Home ဆောင်းပါး ပြည်နယ်တွေမှာလည်း အိမ်အလုပ်သမားတွေ နှိပ်စက်ညှင်းပမ်းမှုရှိနေ

ပြည်နယ်တွေမှာလည်း အိမ်အလုပ်သမားတွေ နှိပ်စက်ညှင်းပမ်းမှုရှိနေ

fb_img_1480052153169

ပစ်တိုင်းထောင်မ။                  ။

နေရာက ကယားပြည်နယ်လွိုင်ကော်မြို့…..။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဥပဒေအရ အခမဲ့လိုက်ပေးနေတဲ့ ရှေ့နေရုံး (Law Home) မှာဖြစ်ပြီး ခုံတန်းအရှည်ပတ်လည်မှာ ထိုင်ခုံလေးတွေ ချထားတယ်။ ခုံတွေမှာ ထိုင်နေကြတဲ့ လူလေးငါးယောက်အထဲ မှာမှ ဆံပင်တိုတိုနဲ့အမျိုးသမီးတဦး။

သူနဲ့စကားပြောရင်းက ခြင်တွေကို လက်နဲ့ခါထုတ်ရင်း မေးတာတွေကို တောရောက်တောင်ရောက်ဖြေနေ ပုံက မူသိပ်မမှန်။ သူမဟာ အသက်(၂၀)ရှိပြီး လွိုင်ကော်မြို့ပေါ်ကို တောင်တွင်းကြီးကနေ အလုပ်လာလုပ် နေတာ ဖြစ်ပါတယ်။ သူ့ရွာကနေ လွိုင်ကော်ကို လာမယ်ဆိုရင် မနက်(၄)နာရီထ ကားစီးပြီး ညနေ(၅)နာရီမှ လွိုင်ကော်မြို့ကို ရောက်တယ်လို့လည်းဆိုပါတယ်။

သူ့ကိုအလုပ်လုပ်ဖို့လာခေါ်တုန်းက တလကိုကျပ်ငွေ(၃)သောင်းရမယ်ဆိုလို့ အလုပ်လာလုပ်တာလို့လည်း ပြောပါတယ်။

“အသက်(၂၀)၊ နာမည်ကမိထက်၊ ငါးမုန့်ကြော်တစ်နေ့ကို(၄)ပိဿာ ထုတ်ရတယ်။ မပြီးရင်မအိပ်ရဘူး။ တခါတလေကျရင်လည်း မုန့်ထုတ်ရင်းနဲ့မိုးလင်းရင်လည်းလင်းသွားတယ်။ မနက်မိုးလင်းတော့ သူတို့က မုန့် ရောင်း ထွက်တယ်။ ကျမကိုမှာခဲ့တယ်။ သူတို့မုန့်ရောင်းကုန်မှ ထမင်းကြွေးမယ်တဲ့။ ထမင်းလည်းမစား နှင့်နဲ့တဲ့။ မှာခဲ့တော့ နှိုက်မစားရဲဘူး”

ဗိုက်သိပ်ဆာတဲ့အခါ ဘေးအိမ်ကနေ တောင်းစားခဲ့မိတယ်လို့လည်း ပြောပြပါတယ်။

“သူတို့မုန့်ရောင်းကပြန်လာတော့ သိသွားတယ်။ ငါတို့ကထမင်းမကြွေးလို့လား၊ ဘာလားဆိုပြီး တံမျက်စည်း နဲ့ ရိုက်တယ်၊ ထင်းစနဲ့လည်းရိုက်တယ်၊ မျက်နှာ၊ မျက်လုံး၊ နားရယ် ခေါင်းကိုလည်း ရိုက်တယ်။ ခေါင်းကို တော့ ထမင်းအိုးက ပလက်ပေါက်ကြိုးနဲ့ရိုက်တယ်။ သွေးထွက်လာတော့လည်း ဆေးမထည့်ပေးဘူး”

အရိုက်ခံရလို့ အနာတရဖြစ်ခဲ့ရင်လည်း အိမ်ရှင်တွေက ဆေးမထည့်ပေးလို့ ကိုယ့်ဘာသာကိုယ် နနွင်းမှုန့်နဲ့ အချိုမှုန့်ကိုရောပြီး ထည့်ခဲ့ရသလို အိမ်ကလည်း (၃)ကြိမ်ထွက်ပြေးဖူးတယ်လို့ ပြောပြပါတယ်။

“ညီမအိပ်ခါနီးလောက်ကျတော့ နနွင်းမှုန့်ရယ်၊ အချို့မှုန့်ရယ်နယ်ပြီး ကိုယ့်ဘာသာကိုယ် ဆေးထည့်ရတယ်။ အိမ်မှုကိစ္စလည်း လုပ်ရတယ်။ ကလေးလည်းထိန်းရတယ်။ အိမ်ကနေ(၃)ခါတိတိထွက်ပြေးဖူးတယ်။ သူတို့ပြန်ဖမ်းမိသွားတယ်။ ဖမ်းမိတိုင်းလည်း ရိုက်တယ်။ နောက်တခါထွက်ပြေးရင် ဒီထက်ပိုရိုက်မယ်လို့ လည်း ပြောတယ်”။

အခုအခါမှာတော့ အိမ်ရှင်တွေကို အရေးယူထားပါပြီ။ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အုပ်စု (၁၁)၊ အိမ်အမှတ် (မင်း/၂၅၉)၊ ဆင်မင်းငါးမုန့်ကြော်လုပ်ငန်းနေ ဦးကောင်လေးနှင့်ဒေါ်ဖြူသွယ်၏ နေအိမ်တွင် အိမ်အကူအဖြစ်ခိုင်းစေနေသော မထက် (ခ)မိထက်အား အိမ်ရှင်များမှ ညှဉ်ပန်းနှိပ်စက်ခဲ့သဖြင့် ဦးကောင် လေးနှင့် ဒေါ်ဖြူသွယ်တို့ (၂)ဦးအား စက်တင်ဘာ (၂၈)ရက်နေ့၊ လွိုင်ကော်မြို့မ ရဲစခန်းက  (ပ)၁၈၁ / ၂၀၁၆ ပြစ်မှု ပုဒ်မ ၃၂၃/၂၉၄ (တုံးသော လက်နက်နှင့် နာကျင်စေမှု/ ဆဲရေးတိုင်းထွာခြင်း) တို့ဖြင့် အရေး ယူထားတာဖြစ်ပါတယ်။

အထက်တန်းရှေ့နေ ဒေါ်ဇင်မာထွန်းက ဒီအမှုကိုစပြီး ရုံးတင်စစ်ဆေးနေပြီဖြစ်သလို ပုဒ်မတွေအရ ပြစ်ဒဏ် ဘယ်လောက်ချမှတ်နိုင်သလဲဆိုတာကိုပါ ရှင်းပြပါတယ်။

“အမှုကို စတင်ရုံးတင်စစ်ဆေးတာ(၄)ရက်၊ နိုဝင်ဘာ၂၀၁၆ ရက်နေ့ တရားလိုကို စတင်စစ်ဆေးတယ်။ အမှန်တကယ်စစ်တာက၂ချိန်းရှိပြီ။ ပုဒ်မ ၃၂၃ (တုံးသောလက်နက်နဲ့ နာကျင်စေမှု) ပုဒ်မ၂၉၄ (ဆဲရေးတိုင်း ထွာခြင်း) တို့နဲ့အမှုစွဲထားတယ်။ ပုဒ်မ ၂၉၄ ကတော့ ငွေဒဏ်နဲ့ ထောင်ဒဏ်လလောက်ပဲချတာ များတယ်။ ၃၂၃ ကတော့ ထောင်ဒဏ်၂နှစ်အထိရှိပြီး ငွေဒဏ်လည်း ချမှတ်နိုင်တယ်”

ကယားပြည်နယ်တွင် အကြမ်းဖက်ခံနေရသော အမျိုးသမီးများအမှုမှန်ပေါ်ပေါက်ရန် လိုက်ပါကူညီဆောင်ရွက် ပေးတဲ့အမျိုးသမီးတဦးက အစောပိုင်းမှာ အမှုဖွင့်ဖို့ အခက်အခဲတွေ တွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။

“အစ်မဆီကို ဗွီဒီယိုဖိုင်နဲ့လာပြတယ်။ ခေါင်းကွဲပြီး သွေးတွေယိုနေတာကအစ မြင်ရတယ်။ အစ်မသမီးတို့ကို ဘယ်လိုလုပ်ပေးနိုင်လဲလို့မေးတော့ အဲဒီဗွီဒီယိုဖိုင်နဲ့ ရဲစခန်းကို အမှုသွားဖွင့်သေးတယ်။ ရဲစခန်းက အုပ်ချုပ် ရေးမှူးစာပါမှဆိုလို့ ပြန်လာရတယ်။”

ဒီလိုနဲ့ အမျိုးသမီးတွေကိုအကူအညီပေးတဲ့ အဖွဲ့တွေ စုပြီးဆက်လုပ်ခဲ့ကြရတယ်။

“အမျိုးသမီးအဖွဲ့မှာ ဒီလိုလုပ်ပေးနေတဲ့ရှေ့နေရှိတယ်ဆိုတော့ အစ်မအိမ်ကိုစုံစမ်းပြီး လိုက်လာတာပေါ့။ ကျမ ဗွီဒီယိုဖိုင်ကို ကြည့်ပြီးတော့ future women က ဆရာမကို ဖုန်းဆက်တယ်။ safe house ကို ဖုန်းလှမ်း ဆက်တယ်။ အဖွဲ့တွေစုံတော့ ဒီကောင်မလေးအလုပ်လုပ်တဲ့အိမ်ကို ကျမတို့သွားကြတယ်”

ကောင်မလေးအိမ်ကိုသွားဖို့  အဖွဲ့တချို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေခေါ်ပြီး အိမ်ရှင်နဲ့ သွားစကားပြောခဲ့ တယ်လို့ ဆက်ပြောပါတယ်။

ကောင်မလေးနေတဲ့အိမ်က မင်းစုရပ်ကွက်မှာဆိုတော့ အုပ်ချုပ်ရေးမှူးအရင်သွားခေါ်ပြီးတော့ လူမှုဖူလုံရေး ဦးစီးဌာနဒုတိယဦးစီးမှူးသွားခေါ်တယ်။ အဖွဲ့တချို့ပါသေးတယ်။ ကျမတို့ဝင်သွားတဲ့အချိန် သူက ဖယောင်း တိုင်လေးထွန်းပြီး မုန့်ထုတ်နေတာ၊ အဖျားတွေလည်းတက်နေတယ်။ လက်ကြီးကလည်း ယောင်နေတယ်။ အိမ်ရှင်က အကောင်ကိုက်တာလို့ ပြောတယ်၊ ကလေးကို ဆေးခန်းမပြဘူးလားလို့မေးတော့ သူကဆေး ကြောက်တယ်လို့ပြောတယ်။ အဲဒါနဲ့ကောင်မလေးက ထပြောတယ်။ သူဒီမှာမနေချင်ဘူး၊ ကျမတို့နဲ့လိုက် မယ်လို့ပြောတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားတယ်။ အဲဒီအချိန်အထိ သူထမင်းမစားရသေး ကြောင်း၊ ခေါင်းမှာရိုက်ထားတာလည်း ပေါက်နေတယ် ဘာညာတွေရောပေါ့၊ ပြောပြတယ်”

ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ် ဆေးခန်းပြဖို့လုပ်ပြီးတာနဲ့ လုံခြုံစိတ်ချရမယ့် safe house ကို လွဲပေးလိုက် တယ်လို့သူမကပဲဆက်ပြောပါတယ်။

“သူ့ကို ထမင်းတွေဘာတွေကြွေးပေါ့။ သူဒဏ်ရာတွေ ဘာတွေစစ်ပြီး ရဲစခန်းကို သွားအမှုဖွင့်ပြီးတာနဲ့ ဆေးခန်းသွား ဆေးစစ်ချက်တွေဘာတွေယူပြီးတော့ လွိုင်ကော်မှာရှိတဲ့ safe house လွဲပေးလိုက်တယ်”

received_1705486883101491

လက်ရှိလွိုင်ကော်မှာရှိတဲ့  Safe house ကကူညီထားတာဖြစ်ပြီး Safe house ကို အဓိကတည်ထောင် ထားတာကတော့ Women for Women Foundation က ဖြစ်ပါတယ်။ Safe house ကို ထားရတဲ့ ရည်ရွယ် ချက်ကို Women for Women Foundation ဒါရိုက်တာ မရိုစီကျော်မှ ခုလိုရှင်းပြပါတယ်။

“နာမည်က ရိုစီကျော် women for women foundation ရဲ့ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတယ်။ အဓိကအားဖြင့်တော့ ကျမတို့သတင်းဖလှယ်တာ၊ စကားဝိုင်းလုပ်တာလုပ်ကြတယ်။ အခြားလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အမျိုးသမီးတွေရဲ့တောင်းဆိုချက်ပေါ့နော်၊ တကယ်အကြမ်းဖက်ခံရတဲ့အပေါ်မှာ ဘယ်ကို ဆက်သွယ်ရမလဲ ဘယ်ကို သွားရမလဲဆိုတာ ဖြစ်လာတယ်၊ ဖြစ်လာတော့ women safe house ဖြစ်လာ တာပေါ့နော်။”

မိထက်ကို စတင်တွေ့ခဲ့ပုံနဲ့ လက်ရှိ safe house မှာစားဝတ်နေရးလုံးခြုံရေးကအစ တာဝန်ယူထားတယ်လို့ မရိုစီကျော်ကပဲ ဆက်ပြောပါတယ်။

“ကလေးမက ဖျားလည်းဖျားနေတယ်။ ဒဏ်တွေလည်းပါတာပေါ့။ အစားအသောက်လည်း ကောင်းကောင်း မစားရဘူး။ ကျမတို့ သူတို့မေးမြန်းစရာရှိတာတွေကို ပေးမေးမြန်းပြီး ကလေးမလေးကို ဆေးရုံခေါ်သွား ဆေးစစ်ချက်ယူ၊ အဲဒီမှာကျမတို့သွားတဲ့အဖွဲ့တွေအကုန်လုံး ပြောတာက ဟိုအိမ်မှာလည်းပြန်ထားလို့ မရဘူး။ ရဲစခန်းမှာဆိုလည်း ထားလို့မရဘူး။ ဒီwomen safe house မှာ သူ့ကို ခိုလှုံခွင့် သူ့ရဲ့လုံခြုံရေး ပေါ့နော်။ ကျမတို့ အဲဒီမနက်(၃)နာရီလောက်မှာ safe house ကိုခေါ်လာတယ်။ နောက်ပိုင်းသူရဲ့ ကျန်းမာရေးနဲ့ပတ်သက်ရင် ဆရာဝန်တွေက ကျမတို့ရုံးအထိလာပြီးကြည့်ပေးတယ်ပေါ့။ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေနဲ့ ပြပေးတယ်၊ သူ့ရဲ့စားရေးနေရေးက အစတာဝန်ယူထားပေးတယ်”ဟု မရိုစီကျော်မှ ပြောပါ တယ်။

ရွှေပြည်သာမှာ ရှိတဲ့အလုပ်သမားသမဂ္ဂအတွင်းရေးမှူးမဇာဇာဌေးက အိမ်အကူအလုပ်သမားတွေကတော့ စက်ရုံအလုပ်သမားတွေလို ခံစားခွင့်မရှိသလို ပတ်ဝန်းကျင်ရဲ့ နေရာဒေသအလိုက် အနှိမ်ခံရမှုတွေကိုလည်း သူတို့အနေနဲ့ တွေ့မြင်ရတယ်လို့ ရှင်းပြပါတယ်။

“အိမ်ဖော်အလုပ်သမားတွေကျတော့ စက်ရုံအလုပ်သမားတွေလို သူတို့မှာ ခံစားခွင့်မရှိဘူး။ အိမ်ဖော်ဆိုက တည်းကိုက ပတ်ဝန်းကျင်ရဲ့ နေရာဒေသအလိုက် အနှိမ်ခံမှုပေါ့နော်။ နံပါတ် (၁) အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို အရင်ခံစားရတယ်။ နံပါတ် (၂) ထိကပါးရိကပါး လုပ်ခြင်းခံရတယ်။ နံပါတ် (၃) ကတော့ ကိုယ်ထိ လက်ရောက် ရိုက်နှက်မှုတွေ စော်ကားမှုတွေကို ခံကြရတယ်”

သူတို့ရဲ့ အလုပ်သမားသမဂ္ဂကတော့  ကုန်တင်ကုန်ချနာမည်ဖြင့်  မှတ်ပုံတင်ကျထားပေမယ့် အလုပ်သမား တွေ အားလုံးကို ကူညီတယ်လို့ ဆိုပါတယ်။

“ကျမတို့က မှတ်ပုံတင်ကျထားတာကတော့ ကုန်တင်ကုန်ချနာမည်နဲ့ ကုန်တင်ကုန်ချ ပျံကျအလုပ်သမား အပြင် အလုပ်သမားဆိုရင် စက်ရုံအလုပ်သမားမှ မဟုတ်ဘူး။ ဘယ်အလုပ်သမားကိုမဆို ကလေးသူငယ် လူကြီးမရွေး ကူညီဆောင်ရွက်ပေးတယ်”

ဘယ်အလုပ်သမားမဆို အလုပ်သမားဥပဒေအရ အလုပ်သမားလို့ သတ်မှတ်ထားတယ်လို့လည်း မဇာဇာ ဌေးမှ ဆက်ပြောပါတယ်။

“ အလုပ်သမားဥပဒေမှာကတော့ အလုပ်သမားဆိုရင် အိမ်အကူလည်းပါတယ်။ ပျံကျဈေးသည်လည်း ပါ တယ်ပေါ့၊ အားလုံးကို အလုပ်သမားလို့ခေါ်တယ်”

အိမ်အကူအလုပ်သမားတွေ ဘဝလုံခြုံဖို့ဆိုရင် ကိုယ့်လုပ်မယ့်နယ်မြေရပ်ကွက်တွေရဲ့ အကြီးအကဲတွေနဲ့ အသိပေးပြီး လုပ်ထားစေချင်တယ် သူတို့အတွက် တစုံတရာအကျိုးခံစားခွင့်တွေအပြင် ဥပဒေအရ သီးသန့် ပြဌာန်းထားနိုင်ရင် ကောင်းမယ်လို့ သူမအမြင်ကို အခုလိုရှင်းပြပါတယ်။

“ အိမ်အလုပ်သမားတွေ လုံခြုံမှုရှိဖို့ဆိုရင် အိမ်တစ်အိမ်မှာ အိမ်အကူသွားလုပ်တော့မယ်ဆိုရင် သူရဲ့ ရပ် ကွက်လူကြီးနဲ့ဖြစ်စေ ကိုယ်လုပ်မယ့်နယ်မြေရဲ့ စခန်းဖြစ်စေ စခန်းဆိုရင်တော့ ကြီးတယ်ပေါ့နော်။ သူတို့ရဲ့ လုံခြုံဖို့အတွက်ဆို အသိပေးပြီး လုပ်တာတွေ ဒါတွေရှိစေချင်တယ်။ သူတို့အတွက် ခံစားခွင့်တွေ၊ အခွင့်အ ရေးတွေ၊ သူတို့ကို အကာအကွယ်ပေးဖို့ သီးသန့် ဥပဒေကို ပြဌာန်းပေးဖို့လိုတယ်လို့ ထင်တယ်”

Related Articles