Home သတင်း “တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ”

“တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ”

မတ် ၂၀ မှ ၂၆ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြ ပေးလိုက်ရပါတယ်။

  • ကချင်အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံဖျက်ဆီးခံရမှု အရေးယူပေးရန် KHRW တောင်းဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ မှော်စီဆာရပ်ကွက်တွင် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ( Wunpawng Amyusha Zinlum Hpung)မှ ဖွင့်လှစ်ထားသည့် အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံအား စစ်ကောင်စီတပ်မှဖျက်ဆီး၍ ပြည်သူနှစ်ဦးအား ဖမ်းဆီးသွားခြင်းသည် ပြည်သူလူထု၏ လွတ်လပ်စွာပညာသင်ကြားခွင့်အား ဟန့်တားပိတ်ပင်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာအစိုးရများအနေဖြင့် အရေးယူပေးရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)က တောင်းဆိုသည်။

စစ်ကောင်စီတပ်က မတ်လ ၁၈ရက် ညနေတွင် အင်အားအများအပြားဖြင့်အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို ဝင်ရောက်စီးနင်းကာ ကွန်ပျူတာအဆောင်အတွင်းမှ ကွန်ပျူတာကိုးလုံးနှင့် အခြားပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကာ အလုပ်ရုံမှ အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။  

နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့အရေးယူပေးရန်၊ စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို မတရားဖမ်းဆီးခြင်းမှ ချက်ခြင်းရပ်တန့်ပေးရန်နှင့် မတရားဖမ်းဆီးထားသော ပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် KHRW က တောင်းဆိုထားသည်။

Sources – irrawaddy

  • ဘီးလင်းတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးဒဏ်ရာရ

မတ် ၂ဝ တွင် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေးရှိ သံတံတားဂိတ် တွင်တပ်စွဲထားသော  စစ်ကောင်စီတပ်အား ကျိုက်ထိုတော်လှန်ရေးအင်အားစုနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့က နှစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဘီးလင်းမြို့နယ် ၊ ကရဝေးဆိပ်အထက်စုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦးသေ ဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

လက်နက်ကြီးကျည်မှာ ကရဝေးဆိပ်အထက်စုကျေးရွာရှိ ဦးအောင်လွင်ဆိုသူ၏ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ပေါ်တွင် ရှိနေသော အသက် ၅၀ နှစ်အရွယ် ဦးကုလားဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ကာ ဦးအောင်လွင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ၎င်း၏ဇနီးဖြစ်သူ ကိုယ်ဝန်သည်မှာလည်း ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ဦးအောင်လွင်အား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်သို့ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးသွားပြီး ဦးအောင်လွင်၏ ဇနီးမှာမူ ဆေးကုသမှုခံယူနေရသည်။

Source –  Dawei Watch

  • ဗဟန်းကအမျိုးသမီးတစ်ဦးကို ထောက်ပို့ဟုစွပ်စွဲကာ စကစဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား မတ် ၂၂ ညနေက အရပ်ဝတ်များအပါအဝင် စစ်ကောင်စီတပ်သားအင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု ရပ်ကွက် နေသူများက ပြောသည်။

ဖမ်းဆီးခံရမှုမှာ ဒလန်သတင်းပေးမှုကြောင့်မဟုတ်ဘဲ အဆိုပါအမျိုးသမီး၏ နေရပ်လိပ်စာအတိအကျကို လာရောက်ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်ဟု အနီးနားနေထိုင်သူတစ်ဦးက ပြောသည်။

Source – Mawkun Magazine

  • ရန်ကုန်တွင် တက္ကစီငှားစီးသည့်အမျိုးသမီးများ လုံခြုံရေးစိုးရိမ်နေရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ၏ လူနေမှုဘဝလုံခြုံမှုမရှိတော့ဘဲ ရန်ကုန်မြို့လို လူဦးရေထူထပ်တဲ့နေရာမျိုး တွင်လည်း အငှားယာဉ်(တက္ကစီ)စီးနင်းတဲ့ အမျိုးသမီးတွေအနေနဲ့ လုံခြုံရေးသတိထားပြီး စီးနင်းနေရသည်ဟု မြို့ခံအမျိုး သမီးများက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက် ညနေပိုင်း စော်ဘွားကြီးကုန်းမှ ထောက်ကြန့်လမ်းဆုံအထိ လက်တားတက္ကစီ ငှားစီးခဲ့သော  အမျိုး သမီးတစ်ဦးအား ကားသမားမှ ပုဂ္ဂိုလ်ရေးမေးခွန်းများမေးမြန်းကာ အရက်သောက်မောင်းနှင်နေသလို နောက်ထပ် အမျိုးသား အဖော်တဦးကိုလည်း လမ်းမှာဝင်ခေါ်တာကြောင့် ကားကိုရပ်ပေးဖို့ပြောပေမဲ့ မရပ်ပေးတဲ့အတွက် ကားပေါ်ကနေ ခုန်ဆင်း ခဲ့ရတာကြောင့် ဒဏ်ရာရရှိခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ ရန်ကုန်တွင် မကြာခဏ ကြုံတွေ့ကြားသိနေရပြီး တက္ကစီငှားစီးရင်း ယာဉ်မောင်းမှ ခရီးသည်အမျိုးသမီးကို အဓမ္မကျင့်သတ်ခဲ့မှုများလည်း ရှိခဲ့သည်။

Source – DVB  

  • ခင်ဦးလွှတ်တော်ကိုယ်စားလှယ်၏ဇနီးနှင့်သမီးဖြစ်သူ ၅၀၅-က(ဂ)ဖြင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံရ

ခင်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးဖြစ်သူကို  အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံး နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ရင်းနှီးသူတွေထံမှတဆင့် သိရပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာဝင်းအောင်ရဲ့ဇနီးဖြစ်သူဒေါ်ခင်သန်းနုနဲ့သမီးဖြစ်သူ မအိနန္ဒာအောင်တို့ကို ခင်ဦးစစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)နဲ့ ထောင်ဒဏ်သုံးနှစ်စီချလိုက်တာပါ။

ခင်ဦးမြို့နယ်အတွင်း အစိုးရဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပြစ်မှုများကျူးလွန်လာစေရန် စည်းရုံးလှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ အဆိုပါပြစ်ဒဏ်တွေချမှတ်ခဲ့တာလို့ စစ်ကောင်စီမီဒီယာတွေမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းမှာ ခင်ဦးမြို့ပေါ်ရှိ ဇနီးဒေါ် ခင်သန်းနုနဲ့ မအိနန္ဒာအောင်တို့ကို  စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့လာရောက်ဖမ်းဆီးသွားခဲ့ပြီး တစ်လမပြည့်ခင်အချိန်မှာ ယခုလိုချမှတ်လိုက်တာဖြစ်ပါတယ်။

Source – သံလွင်ခက်

  • ပုလဲမြို့ပျူရွာတိုက်ပွဲတွင် PDF လေးဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး

မတ် ၂၁ က  ဒေသခံတွေအကြား ပျူရွာလို့ထင်ရှားတဲ့ စစ်ကိုင်းတိုင်းတောင်ပိုင်း ၊ပုလဲမြို့အနောက်ဘက် ကိုးမိုင်ခန့်အကွာမှ ဇီးဖြူကုန်းရွာကို ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်ရာ တစ်မိုင်ခန့်အကွာရှိ သရက်ရွာမှ အမျိုးသမီးတစ်ဦးထိမှန်သေဆုံးကာ ကာကွယ်ရေးအဖွဲ့ဝင်လေးဦးမှာမူ စစ်ရဟတ်ယာဉ်ဖြင့် အပစ်ခံခဲ့ရပြီးသေဆုံးခဲ့ပါတယ်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့တဲ့အမျိုးသမီးမှာ သရက်ရွာမှ အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းဖြစ်တယ်လို့သိရပါတယ်။

ရွာကို မတ်လ(၂၀)ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းကာ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။

နံနက် ၇ နာရီကျော်မှာ ဇီးဖြူကုန်းရွာအတွင်းရှိ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အဲ့ဒီနောက် တိုက်ပွဲဆက်ပြင်းထန်နေချိန် စစ်ရဟတ်ယာဉ်တစ်စီးရောက်လာကာ ပစ်ခတ်ခဲ့တယ်လို့ တစ်မိုင်ခန့်အကွာရှိ ဒေသခံတွေက ဆိုပါတယ်။

Source – Myanmar Now  

  • ပုသိမ်မှာ အထည်ချုပ်စက်ရုံ ကြိုပို့ကားမှောက်ပြီး အမျိုးသမီး ၂၄ ဦး ဒဏ်ရာရ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ မြို့ရှောင်လမ်း ၊ဘုရားကြီးကုန်းလမ်းမှ ပေါက်ကုန်းအထွက် တံတားအနီးမှာ မတ်လ ၂၂ရက်နေ့ ညနေ ပိုင်းက အထည်ချုပ်၀န်ထမ်းတွေကို ကြိုပို့လုပ်နေတဲ့ Light truckကား တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၂၄ဦး ဒဏ်ရာရခဲ့တယ် လို့သိရပါတယ်။

ကြိုပို့ကားမောင်းတဲ့သူက အရက်သောက်ထားပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါ တယ်။

အထည်ချုပ်အလုပ်သမား အမျိုးသမီး ၂၄ ဦးခန့်တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့တာကြောင့် မြေပြင်ကုသမှုများပြုလုပ် ပေးခဲ့ကြပြီး ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်ကသတင်းထုတ်ပြန် ထားပါတယ်။

Source – Ayeyarwaddy_Times

  • ပြင်ပစစ်ဆေးရေးဂိတ်တွေမှာပါ ရဲမေတွေကို လုံခြုံရေးယူဖို့ညွှန်ကြားသဖြင့် တပ်တွင်းဆူဆူပူပူဖြစ်နေ

အကြမ်းဖက်စစ်ကောင်စီက တပ်ဖွဲ့ဝင်တွေရဲ့ ဇနီးသည်တွေဖြစ်တဲ့ ရဲမေတွေကို တပ်တွင်းလုံခြုံရေးတင်မကတော့ဘဲ အရာရှိ တွေရဲ့အိမ်၊ ဝန်ကြီးရုံးတွေနဲ့ ပြင်ပစစ်ဆေးရေးဂိတ်တွေမှာပါ သွားရောက်လုံခြုံရေးယူဖို့ ညွှန်ကြားတာကြောင့် တပ်တွင်း ပြဿ နာများဖြစ်ကာ ဆူဆူပူပူဖြစ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုရဲ့ပေးပို့ချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းအပြီးနောက် CDM ပြုလုပ်သူတွေအပါအဝင် နိုင်ငံအနှံ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု မြင့်မားနေပြီး စစ်တပ် ထဲ ဝင်ရောက်သူဦးရေ ရှားပါးလာတာကြောင့် အင်အားလျော့နည်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရဲမေတွေကို တပ်တွင်း လုံခြုံရေးအတွက် အလှည့်ကျခိုင်းစေခဲ့ပါတယ်။

ရဲမေတွေကို တပ်တွင်းတင်မက အိမ်တော်တွေ၊ဝန်ကြီးရုံးတွေနဲ့ ပြင်ပစစ်ဆေးရေးဂိတ်တွေမှာပါ လုံခြုံရေးယူဖို့ တပ်ရင်း တပ်ဖွဲ့ တပ်နယ်အလိုက်ကို နှုတ်မိန့်နဲ့ညွှန်ကြားထားတာဖြစ်ပြီး တပ်တွင်းမှာလည်း သေနတ်ကိုင်နိုင်တဲ့ စစ်သားသားသမီးတွေကို လည်း သင်တန်းပေးပြီး တပ်တွင်းလုံခြုံရေး ယူခိုင်းနေတယ်လို့ သိရပါတယ်။

Source – The Voice of Spring

  • ကွတ်ခိုင်မှာ မသန်စွမ်းအမျိုးသမီးတစ်ဦး နှစ်လနီးပါးကြာတဲ့အထိ ပျောက်ဆုံးနေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ၊ဂေသရှေမန်ပရဟိတကျောင်းက အသက် ၁၇နှစ်အရွယ် နန်းနွမ်ခမ်းနွဲ့ဆိုသူဟာ နှစ်လနီးပါး ကြာတဲ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ပြီခဲ့တဲ့ ဇန်နဝါရီ ၂၈ မှာ ဂေဟာကျောင်းကနေ ထွက်သွားခဲ့ပြီး လက်ရှိအချိန်အထိမတွေ့သေးဘူးလို့ ဂေသရှေမန် ပရဟိတကျောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နန်းနွမ်ခမ်းနွဲ့ဟာ ညဏ်ရည်ချို့တဲ့သူဖြစ်ပြီး စကားမပြောတတ် သူလည် ဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ နန်းနွမ်ခမ်းနွဲ့ကို တွေ့ရှိပါက ဂေသရှေမန် ပရဟိတကျောင်း 09- 442883268, 09-256426179 ကို ဆက် သွယ်ပေးဖို့ ဂေဟာတာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။

Source- ရွှေဖီမြေ

  • အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းအမျိုးသမီးတစ်ဦးနဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရ

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်နယ်စပ်မှာ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက အသတ် ၄၈နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးနဲ့ အိန္ဒိယနိုင်ငံသားအမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းများကို ရွာသားတွေက တွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။

သတ်ဖြတ်ခံရသူ သုံးဦးဟာ မတ်လ ၁၉ရက်နေ့ နံနက်ပိုင်းက မီဇိုရမ်ပြည်နယ်၊ စိုင်ဟားမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်ဖက်ကို ကားတစ်စီးနဲ့ အတူတစ်ကွ ထွက်ခွာသွားကြတယ်လို့ စိုင်ဟားမြို့မှာနေထိုင်တဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

သူတို့သုံးဦးရဲ့အလောင်းများကို ချင်းပြည်နယ်နဲ့မီဇိုရမ်နယ်စပ်၊ အိုင်နက်ကျေးရွာအောက်ပိုင်း တောတွင်းတစ်နေရာမှာ ဌက်ပျောပင်တွေနဲ့ ဖုံးထားလျှက်တွေ့ရှိခဲ့ပြီး ညပိုင်းမှာ စိုင်ဟားမြို့သို့ သယ်ဆောင်ခဲ့ကြပါတယ်။

Source  -The Chin journal

  • ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသမီးရာအိမ်မှူးပစ်သတ်ခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မတ် ၂၄  နေ့လယ်ပိုင်းက အမျိုးသမီးရာအိမ်မှူးတစ်ဦး နေအိမ်ရှေ့သေနတ်နဲ့ ပစ် သတ်ခံလိုက်ရတယ်လို့သိရပါတယ်။

သေနတ်ဖြင့်ပစ်ခံရတဲ့ ရာအိမ်မှူးဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ် ညည-၂၂/၂၇၊ ၅၇(ဘီ) လမ်း၊ ၁၁၉ လမ်းနဲ့လမ်း ၁၂၀ ကြားနေသူ အမျိုးသမီးရာအိမ်မှူး အသက် ၅၉ နှစ်အရွယ် ဒေါ်ညွန့်ညွန့်ဆွေဆိုသူဖြစ်ပါတယ်။

မတ် ၂၄ နေ့လယ် ၁၂ နာရီခန့်က နေအိမ်ရှေ့ပန်းအိုးများသန့်ရှင်းရေးပြုလုပ်နေစဉ် ဆိုင်ကယ်တစ်စီးပေါ်က လူနှစ်ဦးက အနီး ကပ်ပစ်ခတ်သွားတာဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ဒေါ်ညွန့်ညွန့်ဆွေမှာ ယာဘက်လည်ပင်းကျည်ဖောက်၀င်ဒဏ်ရာ တစ်ချက် ရရှိပြီး အခင်းဖြစ်နေရာမှာပင် သေဆုံးသွားတယ်လို့  ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုက်အ၀န်းထံက သိရပါတယ်။

Source – Mizzima

Author:

Related Articles