Home ဆောင်းပါး အမျိုးသမီး ၁၁ ဦးအပါအဝင် လူ ၁၉ ဦး မီးရှို့သတ်ခံခဲ့ရတဲ့ ညောင်ပင်သာ ဖြစ်ရပ်ဆိုး

အမျိုးသမီး ၁၁ ဦးအပါအဝင် လူ ၁၉ ဦး မီးရှို့သတ်ခံခဲ့ရတဲ့ ညောင်ပင်သာ ဖြစ်ရပ်ဆိုး

နွေဦးမောင်။ ။

နေအိမ်ခြံဝန်းတစ်ခုထဲမှာ မီးကျွမ်းနေတဲ့ ပြာပုံနှစ်ခုကို တွေ့ရပါတယ်။ မလောင်ဘဲကျန်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပြာပုံနှစ်ခုရဲ့ အနားကွပ်တွေလို မြင်တွေ့ကြရပါတယ်။

တချို့အစိတ်အပိုင်းတွေဟာ ခြေလက်အင်္ဂါတွေဖြစ်ပြီး တချို့ဟာ မီးသွေးတုံးတွေပမာ ကျွမ်းလောင်မှောင်မဲနေပြီး အခွေလိုက် ကျန်နေရစ်တဲ့ အူပုံကြီးလည်း ရှိနေပါတယ် ။  

ဒီဖြစ်ရပ်ဟာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အစပ် ထန်းတပင်မြို့နယ် ညောင်ပင်သာရွာမှာ ဖြစ်သွားခဲ့တာပါ။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၉ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်မီးရှို့ခဲ့တာ​လည်း ဖြစ်ပါ တယ်။ ပြောမယ်ဆိုရင် စစ်တပ်က ခုလိုလူမဆန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာဟာ မေ ၁၀ ရက်နေ့က ဖြစ်ပါတယ်။

” ကလေးတွေနဲ့မိန်းမတွေနဲ့ကိုကတစ်ပုံ၊ ယောကျ်ားတွေချည်းပဲကိုက သပ်သပ်တစ်ပုံလုပ်ပြီးတော့ မီးတွေရှို့၊ သတ်၊ လုပ်ခဲ့ပါ တယ်။”လို့ ညောင်ပင်သာရွာမှ အမျိုးသားတစ်ဦးက ပြန်ပြောပြပါတယ်။

သူဟာ စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်မှာ ဝမ်းကွဲအစ်မတစ်ယောက်၊ တူမတစ်ယောက်နဲ့ ဝမ်းကွဲမြေးမလေး တစ် ယောက်ကို ဆုံးရှုံးခဲ့ရတာပါ။

မီးနဲ့ရှို့သတ်ဖြတ်ခံရသူတွေထဲ အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ရှစ်ဦးပါဝင်ပြီး အဲဒီအထဲကမှ အသက်မပြည့်သေးတဲ့ ကလေးငါးဦး လည်းပါဝင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒေသဟာ KNU ရဲ့ ထိန်းချုပ်နယ်မြေ တွေထဲကတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေ ကျောက်ကြီးနယ်မုန်း ဒေသထဲကနေ ညောင်ပင်သာရွာဘက် စစ်ကြောင်းထိုးချိန် KNU၊ PDF ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး ညနေပိုင်းမှာ ညောင်ပင်သာ ရွာထဲဝင်ရောက်ကာ အထက်ပါ အပြစ်မဲ့ပြည်သူ ၁၉ ဦးကို သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ – မီးရှို့သတ်ဖြတ်ခံရပြီးနောက် ကျွင်းကျန်ရစ်သည့် အစိတ်အပိုင်းများကို တွေ့ရစဉ် 

အသတ်ခံရတာ ဘယ်သူတွေလဲ

စစ်တပ်က မတရားသတ်ဖြတ်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ညောင်ပင်သာရွာ ဒေသခံပြည်သူတွေထဲ အသက်အကြီးမှာ ၇၀ နှစ်အရွယ်ဦးဝင်းမြိုင်ဆိုသူဖြစ်ပါတယ်။ ဦးဝင်းမြိုင်က ကုန်စုံဆိုင်လေးဖွင့်ပြီး စျေးရောင်းစားသူပါ။ ဒါကြောင့် သူ့ဆိုင်မှာ ရောင်းဖို့တင်ထားတဲ့ ဓာတ်ဆီဘူးတွေကိုယူပြီး ဦးဝင်းမြိုင်ရဲ့စျေးဆိုင်နောက်ဘက်ခြံမြေအလွတ်မှာ ပြည်သူ ၁၉ ဦးလုံးကို မီးရှို့ သတ်ဖြတ်သွားခဲ့တာလို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

” ကိုဝင်းမြိုင်ကစျေးဆိုင်ပါ။ သူ့ဆိုင်က ပစ္စည်းတွေကိုဖောက်ပြီးတော့ အဲထဲမှာသူတို့က မြို့အရက်တွေလည်း ရောင်းတာ ဆိုတော့ အဲဒီအရက်ပုလင်းတွေယူဖောက်သောက်ပြီးတော့ အဲဆိုင်ထဲက ဓာတ်ဆီတွေကိုယူပြီးတော့ အဲလူ(ဦးဝင်းမြိုင်အပါ ပြည်သူ ၁၉ ဦး)တွေကို မီးပုံရှို့သွားတာပါ။”

စျေးဆိုင်ရဲ့မျက်နှာချင်းဆိုင်မှာ(ဦးဝင်းမြိုင်ရဲ့အစ်ကို) ဦးဝင်းအောင်ရဲ့ ဖြစ်ပြီး တစ်ခြံထဲမှာ မိသားစုနှစ်စုနေထိုင်ပါတယ်။ ဦးဝင်း အောင်ဟာ အသက် ၈၀ ခန့်ရှိပြီဖြစ်ပြီး ၇၅ နှစ်အရွယ် ဇနီးအပါအဝင် မိသားစုဝင်ငါးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ဦးဝင်းအောင်နဲ့ တစ်ခြံထဲမှာနေတဲ့ သူ့သမီးကြီး ဒေါ်တင်အုန်း ၅၃ နှစ်၊ သားမက်ဖြစ်သူ ကိုတိုးတိုး ၅၃နှစ် နဲ့ မြေးဖြစ်သူ မဂျူးဂျူး၁၈နှစ် အပါအဝင် မိသားစုဝင်သုံးဦး အသတ်ခံခဲ့ရတာပါ။

ဦးဝင်းမြိုင်နဲ့ ဦးဝင်းအောင်တို့ရဲ့နေအိမ်တွေရဲ့ အရှေ့ဘက်နားရောက်လာတော့ ညီအစ်မ အပျိုကြီးတွေဖြစ်တဲ့ ၅၈နှစ်အရွယ် ဒေါ်ချိုတီ(ခ)ဒေါ်ချစ်တီးနဲ့ ၅၃နှစ်အရွယ် ဒေါ်တင်ဆန်း ညီအစ်မနှစ်ဦးဟာလည်း စစ်တပ်ရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် ကိုဇော်မိုးအောင်နဲ့ဇနီး အသက်မပြည့်သေးတဲ့ သားနှစ်ယောက်အပါအဝင် မိသားစုဝင်လေးဦးလုံး အသတ်ခံရပါ တယ်။

နောက်ထပ်အမျိုးသမီးသုံးဦးကတော့ ၆၈ နှစ်အရွယ် အပျိုကြီးဒေါ်ခင်ရီ၊ သူ့ယောက်မဒေါ်သန်းသန်းရွှေနဲ့ အသက်မပြည့် သေးတဲ့ တူမလေးတစ်ဦး အသီးသီး အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ညောင်ပင်သာရွာခံ ဒေါ်ခင်ရီရဲ့ မောင်ဝမ်းကွဲဖြစ်သူက ရှင်းပြ ပါတယ်။   

ပုံစာ – မီးရှို့သတ်ဖြတ်ခံရပြီးနောက် ကျွင်းကျန်ရစ်သည့် အစိတ်အပိုင်းများကို တွေ့ရစဉ် 

PDF ယောင်ဆောင်တဲ့ စစ်တပ်

မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက် ညောင်ပင်သာရွာထဲ စစ်တပ်တွေဝင်လာချိန်မှာ ရွာထဲတွေ့တဲ့လူတွေကို အကုန်လုံး ထွက်ထွက်၊ မကြောက်နဲ့ ထွက်ထွက်ဆိုပြီးတော့ ခေါ်ထုတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် အိမ်အပြင်ထွက်လာတဲ့ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၈ ဦးကို စစ်တပ်ကဖမ်းဆီးပြီး မျက်နှာအဝတ်စည်း၊ လက်ကို ကြိုးတုပ်၊ တိပ်နဲ့ပတ်သူပတ်ပြီးတော့မှ ခေါင်းဖြတ်သတ်တာ၊ ရိုက်နှက်သတ်ဖြတ်တာတွေကျူးလွန်ပြီးခါမှ မီးရှို့အလောင်း ဖျောက်ခဲ့ကြတာပါ။

မခင်နဲ့ အဒေါ်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ စစ်ကောင်စီတပ်သားတချို့ဟာ ညောင်ပင်သာ ရွာထဲကို PDF အယောင်ဆောင် ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

“PDFလိုလိုဘာလိုလို သူတို့(စစ်တပ်)ကလာပြီးတော့ ငါတို့ နင်တို့ကိုကူညီမယ်၊ ဘာညာပေါ့။ အဲလိုမျိုး သွေးဆောင်ဖျားယောင်း တယ်။ ငါတို့ကူညီမယ်၊ ငါတို့က PDF ကဆိုပြီးတော့ ခေါ်တာ။”

ညောင်ပင်သာရွာသူရွာသားတွေဟာ စစ်ကြောင်းဝင်လာနိုင်တယ်ဆိုတာကို သတင်းအစအန ရခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်ပြီး ဒေသခံပြည်သူတွေကိုပါ စစ်တပ်က ခုလိုရက်ရက်စက်စက်သတ်ဖြတ်လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ရွာထဲက တချို့မိသားစုတွေ ဘေးလွတ်ရာ ရှောင်တိမ်းကြပေမယ့် တချို့ရွာမှာပဲ ကျန်ရစ်ခဲ့ကြပါတယ်။

အဲဒီအချိန် တိုက်ပွဲပိုပြင်းထန်ပြီး ရွာသူရွာသားတွေ ကူကယ်ရာမဲ့နေချိန် စစ်တပ်က ရွာထဲကို PDF အယောင်ဆောင်ဝင် ရောက် ကာ အကူအညီပေးမယ်လို့ သွေးဆောင်တော့ အားလုံးဟာ အကူအညီရပြီဆိုပြီး အိမ်အပြင်ထွက်လာရာက ခုလိုအသတ်ခံ လိုက်ရတာလို့ ကျန်ရစ်သူမိသားစုတွေက ဆိုပါတယ်။

ပုံစာ – မီးရှို့သတ်ဖြတ်ခံရပြီးနောက် ကျွင်းကျန်ရစ်သည့် အစိတ်အပိုင်းများကို တွေ့ရစဉ် 

ပြိုကွဲသွားတဲ့ မိသားစုတွေ

​ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ သူ့အနေနဲ့ ကလေးသုံးယောက်နဲ့ ဘယ်လိုရှေ့ဆက်ရမှန်း မသိ တော့ဘူးလို့ ရင်ဖွင့်ပါတယ်။ အဲဒီ မေလ ၁၀ ရက်နေ့ညနေ ၄ နာရီလောက်က သူ့ခင်ပွန်းဟာ အကြွေးတောင်းသွားရင်း စစ်တပ်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါတယ်။

ကြွေးစာရင်းစာအုပ်လေးယူ၊ လေးအိတ်လေးလွယ်ပြီး ထွက်သွားတဲ့ သူ့ခင်ပွန်းဟာ နောက်နှစ်ရက်ကြာတဲ့အထိ အိမ်ပြန်ရောက် မလာခဲ့ပါဘူး။ ကြွေးတောင်းသွားတဲ့နေ့ ညဦးပိုင်းကတည်းက အိမ်ပြန်နောက်ကျနေလို့ နီးစပ်ရာကို စုံစမ်းခဲ့ပေမယ့် အဆက် အသွယ်မရခဲ့ပါဘူး။ ဒီလိုနောက် အဆက်အသွယ်ပြတ်ပြီး နှစ်ရက်မြောက်နေ့ညနေဖက်ကြမှ ညောင်ပင်သာမြောက်ပိုင်း သချိုင်းကုန်းနား အလောင်းတစ်လောင်းတွေ့တယ်ပြောလို့ သွားကြည့်ကာမှ သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီဆိုတာကို သိခွင့်ရခဲ့ ပါတယ်။

အသတ်မခံရမီ သူ့ခင်ပွန်းဟာ ခြေလက်တွေ ကြိုးနဲ့အတုပ်ခံခဲ့ရဟန် လက်နဲ့ခြေထောက်တွေမှာ ကြိုးရာတွေတွေ့ရတယ်လို့ အသတ်ခံရသူရဲ့ အမျိုးသမီးကပြောပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ဟာ စောင့်ကန်ခံထားရတာကြောင့် အစာအိမ်ကွဲသလိုဖြစ် နေပြီး ခါးဆက်ရိုးနားမှာလည်း ခပ်ပြင်းပြင်းအရိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

သူ့အမျိုးသားကို အဝတ်တွေချွတ်ပြီး စအိုထဲတုတ်တစ်ချောင်းထိုးထည့်ခံထားရတာကိုတော့ အဲဒီအမျိုးသမီးက ဖွင့်ဟပြောဆို ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့ပါတယ်။

သူတို့မှာ သားသမီးသုံးယောက်ရှိတဲ့အထဲက သားအလတ်ကောင်လေးကို လာမယ့်နှစ်ထဲ ရှင်ပြုပေးဖို့ရည်ရွယ်ထားပေမဲ့ ခင်ပွန်း သည်အနေနဲ့ ရှင်ပြုခွင့်မရတော့ဘူးလို့ ယူကြုံးမရဖြစ်ဟန်နဲ့ အဲဒီအမျိုးသမီးက ရင်ဖွင့်ပါတယ်။

ခုဆို သူတစ်ယောက်ထဲနဲ့ လူမမယ်ကလေးသုံးဦးကို ရှာဖွေ​ကျွေးမွေးရတော့မှာဖြစ်ပြီး “ဘဝကို တစ်ယောက်ထဲရင်ဆိုင်ရမှာ တော်တော်တော့ ဒုက္ခရောက်မှာပေါ့။”လို့ သူက ဆိုပါတယ်။

အမေနဲ့ အဒေါ်ကို ဆုံးရှုံးလိုက်ရတဲ့ လူငယ်တစ်ဦးကတော့ သူ့မှာ မိသားစုသံယောဇဥ်ဆိုတာ မရှိတော့သလို ဆုံးရှုံးမှုအတွက် အသက်စတေးခံရဖို့လည်း ဝန်မလေးဘူးလို့ ရင်ဖွင့်ပါတယ်။ သူ့မိသားစုအပါ အဝင် အသက်ပေးလိုက်ရတဲ့ပြည်သူတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ အဲဒီလူငယ်က အခိုင်အမာပြောပါတယ်။

” ကျနော့်အသက်ပါ ကျနော်မငဲ့တော့ဘူးခုချိန်မှာ။ ဒီကောင်တွေ(စစ်ကောင်စီတပ်)တစ်ယောက်မှမကျန်တော့တဲ့အထိ ကျနော် အသက်စွန့်မယ်။”

ပုံစာ – မီးရှို့သတ်ဖြတ်ခံရပြီးနောက် ကျွင်းကျန်ရစ်သည့် အစိတ်အပိုင်းများကို တွေ့ရစဉ် 

အရေးယူပေးပါ နိုင်ငံတကာ

ထန်းတပင်နယ် ညောင်ပင်သာရွာမှ ပြည်သူ ၁၉ ဦးအပါအဝင် ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူး လွန်နေတဲ့စစ်တပ်ကို နိုင်ငံတကာက အရေးမယူနိုင်တော့ဘူးလားလို့ မေးခွန်းထုတ်လာသူကတော့ ဝမ်းကွဲအစ်မကြီးအပါအဝင် မိသားစုဝင်လေးဦး ဆုံးရှုံးလိုက်ရတဲ့ အမျိုးသားကြီးတစ်ဦးပါ။

” ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနဲ့ UN ကို၊ ဒီစစ်ကောင်စီကို ဘာကြောင့် အရေးမယူ တာတုန်း။”

ပြည်သူ့ထံကရတဲ့ အခွန်ငွေတွေနဲ့ဝယ်ထားတဲ့ လက်နက်တွေနဲ့ ပြည်သူကို ရက်ရက်စက်စက်သတ်ပစ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ အရေးယူပေးဖို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်လို့ အဲဒီအမျိုးသားကြီးက ဆက် ပြောပါတယ်။

ပြီးတော့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဟန့်တားခြင်းမရှိဘဲ အသံတိတ်နေတာ ဟာ စစ်ကောင်စီနဲ့ အကျိုးစီးပွားတူညီနေလို့လား အဲဒီအမျိုးသားကြီးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေနဲ့ပတ်သက်လို့ အာဆီယံနဲ့ နိုင်ငံတကာကို ခုလိုရင်ဖွင့်ထားပါတယ်။

“လုံးလုံးလျားလျား ပြည်သူတွေကုန်သွားကာမှ လုံခြုံရေးကောင်စီတို့ UN တို့ အရေးယူပေးကြတော့မှာလား”

Author:

Related Articles