ကချင်မလေး – ရန်ကုန်။ ။
“ရှက်တယ်၊ ကိုယ့်မှာ ဘာတွေဖြစ်နေလဲဆိုပြီး မလုံမလဲဖြစ်လာတယ်။”
“ကြောက်တယ်၊ တခါတလေ ခလုတ်တောင်တိုက်တယ်။”
ဒလက အမျိုးသမီးတဦးဖြစ်တဲ့ နှင်းအိအိကျော်က နေ့စဉ်သွားလာနေရတဲ့ဘဝမှာ နှောက်ယှက်စော်ကားခံရတာ တွေကြောင့် ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြထားတာပါ။
လမ်းလျှောက်နေရင်း လမ်းဘေးလက်ဖက်ရည်ဆိုင်က အမျိုးသားတွေရဲ့စနောက်ခြင်းကြောင့် မလုံမခြုံခံစားရ တယ်လို့ ပြောပါတယ်။
နှင်းအိအိကျော်ရဲ့အဖြစ်အပျက်က နေ့စဉ်အမျိုးသမီးတွေကြုံတွေ့နေရတဲ့ စော်ကားနှောက်ယှက်မှုတွေရဲ့ အပေါ် ယံလေးပဲရှိပါသေးတယ်။
နေ့စဉ် အမျိုးသမီးတွေရဲ့အတွေ့အကြုံတွေကို Colorful Girls က ဒါရိုက်တာ နန့်သဇင်မင်း (ဒါရိုက်တာ – Colorful Girls) က ဖြည့်စွက်ပြောပြပါတယ်။
ကျောင်းသွားကျောင်းပြန်လုပ်နေတဲ့ အမျိုးသမီးငယ်များအကြား “ဘတ်စ်ကားပေါ်က ထောက်လှမ်းရေးကိစ္စ”၊ “လမ်းပေါ်မှာတရွှတ်ရွှတ်နဲ့ခေါ်ပြီး အသံပေးတာမျိုး”၊ “စိုင်းစိုင်းခမ်းလှိုင်ရဲ့အိုးလေးလှုပ်ပါလားဆိုတဲ့ သီချင်းနဲ့ အမျိုးသမီးတွေကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တာတွေ”၊ “လူလစ်တဲ့နေရာတွေကနေ သူတို့ရဲ့လိင် အင်္ဂါတွေ ထုတ်ပြတာမျိုး” စတာတွေအပြင် “တက္ကစီပေါ်မှာ ညစ်ညမ်းတဲ့ကားတွေဖွင့်ပြတာတွေ”၊ “တက္ကစီ သမားတွေက သူတို့ရဲ့ပုဆိုးတွေလှန်ပြတာတွေ”၊ “ထိကပါး ယိကပါးပြောဆိုတာ၊ ပြုလုပ်တာတွေ” ရင်ဆိုင် နေရတယ်လို့ နန့်သဇင်မင်းကပြောပါတယ်။
အမျိုးသမီးတွေအတွက် ဒီလိုအဖြစ်အပျက်တွေ နေ့စဉ်နဲ့အမျှ ခံစားနေကြရတဲ့အပြင် ရိုးရာယဉ်ကျေးမှုအရ သတ်မှတ်ချက်များကလည်း အမျိုးသမီးတွေကို အကြမ်းဖက်ခံရဖို့ တွန်းအားပေးနေတယ်လို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့ ဒါရိုက်တာဒေါ်လှလှရီက ပြောပါတယ်။
“ဒီအချိန်မှာ ဒီမိန်းကလေး ဘာလုပ်နေတာလဲ၊ ညကြီးအချိန်မတော် ဘာထွက်လုပ်နေတာလဲ၊ အကြမ်းဖက် ခံရ တာ နည်းတောင်နည်းသေးတယ်ဆိုတဲ့ ရိုးရာယဉ်ကျေးမှုစံတွေ၊ သတ်မှတ်ချက်တွေ” ရှိနေတယ်လို့ ပြောပြပါ တယ်။
မသန်စွမ်းသော အမျိုးသမီးများကိုပင် အခွင့်ကောင်းယူကာ စော်ကားနှောက်ယှက်မှုများရှိပြီး အချို့ဆွံ့အ နား မကြားသူများက ထိုသို့စော်ကားခံရပြီး တိုင်တန်းပါကလည်း သူတို့ဘာသာစကားကို သက်ဆိုင်ရာက နားမ လည်တဲ့အတွက် တရားမျှတမှုရရှိဖို့ ပိုပြီးခက်ခဲသလို၊ သူတို့ကို အန္တရာယ်ကျရောက်စေဖို့အတွက်သာ ပိုပြီးဖြစ် နိုင်ချေရှိတယ်လို့ မြန်မာနိုင်ငံ၊ မသန်စွမ်းအမျိုးသမီးများအသင်း တွဲဖက်အတွင်းရေးမှူး ဦးသိန်းဟန်သူကလည်း ပြောပြခဲ့ပါတယ်။
မြို့ပြရဲ့ အခြေခံအဆောက်အဦ မလုံလောက်တဲ့ ပတ်ဝန်းကျင်ကလည်း အမျိုးသမီးတွေရဲ့ မလုံခြုံမှုကို အား ဖြည့်နေပါတယ်။
အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေမှာ ကင်မရာတွေ တပ်ဆင်ထားမှုမရှိခြင်း၊ လမ်းတွေမှာ လျှပ်စစ်မီး တပ်ဆင်ထားမှု မရှိခြင်း၊ လမ်းဘေး ချုံနွယ်၊ ချုံပုတ်တွေ မရှင်းခြင်းများကြောင့် “ညဘက်အလုပ်က အိမ်ပြန်တဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုတွေ ခံနေရတာရှိပါတယ်၊ ကာယိန္ဒြေပျက်အောင် နှောက်ယှက်ခံနေရတာတွေ ရှိပါတယ်”။ အဲဒီလိုစော်ကားနှောက်ယှက်ခံနေကြရတဲ့အတွက် အမျိုးသမီးများရဲ့ နိစ္စဓူဝသွားလာလှုပ်ရှားမှုကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် လွတ်လပ်စွာ မသွားလာနိုင်ကြပဲ စိတ်ဖိစီးမှုများဖြင့်သာ နေ့စဉ်ဖြတ်သန်းနေတယ်လို့ (Action Aid) အဖွဲ့က တာဝန်ခံ ဒေါ်လွင်လွင်လှိုင်က ဆိုပါတယ်။
ဒီလိုကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် “အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အခြေအနေတွေကို raise (ထုတ်ဖော်) လုပ်ဖို့ လိုသလို ဥပဒေရေးအရ ကာကွယ်ပေးမှုတွေ လိုနေတယ်”လို့ ဒေါ်လွင်လွင်လှိုင်က ပြောပါတယ်။
ဥပဒေရှိသည့်တိုင်အောင်ပင် ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မှုကလည်း လိုအပ်ချက်တခုဖြစ်ပါတယ်။ ကာယိန္ဒြေထိခိုက်စော်ကားခံနေရတဲ့ အမျိုးသမီးတွေအတွက် ဥပဒေအကာအကွယ် ရယူနိုင်ဖို့ကလည်း အခက် အခဲတွေ အများကြီးရှိနေပါသေးတယ်လို့ ဥပဒေရေးရာကုစားရေးအဖွဲ့ ဒါရိုက်တာဒေါ်လှလှရီက ပြောပါတယ်။
“ဘယ်လိုပဲအကြမ်းဖက်ခံရရ တိုင်တန်းမယ့်နေရာမရှိဘူး၊ နေ့ခင်းကြီး လမ်းပေါ်မှာ အမျိုးသမီးတယောက်ကို ဆံပင်ဆွဲပြီး ပါးရိုက်တယ်၊ နီးစပ်ရာ ယဉ်ထိန်းရဲကို အကူအညီတောင်းတဲ့အခါမှာ ကျနော်နဲ့မဆိုင်ဘူး၊ ရဲစခန်းကို သွားတိုင်ပါ” ဆိုတဲ့အခြေအနေတွေ “စနစ်ဆိုးကြီးရဲ့အဆက်ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ဘာကြီးပဲဖြစ်နေနေ ကိုယ့် ကို ဆွဲထည့်မှာစိုးလို့ မမြင်ချင်ယောင်ဆောင်တယ်၊ သက်သေပါမှာ စိုးကြတယ်၊ ကူညီဖြေရှင်းပေးလိုတဲ့ဆန္ဒတွေ မရှိဘူး”
“ခံရတဲ့အမျိုးသမီးက ကိုယ်ခံရတဲ့အခြေအနေကို သွားတိုင်ပါတယ်။ ဒါပေမယ့်တဖက်က အမျိုးသားရဲအရာရှိဖြစ် နေတော့ သူ့ကိုအမှုဖြစ်စဉ် ထပ်ခါထပ်ခါပြောပြနေရတာကိုက မိအေးနှစ်ခါအဖြစ်မျိုးမို့ တော်တော်လေး အဆင် မပြေပါဘူး” လို့ပြောပါတယ်။
မသန်စွမ်းအမျိုးသမီးတွေကို ပံ့ပိုးပေးနေတဲ့ ဦးသိန်းဟန်သူကတော့ အာဏာပိုင်တွေအနေနဲ့လည်း အမြင်တွေ ပြောင်းလဲဖို့ လိုတယ်လို့ ပြောပါတယ်။
“ပဲ့ပါသွားတာမှမဟုတ်တာ။ သည်းခံပါဆိုတဲ့ နည်းလမ်းမကျတဲ့ နှစ်သိမ့်မှုတွေကအစ ပြောင်းလဲဖို့ လိုနေပါတယ်။ နိုင်ငံတော်အစိုးရက တိုင်ကြားတဲ့အပိုင်းမှာ လွယ်ကူအောင်စီစဉ်ပေးဖို့နဲ့ ထိရောက်သောကာကွယ်ပေးမှု၊ ပြစ် ဒဏ်တွေ ချမှတ်ပေးမှုတို့ လုပ်ဖို့လိုပါတယ်”
၂၀၁၄ ခုနှစ်ကတည်းက Action Aid မှ ရန်ကုန်မြို့ရှိ မြို့ပြအမျိုးသမီးများ ဘေးကင်းလုံခြုံဖို့အတွက်ဆိုပြီး စီမံကိန်းတခုကို လုပ်ဆောင်လာခဲ့ရာမှ အောက်တိုဘာလဆန်းပိုင်းမှာတော့ ပညာပေးလှုံ့ဆော်မှု ကင်ပိန်းတခု ကို Action Aid အဖွဲ့က ဦးဆောင်ပြီး လုပ်ခဲ့ပါတယ်။
“ကျား၊ မကို အခြေပြုတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပိုပြီးရရှိလာအောင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူထုတွေ တွေ့ဆုံပူးပေါင်းပြီး လွတ်လပ်တဲ့ပတ်ဝန်းကျင်တခု၊ လုံခြုံတဲ့ဘဝတည်ထောင်ဖို့အတွက် ရည်ရွယ်ပြီးပြုလုပ် တာပါ” ဟု action aid အဖွဲ့တာဝန်ခံ ဒေါ်လွင်လွင်လှိုင်က ပြောပါတယ်။
ကမ်ပိန်းအခမ်းအနားကို သက်ဆိုင်ရာအစိုးရဌာနအသီးသီးဖြစ်တဲ့ ရဲဌာန၊ ထွေအုပ်၊ စည်ပင်နှင့် အမျိုးသမီးရေး ရာအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် လူထု(၄၀၀)ကျော်ခန့် တက်ရောက် ခဲ့ကြပါတယ်။
ပညာပေး လှုံ့ဆော်မှု (ကမ်ပိန်း) အခမ်းအနားကို တက်ရောက်လာသူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းလည်း ပါဝင်ပါတယ်။
“ဒီနေ့အခမ်းအနားဟာ ကျနော့်ကို သတိပြုစရာဖြစ်အောင် ဘာရလာဒ်ကို ရစေသလဲဆိုရင် လူတိုင်းအတွက် လုံခြုံစိတ်ချရတဲ့မြို့ပြအဖြစ် တည်ဆောက်ပါ၊ ဒီမြို့ပြတည်ဆောက်မှုက အမျိုးသမီးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အဆင့်တဆင့်ကို ရောက်အောင် အစိုးရကဆောင်ရွက်ပါလို့ အခုတက်ရောက်လာတဲ့ အမျိုးသမီးထုကြီးက ကျနော့်ကို တောင်းဆိုတာဖြစ်ပါတယ်။ ဒီအခြေအနေကို ဖန်တီးပေးနိုင်ဖို့ ကြိုးစားမှာပါ” “စိတ်ချလုံခြုံမှုဟာ အမျိုးသမီးတွေအတွက် ပိုပြီး လိုအပ်ပါတယ်” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသမီးထုကြီးကို ပြောခဲ့ပါ တယ်။
အမျိုးသမီးများ လုံခြုံဖို့အတွက် “လမ်းမီးလင်းရေး” ဟာလည်း တခုအပါအဝင်ဖြစ်တယ်လို့ Action Aid နှင့် မဟာမိတ်အဖွဲ့အစည်းများ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ “မြို့ပြဝန်းကျင်လုံခြုံမှ၊ ယုံကြည်စိတ်ချ တို့အမျိုးသမီး ဘဝ၊ အားလုံးတူတူဖန်တီးကြ”ဆိုတဲ့ လှုပ်ရှားမှုမှာ ပြောဆိုခဲ့တာပါ။ ဒီပညာပေး လှုံ့ဆော်လှုပ်ရှားမှုကို ရန်ကုန်မြို့ မှာ စတင်နေပြီး မန္တလေး၊ မော်လမြိုင်နဲ့ အခြားမြို့တွေမှာ ဆက်လုပ်သွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ရန်ကုန်လို မြို့ပြကြီးတွင် မြို့နယ်(၇)ခုမှာ မီးမလင်းနိုင်သောလမ်းတွေ ရှိနေခြင်းကြောင့် အမျိုးသမီးများ၏ လုံခြုံ ရေးကို စိန်ခေါ်မှုရှိနေကြောင်းကို Action Aid ၏ သုတေသနပြုမှုကို မှတ်တမ်းပြုကာ“ဒီမြို့နယ် (၇)မြို့နယ် ပြီးရင် စည်ပင်သာယာနယ်နမိတ် (၃၇)မြို့နယ်လုံး ဆောင်ရွက်ပေးမှာပါ” လို့ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြော ခဲ့ပါတယ်။
ဒါပေမယ့်လည်း ရုပ်ပတ်ဝန်းကျင်အခြေအနေ ပြုပြင်ပြောင်းလဲမှုဟာ အမျိုးသမီးများစော်ကားခံနေရမှုကို အလုံး စုံ ကင်းစင်အောင် ဖြေရှင်းပေးနိုင်မှာတော့ မဟုတ်ပါဘူး။
တဖက်မှာ နှောက်ယှက်စော်ကားသူတွေရဲ့ အမြင်သဘောထားတွေ ပြောင်းလဲလာအောင် ကြိုးပမ်းရမှာ ဖြစ်သ လို ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဥပဒေမူပေါ်လစီတွေ အခိုင်အမာ ရှိသင့်တယ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လေ့လာမှုအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမမျိုးက ပြောပါတယ်။
“မြို့ပြရာဇဝတ်မှုကာကွယ်ရေးနဲ့ ရပ်ရွာလူမှုအဖွဲ့အစည်း ဘေးအန္တရာယ် ဘေးကင်းရှင်းရေး မဟာဗျူဟာကို ချဖို့ လိုပါတယ်။ ဒီလိုချမှတ်နိုင်ဖို့ သက်ဆိုင်ရာအစိုးရနှင့် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီးဆောင်ရွက်ဖို့လိုပါတယ်”
တဖက်မှာလည်း လူထုအခြေပြုကာကွယ်ရေး၊ အမျိုးသမီးထုအကြား ဥပဒေအသိအမြင်ပညာပေးခြင်းနှင့် လူထု အကြားရပ်ရွာလုံခြုံရေးကို ဆောင်ရွက်မယ့်အစုအဖွဲ့တွေ ရှိဖို့လိုကြောင်းပြောပါတယ်။
ဥပဒေကြောင်းအရလည်း အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့တွေ တင်သွင်းထားတဲ့ “အမျိုးသမီများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း”ကို ပြင်ဆင်မှုမလုပ်ပဲ လွှတ်တော်က အမြန်ဆုံးအတည်ပြုပြဌာန်းပေးဖို့ လိုနေတယ်လို့ အမျိုးသမီး အဖွဲ့တွေက ပြောလိုက်ပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021