Home သတင်း အမျိုးသမီးများလုံခြုံမှု ရရှိရေးနှင့် စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်

အမျိုးသမီးများလုံခြုံမှု ရရှိရေးနှင့် စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်

kachin-women

 

လုဆိုင်း။            ။

သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက်၊၂၀၁၆ ခုနှစ်။

မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်တန့်ရေး၊ အမျိုးသမီးများဘဝ လုံခြုံမှု ရရှိရေး အတွက် ကချင်ပြည်နယ် မိုးမောက်မြို့မှ လူထုအခြေပြု ကချင်အမျိုးသမီးများ ဦးဆောင်၍ ငြိမ်းချမ်းစွာ လမ်း လျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒပြမှုတွင် ဦးဆောင်သူဒေါ်နန်ဘောက်ကပြောသည်။

“ကျမတို့က ငြိမ်းချမ်းဖို့ အဓိကပါ။ စစ်ဘေးဒဏ်ကြောင့်မို့ ကျမတို့ အမျိုးသမီးတွေက သွားရေးလာရေးလုံခြုံမှု မရှိဘူး။ တောင်ယာသွား၊ လယ်တောသွားကအစပေါ့။ နောက်ပြီး ခရီးသွားတာတွေလည်း လုံခြုံမှု မရှိတော့ ဘူး။ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှု တခုမှမရှိဘူး။ ခရီးသွားမယ်၊ တောင်ယာသွားမယ်ဆိုရင် လမ်းမှာတခုခု ဖြစ်မှာ အမြဲစိုးရိမ်နေရတယ်။”

အရပ်ဘက် အခြေပြုလူထု အမျိုးသမီးအဖွဲ့များ ဦးဆောင်ကာ မိုးမောက်မြို့အဝင်မှ (၇) မိုင်ကျေးရွာသို့ ယနေ့ နံနက် (၇) နာရီမှ (၁၀) နာရီကျော်အထိ လမ်းလျှောက်ကာ ကချင်ဒေသအတွင်း ထိုးစစ်များ ချက်ခြင်း ရပ်တန့်ရန်၊ အမျိုးသမီးများလုံခြုံမှုရရေး၊ ငြိမ်းချမ်းရေးကို လိုချင်သည်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေ ရှင်းမှု အလိုမရှိ စသည့် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိမှာ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ၂၀၁၁ ခုနှစ်က မိုးမောက်မြို့နယ် သည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ဒေသဖြစ်ပြီး တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သဖြင့် ယခုလို ငြိမ်းချမ်းရေးရရှိရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ဒေါ်နန်ဘောက်ကပြောသည်။

women

“ဒီနေရာက စစ်ပွဲစတင်တဲ့နေရာ အနက်ရောင်နယ်မြေပေါ့။ အခုနောက်ပိုင်းတိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ့ မဖြစ်နိုင် ဘူးလို့ မပြောနိုင်ဘူးလေ။ IDP စခန်းတွေလည်း ပိုများလာတယ်။ IDP တွေစားဝတ်နေရေးလည်း တော်တော် ခက်ခဲနေတယ်။ တောင်ယာလည်း မလုပ်နိုင်ဘူး။ အမျိုးသမီးတွေက မိသားစုအတွက် နေ့စားကျပန်း အလုပ် ဘဲ လုပ်တယ်။ ဒါပေမဲ့ မလောက်ဘူး”

မိုးမောက်မြို့နယ်တွင် လက်ရှိစစ်ပြေးဒုက္ခသည်စခန်း (၆) ခုခန့်ရှိပြီး စားနပ်ရိက္ခာ အခက်အခဲရှိနေသဖြင့် အမျိုးသမီးတဦးအနေဖြင့် တရက်တာစားသောက်နိုင်ရေးအတွက် နေ့စားအလုပ်လုပ်ကိုင်၍ ရှာဖွေစား သောက်နေရသည်ဟု သူကပြောသည်။

စက်တင်ဘာလမှစတင်၍ ကချင်ပြည်နယ် KIA ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်နှင့် ရန်ကုန်၊ မန္တလေးနှင့် ချင်းပြည်နယ်များတွင် ထိုးစစ်ရပ်တန့်ရန် လူထုဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

မိုးမောက်မြို့တွင် ယခုကဲ့သို့ အရပ်ဘက်လူထု အမျိုးသမီးအဖွဲ့များ ဦးဆောင်၍ ဆန္ဒဖော်ထုတ်မှုသည် ပထမ ဆုံးအကြိမ် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

Related Articles