Home ဆောင်းပါး လောကငရဲ၊ တဝဲလည်လည် (သို့မဟုတ်) အိမ်တွင်းအကြမ်းဖက်မှုရဲ့သားကောင်များ

လောကငရဲ၊ တဝဲလည်လည် (သို့မဟုတ်) အိမ်တွင်းအကြမ်းဖက်မှုရဲ့သားကောင်များ

Photo: http://www.independent.co.uk/

ပစ်တိုင်းထောင်မ။       ။

“ညဖက်တွေ သူ့အလိုပြည့်အောင် မဖြည့်ရင်လည်း အတင်းလုပ်တာ ခံရတယ်..”

ဒေါ်သီတာဟာ  အသက်(၂၅)နှစ်မှာ အိမ်ထောင်ကျပြီး အခုဆိုရင် အသက် (၄၇)နှစ်ရှိပါပြီ။ ကလေး (၃) ယောက်မွေးထားပြီး တအိမ်လုံးရဲ့ တာဝန်ကို ယူထားရသူပါ။ မိသားစုစားဝတ်နေရေး၊ ကလေးတွေရဲ့ ပညာ ရေးအပြင် ယောကျ်ားလုပ်သူအတွက် အရက်ဖိုးပါ ရှာပေးရတယ်လို့ ဆိုပါတယ်။

“ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ကိုင်စားသောက်နေရတယ်။ အရာခပ်သိမ်းပေါ့။ အိမ်ထောင်ဦးစီးလည်းကိုယ်၊ အိမ်ရှင်မလုပ်ရမယ့် အောက်ခြေသိမ်းအလုပ်လည်းကိုယ်၊ သူသောက်ဖို့ အရက်ဖိုးရှာပေးရတာလည်းကိုယ်၊ ဒီကလေးနှစ်ယောက်တာဝန်တွေ၊ ပညာသင်ပေးနိုင်ဖို့လည်းကိုယ်၊ အကြီးကောင်လေးဆို (၁၃)နှစ်ကတည်း က ကျောင်းထွက်ပြီး အလုပ်လုပ်ရတာ။ အဲဒီလို အပူအပင်တွေနဲ့ စိတ်ဆင်းရဲမှုတွေနဲ့….”

စကားတခွန်းပြောတိုင်း “အေးပေါ့ဟယ်” “အေးပေါ့ဟယ်” ဆိုတဲ့လေသံက တောသူတောင်သားတွေရဲ့အ လေ့အထလို့ ဆိုရမလား မသိပါ။ ဒေါ်သီတာဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရွာသာရွာမှာ မွေးဖွားကြီးပြင်းခဲ့သူတယောက်ဖြစ်ပြီး “ မိန်းမနဲ့နွား၊ မသနားနဲ့ ” ဆိုတဲ့ စကားပုံက ဒေါ်သီတာနဲ့ အလားတူ အိမ်ထောင်ရှင်အမျိုးသမီးများအတွက် ကံဆိုးမိုးမှောင်ကျအောင် ပြောထားခဲ့သလား ထင်မှတ်ရပါတယ်။

“အိမ်ထောင်ကျပြီး (၁)နှစ်လောက်ကတည်းက ရန်စဖြစ်တယ်။ ဖြစ်ရတာက သူကအလုပ်မလုပ်ဘူး။ ကိုယ့် ဟာကိုယ် ရုန်းကန်ရတယ်။ ကလေး(၃)ယောက်ရတဲ့အထိပဲ။ အကြီးကောင်လေး (၁၃)နှစ်လောက်မှာ သူက သောက်စားပြီး ပြန်လာတယ်။ ရန်ဖြစ်တယ်။ အမြဲတမ်းကလေးတွေနဲ့ထွက်ပြေးရတာပဲ။ အစကတော့ ပြေး လိုက်..လမ်းတဝက်မှာ လာလိုက်ခေါ်လိုက်နဲ့၊ ဒီတခါတော့ ကလေးနှစ်ယောက်စလုံးခေါ်ပြီး စစ်ကိုင်းဘက် က အစ်မတု့ိဆီ သွားနေလိုက်တယ်။ နောက်တော့ သူက ပြန်လာခေါ်တယ်။ ရောက်ပြီး (၁)လ မကြာဘူး။ အရင်အတိုင်းပြန်ဖြစ်တာပဲ။ ရန်ဖြစ်တိုင်း လက်တွေခြေတွေပါတယ်။ နပန်းလုံးသတ်ကြပေါ့။ အမြဲအဲဒီလို ဖြစ်တာပဲ။ ရန်ဖြစ်ရင် ဓါးတွေတုတ်တွေနဲ့လုပ်တာ။ တခါကလည်း ရန်ဖြစ်ရင်း ငါ့လက်ကို ဓါးထိသေးတယ်။ ပြတ်သွားလို့ ချုပ်လိုက်ရတယ်။ ရန်ဖြစ်ရင် ပါးတွေရိုက်၊ နားအုံတွေရိုက်၊ ဆောင့်ကန်..အဲဒီလိုမျိုးတွေလုပ် တယ်..”

စားဝတ်နေရေးအတွက် လုံးပန်းရတာကတဖက်၊ ကလေးတွေကို ကျောင်းထားနိုင်ဖို့ ကြိုးစားရတာတဖက်နဲ့ ရန်ဖြစ်တိုင်းလည်း အရိုက်ခံရလို့စိတ်ဆင်းရဲခဲ့ရတယ်။ ဒီလိုစိတ်ညစ်နေရတာနဲ့တင် မလုံလောက်သေးပါ ဘူး။ ဒေါ်သီတာဟာ ညဖက်တွေမှာ လင်ယောကျ်ားရဲ့ လိုအင်မဖြည့်ပေးရင်လည်း အရိုက်ခံရ၊ အတင်းအဓမ္မ ဆက်ဆံတာတွေ ခံရပါသေးတယ်။

“ညဖက်တွေ သူ့အလိုပြည့်အောင် မဖြည့်ရင်လည်း အတင်းအလုပ်ခံရတယ်။ ကိုယ့်ကို ကောင်းကောင်းမွန် မွန် ကြင်ကြင်နာနာနဲ့ ပေါင်းနေတဲ့ယောကျ်ားဆိုရင် ကိုယ့်စိတ်ဆန္ဒက တမျိုးပေါ့လေ၊ မဟုတ်ဘူးလား၊ သူက ရှာဖွေကြွေးမွေးနေလို့ ကြင်ကြင်နာနာဆက်ဆံနေလို့ဆိုလည်း တမျိုးပေါ့။ နောက်ပြီးတော့ သန့်သန့်ပြန့်ပြန့် မသောက်မစားဘူးဆိုရင်လည်းတမျိုး၊ အခုဟာက နံနံစော်စော်နဲ့လေ၊ အဲဒီလိုကြီးနဲ့လာပြီး ဟိုဟာလာပြု တော့ ညီမရယ်..သူဆန္ဒ မလိုက်လျောရင်လည်း ရိုက်တာခံရသေးတယ်..”

ယောက်ျားနဲ့ ရန်ဖြစ်တိုင်း အရိုက်ခံနေရတဲ့ ဒေါ်သီတာတယောက် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နှစ်လယ်လောက် မှာတော့  နောက်ထပ်စကားပုံတခုကို သက်သေပြလိုက်ရသလိုပါဘဲ။

“အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တယ်”

“သူငါ့ကို ကန်ထည့်လိုက်တာ ခြေထောက်ကျိုးသွားရော။ ခြေထောက်ကျိုးတာကို ကုရတယ်လေ။ ကုနေတဲ့ အချိန်မှာတော့ ကိုယ်က ငြိမ်နေရတာပေါ့ အဲဒါကတော့ လူတွေမသိတဲ့ အတွင်းရေးကိစ္စပေါ့…”

ကျေးလက်တောရွာတွေမှာ အခုလိုအဖြစ်မျိုးတွေဖြစ်နေလို့ ရန်ကုန်လိုမြို့ပြကြီးမှာရော ဒါမျိုးတွေ မရှိဘူး လားလို့ ထင်လို့မရပါဘူး။

မတင့်တင့်ဟာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်နီလမ်းမှာ နေထိုင်ပါတယ်။ ယောကျ်ားက အ ကြိမ်ကြိမ် အိမ်ထောင်ရေးဖောက်ပြန်မှု ရှိနေပေမယ့် သူ့အနေနဲ့ နှစ်ဖက်မိဘကြောင့် ပေါင်းသင်းနေရတယ် လို့ ဆိုပါတယ်။

“သား(၃)နှစ်နဲ့ သမီးလေးကိုယ်ဝန်ရှိချိန်မှာ သူဖောက်တယ်။ ကိုယ်ကတော့မသိဘူး။ ယောက္ခမတွေက အဆင်ပြေအောင်ဆိုပြီး ကားလေးဝယ်ပေးတော့ သူက ညဘက်ကားမောင်းတယ်။ အဲဒီမှာ ကုန်စိမ်းရောင်း တဲ့အမျိုးသမီးနဲ့ဖြစ်တယ်။ သူတို့ယူထားကြတာ ကိုယ်ကတော့ မသိဘူး။ ယောင်းမတွေက သိတယ်။ မပြော ဘူး။ ကိုယ်ကလည်း ဗိုက်ကြီးနဲ့ အဲဒီကစတာပေါ့။ သူက နောက်ထပ်တယောက်ယူတယ် ကွဲတယ်။ ၂၀၀၃ ရောက်တော့ သူပြန်လာတယ်၊ ကလေးတွေနဲ့ပြန်နေမယ်ပေါ့။ ယောက္ခမအဖေကလည်း ကိုယ့်ကလေးနဲ့ ကိုယ့်ယောကျ်ားပဲ ကောင်းပါတယ် ဘာညာပြောတယ်။ နားချတယ်။ မိဘတွေကလည်း “သမီးရယ် ကိုယ့် လင်နဲ့ ကိုယ်ပဲကောင်းပါတယ်ဆိုတော့ ကိုယ်က ပြန်ပေါင်းရပြန်ရော..”

သမီးနဲ့သားနှစ်ယောက်စလုံးကို (၁၀)တန်းအထိ ကျောင်းထားနိုင်ခဲ့ပြီး  မတင့်တင့်ဟာ အသုပ်ရောင်းတယ်၊ ငရုပ်ဆီထုတ်တယ်၊ ကြုံရာကျပန်း အကုန်လုပ်၊ ကွန်ကရစ်လမ်းခင်းတဲ့အလုပ် (ပန်းရံ)အထိ လိုက်လုပ်ရာ က  နောက်ထပ်တကြိမ်ယောကျ်ားဖြစ်သူက အိမ်ထောင်ရေး ဖောက်ပြန်လာတဲ့အခါမှာတော့ ကြုံခဲ့ရတဲ့ အ ခက်အခဲကို အခုလို ပြောပါတယ်။

“သူက ထပ်ဖောက်ပြန်တော့ စိတ်ဆင်းရဲတယ်။ ပထမမိန်းမနဲ့တုန်းက မလိုက်ဘူး။ သမီးလေးကိုယ်ဝန်နဲ့ လည်း ဖြစ်နေတော့ မလိုက်နိုင်ဘူးလေ။ ရွှေပေါက်ကံဖက်က မိန်းမကိုယူတော့ အဲဒီတုန်းက အစ်မက ကြိုး တံတားဖက်မှာနေတယ်။ ယောကျ်ားကဖောက်ပြန်နေတော့ လူတွေကလည်း ပြောတာပေါ့။ နင့်ယောကျ်ား ကို ဟိုမှာတွေ့တယ်၊ ဘယ်မှာတွေ့တယ်ဆိုတော့ နောက်တနေ့မှာ ကလေး(၂)ယောက်ကို ကျောင်းကြိုပြီး ကန်သာယာလမ်းဆုံမှာ သွားထိုင်စောင့်နေကြတာ။ သူတို့အဖေကို တွေ့လိုတွေ့ငြားပေါ့။ အဲဒီအချိန်မှာ သူ တို့ကားနဲ့ရောက်လာတယ်။ အစ်မတို့သားမိ(၃)ယောက်စလုံးကို ကားနဲ့ဝင်တိုက်တာ..”

ဆေးကုခဲ့ရပြီး အသက်မသေပဲ ကလေးတွေမျက်နှာနဲ့ အခုထိ အတူနေနေတယ်လို့လည်း ရှင်းပြပါတယ်။

“ပြန်မပေါင်းတော့လည်း ကိုယ့်ကလေးမျက်နှာက ရှိသေးတယ်လေ။ အမြဲရန်ဖြစ်တယ် စကားများတယ်။ သူ က ရိုက်တာတော့ မရှိဘူး။ ဒါပေမယ့် ကိုယ့်စိတ်ထဲက ခံစားနေရတယ်။ ကလေးနှစ်ယောက်ရဲ့ ရှေ့ရေးအ တွက်လည်း စိတ်ပူတယ်။ သူတို့လေးတွေကို ကောင်းစေချင်တယ်။ သူများမိဘတွေ ထားသလိုမျိုး ထားချင် တယ်။ ငါဒီယောကျ်ားနဲ့နေရင် ငါ့သမီးနဲ့သားအတွက် အဖေရှိနေမယ်ဆိုပြီးနေရတာ..”

မတင့်တင့်နဲ့ ဒေါ်သီတာတို့လို အိမ်တွင်းအကြမ်းဖက်မှုသံသရာထဲက မလွတ်မြောက်နိုင်ဘဲ တဝဲလည်လည် ဖြစ်နေရတဲ့အကြောင်းရင်းတွေထဲမှာ ပတ်ဝန်းကျင်ရဲ့ တွန်းပို့မှုတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။

မစိုးစိုးဆိုသူက မတင့်တင့်တို့လင်မယားနဲ့ အိမ်နီးချင်းပါ။

“လင်မယားချင်းရန်ဖြစ်တယ်ဆိုတာ ကိုယ့်နားထဲမှာ ရိုးနေပြီ။ ခုရန်ဖြစ်လည်း ခဏဆိုပြန်တည့်သွားတာပဲ ဆိုပြီး မဆွဲဘူး။ လင်မယားချင်းဖြစ်ရင် မဆွဲကြဘူး။ ဘာဖြစ်လို့လည်းဆို သူ့တို့ပြန်တည့်သွားရင် ကိုယ်တွေ ပဲ အမုန်းခံရမှာလေ။ အဲဒါကြောင့်မိုလို့။ ရန်ဖြစ်တာ အရမ်းကြမ်းပြီး ကွဲပြဲတဲ့အထိ ဖြစ်လာရင်တော့ ကိုယ် တွေဝင်တားပေး၊ ဆွဲပေးတာပေါ့။ ကွဲမယ်ဆိုလည်း ဟဲ့ မကွဲနဲ့ နင့်တို့တွေက တကိုယ်ရည်တကာယ၊ ကိုယ် လွတ်လူလွတ်မဟုတ်ဘူး။ နင်တို့မှာ ကလေးတွေရှိတယ်။ ပြန်တည့်အောင်နေကြဆိုပြီး အဲဒီလိုပဲ ပြောပေး လိုက်တယ်..”

နောက်ထပ် အိမ်နီးချင်းတဦးဖြစ်တဲ့ မအိအိရွှေကတော့ အခုလိုပြောပြန်ပါတယ်။

“မိသားစုချင်း ဖြစ်တာလေ၊ ကိုယ်နဲ့မဆိုင်ဘူး။ လင်မယားချင်းဖြစ်တာတို့ မောင်နှမချင်းဖြစ်တာတို့ဆိုရင် ဝင်မဆွဲဘူး။ ရန်ဖြစ်ပြီးလို့ ကွဲကြမယ်ဆိုရင်လည်း မကွဲနဲ့ပေါ့ ပြန်ပေါင်း.. ဘာဖြစ်လဲ စိတ်တိုလည်း ခဏပဲ။ အဲဒီလိုတော့ ပြောတယ်”

မီးငယ်ဆိုသူကလည်း “လင်မယားချင်း ရန်ဖြစ်တာရှိသလို မောင်နှမချင်း ရန်ဖြစ်တာတွေရှိတယ်။ ဘေးက နေဝိုင်းပြီး ဖြေရှင်းကြတယ်။ ဖြေရှင်းလို့မရရင် ရဲစခန်းတို့ ရဝတရုံးတို့ အကြောင်းကြားပြီး ဖြေရှင်းပေးတယ်။ တချို့ဆို လမ်းမှာဖြစ်ကြတယ်။ အဲဒီလိုတွေ့ရင် မိန်းမဖြစ်တဲ့သူကိုလည်း တော်တော့၊ ယောကျ်ားဖြစ်တဲ့သူ လည်း တော်တော့ပေါ့။ လင်နဲ့မယားဆိုတာ လျှာနဲ့သွားပဲပေါ့.. အဲဒီလိုဖြေရှင်းပေးတယ်။ ကွဲမယ်ပြုမယ်ဆို ရင်လည်း မယားဖက်ကနေ မလုပ်ပါနဲ့ဟယ်..ကွဲတဲ့အဆင့်ထိတော့ မရောက်သင့်ဘူးပေါ။့ လင်နဲ့မယားဆို တာ ဒီလိုပဲပေါ့၊ တယောက်နဲ့တယောက် အခန့်မသင့်ရင်ဖြစ်ကြတာပဲ။ ကွဲစရာမှမလိုတာ၊ လင်မယား ရန်ဖြစ် တာ ဘာလို့ကွဲရမှာလဲ လူမှုရေးဖောက်ပြန်ရင်တော့ တမျိုးပေါ့နော်၊ အိမ်ထောင်ရှင်တွေရဲ့သဘာဝက လူ တိုင်း စကားများရန်ဖြစ်ကြတာပဲ။ ဒီလမ်းထဲမှာလည်း ရှိကြပါတယ်၊ ရိုက်နှက်ကြတဲ့ လင်မယားတွေ ရှိသလို စကားနဲ့ အနိုင်ယူကြသူတွေလည်း ရှိတယ်..”

မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGOs)/ လူထုအခြေပြုအဖွဲ့အစည်း (CBOs) တွေ တော်တော် များများလှုပ်ရှားနေကြပါတယ်။ ဒီအထဲမှာ လူထုအခြေပြုအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)လည်း ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့လုပ်ငန်းစဉ်များထဲက တခုဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ဆောင်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ အသိ ပညာပေးမှုတွေ လုပ်ဆောင်နေသလဲဆိုတာကိုတော့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စည်းရုံးလှုံ့ဆော်ရေး တာဝန် ခံဖြစ်တဲ့ မယဉ်မျိုးလှိုင်က အခုလိုရှင်းပြပါတယ်။

“အမျိုးသမီးတွေအနေနဲ့ ကိုယ့်အပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်တာကို သိရှိနားလည်ပြီး ကိုယ့်ကိုကိုယ်ကာ ကွယ်တတ်အောင်၊ အကြမ်းဖက်မှုတခုခုဖြစ်ရင် တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေသိရှိအောင် ရည်ရွယ်ပါ တယ်။ ဒီလိုပြုလုပ်ပေးလို့ အမျိုးသမီးတွေကိုယ်တိုင် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်တဲ့သူတွေဖြစ်ပြီး အခြားသူတွေကိုလည်း ကူညီဖေးမတတ်လာပါမယ်။ စိတ်ပိုင်းဆိုင်ရာအရ စွမ်းရည်မြှင့်တင်ပေးမှုတွေ ပြုလုပ် ပေးဖို့ လိုအပ်နေတဲ့အတွက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတော်တော် များများရဲ့ လက်ရှိအခြေအနေဟာ အခြားတစုံတယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတခုခုကိုဖြစ်စေ၊ အားကိုး တဲ့စိတ်တွေ အရမ်းများနေတာတွေ့ရပါတယ်။ အဲဒီလို အားကိုးချင်စိတ်တွေ တဖြည်းဖြည်းလျော့နည်းသွားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိလာမှ  အခြားဦးဆောင်မှုအပိုင်းတွေမှာ ပါဝင်လာနိုင်မှာဖြစ်ပါတယ်..”

“အကြမ်းဖက်မှုက ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုပြီး (၃)မျိုးရှိတယ်။ ရုပ်ပိုင်းကတော့ လူအများမြင်နိုင်တာမျိုး ပေါ့။ ကိုယ်ခန္ဓာပေါ်မှာတွေ့နေရတယ်။  ညိုမည်းဖူးယောင်နေမယ်၊ ကွဲပြဲနေမယ်၊ ရိုက်နှက်ထိုးကျိတ်ခံထား ရတဲ့ပုံစံပေါ့။ စိတ်ပိုင်းကတော့ ပြောရခက်တယ်။ ညှိုးငယ်ပြီး တခုခုခံစားနေရတာမျိုး၊ ငေးငိုင်နေတာမျိုး၊ စိတ်ဓာတ်ကျနေတဲ့အနေအထားမျိုးပေါ့။ ဒါက လူကိုစိတ်ဓာတ်ကျအောင်၊ အပြစ်ရှိသလိုခံစားရအောင်၊ အ ရည်အချင်းမဲ့၊ သိက္ခာမဲ့သလို ခံစားရအောင် ဆဲဆိုအရှက်ခွဲခံထားရသူတွေ၊ ကြောက်အောင်ခြိမ်းခြောက် ခံထားရသူတွေ၊ လုပ်ကြံစွတ်စွဲခံထားရသူတွေ ဖြစ်တတ်တဲ့ပုံစံ၊ လိင်ပိုင်းကတော့ ကိုယ်ကလက်မခံချင်ပဲ အတင်းဆက်ဆံတာ၊ ကိုယ့်စိတ်သဘောမပါဘဲ အဓမ္မအကြမ်းဖက် လိင်ဆက်ဆံခံရတာ၊  ဒါမျိုးတွေဖြစ်ပါ တယ်..” လို့ သူမက ပြောပြပါတယ်။

အခုလို ဖြစ်နေတဲ့ကိစ္စတွေမှာ နိုင်ငံမှာရှိတဲ့ ဥပဒေတွေက အရေးကြီးပါတယ်။ လောလောဆယ်အထိတော့ မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေအတွက် ဥပဒေသီးခြားမရှိသေးဘူးလို့ ဥပဒေရေးရာကုစားရေး အဖဲ့ွ (မြန်မာ)ရဲ့ ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပြပါတယ်။

“အိမ်တွင်းအကြမ်းဖက်မှုက ဥပဒေအရ ဖြေရှင်းဖို့ အခက်အခဲရှိတယ်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရပဲ ဖြေရှင်းလိုက်ကြတာများတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအတွက် သီးခြားကာ ကွယ်ပေးတဲ့ ဥပဒေတခုမှ မရှိတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှုအတွက်လည်း သီးခြားဥပဒေမရှိဘူး..”

“အိမ်တွင်းအကြမ်းဖက်မှုကို ဘယ်လိုတားဆီးမယ်ဆိုတာ ရှိမနေတဲ့အတွက် အမျိုးသမီးတွေအနေနဲ့  အမျိုး သမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး ဥပဒေရေးဆွဲနေတယ်။ အဲဒီမှာ ကျမလည်း ဥပ ဒေအကြံပေးတယောက်အဖြစ် ပါဝင်နေပါတယ်။ ဥပဒေကြမ်းအနေနဲ့ ပြီးသွားပြီ။ ဒီဥပဒေကြမ်းသာ အတည် ဖြစ်သွားရင် အမျိုးသမီးတွေကို အတိုင်းအတာတခုအထိ အကာအကွယ်ပေးနိုင်မယ်၊ အမျိုးသမီးတွေအ တွက် တရားမျှတမှုကို ပိုပြီးတော့ ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါ်လှလှရီမှ ပြောပြ ပါတယ်။

လင်ယောက်ျားရဲ့နှိပ်စက်ညှင်းပမ်းမှုကို မခံနိုင်တော့တဲ့ ဒေါ်သီတာကတော့ သူ့ရဲ့အတွေးကို အခုလို ပြောပြ ခဲ့ပါတယ်။

“ကိုယ့်အတွေးထဲမှာတော့ သူနဲ့ဝေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲတွေးနေတာပေါ့…..”

 

 

 

 

 

Related Articles