Home သတင်း အမျိုးသမီးလူရွှင်တော်တွေ ဆက်ရှိနေမယ်..

အမျိုးသမီးလူရွှင်တော်တွေ ဆက်ရှိနေမယ်..

unnamed3

ပစ်တိုင်းထောင်မ။         ။

မြင်ကွင်းက ပုံမှန်တွေ့နေကျမဟုတ်။

တောင်ရှည်တဖားဖား၊ ခေါင်းပေါင်းတကားကားနဲ့ အမြင်အသစ်တွေစပေးခဲ့တဲ့ အမျိုးသမီးလူရွှင်တော်တွေ ဇာတ်စင်ပေါ်မှာ ကပြဖျော်ဖြေနေတဲ့မြင်ကွင်း..။

ဟိုး…

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖြစ်ပါတယ်။ ဇာတ်သဘင်လေးရဲ့နာမည်ကတော့ ချိုး လင်းပြာသဘင်ဖြစ်ပါတယ်။ အဲဒီပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ/သားတချို့၊ နိုင်ငံခြားသားတချို့နဲ့ ထိုင်းနိုင်ငံသားတချို့လည်း လာရောက်ကြည့်ရှု့အားပေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်းမှာလည်း မြန်မာနိုင်ငံအမျိုးသမီးများနေ့နဲ့ တခြားသော ဖျော်ဖြေမှုတွေမှာ  ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတွေက အမျိုးသမီးလူရွှင်တော်များအဖြစ် ကပြဖျော်ဖြေလာတာကို တွေ့မြင်ရပါတယ်။

ခုနောက်ဆုံး ခေတ်သစ်ဧကရီအမည်ရတဲ့ အမျိုးသမီးလူရွှင်တော်တွေရဲ့ ကပြဖျော်ဖြေမှုအပြီးမှာတော့ သဘင်ပညာရှင်များအစည်းရုံး(ဗဟို)က “သဘင်သမားစဉ်အရ အမျိုးသမီးများသည် လူရွှင်တော်အနေဖြင့် ဆောင်ရွက်ရန် မသင့်လျော်ကြောင်း” ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုမျှသာမက “အလားတူအမျိုးသမီးများ လူရွှင်တော်များအဖြစ် ကပြခြင်းကို မြန်မာအမျိုးသမီးများနေ့ ဖျော် ဖြေပွဲများတွင်လည်း တွေ့ရှိရပါသည်။ စင်စစ် ထိုကဲ့သို့သမားစဉ်ဖျက်၍ မဆီလျော်သော ဖျော်ဖြေမှုများ ကြောင့် သက်ဆိုင်ရာအမျိုးသမီးများ၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းထိခိုက်စေပါသည်” ဟုလည်း ထည့် သွင်းဖော်ပြထားပါသည်။

အခုလို ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်ပြီးတော့ သဘင်ပညာသည်တွေသာမက အမျိုးသမီးရေး လှုပ် ရှားသူတွေကပါ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ဒီယူဆချက်ဟာ အမျိုးသမီးတန်းတူရေး ရပ်တည် ချက်နဲ့ ဆန့်ကျင်နေပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂက ဦးစီးတင်ဆက်ခဲ့တဲ့  ချိုးလင်းပြာသဘင်မှာ အမျိုးသမီးလူရွှင်တော်အဖြစ် ပါဝင် ကပြခဲ့ဖူးသူ မမူစဲ (ခေါ်) လူရွှင်တော်အမည် စဲစဲမှ ဒီထုတ်ပြန်ကြေငြာချက်ကို ကန့်ကွက်တယ်လို့ ဆိုပါ တယ်။

“အခြားအောက်လုံးပြက်တာတွေကိုတော့ မပြောလိုဘူး။ ကိုယ့်အနေနဲ့ကတော့ ကျား/မတန်းတူရေးလို့ပဲ ပြောရမလား။ အနုပညာနဲ့ပတ်သက်ရင် ဘယ်သူမဆို လုပ်ပိုင်ခွင့်ရှိတယ်။ အမျိုးသားမှ အမျိုးသမီးမှ မဟုတ် ဘူး။ ဒါကြောင့်သဘင်အစည်းအရုံးက ထုတ်ပြန်ချက်ကို အမျိုးသမီးတယောက်အနေနဲ့ ကန့်ကွက်တယ်”

နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးရေး နောက်ဆုံးနှစ် ကျောင်းသူတဦးလည်းဖြစ်၊  မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စည်းရုံးလှုံ့ဆော်ရေး လက်ထောက်တာဝန်ခံလည်းဖြစ်တဲ့ မမူစဲ(ခေါ်)စဲစဲက ဘာကြောင့်အခုလို ကန့်ကွက်ရ သလဲ ဆိုတာကိုပါ ဆက်ရှင်းပြပါတယ်။

“ဘာလို့ကန့်ကွက်ရလဲဆိုရင် အနုပညာလို့ပြောလိုက်ရင် ရသပေးရုံသာမက သုတတွေပါ ပေးလို့ရတယ်။ ရသလို့ပြောရင် လူတွေရီ(ရယ်)ရအောင်၊ ပျော်အောင် အောက်လုံးမပါပဲနဲ့ပေါ့နော်။ ရယ်စရာတွေ အများ ကြီးလုပ်လို့ရတယ်။ နေ့စဉ်နဲ့တကွ လူတွေဖြစ်ပျက်နေတဲ့ လူမှုေရေးမှာ ကြည့်မယ်ဆိုရင် ဟာသတွေ ပြောလို့ရတာ အများကြီးရှိနေတယ်။ သုတပိုင်းမှာဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကမ္ဘာအရပ်ရပ်မှာ ဘာတွေဖြစ်နေလဲ။ အဲဒီအကြောင်းအရာတွေကို ယူပြီးတော့မှ လူထုကိုလည်း ချပြ လို့ရတယ်။ ဒါဟာအမျိုးသမီးမှ မဟုတ်ဘူး။ အမျိုးသားမှမဟုတ်ဘူး၊ ဘယ်သူမဆို လူထုကို ဟာသလေး တွေနဲ့ တင်ဆက်လို့ရတယ်”

မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌဖြစ်တဲ့ ဒေါ်တင်တင်ညိုကတော့ အမျိုးသမီးလူရွှင်တော်တွေအပေါ် ထောက် ပြဝေဖန်မှုတွေကို လက်ခံလို့ မရဘူးလို့ ပြောပါတယ်။

unnamed1

 

“ခေတ်သစ်ဧကရီ အမျိုးသမီးလူရွှင်တော် လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမှ ဝေဖန်မှုတွေ၊ အမျိုးသမီးတွေ လူရွှင် တော်မလုပ်ရဘူးလို့ ပြောတဲ့အပေါ်မှာ အမျိုးသမီးတွေမို့လို့ လူရွှင်တော်မလုပ်ရဘူးဆိုတဲ့ သတ်မှတ်ချက်ကို တော့ ကျမတို့အနေနဲ့ လက်ခံလို့မရဘူး။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေလည်း ထူးခြားတဲ့ ဖန်တီးနိုင် စွမ်းတွေရှိတယ်။ ပြီးရင် လူတွေရဲ့ ဘဝအမောတွေ ပြေစေမယ့် ကိုယ်စွမ်းဉာဏ်စွမ်းကို သုံးပြီးတော့မှ ဖန်တီးခွင့်၊ ဖျော်ဖြေခွင့်ရှိရမယ်”

အမျိုးသမီးရေး လှုပ်ရှားသူတွေတင် မကပါဘူး။ အနုပညာသည်တွေထဲမှာလည်း သဘင်အစည်းအရုံးရဲ့ ကြေညာချက်ကို ဝေဖန်ဆန့်ကျင်ကြပါတယ်။

ခေတ်သစ်ဧကရီမှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင်အဆိုတော် နန်းသူဇာကတော့ သူမအနေနဲ့ ကြိုးစားပြီး ကပြခဲ့သလို သူတို့အလှည့်ရောက်တဲ့အခါကျမှ သဘင်အစည်းအရုံးရဲ့ ထုတ်ပြန် ချက် ထွက်လာတဲ့အပေါ်ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်အဆိုတော်နန်းသူဇာက “ခေတ်သစ်ဧကရီမှာ မိန်းကလေးလူရွှင်တော်အနေနဲ့ ပါဝင်ခဲ့တာ ကတော့ ကောင်းတာရော ဆိုးတာရောပေါ့နော်။ ကိုယ့်ကျွမ်းကျင်တဲ့နယ်ပယ်လည်း မဟုတ်တဲ့အတွက် အများကြီးကြိုးစားပြီးကပြသွားရတာပါ။ သဘင်အစည်းအရုံးက ထုတ်ပြန်ချက်အပေါ်တော့ မပြောတတ်ဘူး၊ ဝမ်းတော့ဝမ်းနည်းတယ်၊ ကိုယ့်အလှည့်ကျမှဖြစ်တယ်ဆိုတော့”

သီးလေးသီးဆေးရောင်စုံအဖွဲ့က လူရွှင်တော်(ကို)ပန်းသီးကလည်း သူ့အနေနဲ့ အခုလို သဘင်အစည်းအရုံး က ထုတ်ပြန်လိုက်တဲ့အပေါ် နားလည်ရခက်သလို လက်မခံဘူးလို့ ဆိုပါတယ်။

“နားလည်ရတော့ခက်တယ်၊ ခေတ်သစ်ဧကရီကျမှ သဘင်အစည်းအရုံးက ထုတ်ပြန်တယ်၊ အမျိုးသားဝတ် တဲ့ တောင်ရှည်ကို အမျိုးသမီးမဝတ်ရဘူးဆိုတာကို ကျနော်ကတော့ လက်မခံဘူး။ အခုခေတ်မှာ အမျိုးသမီး နဲ့ အမျိုးသားခွဲခြားတဲ့ ကျား /မခွဲခြားတဲ့ဟာမျိုး ကျနော်တို့ သိပ်လက်မခံဘူး”

ခေတ်နဲ့ယှဉ်ပြီး ကပြဖျော်ဖြေရတဲ့အခြေအနေမှာ အမျိုးသမီးလူရွှင်တော်အဖြစ် ကပြဖျော်ဖြေမှုကို သူ့အနေနဲ့ ထောက်ခံတယ်လို့ သူကဆက်ပြောပါတယ်။

“အရင်ခေတ်အခါကတော့ ဟုတ်ချင်ဟုတ်မယ်ပေါ့၊ အမျိုးသားတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတာ။ အခုက ခေတ်ကာလတွေ ပြောင်းလဲလာတာတွေလည်း ပါမယ်။ နောက်တခုကတီထွင်ဆန်းသစ်လာတဲ့ အပိုင်းလည်းပါတယ်။ အမျိုးသမီးတွေအနေနဲ့ လူရွှင်တော်လုပ်တာကို ထောက်ခံပါတယ်”

(ကို)ပန်းသီးက  ခေတ်သစ်ဧကရီပွဲတခုလုံးကို ပြက်လုံးတွေကအစ သူတာဝန်ယူဆောင်ရွက်ခဲ့တာပါလို့ ဆို ပါတယ်။

“ခေတ်သစ်ဧကရီရဲ့ ဖျော်ဖြေရေးအပိုင်း၊ အနုပညာပိုင်း အကုန်လုံး ကျနော်တာဝန်ယူပြီး ဖန်တီးပေးရတယ်။ ပွဲအစအဆုံး ပြက်လုံးတွေကအစ တာဝန်ယူရတဲ့သဘောပါပဲ”

အမျိုးသမီးတွေ အောက်လုံးတွေ ပြက်တယ်ဆိုတဲ့ ဝေဖန်မှုအပေါ်လည်း အမြင်အမျိုးမျိုးနဲ့ တုန့်ပြန်ကြ ပါတယ်။

“မိန်းကလေးတွေအနေနဲ့ ပြက်လုံးပြက်တဲ့အပေါ်မှာ အမျိုးသားလူရွှင်တော်တွေ ပြက်နေကျပြက်လုံးမျိုး လိုက်ပြက်ရင်တောင် မိန်းကလေးတွေအတွက် အောက်လုံးဖြစ်သလို အမျိုးသားလူရွှင်တော်တွေ ပြက်ရင် တော့ အဲဒါအောက်လုံးမဖြစ်လောက်ဘူး” လို့ (ကို) ပန်းသီးက ပြောပါတယ်။

“မိန်းကလေးတွေကနေ လူရွှင်တော်အဖြစ် ပြက်လုံးထုတ်တဲ့အခါမှာ ကျနော်တို့ပြက်နေကျ၊ ပြက်လုံးကို သူ တို့ပြက်ရင်တောင်မှ လူတွေအမြင်မှာ အောက်လုံးဖြစ်တတ်တယ်။ အမျိုးသမီးဖြစ်တဲ့အခါကျတော့ သူတို့ကို မြင်တဲ့အမြင်က တမျိုးဖြစ်တာပေါ့။ သူတို့ပြက်တဲ့ပြက်လုံးမျိုးကို ကျနော်တို့ယောကျ်ားလေးတွေအနေနဲ့ ပြက်မယ်ဆိုရင် အောက်လုံးလို့ မဖြစ်လောက်ဘူး”။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတွေဖြစ်တဲ့အပေါ်မှာ အမြင်တွေ လွဲချော်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ လူရွှင် တော်(ကို)ပန်းသီးက ဆက်ပြောပါတယ်။

“အဓိကက သူတို့က ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အခါကျတော့ ပရိတ်သတ်အနေနဲ့ သူတို့ကို လူရွှင်တော် အနေနဲ့ မမြင်တော့ပဲ သူတို့အနေအောက်လုံးပြက်တယ်လိ့ုပဲ မြင်တာဖြစ်နိုင်တယ်”

အောက်လုံးပြက်လုံးတွေကို ခေတ်အဆက်ဆက်က အမျိုးသားလူရွှင်တော်တွေလည်း ပြက်ခဲ့ကြတာပဲ ဖြစ်တယ်လို့ (ကို)ပန်းသီးက ပြောပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ ဒေါ်တင်တင်ညိုက အမျိုးသမီးလူရွှင်တော်တွေ အောက်လုံးပြက်တာကို ဝေဖန်မယ့်အစား အပြုသဘော အကြံပြုသင့်တယ်လို့ပြောပါတယ်။

“အမျိုးသမီးတွေ အောက်လုံးမပြက်ရဘူးဆိုတာထက်စာရင် သဘင်လောက ဘယ်လိုခေါ်မလဲ၊ လူရွှင်တော် လောကတခုလုံးကို ဖြစ်နိုင်မယ်ဆိုရင် လူထုတွေပညာပေးတဲ့နေရာမှာ အောက်လုံးမသုံးပဲနဲ့ လူတွေရဲ့ ဘ၀ အမောတွေပြေပြီး အသိအမြင်တွေလည်း တိုးတက်လာအောင် အမြင်ကျယ်လာအောင် လုပ်လို့ရတယ်။ အဲဒီလိုမျိုးလုပ်လာအောင် အပြုသဘောဆောင်ပြီး အကြံပေး တိုက်တွန်းသင့်တယ်လို့ ကျမအနေနဲ့ ပြော ချင်တယ်”။

unnamed22

(ကို)ပန်းသီးကတော့ အမျိုးသမီးအဖွဲ့နဲ့ပူးပေါင်းပြီး နယ်စပ်မှာ အမျိုးသမီးလူရွှင်တော်ကပြဖျော်ဖြေခဲ့တုန်းက မြန်မာပြည်နဲ့အနေအထားချင်းမတူသလို ပြက်လုံးတွေထုတ်တဲ့အပေါ်မှာလည်း မတူဘူးလို့ ဆက်ပြောပြပါ တယ်။

“နယ်စပ်မှာတုန်းက အမျိုးသမီးအဖွဲ့နဲ့ လုပ်တဲ့ပုံစံက နိုင်ငံရေးတွေပါတယ်။ အဓိကပေါ်လစီကို ဦးစားပေး တယ်။ လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးကို ဦးစားပေးပြီး လုပ်တဲ့သဘောမျိုး။ ခေတ်သစ်ဧကရီကျတော့ ဖျော်ဖြေရေးပုံစံလုပ်တာ။ သူတို့က ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတွေလည်း ဖြစ်တဲ့အခါကျတော့ နိုင်ငံရေး ပြက်ဖို့ အဆင်မပြေဘူး။ လက်ရှိဖြစ်နေတဲ့ အနေအထားလေးတွေ စဉ်းစားပြီး ပြက်လုံးထုတ်ပေးရတာပေါ့”

မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌဒေါ်တင်တင်ညိုက မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အနေနဲ့ ချိုးလင်းပြာ သဘင်မှာ အမျိုးသမီးလူရွှင်တော်တွေကပြတုန်းက လက်ရှိနိုင်ငံရေးအရ ပြက်လုံးတွေနဲ့ အမျိုးသမီးတွေ နေ့တဓူ၀ ခံစားနေရတာတွေကို အပြုသဘောဆောင်တဲ့ ပြက်လုံးအနေနဲ့ဖော်ထုတ်ခဲ့တာလို့ ပြောပြပါတယ်။

“အဓိကတော့ပြက်လုံးလုပ်တယ်ပေါ့နော်။ ကိုယ့်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး၊ အပြုသဘောဆောင်တဲ့ ပညာ ပေးအနေနဲ့ ပြက်လုံးတွေလုပ်တယ်။ လူရွှင်တော်လုပ်တယ်ဆိုတာ အမျိုးသားမှလုပ်ရတာ မဟုတ်ပဲနဲ့ အမျိုး သမီးတွေလည်း ဒီလိုမျိုး လူရွှင်တော်တွေလုပ်ပြီးတော့မှ ပြက်လုံးတွေထုတ်လို့ရတယ်ဆိုတဲ့ ရှု့ထောင့်ကနေ ပညာပေးချင်တာလည်းပါတယ်၊ အဲဒီရည်ရွယ်ချက်နဲ့ အမျိုးသမီးလူရွှင်တော်ဆိုပြီးတော့မှ စတင်အကောင် အထည်ဖော်ခဲ့ပါတယ်”

ဒေါ်တင်တင်ညိုအနေနဲ့ကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးလမ်းကြောင်းသွားနေတဲ့အချိန်မှာ အမျိုး သမီး လူရွှင်တော်များ တင်ဆက်ခြင်းအပေါ် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ထုတ်ပြန်ကြေငြာချက်ထုတ်ခြင်းဟာ ဒီမိုကရေစီရေးကို အဟန့်အတားဖြစ်စေတယ်လို့ မြင်တဲ့အကြောင်း လည်း  ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့အပြောင်းအလဲဖြစ်ဖို့အတွက်ကို အမျိုးသမီးတွေရဲ့ အင်အားနဲ့ပေါ့လေ။ အခုလိုမျိုးလူရွှင်တော် တွေလုပ်ပြီးတော့ သူတို့တွေရဲ့အမြင် သဘောထားလေးတွေကို ပြတယ်ဆိုတာကလည်း တဦးတယောက် ချင်းစီရဲ့ အခွင့်အရေးနဲ့ဆိုင်တယ်။ သူတို့အနေနဲ့က ဘယ်လိုအခွင့်အရေးမဆို လုပ်ဆောင်ပိုင်ခွင့်ဆိုတာ ရှိရမယ်။ ဖော်ဆောင်ပိုင်ခွင့်ဆိုတာ ရှိရမယ်။ ဆန်းသစ်တဲ့အမြင်တွေရှိရမယ်။ ဆန်းသစ်တဲ့ကပြဖျော်ဖြေ မှုတွေ ရှိရမယ်။ ဒါကလည်း အမျိုးသမီးဖြစ်လို့ မလုပ်ရဘူးဆိုတဲ့ ပုံစံမျိုး၊ ဒါဟာအင်မတန်မှ အခုလိုမျိုး တစုံတရာပွင့်လင်းလာတဲ့အပေါ်မှာ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကိုသွားနေတဲ့အပေါ်မှာ အဟန့်အတား ဖြစ်စေတယ်လို့ကျမမြင်တယ်”

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေ လူရွှင်တော်မလုပ်ရဘူးဆိုတာ လက်မခံနိုင်ပဲ ရှေ့ဆက်ကျင်းပမယ့်ပွဲတွေ မှာ အမျိုးသမီးတွေနဲ့ လိုက်ဖက်မယ့်ပြက်လုံးတွေ ကြိုးစားထည့်သွင်းသွားမယ်လို့ လူရွှင်တော် (ကို)ပန်းသီး က ပြောပါတယ်။

မြန်မာ့အမျိုးသမီး သမဂ္ဂအနေနဲ့ကလည်း ချိုးလင်းပြာသဘင်ကို ဆက်လက်အကောင်အထည် ဖော်သွားဦး မယ်လို့ ဒေါ်တင်တင်ညိုကပြောပါတယ်။

“ထပ်လုပ်ဖို့ဆန္ဒရှိတယ်။ ဒီနှစ်အတွင်းတော့ ဖြစ်နိုင်မဖြစ်နိုင်မသေချာသေးဘူး။”

Related Articles