုးသမီးများ၏ အခွင့်အရေးဆုံးရှုံးနေမှုများကို ကျန်းမာရေးနှင့် ပညာရေး၊ ကျား-မ ကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများ၊ ဘဝနေထိုင်ရေးနှင့် မြေယာသိမ်းဆည်းမှုများ၊ မြေမြှုပ်မိုင်းများ၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ ချိုးဖောက်မှု၊ အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများ၊ ဥပဒေမဲ့ အခွန်ကောက်ခံခြင်းနှင့် ငွေတောင်းခြင်း စသည့် ခေါင်းစဉ်များဖြင့် တင်ပြထားသည်။

လက်ရှိ အပစ်အခတ်ရပ်စဲရေး အခြေအနေကိုလည်း ကျေးလက်နေ အမျိုးသမီးများက စိတ်ချယုံကြည်မှု မရှိကြသေးကြောင်း အစီရင်ခံစာက ဆိုသည်။

မွန်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သည့်အသက်(၅၀)အရွယ်ရှိ အမျိုးသမီးတဦးမှ “ကျမအမြင်ကတော့ အစိုးရပြောတာ အားလုံးကို မယုံကြည်နိုင် သေးဘူး။ အစိုးရရော ကရင်အမျိုးသားအစည်းအရုံး(KNU)ရော သေနတ်ကိုင်ထားတာ ဟိုမှာဒီမှာ တွေ့နေရသေးတယ်။ သူတို့ကအရင်တုန်းက ရန်သူ တွေလေ။ အခုတော့သူတို့ငြိမ်းချမ်းရေးယူထားကြပေမယ့် ကျမမယုံကြည်နိုင်သေးဘူး။ သူတို့သေနတ်တွေ ဆက်မကိုင်တော့ဘူးဆိုရင်တော့ ကျမ ယုံကြည်နိုင်မယ်”

ကေအိတ်ချ်အာရ်ဂျီ၏ အစီရင်ခံစာတွင် အကြံပြုချက်များ ပါဝင်ပြီး အမျိုးသမီးများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရန် အစိုးရကို အကြံပြု ထားသည်ဟု နော်ထူးထူးကပြောသည်။

“ကျမတို့အကြံပြုတဲ့အထဲမှာ အမျိုးသမီးတွေခံစားနေရတဲ့ပြဿနာတွေကို ဥပဒေအရကာကွယ်ပေးဖို့ နောက်ပြီးတော့ အာဏာပိုင်တွေကနေ ကျား/မ ရေးရာအသိအမြင်ရှိမှသာလျှင်၊ သူတို့နားလည်သဘောပေါက်မှသာလျှင် အမျိးသမီးတွေကြုံတွေ့နေရတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို သွားရောက်တိုင်တန်းတဲ့အပေါ်မှာ တရားရုံးမှာ အလုပ်လုပ်နေတဲ့သူတွေ၊ အာဏာရှိတဲ့အစိုးရပိုင်းက ဒီကျားမရေးရာကို နားလည် ထားမှ လုံခြုံမှုရှိတဲ့ တရားရုံးတွေ တရားခွင်တွေကို ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့အမြင်တွေ ပိုပြီးတော့ တိုးတက်မြင့်မားလာမယ်လို့ ကျမတို့ယုံကြည် တယ်။ အဲဒါကြောင့် ကျမတို့က အကြံပြုထားတာပါ”။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) အနေနှင့် လွန်ခဲ့သည့်၂၀၀၆ ခုနှစ်တွင် “ဖိနှိပ်မှုအရိပ်အောက်မှ ဂုဏ်သိက္ခာ” (Dignity in the Shadow of Oppression) ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်ခံစာထုတ်ဝေခဲ့ပြီး ယခု(၁၀)နှစ်အကြာတွင် “မျက်ကွယ်ပြုခံရသော အခွင့်အရေးနှင့် ရုန်းကန်မှုများ” အစီရင် ခံစာကို ထပ်မံထုတ်ဝေခြင်းဖြစ်သည်။

 

Related Articles