Home ဆောင်းပါး ရောင်းကုန်ဖြစ်ဆဲ

ရောင်းကုန်ဖြစ်ဆဲ

Credit: OSCE (http://www.osce.org/odihr/101832)

နန်းဆိုင်နွမ်။       ။

“ မူဆယ် တရုတ်ပြည်ဘက် က စားသောက်ဆိုင်မှာ အလုပ်လုပ်ရမယ်။ လစာကတော့ လက်ရှိဝင်ငွေ ထက် ပိုရမယ်” ဆိုတာကြောင့် နန်းအိမ်( အမည်လွှဲ) အတွက် တော်တော်ဝမ်းသာခဲ့ရပါတယ်။

နန်းအိမ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသူတစ်ဦးပါ။

နန်းအိမ်တို့နေထိုင်တဲ့ ဒေသဘက်မှာတော့ တောင်ယာအလုပ်သာ လုပ်ကိုင်ကြပါတယ်။

လက်ရှိမှာ စစ်ပွဲတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် တောင်ယာလုပ်ဖို့ ခက်ခဲလာတဲ့အတွက် သူမအနေနဲ့ တရုတ်ပြည်က စားသောက်ဆိုင်အလုပ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

“ ကျမကို တရုတ်ပြည်ဘက်က စားသောက်ဆိုင်မှာ အလုပ်ရမယ်လို့ပြောခဲ့တာကလည်း ကျမတို့အသိ ထဲကပါပဲ” လို့ နန်းအိမ်က ပြောပြပါတယ်။

တရုတ်နယ်စပ်၊ မူဆယ်ဘက်ကို ကျောက်မဲမြို့ကနေသွားရင် ၇ နာရီခန့်ကြာပြီး ကားခမှာလည်း ကျပ် ထောင်ဂဏန်းဝန်းကျင်သာ ကုန်ကျပါတယ်။ နန်းအိမ်တယောက် တရုတ်ပြည်က စားသောက်ဆိုင်မှာ အလုပ်လုပ်ရဖို့  မူဆယ်တရုတ်နယ်စပ်ဂိတ်မှာ(၇) ရက် ဝင်ခွင့်ဗီဇာနဲ့ ဝင်ခဲ့ရတာပါ။

“ တရုတ်ပြည်ရောက်တော့ ကျမထင်ထားတဲ့စားသောက်ဆိုင်မဟုတ်ဘူး။ ကျမတို့မေးတော့လည်း ခဏ နေရင် တရုတ်သူဌေးလာခေါ်မယ်လို့ဘဲ ပြောပါတယ်”

အဲဒီနောက်မှာတော့ နန်းအိမ်ကို တရုတ်ပြည် ကျယ်ဂေါင်ဟိုတယ်ရဲ့ သုံးထပ်မှာ လှောင်ပိတ်ထားခဲ့ကြ တယ်လို့ သူက  ဝမ်းနည်းစွာ ပြောပြပါတယ်။

ဟိုတယ်ရာက်တဲ့အချိန်မှာ သူမထင်ထားတဲ့ ပတ်ဝန်းကျင်မဟုတ်တဲ့အတွက် စိုးရိမ်စိတ်တွေ၊ ကြောက် လန့်စိတ်တွေ အများကြီးဖြစ်ရတယ်လို့လည်း သူမကြုံခဲ့ရတာတွေ ပြန်ပြောပြပါတယ်။

“ ပြည့်တန်ဆာလုပ်ရတော့မယ်ဆိုတော့ ကျမကြောက်ကြောက်နဲ့ ဟိုတယ်ကနေ မှန်ရိုက်ခွဲပြီး ထွက်ပြေး ခဲ့ပါတယ်” လို့ တရုတ်နိုင်ငံကို ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရတဲ့ နန်းအိမ်က ဆိုပါတယ်။

ထွက်ပြေးလာချိန်မှာ တရုတ်စကားမတတ်တဲ့အတွက် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ကံကောင်းပြီး ရှမ်းစကား တတ်တဲ့သူနဲ့တွေ့ဆုံခဲ့ကာ လွတ်မြောက်လာကြောင်း သူမရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

နန်းအိမ်လို တရုတ်ပြည်မှာ မြန်မာအမျိုးသမီးတွေကို ပြည့်တန်ဆာလုပ်ခိုင်းတာတွေ၊ တရုတ်ယောကျ်ား တွေနဲ့ လက်ထပ်ရတာတွေလည်းရှိတယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့က ပြောပြပါ  တယ်။

အခုနောက်ပိုင်းမှာ အမျိုးသမီးတွေကို တရုတ်နယ်စပ်၊ မူဆယ်မြို့ဘက်ကို လူကုန်ကူးမှုတွေ ပိုပြီးလုပ် ဆောင်လာကြပါတယ်။

အဓိကတော့ မူဆယ်လမ်းက ငွေကျပ်(၁)သောင်းရှိရုံနဲ့ အလွယ်တကူသွားလာနိုင်တဲ့အတွက် ဖြစ်ပါ တယ်လို့လည်း လူကုန်ကူးမှု တားဆီးကာကွယ်တဲ့အဖွ့ဲတွေက ဆိုကြပါတယ်။

ရှမ်းပြည်နယ်မှာ ယခုနှစ်အတွင်း လက်ရှိအချိန်ထိ လူကုန်ကူးမှု(၄၈)မှု ဖြစ်ပွားခဲ့ပြီး မူဆယ်မှ တရုတ်နိုင်ငံ သို့ ရောင်းချခံရမှုက အများဆုံးဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရုံး(နေပြည် တော်) မှ ရဲမှူးဦးလှဦး က ပြောပါတယ်။

Photo Credit: Joe Scorsone and Alice Drueding (poster about the sexual exploitation and slavery of women)

“ အဓိကတော့ မူဆယ်မြို့ဘက်မှာ အများဆုံးပါ။ တရုတ်နိုင်ငံကို အဓမ္မထိမ်းမြားစေမှုတွေ အများဆုံးပါ”

၂၀၁၇ -၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅) နှစ်စီမံကိန်း၏လုပ်ငန်း စီမံချက်များမှာ ရှမ်းပြည်နယ်က လူကုန်ကူးမှုအများဆုံးပြည်နယ် စာရင်းမှာ ပါဝင်နေပါတယ်လို့ ပြောပါ တယ်။

လူကုန်ကူးခံရသူတွေမှာ အမျိုးသမီး (၅၇)ရာခိုင်နှုန်းနဲ့ ကလေးသူငယ်ပါဝင်မှု (၁၄.၇)ရာခိုင်နှုန်း ရှိတယ် လို့ ဆိုပါတယ်။

“ မူဆယ်ဘက်က သွားရလာရတာ လွယ်ကူတယ်။ လမ်းစရိတ်လည်း ဈေးသက်သာတဲ့အတွက် မူဆယ် လမ်းကြောင်းကို လူကုန်ကူးမှုတွေ များလာတာဖြစ်တယ်” လို့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့တခုဖြစ်တဲ့ ကချင်အမျိုးသမီးအဖွဲ့က ဒေါ်ဘောက်အောန်က ဆိုပါတယ်။

မြန်မာပြည်မှာ အလုပ်အကိုင် ရှားပါးလာတဲ့အတွက် ဝင်ငွေများတဲ့ တရုတ်ပြည်မှာ သွားလုပ်ဖို့ ပွဲစားတွေ ကို ဆက်သွယ်ပြီး သွားကြတာလည်းရှိတယ်လို့ ဒေါ်ဘောက်အောန်က ပြောပါတယ်။

“ ကျမတို့အဖွဲ့က ကယ်တင်ပေးပြီး လွတ်မြောက်လာတဲ့သူတွေမှာဆိုရင် တရုတ်အမျိုးသားနဲ့ အဓမ္မ လက်ထပ်ပေးခံခဲ့ပြီး ကလေး(၂)ယောက်မွေးခဲ့ရတယ်။ ပြည့်တန်ဆာလုပ်ပြီး လွတ်မြောက်လာတာတွေ လည်း ရှိပါတယ်” လို့ ဒေါ်ဘောက်အောန်က ဆိုပြန်ပါတယ်။

“ တချို့တရုတ်ပြည်မှာ ရောင်းခံရ၊ လူကုန်ကူးခံရပြီး ပြန်လွှတ်လာတော့ သူတို့ဒေသပြန်ရောက်သွားပြီး လုပ်စရာအလုပ်ကလည်း မရှိဆိုတော့ လူကုန်ကူးတဲ့ အလုပ်တွေ ပြန်လုပ်ကြတယ်” လို့ သူမက ပြော ပါတယ်။

“ ကျမတို့ကူညီပြီး လွတ်မြောက်လာတဲ့သူတွေ တချို့အမျိုးသမီးတွေကိုယ်တိုင်က လူကုန်ကူးတဲ့ ပွဲစားပြန် ဖြစ်သွားတယ်” လို့ ဒေါ်ဘောက်အောန်က ဆိုပါတယ်။

နယ်စပ်ဒေသတလျှောက်မှာ နေထိုင်တဲ့သူတွေဟာ စစ်ဖြစ်ပွားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြ ရပြီး စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် နယ်စပ်မှာ ရရာအလုပ်ကို လုပ်ကိုင်နေကြရပါတယ်လို့ လည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေက ဆိုကြပါတယ်။

ဒီအချက်တွေအပြင် အသိပညာ၊ ဗဟုသုတ နည်းပါးတဲ့အတွက် ငွေရရင်ပြီးရောဆိုတဲ့စိတ်နဲ့ အယုံလွယ် တာ၊ စည်းရုံးရလွယ်တာတွေကြောင့်လည်း လူကုန်ကူးခံနေကြရတာလို့လည်း ပြောပါတယ်။

ပြည်ပကို ပို့တာမဟုတ်ဘဲ ပြည်တွင်းမှာပဲ အခုလို လိမ်လည်ခံရတာတွေလည်းရှိပြီး ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ တာချီလိတ်မြို့  လက်ဖက်ရည်ဆိုင်မှာ အလုပ်ရမယ်ဆိုတဲ့ ပွဲစားရဲ့လိမ်လည်မှုနဲ့ ပြည့်တန်ဆာ အခန်း ရောက်သွားတဲ့ တောင်ကြီးမြို့က အမျိုးသမီးတွေဟာ ပြည်တွင်းမှာ ရောင်းစားခံခဲ့ရတာပါ။

“ကျမတို့ကို တာချီလိတ်လက်ဖက်ရည်ဆိုင်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်လာတာ၊ တာချီလိတ်ရောက်တော့ ပြည့်တန်ဆာ အခန်းရောက်သွားတယ်။ ကျမ ယောကျ်ားတွေနဲ့ အတူမနေချင်ဘူး။ အလုပ်မလုပ်ချင်ဘူး လို့ ပြောတော့ ပိုက်ဆံပေးခိုင်းထားတာဆိုပြီး လုပ်ရပါတယ်” လို့ တောင်ကြီးမြို့က မပပ(အမည်လွဲ)က အတိတ်က ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။

မပပနဲ့အဖော်တစ်ဦးဟာ ပြည့်တန်ဆာအိမ်မှာ(၄)ရက်နေခဲ့ရပြီး၊ တာချီလိတ်က ဆိုင်ကယ်တက္ကစီသမား တစ်ဦးအကူအညီနဲ့ လွတ်မြောက်လာခဲ့ပါတယ်လို့ သူမကပြောပြပါတယ်။

မြန်မာပြည်အနှံ့ မြို့၊ ရွာ၊ ဒေသတွေမှာ အထူးသဖြင့် နယ်စပ်ဒေသတွေမှာတော့ လူကုန်ကူးခံမှု တားဆီး ဖို့ ကာကွယ်ဖို့အတွက် ဆိုင်းဘုတ်ကြီးတွေ ကပ်ထားပေမယ့် လူကုန်ကူးမှုတွေကတော့ ပုံစံမျိုးစုံနဲ့ ကြုံ တွေ့နေရဆဲပါ။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နယ်မြေမှာ ၂၀၀၇ -၂၀၁၁ ပထမ(၅)နှစ်အတွင်း လူကုန်ကူးမှု(၂၉၁)မှု ၊ ၂၀၁၂ -၂၀၁၆ ဒုတိယ(၅)နှစ်မှာ အမှု(၂၁၈)မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ် လက်ရှိအချိန်မှာတော့ (၄၈)မှု ဖြစ်ပွားခဲ့ပါတယ်။

လူကုန်ကူးရောင်းချခံတဲ့နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကို အဓိကပစ်မှတ်ထားသလို ပြည်တွင်း လူကုန်ကူး မှုက ဒုတိယနေရာယူကာ  ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကတော့ တတိယနေရာမှာ လူ   ကုန်ကူးခံနေရတယ်လို့ နေပြည်တော် လူကုန်ကူးမှု တားဆီးရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လူကုန်ကူးမှု အမျိုးအစားတွေကတော့ အဓမ္မလက်ထပ်ထိမ်းမြားစေမှု၊ ပြည့်တန်ဆာအဖြစ်ခိုင်းစေမှု၊ လုပ် အားခေါင်းပုံဖြတ်မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ လူကုန်ကူးမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းမှာတော့ လူကုန်ကူးမှုအများဆုံးက ပြည့်တန်ဆာလုပ်ငန်းနဲ့  အပျိုစင်ဘဝကို ရောင်း စားတဲ့အလုပ်ဖြစ်တယ်လို့ တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှရဲမှူး ဒေါ်ရင်ရင် အေးက ပြောပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် (၁၀)နှစ်ကနေ (၁၅)နှစ်အကြား ဖြစ်ပေ မယ့် တချို့ကတော့ တရားခံအပေါ် မူတည်ကာ တရားသူကြီး ပြစ်ဒဏ်ချတယ်လို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ က ပြောပါတယ်။

“ နယ်စပ်ဒေသတွေမှာ အလုပ်ရမယ်။ ဝင်ငွေကောင်းမယ်ဆိုပြီးခေါ်ရင် မယုံကြည်ဖို့။ အယုံမလွယ်ဖို့ ပြောချင်ပါတယ်” လို့ နန်းအိမ်ကတော့ ပြောပါတယ်။

Related Articles