ရန်ကုန်မှ မွန်ပြည်နယ်ရှိ ပေါင်မြို့နယ်၊ ကျုံကကျေးရွာလေးကိုသွားဖို့ အချိန်(၅)နာရီကြာ ကားစီးရပါတယ်။ သထုံက ထွက်ပြီဆိုတာနဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မရောက်ခင် ရန်ကုန်ကသွားရင် ဘယ်ဘက်ခြမ်းဖြစ်ပြီး မော်လမြိုင်ကအပြန်ဆိုရင်တော့ ညာဘက်ခြမ်းမှ တောင်တန်းတွေဟာ ကျောက်တောင်တွေသာ ဖြစ်ပါ တယ်။ အဲဒီ ကျောက်တောင်တွေကို အခုကြည့်မယ်ဆိုရင်တော့ သဘာဝအတိုင်း မဟုတ်တော့ပဲ အပိုင်းအစ တွေနဲ့ ပြိုကျနေတာကို တွေ့မြင်ရမှာပါ။
ကျုံကကျေးရွာလေးဟာလည်း ထိုကျောက်တောင်တန်းရဲ့ အောက်ခြေမှာတည်ထားတဲ့ ရွာကလေးဖြစ်ပါ တယ်။ ရွာလေးကို ဝင်လိုက်ပြီဆိုတာနဲ့ ခြံတိုင်းမှာ မင်းဂွတ်၊ ကွမ်း၊ ဒူးရင်း၊ အုန်း၊ ဇာတိပ္ဖိုလ်သီး၊ သီဟိုဠ်၊ ရာဘာ၊ ကွမ်းသီးအနည်းငယ်နဲ့ အချို့သောစိုက်ပင်လေးတွေကို တွေ့ရမှာပါ။ သာယာလှပတဲ့ ရွာကလေး တရွာဖြစ်သလို ရွာထဲဝင်သွားရင် အဆုံးလေးမှာတော့ အထင်ကရ “သပိတ်အိုင်”ဆိုတဲ့ ကျောက်ရေအိုင် ကြီးလည်းရှိပါတယ်။
အပြင်ပမ်းကြည့်မယ်ဆိုရင် ရွာကလေးက အေးချမ်းသာယာနေပါတယ်။ ဒါပေမယ့် ကျုံကရွာလေးအနီးကို ရောက်လာတဲ့ ကျောက်မိုင်းတွေက ရွာကလေးကို ဘယ်လောက်တောင် ရိုက်ခတ်မှုတွေဖြစ်စေခဲ့သလဲ ဆိုတာ ရွာသူရွာသားတွေသာ သိနိုင်ကြမှာပါ။
ကျုံကရွာမှာ နေထိုင်တဲ့ဒေသခံတဦးက သူ့အနေနဲ့ တောတက်၊ မျှစ်ချိုးအလုပ်တွေကို နယ်မြေကျဉ်းသွားလို့ မလုပ်ဆောင်နိုင်တော့တာ၊ အထူးသဖြင့် ကျောက်မိုင်းတွေရှိတဲ့ဘက်ကို မသွားရဲလို့ သူ့ရဲ့နေ့စဉ်လုပ်ငန်းတွေ ကို ထိခိုက်နေတာကို အခုလိုရှင်းပြပါတယ်။
“ကျမတောတက်မျှစ်ချိုးအလုပ်ကို လုပ်လာတာ(၁၀)နှစ်လောက်ရှိပြီ။ အရင်ကတော့ မျှစ်ချိုးရတာ အဆင် ပြေတယ်။ နောက်ကျောက်မိုင်းတွေ ရောက်လာပြီး အဲဒီဘက်ကို မသွားရတော့ဘူး။ ကျောက်မိုင်းမရှိတဲ့ ဘက်မှာပဲ မျှစ်သွားချိုးရတော့တယ်” ဆိုပြီး ဟင်းစားရှာရခက်ခဲလာပုံကို ပြောပြပါတယ်။ “ကျောက်မိုင်းက အန္တရာယ်တွေများတယ်။ ကြောက်လို့မသွားတာလည်းပါတယ်။ သူများခေါ်လည်း မသွားဘူး။ အဲဒီဘက်ကို ဟိုအရင်ကသွားတယ်။ အခုနောက်ပိုင်း မသွားတော့တာ တော်တော်ကြာပြီ။ သူတို့ ကျောက်မိုင်းလုပ်တာ နယ်မြေက ကျယ်ကျယ်လာတယ်။ ဗုံရွှေကျောက်ဖျာဆိုတာရှိတယ်။ အကြီးကြီးပဲ။ အဲဒီ ကျောက်ဖျာကြီး ရှိတုန်းကတော့ ခဏခဏ အဲဒီဘက်မှာ သွားဖြစ်တယ်။ အဲဒါလည်း မရှိတော့ရော မသွားတော့ဘူး။ မျှစ်တောလည်း ဘယ်နားရှိမှန်း မသိတော့ဘူး။ ဟိုတုန်းကဆို နာမည်ကြီးတယ်။ ဗုံရွှေကျောက်ဖျာဆိုပြီး တော့ အခုတော့ကုန်ပြီ”
ကျောက်မိုင်းတွေက တကယ်ဘဲ ကျေးရွာလူထုအတွက် အန္တရာယ်ဖြစ်စေခဲ့တာပါ။ ကျောက်မိုင်းလုပ်ငန်း ဝင်လာတဲ့အပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ လှုပ်ရှားတက်ကြွသူအဖြစ် ပါဝင်နေတဲ့ ကိုတင်မင်းနိုင်က ကျောက်မိုင်းကြောင့် ထိခိုက်ပျက်စီးရတာတွေကို ပြောပြပါတယ်။
ကျောက်မိုင်းတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေ တည်ထားကိုးကွယ်တဲ့ ရွာဦးစေတီကို ကျောက်ခဲတုံးတွေ ထိမှန်ဖူးသလို လူနေအိမ်တွေနဲ့ နီးလှတဲ့အတွက် အိမ်ကိုပါ ထိမှန်လာတယ်။ အဆိုးဆုံးကတော့ ကိုယ်ဝန် ဆောင် အမျိုးသမီးတဦးကိုပါ ထိမှန်ခဲ့တယ်လို့ ရှင်းပြပါတယ်။
“ကျောက်မိုင်းက ပြီးခဲ့တဲ့နှစ်ကဆို အရမ်းလိုလို့ ထင်တယ်။ မိုင်းတွေကို ရမ်းအားပြင်းပြင်းနဲ့ ခွဲတယ်လေ။ အဲဒီမှာ ကျောက်ခဲစတွေက တော်တော်ဝေးဝေးကို လွှင့်စင်ကုန်တယ်။ လူနေအိမ်တွေထိတယ်။ ပထမဦးဆုံး ဆို ရွာဦးက ဘုရားစေတီလည်း ထိဖူးတယ်။ လူနေအိမ်တွေလည်း ထိဖူးတယ်။ ထိတာနဲ့ သူတို့ကလျော် တယ်ပေါ့နော်။ နောက်ဆုံးအဆင့်က လမ်းမှာဖြတ်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ကျောက်စ မှန်ပြီး ခပ်ပြင်းပြင်းထိတယ်။ ရန်ကုန်ဆေးရုံအထိရောက်သွားတယ်။ ကာယကံရှင်နဲ့ လျှော်ကြေးပေးပြီး ပြေ ရာပြေကြောင်းတော့ လုပ်တာပေါ့။ ကျေနပ်တဲ့အဆင့်အထိ မဟုတ်ပေမယ့် ဒီလိုပဲပြီးသွားတာမျိုး ဖြစ်တယ် လေ”
ထိုကျောက်တုံးထိမှန်ခံရတဲ့ အမျိုးသမီးကတော့ သူ့အနေနဲ့ စိတ္တဇလိုတောင် ဖြစ်ခဲ့ရတယ်လို့ ပြောပြပါ တယ်။
“အပြန်လမ်းမှာ ကျောက်တုံးကျလာပေမယ့် ကျမလည်း မဝပ်ချမိလိုက်ဘူး။ အဲဒီအချိန်မှာ အစ်မက မှောက် ခုံပြုတ်ကျသွားတယ်။ ကျမနဲ့အတူ လမ်းလျှောက်ပြန်လာတဲ့ အဒေါ်တစ်ယောက် ပြောပြချက်အရပေါ့။ ပြီး တော့ ထ ထ သွားလို့ရပြီဆိုပြီး ခေါ်တယ်။ ခေါ်လို့မရတော့ သူက လူကိုဆွဲလှန်လိုက်တယ်။ အဲဒီအချိန်မှာ အစ်မရုပ်က ပါးစပ်ညာဖက်ကကွဲပြီး အောက်မေးရိုးက တွဲကျနေတယ်။ အဲဒါ ကြောက်လန့်ြ့ပီး ပြန်ပင့်ထည့် တယ်။ သဲတွေရောခဲတွေရော အရိုးတွေရောတဲ့။ ညာလက်မောင်းကိုလည်း ထိတယ်။ ညာဖက် ပုခုံးကျိုး သွားတယ်။ အဲဒီအဒေါ်လည်း (၇)ရက်လောက် စိတ်မတည်မငြိမ်ဖြစ်သွားတယ်ပြောတယ်”
ကျောက်မိုင်းလုပ်ငန်းတွေ ဝင်လာပြီးနောက် ရွာသူရွာသားတွေ မြေယာဆုံးရှုံးမှုတွေ ရှိခဲ့ရသလို တောတက် ရှာဖွေစားသောက်ရတဲ့ တနေ့လုပ်တနေ့စား အလုပ်သမားတွေအတွက်လည်း ထိခိုက်မှုရှိတယ်လို့ ကိုတင် မင်းနိုင်က ပြောပြပါတယ်။
“ကျောက်မိုင်းတွေဝင်လာတာ ရွာသားတွေရဲ့အသက်မွေးဝမ်းကြောင်းကို တကယ်ထိခိုက်တယ်။ ပထမ အဆင့်က တောင်ယာခြံလုပ်နေတဲ့သူတွေ ဆုံးရှုံးတယ်။ တောင်ယာပိုင်ရှင်တွေနဲ့ လုပ်ငန်းရှင်တွေ အငြင်း ပွားတဲ့အချိန်မှာ အာဏာပိုင်တွေက ဒီလုပ်ငန်းရှင်တွေကိုပဲ ခြံလုပ်ပိုင်ခွင့်ပေးလိုက်သလို ဖြစ်တယ်။ မြေ လုပ်ပိုင်ခွင့်ပေးလိုက်တယ်။ တောင်ယာခြံလုပ်သမားတွေက ဆုံးရှုံးသွားတယ်။ သူတို့လျှော်ကြေးပေးတာ တော့ တပိုင်းပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ခြံလုပ်ငန်းပဲ ဆက်လုပ်ချင်တယ်ဆိုပေမယ့်လည်း အပေါ်က ဖိအား တွေကြောင့်မို့လို့ ကျောက်ထုတ်လုပ်ငန်းကို ပေးတဲ့ငွေကိုယူပြီး ခြံလုပ်ငန်းခွင်ကို ခြံရှုံးခံရသလို ဖြစ်တယ် လေ။ နောက်တဆင့်က အခုဆိုကျောက်မိုင်းက ကျုံကမှာ ဝင်တာ(၃)မိုင်၊ ဟိုဘက်မှာဝင်တာ (၁)မိုင်၊ ဆိုရင် (၄)မိုင်၊ ဒီဘက် (၃)မိုင် စုစုပေါင်းကိုပဲ မြေဧက (၁၅၀)ကျော် (၂၀၀)နီးပါးလောက်ရှိတယ်။ ဒီဧက၂၀၀ ဝန်း ကျင်မှာ သာမန်ရွာသူရွာသားတွေက မျှစ်ချိုးရှာစားတယ်။ ဝါခုတ်စားတယ်။ ထင်းခုတ်စားတယ်။ ဒီလိုနဲ့ဲပဲ သမရိုးကျရှာဖွေစားသောက်ခဲ့တဲ့ နယ်မြေကြီးက ပျောက်သွားတယ်။ ပျောက်တဲ့အခါကျတော့ တောတက် လုပ်ငန်းတွေလည်း ထိခိုက်တယ်ပေါ့နော်။ သာမှန်နေ့တဓူဝလုပ်ကိုင်စားသောက်ရတဲ့ လူတွေအတွက်က ခက်တယ်ပေါ့နော်”
အထူးသဖြင့် အမျိုးသမီးတွေရဲ့ကိုယ်ပိုင်ဝင်ငွေ ဆုံးရှုံးမှုရှိသလို အလုပ်လက်မဲ့ဘဝကိုလည်း ရောက်ရှိသွား ပုံကို ကိုတင်မင်းနိုင်ကပဲ ဆက်ပြောပါတယ်။
“ဒီမှာရှိတဲ့မိသားစုတွေကိုကြည့်လိုက်မယ်ဆိုရင် မောင်တထမ်းမယ်တရွက်ပေါ့။ အမျိုးသားရော အမျိုးသမီး ရောက တောတက်လုပ်ငန်းခွင်နဲ့ အသက်မွေးကျောင်းကြတယ်လေ။ အများအားဖြင့် အမျိုးသမီးတွေရဲ့ အလုပ်အကိုင်လို့ဆိုရင် တောတက်မျှစ်ချိုး၊ ထင်းရှာ၊ ဝါးရွက်၊ တနေ့တနေ့ဝင်ငွေက မနည်းရတယ်။ အဲဒီ အမျိုးသမီးတွေရဲ့အလုပ်အကိုင်ဆုံးရှုံးသွားသလိုဖြစ်တယ်။ သဘာဝအားဖြင့်ပြောရမယ်ဆိုရင် အမျိုးသမီး တွေက အပြင်ထွက်ပြီး အလုပ်မလုပ်နိုင်ဘူး။ အိမ်မှာကလေးထိမ်း၊ မိသားစုတာဝန်တဖက်နဲ့ တောတက်ရင်း နဲ့ ဝင်ငွေရှာရတာပေါ့။ လင်ယောကျ်ားတွေက ဒီမှာအလုပ်မရှိတော့ဘူးဆိုရင် အဝေးတနေရာထွက်ရှာတာ ပြဿနာမရှိပေမယ့် အမျိုးသမီးတွေအတွက်ကျတော့ ဒီမှာအိမ်အလုပ်တဖက်နဲ့ ဒီအလုပ်လေးဆုံးရှုံးသွားမယ် ဆိုရင် သူတို့အတွက်က တကယ့်ဆုံးရှုံးမှုကြီး ကိုယ့်ကလေးသားသမီးလည်း စွန့်ပြီး အပြင်လည်း အလုပ် သွားလုပ်လို့မရ၊ ဝင်ငွေမဲ့ အလုပ်လက်မဲ့ဘဝလိုမျိုး ကြုံရသလိုဖြစ်တာပေါ့နော်”
ကျောက်မိုင်းတွေက အိမ်ခြေနဲ့နီးတာကြောင့် ကြောက်နေရသလို တောတက်အလုပ်သွားရင်လည်း မြေပြို လေ့ရှိတာကြောင့် စိုးရိမ်ရတယ်လို့ ဒေသခံအမျိုးသမီးတဦးမှ အခုလိုရှင်းပြပါတယ်။
ဒေသခံအမျိုးသမီးတဦးမှ “ကျမတို့အနေနဲ့ အစကဆို တောင်ပေါ်တက်ရှာစားပေါ့။ အခုဆိုရင် အဝေး ကြီးဖြစ်ကုန်တယ်၊ အရင်ကဆို ရွာနဲ့သိပ်မဝေးတဲ့နေရာမှာပဲ မျှစ်ချိုးတယ်။ အခုကျတော့ ဒီနေရာတွေ လိုက်ချိုးလို့မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျောက်မိုင်းကြောင့်ပေါ့။ ကျောက်မိုင်းလွန်အောင် သွားမှ ရတော့တယ်။ အိမ်နဲ့နီးတော့ကြောက်တယ်။ အရင်ကဆို ပိုကြောက်တယ်။ ကိုယ်ကမှ မတွေ့ဖူးတာ ကိုး။ သူတို့ကျောက်မိုင်းခွဲတော့မယ်ဆို အိမ်ကိုပစ်ထားခဲ့ပြီး လူကအဝေးကြီးရှောင်နေတယ်။ အခုလည်း ဒီနားနီးတဲ့လူတွေဆို ကျောက်မိုင်းခွဲမယ်ဆို ရှောင်နေရတယ်။ အမေကအသက်(၇၀)ရှိပြီ။ အရင်ကတော့ အမြဲမျှစ်ချိုးတယ်။ အခုတော့ အစ်မပေးမသွားတော့ဘူး။ ကျောက်မိုင်းလုပ်ထားတယ်ဆိုတော့ သူတို့တွေက မြေကြီးတွေ ကုတ်ယူထားတော့ မြေပြိုတာတို့ ဘာတို့နဲ့ ခြေချော်လက်ချော်ဖြစ်မှာစိုးလို့ ပေးမသွားဘူး”
ကျောက်တောင်တွေအောက်ခြေမှာ နေထိုင်ရတဲ့ ထိုကျုံကရွာလေးကတော့ အိမ်ခြေပေါင်း(၅၀၀)ကျော်ရှိပြီး လူဦးရေပေါင်း(၂၀၀၀)ကျော်ရှိတဲ့ရွာလေးပါ။
ကျောက်မိုင်းတွေက ၁၉၉၆ ခုနှစ်လောက်ကစပြီး ကျုံကရွာဖက်ကို ရောက်လာတာလို့ သိရပါတယ်။ ကျောက်မိုင်းလုပ်ငန်းဝင်လာခြင်းအပေါ် ကန့်ကွက်ခဲ့သည့်တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုတင်မင်းနိုင်က အခုလိုပြောပြပါတယ်။
“ရွာကိုကျောက်မိုင်းတွေဝင်လာတာ ကျနော်တို့ငယ်သေးတယ်။ မမှတ်မိဘူး။ မှတ်မိသလောက်က အရင်ဦး ဆုံး စင်ကာပူမိုင်းက ၁၉၉၆ ခုနှစ်ဝန်းကျင်၊ နောက်ပိုင်း မီးရထားမိုင်း၊ ကြံ့ခိုင်ရေးမိုင်းဆက်လုပ်တယ်။ ဒီနေ့ အချိန်အထိ။ ကျောက်မိုင်းဝင်ဝင်ချင်းက လူတွေကမသိသေးဘူး။ ကျောက်မိုင်းရဲ့ဆိုးကျိုးအန္တာရာယ်ကို ဘယ်လောက်အထိ ထိခိုက်နိုင်လဲဆိုတဲ့စဉ်းစားမှုတွေမရှိခဲ့ဘူး။”
ယခင် စစ်အစိုးရ လက်ထက်မှာ အကြောက်တရားတွေကြောင့် ကျေးရွာလူထုတွေက ကျောက်မိုင်းကို မနှစ်သက်ပေမယ့် မကန့်ကွက်ရဲခဲ့ဘူးလို့လည်း ကိုတင်မင်းနိုင်က ပြောပါတယ်။
“ဒါပေမယ့် ဒီနောက်ပိုင်းအသိအမြင်တွေ ရှိလာတဲ့အပေါ်မှာ ကျောက်ထုတ်လုပ်ငန်း ဆိုးကျိုးအန္တရာယ် တွေလည်း သိလာတယ်။ မြေတိုက်စားမှုတွေဖြစ်တယ်။ ကျောက်ခဲလွှင့်စင်မှုကြောင့် လူနေအိမ်တွေ ထိခိုက် တယ်။ လူတွေထိခိုက်တယ်။ လူတွေရဲ့ဆန့်ကျင်မှုက ပိုပြီးတော့ပြင်းထန်လာတယ်ပေါ့နော်။ ရွာသူရွာသား တွေကလည်း ကျောက်မိုင်းကို မလိုချင်တော့ဘူးဆိုတော့ အားလုံးစုပြီးကန့်ကွက်ကြတဲ့ပုံစံမျိုးပေါ့ ဖြစ်လာ တယ်”
ကျောက်မိုင်းလုပ်ငန်းကို မလိုလားလို့ကန့်ကွက်တဲ့အပေါ် အကျိုးရလာဒ်တွေရှိလာသလို ရွာသားတွေရဲ့ လိုအပ်ချက်တွေကြောင့် လိုက်လျောပြီး လက်မှတ်ထိုးလိုက်ရတာတွေလည်း ရှိခဲ့တဲ့အကြောင်းကို ကိုတင် မင်းနိုင်ကပဲ ဆက်ပြောပြပါတယ်။
“ပထမအကြိမ်ကန့်ကွက်တော့ ပေါင်မြို့နယ်မှာ ဆန္ဒပြပွဲလိုမျိုးဖြစ်ကြတယ်။ အရင် ၁၉၉၆ လောက်ကတည်း က ခြံတွေကို လျှော်ကြေးမပေးထားဘူး။ အဲလိုဆန္ဒပြတဲ့အတွက် လျှော်ကြေးတွေရလာတယ်။ နောက်ဒုတိ ယအဆင့် ကျနော်တို့အားလုံးစုပေါင်းပြီး ကန့်ကွက်လက်မှတ်တင်တဲ့အချိန်မှာ မိုင်းလုပ်ငန်းတွေ ရပ်ဆိုင်း ထားတယ်ပေါ့နော်။ ဖျက်သိမ်းတဲ့အဆင့်အထိတော့ မရောက်လိုက်ဘူး။ ပြီးတော့ရွာသားတွေနဲ့ ပြန်ညှိ တယ်။ ရွာသားတွေရဲ့လက်ခံမှုရအောင် သူတို့ကြိုးစားတယ်။ ကြိုးစားတဲ့အချိန်မှာ ရွာအတွက်ဖွံ့ဖြိုးရေး တစုံတရာ ချပေးတော့ ရွာသားတွေကလည်း ထောက်ခံလက်မှတ်ထိုးပေးသလိုဖြစ်သွားတယ်။ ဆိုတော့ လုပ်ငန်းတွေက ပြန်လည်ပတ်တယ်။ ဒါပေမယ့် အခုအချိန်အထိ သဘာဝပတ်ဝန်းကျင်အကြောင်း ကျယ် ကျယ်လောင်လောင်ပြောလာကြတဲ့အချိန်မှာ အခုအဆင့်ထိက ရပ်ဆိုင်းထားတဲ့အဆင့်ပေါ့။ မိုင်းတွေ မခွဲ သေးဘူး။ လုပ်ငန်းလုံးဝဖျက်သိမ်းတဲ့အဆင့်အထိတော့ မရောက်သေးဘူး”
ကိုတင်မင်းနိုင်ကပဲ ဘာကြောင့်ကျောက်မိုင်းတွေ မရှိသင့်သလဲဆိုတာ ရှင်းပြပါတယ်။
“ကျနော်တို့ကတော့ ဒီမိုင်းတွေရှိစေချင်ဘူး။ အဓိက မရှိစေချင်တဲ့အကြောင်းရင်းက ရွာလူနေအိမ်တွေနဲ့ အရမ်းနီးတာကတချက်၊ ပြီးတော့မိုင်းဧရိယာပတ်ဝန်းကျင်မှာ အထင်ကရဖြစ်တဲ့ သာသနာအဆောက်အဦး တွေ ရှိတယ်။ သပိတ်အိုင်ကျောင်း ရဟန္တာဆရာတော်ကြီးဆိုပြီး နာမည်ကြီးတယ်။ စေတီတွေရှိတယ်။ ဒီဘက်ဆိုရင်လည်း မညွန့်ညွန့်တောရစခန်း၊ ကျောက်တလုံးဆရာတော်ဆိုရင်လည်း နာမည်ကြီးပဲ။ တရား စခန်းဆိုတာ တနှစ်ပတ်လည်လုံးလုပ်နေတာရှိတယ်။ တရားရှာတဲ့နေရာလေးကို အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တယ်”
ဒေသခံတဦးဖြစ်တဲ့ မရီလွင်ကလည်း ကျောက်မိုင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ လုံးဝအလိုမရှိဘူး လို့ ပြောပါတယ်။
ပြောမယ်ဆိုရင်တော့ လုံးဝကို အလိုမရှိတာ။ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုပဲလုပ်လုပ် မလိုချင်ဘူး။ ဥပမာ ရာဘာစိုက်တယ်၊ တခုခုစိုက်တယ်ဆိုရင် အစားထိုးပြီးပြန်စိုက်လို့ရသေးတယ်။ တောင်ကြီးကို သွား ဖြိုတယ်ဆိုတာ ကျောက်တွေဘာတွေက ပြန်စိုက်လို့မှမရတာ၊ ကျောက်ဆိုတာက သူသဘာဝနဲ့ သူရှိတာ လေ၊ သူတို့လုပ်လိုက်တော့ တောင်ကတုံးကြီးပဲကျန်တယ်။ ဘာမှလည်းလုပ်လို့မရဘူး” ဟု မရီလွင် မှပြောသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021