Home ဆောင်းပါး ငြိမ်းချမ်းရေးညီလာခံမှာ မဖြစ်မနေ အဖြေရှာရမည့် အမျိုးသားရေးပြဿနာတရပ်

ငြိမ်းချမ်းရေးညီလာခံမှာ မဖြစ်မနေ အဖြေရှာရမည့် အမျိုးသားရေးပြဿနာတရပ်

img_3218-copy

ကချင်မလေး။           ။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က အသက်(၅၂)နှစ်အရွယ် ဒေါ်ခေါ်န်ရှောင်ဟာ အရွယ်နှင့်မမျှ အိုမင်းနေတယ် လို့ ထင်ရပါတယ်။

သူမမှာ သားသမီး(၆)ယောက်ရှိတဲ့အနက် အငယ်ဆုံးသားတယောက်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အိမ် ရဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ချွေးမနှင့် မြေးမလေးကလည်း သူ့သားကို စွန့်ပစ်သွားခဲ့တယ် လို့ ပြောပြပါတယ်။

ကျွန်မသားက ၂၀၁၃ ခုနှစ်လောက်ကနေ ဆေးစသုံးလာပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ သူမသားကို လွိုင်ကော်မှာရှိတဲ့ ဘာသာရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးဖြတ်တဲ့ကျောင်း ကိုပို့လိုက်ပါတယ်။ တစ်နှစ်ခန့် ထိုကျောင်းတွင်နေပြီး ဆေးပြတ်ကာ ပြန်လာခဲ့ပေမယ့်လည်း အိမ်ရောက်ပြီး ထပ်သောက်ပြန်တော့ မိဘများမှာ ရှိသမျှခြံတွေရောင်းပြီး သားတော်မောင်ကို ၂၀၁၅ မှာ ရန်ကုန်ရှိ YCY လို့ ခေါ်တဲ့ ဆေးဖြတ်စခန်းကို ထပ်မံပို့ဆောင်ခဲ့တယ်လို့ ဒေါ်ခေါန်ရှောင်ကပြောပါတယ်။

ဒါပေမယ့် သားဖြစ်သူမှာ အိမ်ပြန်လာရင် ပြန်ပြန်သောက်ပြီး ယခုနှစ် တန်ခူးလမှာပဲ နမ့်ဖတ်ကာရှိ ကမ္ဘာ့အလင်း (MungkanNhtoi) လို့ခေါ်တဲ့ဆေးသမားများကို ဆေးဖြတ်ပေးတဲ့ ထိန်းသိမ်းရေးစခန်းကို ထပ်ပို့ခဲ့ရတယ်လို့ ပြောပါတယ်။

အိမ်မှာလည်းဘာမှမရှိတော့ဘူး၊ ခြံမြေတွေလည်းရောင်းကုန်ပြီ။ သားဆေးပြတ်ပါစေဆိုပြီး ပို့တဲ့နေရာကလည်း စုံနေပြီလို့ ဝမ်းနည်းစွာ ထွက်ပေါ်တဲ့ မိခင်တယောက်ရဲ့အသံဟာ ပူဆွေးဝမ်းနည်းမှုတွေနဲ့ရောယှက် ပျောက် ကွယ်သွားပါတယ်။ “အိမ်ပြန်လာပြီဆိုရင် ဆန်ပါမကျန် ခိုးထုတ်ရောင်းစားတယ်၊ ဘေးပတ်ဝန်းကျင်ကလည်း သူပြန်လာမှာကို တော်တော်ကြောက်နေကြတယ်

ဒီပြဿနာတွေက မူဆယ်ဒေသတခုထဲမှာ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသ အများအပြားမှာ အလားတူ ပြဿနာတွ ကြုံနေကြရပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတွေအထိ ကူးစက်ကုန်ပါပြီ။

ဒါကြောင့်လည်း အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမျိုးသမီးပေါင်း(၂၀၀၀) ကျော်ရဲ့အမြင်ရှုထောင့်နဲ့ သူတို့အတွေ့အကြုံတွေအပေါ် အခြေခံထားတဲ့ အကြံပြုချက်တွေကို ငြိမ်းချမ်းရေး အတွက် ကျား၊ မတန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) က ငြိမ်းချမ်းရေးညီလာခံကို အကြံပြုဖို့ စာတမ်းထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ လုံခြုံရေးကဏ္ဍမှာ မူးယစ်ဆေးဝါးပြဿနာကို ထည့်သွင်းဖြေရှင်းပေးဖို့ အမျိုးသမီး ထုကြီးက ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ညီလာခံမှာတော့ တင်ပြခွင့် မရခဲ့ပါဘူး။

မူဆယ်က ဒေါ်ခေါန်ရှောင်ရဲ့သားဖြစ်သူက မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေရပေမယ့် ယောက်ျားဖြစ်သူက တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ သူ့အဖေက စစ်ရှောင်စခန်း နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(ပတ်ဂျီဆန့်) တာဝန်ခံတဦးဖြစ်ပေမယ့် သူ့သားကြောင့် သူများကို ပြောဖို့ အားမရှိဘူးလို့ ဒေါ်ခေါင်န်ရှောင်က ပြောပြပါတယ်။ ပြစ်တင်ဝေဖန်ခံရမှုတွေအပြင် အဖေက တိုက်ဖျက်ရေး၊ သားကဖောက်သည်ကြီးဆိုပြီး သရော်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

သားကိုရိုက်နှက်နှိပ်စက်တဲ့နေရာကိုလည်း မပို့ချင်ဘူး၊ ဒီကလေးကို မွေးမိတဲ့ ငါပဲမှားပါတာပါလို့ သားမိုက် အတွက် မည်သူ့ကိုမှလည်း အပြစ်မဆိုချင်တော့ကြောင်း ပြောခဲ့ပါတယ်။

12592370_10209784912488462_697845382629765181_n-622x350

Photo: Tang Goon Nhkum

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ဘက်မှာလည်း မူးယစ်ဆေးဝါးကြောင့် မိခင်၊ ဇနီးမယားတွေ ဒုက္ခရင်ဆိုင်နေပုံကို မူးယစ်ဆေးဝါးကို အိမ်ထောင်သည်အမျိုးသားတွေနဲ့ လူငယ်တွေ သုံးစွဲတာပိုများတယ်လို့ မိုးညှင်းက ဒေါ်ဖြူဖြူသွယ်ကပြောပါတယ်။

အိမ်ထောင်ဦးစီးတွေ ရှာဖွေသမျှဟာ မိမိတယောက်စာ မူးယစ်ဆေးဝါးသုံးနိုင်ဖို့သာဖြစ်သွားပြီး အိမ်ထောင်ရဲ့ စားဝတ်နေရေးကို ထောက်ပံ့မပေးတော့ကြောင်း၊ ပို၍ဆိုးတာက သုံးစရာငွေမရှိတော့ဘူးဆိုရင် အိမ်မှပစ္စည်း များကို ထုခွဲရောင်းချခြင်း၊ ပေါင်နှံခြင်းနှင့် နောက်ဆုံးတပါးအိမ်မှ ပစ္စည်းခိုးယူမှုအထိ ဖြစ်လာတယ်လို့ ပြော ပါတယ်။

ဇနီးသည်များကသာ တောင်ယာအခင်းသို့သွားပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရတဲ့အပြင် ဆေးသုံးလာ ပြီး အိမ်ရောက်ပြီဆိုလို့ရှိရင်လည်း ဟင်းကောင်းကောင်းမချက်ထားဘူးဆိုရင် ဆူပူကြိမ်းမောင်းတယ်၊ မိန်းမနဲ့ ကလေးတွေကို ရိုက်နှက်တယ်ဒီလိုနဲ့သူတို့ရွာလေးဟာ ခိုးမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိနေပြီဖြစ်ကြောင်းကို ခံပြင်းတဲ့လေသံဖြင့် ပြောပြခဲ့ပါတယ်။

မိုးညှင်းမြို့ဟာ ကျောက်စိမ်းမှော်နဲ့လည်း မဝေးလှပါဘူး။ မေှာ်နဲ့နီးတဲ့အတွက် အဲဒီဘက်ကနေ ရောက်လာ တယ်၊ ဆေးပြားတွေနဲ့ နံပါတ်ဖိုး(ဘိန်းဖြူ)တွေ အသုံးများတယ်ဆက်ပြီး မူးယစ်ဆေးဝါးကြောင့် မိတကွဲ၊ ဖတကွဲဖြစ်ကာ ကလေးများသာကျန်ခဲ့တဲ့အဖြစ်ကို အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောက်ျားက မှော်ကပြန်လာပြီး နောက် မူးယစ်ဆေးဝါးသုံးတတ်လာတယ်။ ရွာရောက်တော့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အဖမ်းခံလိုက်ရတယ်။ ဒီလိုနဲ့ မိန်းမဖြစ်သူကလည်း သားသမီးလေးယောက်နဲ့ ရှိတာလေး ထုခွဲပြီး စားဝတ်နေရေးကို ဖြေရှင်းခဲ့ပေမယ့် ရေရှည်တော့မရဘူး။ ကံဆိုးတာက သူတို့မှာ ပိုလီယိုဆွဲတဲ့ ကလေးပါရှိတော့ ပိုဆိုးတာပေါ့။ အဲဒါကြောင့် သူလဲ ကြံရာမရတော့ပဲ မှော်ထဲတက်သွားပြီး ဆေးပြားတွေယူပြီး ရောင်းတဲ့အလုပ်ကို လုပ်လိုက်တယ်။ ()လလောက် ကြာတော့ အဖမ်းခံလိုက်ရတယ်။ အခု သူ့ကလေးတွေကို ဆွေမျိုးတွေပဲ ဝိုင်းကြည့်ပေးနေတယ်လို့ရွာမှ အဖြစ်အပျက်လေးကိုပြောပြပါတယ်။

ဒီမူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် သုံးစွဲသူတွေကိုပဲ အဓိကဖမ်းပြီး၊ ရောင်းတဲ့သူတွေကို လွှတ်ထား တာမျိုး မလုပ်စေချင်ဘူးလို့ ဆိုခဲ့ပါတယ်။

စစ်တပ်၊ အစိုးရရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများက မူးယစ်ဆေးဝါး ထုတ်လုပ် မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပါတ်သက်နေကြောင်း နိုင်ငံတကာ လေ့လာဆန်းစစ်မှု၊ သုတေသနပြု ချက်များ၊ အစီရင်ခံစာများက ထုတ်ဖော်ပြောဆိုထားကြောင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲ ကော်မတီ (UPDJC) အဖွဲ့ဝင် ဒေါ်မိဆူးပွင့်က ပြောပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ တတိုင်းပြည်လုံး ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး ဒီအခြေအနေကို ခေတ်အဆက်ဆက် အစိုးရဟောင်းများကလည်း ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သဖြင့် အမျိုးသားရေးပြဿနာတရပ်အဖြစ် ကြီးကြီး မားမားတည်ရှိလာတယ်။ မြို့ပေါ်မှာ တန်ဖိုးငွေကျပ်သိန်းပေါင်းထောင်သောင်းချီတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိ တာတောင် တရားခံမပေါ်ဘူး၊ ပိုင်ရှင်မဲ့ဖြစ်သွားတယ်၊ ကွမ်းယာဆိုင်တွေ၊ သေးသေးမွှားမွှား ထောင်ဂဏန်း၊ သောင်းဂဏန်း ဝယ်ကြသုံးကြတော့ ရောင်းပြန်ပြီ၊ မိပြန်ပြီဆိုတဲ့အဖြစ်အပျက်တွေက နောက်ကွယ်မှာ အာဏာ ပိုင်တွေ၊ အာဏာရှိသူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ လုံးဝသက်သေပြနေတယ် ဟု ပြောပြီး မူးယစ် ဆေးဝါးပြဿနာ တတိုင်းပြည်လုံးမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို အမျိုးသမီး များကသာ ပိုခံစားနေကြရကြောင်းကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား၊ သုံးစွဲမှုတွေကြားထဲမှာ အများဆုံးခံနေရတာကတော့ မိခင်တွေ၊ ဇနီးမယားတွေလို့ပြောပြပါတယ်။ သားသမီးများမူးယစ်ဆေးစွဲနေပြီး ဖြစ်ပေါ်တဲ့ ပြဿနာ၊ ထိခိုက်နစ်နာမှုတွေ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ထိခိုက်မှုတွေ အားလုံးကို မိခင်တွေက ခါးစည်းပြီးခံနေရတယ်လို့  ဒေါ် မိဆူးပွင့်က ဆက်ပြောပါတယ်။

ခင်ပွန်းသည်များ ဆေးစွဲနေပြီဆိုရင် မိသားစုအတွင်းအကြမ်းဖက်မှု ပိုများလာပြီး မိသားစုအရေးကိစ္စများကို လည်း ခင်ပွန်းသည်များက တာဝန်ယူပေးနိုင်ခြင်း မရှိတော့ဘဲ ဇနီးမယားတွေသာ အခက်အခဲများအားလုံးကို ရင်ဆိုင်နေရတယ်။ ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးထုကြီးက ဒီမူးယစ်ဆေးဝါးပြဿနာကို အစိုးရမှ အကောင်းဆုံးမူဝါဒများ ချမှတ်ပြီး ကိုင်တွယ်ထိန်းချုပ်သွားစေလိုတဲ့ စိတ်ဆန္ဒတွေ ပြင်းထန်လာခြင်းကြောင့် မေးခွန်းများထုတ်ခြင်း၊ မူဝါဒများရေးဆွဲရာတွင်လည်း အမျိုးသမီးများသဘောထား၊ အမြင်တွေကိုပါ ထည့်သွင်း ပေးရန် တိုက်တွန်းပြောဆိုလာခြင်းတို့ပြုလုပ်လာကြတာဖြစ်တယ်လို့လည်းပြောပြပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အိမ်ခြေ(၁၀၀၀)ခန့်နေထိုင်တဲ့ ဖားပြရွာမှ လူငယ်နှင့် လူလတ်ပိုင်း အမျိုးသားများအကြားမှာတော့ မြင်းဆေးလို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ အင်မတန်မှ ရေပန်းစားနေကြောင်း ဒေသခံမိခင်တဦးဖြစ်တဲ့ နော်အယ်ကလီဖောကပြောပြပါတယ်။

မိသားစုတခုမှာ လင်ကသုံးတာရှိသလို အချို့အိမ်ထောင်တွင် ကျောင်းတက်နေသေးတဲ့ သားတွေ သုံးစွဲကြ တယ်။ အိမ်ထောင်တခုတွင် မိခင်က မူးယစ်ဆေးဝါရောင်းရာမှ ဆေးစွဲသူဖြစ်သွားတော့ အိမ်ထောင်တခုလုံး ပျက်ပြားခဲ့ရတာလည်းရှိကြောင်းပြောပြပါတယ်။

opium

Photo: ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ

ဆက်ပြီး အိမ်ထောင်သည် မိသားစုအကြားတွင် မူးယစ်သုံးစွဲခြင်းကြောင့် အိမ်ထောင်ရေးပဋိပက္ခများ

ဖြစ်ကြရ သလို အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားရာမှ လူသတ်တဲ့ရာဇဝတ်မှုအထိ ဖြစ်ပွားခဲ့ကြောင်းကို ကျမတို့ ရွာနားက ထီဖထောရွာမှာ သူ့အမျိုးသားက အရက်နဲ့မူးယစ်ဆေးဝါးတခုခုကို ရောသုံးပြီး စိတ် လွှတ်သွားတယ်။ အဲဒီအချိန်မှာ သူ့မိန်းမက သွားထိန်းတော့ ရန်ဖြစ်ကြပြီး မိန်းမလည်ပင်းကို ဓါးနဲ့ ထိုး သတ်လိုက်တယ်လို့ သူကပြောပါတယ်။

ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ သူမတို့ရွာသည် တိုင်းရင်းသား လက်နက်ကိုင်ဖြစ်တဲ့ (KNU)ထိန်းချုပ်ရာ နေရာဖြစ်သလို၊ အချို့ရွာများသည် အစိုးရ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး နီးစပ်ရာ အစိုးရတာဝန်ရှိသူတွေက ဒီပြဿနာတွေကို ဖြေရှင်းပေးလေ့ရှိသော်လည်း ထိရောက်မှု မရှိ သလောက်ပါလို့ဆိုပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ လောပိတအုပ်စု ခရစ်ယာန်အသင်းတော်တခုမှ အမျိုးသမီးခေါင်းဆောင်တဦး ကလည်း သူမတို့ရွာတွင် ကျောင်းသားများအကြား မူးယစ်ဆေးဝါးသုံးစွဲသူ အလွန်များပြားလာနေတယ်လို့ ပြောပြပါတယ်။

ကျောင်းသားတွေဖြစ်တဲ့ ၁၆၊ ၁၇၊ ၁၈ အရွယ်တွေက သုံးတာများလာတယ်၊ ကျောင်းသွားရင် လမ်းမှာ သုံးပြီး ကျောင်းကိုမရောက်ဘူး။ အဲဒါကြောင့် ကျောင်းထွက်ကြရတယ်

လူငယ်(၁၀)ယောက်မှာ ()ယောက်လောက်က မူးယစ်ဆေးဝါးသုံးနေကြပြီလို့ စိတ်မကောင်းစွာဖြင့် ပြော ပြခဲ့ပါတယ်။

ထိုရွာမှ အများစုမှာ တောင်ယာ၊ စိုက်ခင်းလုပ်ငန်းကို အဓိကလုပ်ကိုင်စားသောက်ကြရာ သားတွေ ကျောင်း ထုတ်ခံလိုက်ရပြီး အိမ်မှပိုက်ဆံခိုးခြင်း၊ ပစ္စည်းတွေခိုးထုတ်ပြီးရောင်းခြင်း၊ သိုထားတဲ့သီးနှံတွေကို ခိုးထုတ် ရောင်းတာမျိုးအပြင် လာမည့်နှစ်အတွက် ဖယ်ထားသော မျိုးစေ့ပါမကျန် ခိုးရောင်းမှုတွေ မိသားစုအတွင်း မကြာ ခဏရင်ဆိုင်နေရပြီး၊ ရပ်ကွက်အတွင်းတွင်လည်း ဆိုးသွမ်းမှုတွေ များပြားလာခြင်းကြောင့် ရပ်ရွာမလုံခြုံတော့တဲ့ အထိ ဖြစ်ရတယ်လို့ ပြောပြပါတယ်။

လူငယ်များအကြား ဆေးရောင်းချသူများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှု မရှိကြောင်းကို မိဘ တွေက ဘယ်သူရောင်းသလဲဆိုတာ သွားတိုင်ရင်လည်း ခဏပဲ၊ သူတို့အချင်းချင်းပြေလည်ပြီး ခဏပဲပြီးသွား တယ်” “ဖြန့်တဲ့သူကိုသိတယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင်က မသိသလိုပဲနေတော့ ခက်တယ်ဒါကြောင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေကို သူမအနေဖြင့် ဖြန့်ဖြူးရောင်းချတဲ့ သူတွေကို အဓိကထားပြီး ထိထိ ရောက်ရောက်ဖမ်းဆီးအရေးယူပေးစေချင်တယ် ဘာဖြစ်လို့လဲဆိုရင် ဖြန့်တဲ့လူမရှိရင် ဒီကလေးတွေကလည်း သုံးဖို့မရှိတော့ဘူးပေါ့”လို့ ပြောချင်ပါတယ်တဲ့။

သို့ပေမယ့် သူမတို့ရွာတွင် ဖြန့်တဲ့သူကို မဖမ်းပဲ သုံးတဲ့သူတွေကိုသာ လိုက်ဖမ်းနေတော့ ဘာမှ မထူးဘူး” လို့ အရေးယူမှုအပိုင်းကို ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးထုကြီးဟာ မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးပြဿနာတခုလို သတ်မှတ်ပြီး  တိုင်းပြည်ရဲ့ပင်မပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးသို့ တင်သွင်းဖို့ ကြိုးစားကြမယ်လို့ယုံကြည်ပါတယ်။

ABSDF မြောက်ပိုင်းစစ်ဒေသ အတွင်းရေးမှူးဖြစ်တဲ့ ရဲဘော်နန်းယဉ်ကလည်းဒီလိုဆွေးနွေးပွဲမျိုးမှာ ဒီပြဿနာ၊ ဒီအကြောင်းမပါသွားဘူးဆိုလို့ရှိရင် ဒုတိယအဆင့်ဖြေရှင်းရမဲ့ပြဿနာအဖြစ် မြင်သွားနိုင်တယ်၊ ဒီပြဿနာဟာ ကျမတို့အတွက် အလွန်အရေးကြီးတဲ့ ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတာကို အားလုံးသတိပြုနိုင်ဖို့အတွက် ငြိမ်းချမ်းရေးညီလာခံကို တင်ကိုတင်သင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

Related Articles