Home ဆောင်းပါး သမိုင်းထဲက အမျိုးသမီးများ

သမိုင်းထဲက အမျိုးသမီးများ

img_8643

နန်းဆိုင်နွမ်။                 ။

ရောင်စုံရိုးရာ ဝတ်စုံကိုယ်စီ ဝတ်ဆင်ကြပြီး ပြုံးပျော်နေကြတဲ့ အသက်အရွယ်စုံလင်သော အမျိုးသမီးများ ရွှင်လန် စွာ ကြိုဆိုနှုတ်ဆက်နေကြသည်။

အပြုံးမျက်နှာများနှင့်အတူ အမျိုးသမီးထု၏ သမိုင်းအဆက်အဆက် လှုပ်ရှားလာတဲ့ ဓာတ်ပုံများ၊ တိုင်းရင်းသား ကိုယ်စီရိုးရာအစားအစာ၊ ရိုးရာလက်မှုလက်ရာများကို ခုံပေါ်တင်ရောင်းနေကြသလို၊ အမျိုးသမီးများနဲ့ ပတ် သက်သော စာစောင်၊ စာအုပ်များကိုလည်း ဝေငှနေတာ တွေ့မြင်ရသည်။

ထိုပွဲက လွန်ခဲ့သည့် (၁၇)နှစ်ကျော်ကာလ အခက်အခဲမျိုးစုံ ရင်ဆိုင်ကျော်လွှာခဲ့ရသည့်အဖွဲ့ တခုဖြစ်ပြီး၊ စစ် မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ်ထွန်လာရေးနဲ့ အမျိုးသမီး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပိုမို ပါဝင်လာစေ ရေးအတွက် မတူညီတဲ့ တိုင်းရင်းသူပေါင်းစုံ နယ်ပယ်ပေါင်းစုံ အမျိုးသမီးတွေ စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသမီးများ အဖွဲ့ချုပ်( မြန်မာနိုင်ငံ) WLB ၏ (၁၇) နှစ်ပြည့် အထိမ်းအမှတ်ပွဲတစ်ခုပင် ဖြစ်သည်။

ထို(၁၇)နှစ်ပြည့်ပွဲတွင် တိုင်းရင်းသူအသီးသီးက မိမိရိုးရာ ကကွက်များကို ကပြခဲ့သကဲ့သို့ နယ်ပယ် အရပ်ရပ် က ထူးချွန်ပြီး စံပြအမျိုးသမီးများဖြစ်သည် ရွာသူကြီးမများလည်း အတွေ့အကြုံများ၊ ဖြတ်သန်းမှုများ လာရောက် ပြောပြကြသည်ကို တွေ့မြင်ရပါသည်။

WLB သည် ၁၉၉၉ ခုနှစ်ကစပြီး နယ်စပ်အခြေစိုက် တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်းတွေကနေ ဖွဲ့စည်း လာတဲ့ အဖွဲ့အစည်းတခုပါ။

မြန်မာနိုင်ငံမှာ ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ပင်လုံဟာ အရေးကြီးသကဲ့သို့ အမျိုးသမီးများ အဖွဲ့ချုပ် ပေါ်ပေါက်လာဖို့အတွက် မယ်ဟောင်ဆောင် အကြိုအစည်းအဝေးကလည်း အင်မတန်မှ အရေးပါ ခဲ့ကြောင်း၊ မယ်ဟောင်ဆောင် အစည်းအဝေးကနေပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို ထူထောင်ပါ မယ်လို့ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု WLB စတင်တည်ထောင်သူ တဦးအပါအဝင် ဖြစ်သည့် ဒေါ်စောမြရာဇာ လင်းက ပြောသည်။

“ ကျမတို့ ဖျောက်ဖျက်လို့မရနိုင်တဲ့ အင်မတန်မှ တန်ဖိုးထားရမယ့် ကျမတို့ရဲ့ သမိုင်း (History) ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းကို ထူထောင်ဖို့ ကြိုစားလာတဲ့နေရာမှာ ကျမတို့ အခက်အခဲများစွာ ဖြတ်သန်းခဲ့ရ ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို စတင်ဖွဲ့စည်းချိန်က အခက်အခဲမျိုးစုံကို ကြိုးစားရုန်ကန်ခဲ့ရပြီး၊ တစ်ဦးနဲ့ တစ်ဦး ဒေါသဖြစ်ကာ အခင်အမင်ပျက်သည့်ထိ ရှိခဲ့ကြသော်လည်း အမျိုးသမီးများ၏ ရှေ့ရေးအတွက် ရှေ့ဆက် သွားရန်လိုအပ်သည်ဟုဆိုပြီး ခံစားချက်များကို ဘေးဖယ်ကာ WLB အောင်မြင်ရမယ်ဆိုသည့် စိတ်ဖြင့် ညီအစ်မ အရင်း ချစ်ခင်မှုဖြင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့ အစည်းတခုလည်း ဖြစ်သည်။

WLB သည် နယ်စပ်ဒေသ တလျောက်တွင်ရှိသည့် အမျိုးသမီးများသာမက မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ရှိသည့် ညီအစ်မ များပူးပေါင်းပြီး မြန်မာနိုင်ငံ၏အရေးကို ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးများ ကို တွဲပြီးလုပ်သွားနိုင်မည့်ဟုလည်း မျှော်လင့်ကြောင်း WLB အဖွဲ့တည်ထောင်သည့် အဖွဲ့ဝင်နန်းဆိုင်နောင့်က ပြောသည်။

“အမျိုးသမီးတွေ ထိုက်ထိုက်တန်တန်နေရာရဖို့ လုပ်ငန်းတွေရဖို့ အမျိုးသမီးတွေက ပြင်ဆင်ထားရမယ်ဆိုတာ။ နောက်ဆုံးအနေနဲ့ ရှေ့မြန်မာနိုင်ငံကြီး ကောင်းမွန်လာဖို့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ကြဖို့ ဒီ အမျိုးသမီးထုအားလုံးက တကယ်ပဲ ပြင်ဆင်ထားရမယ်” ဟုလည်း နန်းဆိုင်နောင့်ဆိုသည်။

WLB သည် တိမ်မြုပ်နေသော အောက်ခြေထု အမျိုးသမီး၏ အသံနှင့် အကြမ်းဖက်ခံအမျိုးသမီးတို့အတွက် တရားမျှတမှုရရှိရေးနှင့် အမျိုးသမီးအရေး၊ ကျား၊မ တန်းတူရေး ဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့များ၊ လူထု အခြေပြု အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည်။

ပဋိပက္ခဖြစ်ပွားသည့်နေရာနှင့် နိုင်ငံတဝှမ်း အမျိုးသမီးများသည် လုံခြုံမှုကင်းမဲ့လာပြီး တရားဥပဒေပိုင်းဆိုင်ရာ အရ ကာကွယ်ပေးနိုင်မှု မရှိကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB ၏ (၁၇)နှစ်ပြည့် အထိမ်း အမှတ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတဝှမ်းရှိ အမျိုးသမီးများ၏ ဘဝလုံခြုံရေးသည် နေအိမ်ပြင်ပသာမက နေအိမ်များတွင်ပါ လုံခြုံမှု ကင်းမဲ့လာ ကြောင်း ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးတွင် အမျိုးသမီးများအပေါ် နည်း မျိုးစုံ အကြမ်းဖက်မှုများ နေရာအနှံ့ ပိုမိုဖြစ်ပွားလာခြင်းသည် တိုင်းပြည်၏ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ဖွံဖြိုးမှုကို အဟန့် အတားဖြစ်ပွားစေကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ ကျမတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးထုက လုံခြုံမှုကင်းမဲ့နေပါတယ်။ နေရာဒေသတခုနဲ့ တခုတော့ မတူပါဘူး။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးတွေက ပိုပြီးမှ လုံခြုံမှုကင်းမဲ့စွာ ခံစားနေရတဲ့အနေအထားဖြစ်တယ်။ တိုက်ပွဲမှာရှိတဲ့ အမျိုးသမီးတွေပဲ မဟုတ်ပါဘူး။ မြို့ကြီးပြကြီးပေါ်က အမျိုးသမီးတွေကလည်း လုံခြုံမှုကင်းမဲ့နေပါတယ်” ဟု WLB အထွေထွေ အတွင်းရေးမှူး ဂျူလီယာ မာရစ်(ပ်) က ဧရာဝတီသို့ ပြောသည်။

၂၀၁၅-၂၀၁၆ အတွင်း ရန်ကုန်တိုင်းတွင် သက်ငယ်မုဒိမ်းမှုကို နေ့စဉ်နဲ့အမျှ ကြားနေရကြောင်း၊ ယခုနောက်ပိုင်း အရွယ်ရောက်ကလေးများသာမက အရွယ်မရောက်ကလေးငယ်များ၏ လုံခြုံမှုမှာ ကင်းမဲ့လာသည်ကို တွေ့နေ ရကြောင်း ဂျူလီယာက ပြောသည်။

ဆက်လက်ပြီး ဂျူလီယာ မာရစ်(ပ်)က “ အမျိုးသမီးတွေအပေါ်လုံခြုံမှု ရရှိလာနိုင်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အမျိုးသမီးတွေအပေါ်မှာ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို ထုတ်ပြန်ပြဌာန်းပေးဖို့ လိုပါတယ်။ လက်တွေ့ အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာလည်း အများကြီး ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးစနစ် ပြောင်းလဲလာသော်လည်း အမျိုးသမီးများ၏ ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်မည့် ကာကွယ် တားဆီးမှုများ၊ တရားမျှတမှုများ၊ ဆောင်ကြဉ်ပေးနိုင်ခြင်း မရှိပါက နိုင်ငံ၏ ပြန်လည်သင့်မြတ်ရေး ရေရှည် ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနိုင်မည် မဟုတ်ကြောင်းကိုလည်း WLB ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

img_8785

“ အခု တိုင်းပြည်အပြောင်းအလဲ ဖြစ်လာတဲ့အခါ အကြမ်းဖက်ခံနေရမှုကို ကြည့်မယ်ဆိုရင် မျက်မြင်ကိုယ်တွေ့ မြင်ရတာကတော့ အရင်က စစ်တပ်ကနေပြီးတော့ အဓမ္မပြုကျင့်တာ မြင်ရတယ်။ အခု ပြည်နယ် ပြည်မ မြန်မာ ပြည်အနှံ့မှာ အမျိုးသမီးတွေကို ပိုပြီးအကြမ်းဖက်တာတွေ ဖြစ်လာတယ်လို့ မြင်ရတယ်။ အဆိုးဆုံးကတော့ သက်ငယ်မုဒိမ်းမှုတွေကို ကျမတို့ မကြားစဖူး ကြားလာရတယ်” ဟု WLB မူဝါဒရေးရာ ဦးဆောင်အဖွဲ့မှ စောစံ ငြိမ်းသူက ပြောသည်။

အကြမ်းဖက်ခံရသည့်ကိစ္စကို ရဲရဲရင့်ရင့်ထုတ်ဖော်ပြောဆိုရန်နှင့် အမှန်တရားကို ရရှိရန်အတွက် အကန့်အသတ် ရှိနေသေးကြောင်း စောစံငြိမ်းသူက ထပ်မံပြောသည်။

ဒါ့အပြင် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ ကြိုးပမ်းနေချိန်မှာ တဖက်က တိုင်းပြည် မငြိမ်းချမ်း သေးကြောင်း၊ တိုက်ပွဲများလည်း ပိုမို ပြင်းထန်လာကြောင်း စောစံငြိမ်းသူက ပြောသည်။

“ဖက်ဒရယ် အောက်မှာရှိတဲ့ ဥပဒေကောင်းတွေ ဘယ်လောက်ပဲ ပေါ်ပေါက်ပါစေ၊ အမျိုးသမီးတွေကို ခွဲခြား နိမ့်ချဆက်ဆံ အဓမပြုကျင့်နေအုံးမယ်ဆိုရင် ဘယ်လောက် ဖက်ဒရယ်ပြည်ထောင်စုပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ တိုက်ပွဲရပ်တဲ့ တိုင်းပြည်ပဲဖြစ်ဖြစ် ဒီတိုင်းပြည်က ဖွ့ံ့ဖြိုးလုံခြုံတဲ့ တိုင်းပြည်ဖြစ်လာမှာ မဟုတ်ဘူး။ အမျိုးသမီးတွေ နဲ့ သက်ဆိုင်တဲ့လုံခြံရေးကိစ္စကိုလည်း နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ အဓိက စဉ်းစားရမယ်” ဟု စောစံငြိမ်းသူ ကဆိုသည်။

၁၉၈၈ ခုနှစ်၊ (၈)လေးလုံးလှုပ်ရှားမှုနောက်ပိုင်းတွင် အမျိုးသမီးများလည်း နယ်စပ်ဒေသ အသီးသီးတွင် ခိုလှုံ ခဲ့ကြပြီး၊ တော်လှန်ရေးနယ်ပယ် အသီးသီးတွင် ပေါက်ဖွားရှင်သန်ခဲ့ကာ တိုင်းရင်းသား လူမျိုးများရပိုင်ခွင့်နှင့် အမျိုးသမီးများ နိုင်ငံရေးပါဝင်မှုအတွက် တိုက်ပွဲဝင်ကြသည်။

၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အောင်မြင်ရမည်ဆိုသည့် သံဓိဌာန်နှင့်အတူ ပါဝင်ခဲ့သည့် အမျိုးသမီးတိုင်း၏ အသည်းနှလုံး၊ အမျိုးသမီးများ၏ မျက်ရည်များနှင့် ရှင်သန် စေခဲ့ပေသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ လှုပ်ရှားဆောင်ရွက်မှုများ၏ အသီးအပွင့်အဖြစ် ယခုနောက်ပိုင်း တိုင်း ရင်းသူအမျိုးသမီးငယ်များ နယ်ပယ်အသီးသီးမှာ ပါဝင်လာကြပြီး ပူးပေါင်း ဆောင်ရွက်လုပ်ဆောင်နေကြသည် ကိုလည်း တွေ့မြင်နေရသည်။

WLB ဆက်လက်ရှင်သန်ဖို့ ဆက်လက်အောင်မြင်ဖို့အတွက်လည်း WLB နှစ်ပါတ်လည်ပွဲသို့ တက်ရောက် လာသည့် တိုင်းရင်းသူအမျိုးသမီး သက်ရွယ်စုံကလည်း အမျိုးသမီး အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) အောင်မြင်ပါစေ ဆိုပြီး ၃ကြိမ်တိုင်တိုင် ကြွေးကျော်ခဲ့ကြပေသည်။

Related Articles