မယ်သုံည။ ။
“သွားချင်တယ်.. သွားချင်တယ်။ အရမ်းကို သွားချင်တယ်။”
ဘန်ကောက်ကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ တက်ကြွတဲ့အသံ၊ ဝမ်းသာတဲ့အသံနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တနေရာမှာ အိမ်ဖော်အလုပ် လုပ်ကိုင်နေတဲ့ မခင်နွယ်က ပြောလာတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသံက ခဏလေးအတွင်းမှာပဲ တိမ်ဝင်သွားခဲ့ပါတယ်။
“ ၂၃ ရက်နေ့ဆို စနေနေ့လား။ အဲ ကြာသာပတေးနေ့ကြီး။ အဲဒါဆိုရင်တော့ သွားလို့မရဘူး။ ခွင့်က အများကြီး အဲဒီလိုပြောင်းပြီးယူလို့မရဘူး။ ပြီးတော့ သွားချင်ရင်တောင် သွားလို့မရဲဘူး။ လက်မှတ်လုပ်ထားတာက မဟာချိုင် နယ်မြေမဟုတ်ဘူးလေ။ မဟာချိုင်က ရဲတွေ ဘာတွေ နည်းနည်းဆိုးတော့ သွားလို့မရဲဘူး။”
မခင်နွယ်ဟာ သူမအသက် ၁၆ နှစ်အရွယ်ကတည်းက မိသားစုစားဝတ်နေရေး ကူညီဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံကို တရားမဝင် ရောက်ရှိလာပြီး အိမ်ဖော်အလုပ်ကို အခု အသက် (၃၇)နှစ်အရွယ်အထိ လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ သူမရဲ့ အိမ်ဖော်သက်တမ်းတလျှောက်မှာ အိမ်ရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်တာကို အမျိုးမျိုး ကြုံတွေ့ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။
“စရောက်လာတုန်းက ထိုင်းစကားမပြောတတ်ဘူး၊ အကူအညီတောင်းမယ့်သူလည်းမရှိတော့ ခိုင်းတာလုပ်ရ တယ်။ မနက် ၄ နာရီကနေ ည ၁၂ နာရီအထိ လုပ်ရတယ်။ သူဌေးကျွေးတာစားရတယ်။ တခါတလေ ထမင်းသိုး ဟင်းသိုးနဲ့ကျွေးတယ်။ မစားနိုင်ဘူး၊ ဆီနဲ့ဆားနဲ့ စားမယ်ဆိုရင်တောင် သူတို့က မကျွေးဘူး။ သူတို့အရှေ့မှာ စားပြရတယ်။ တခါတလေ ပင်ပန်းလွန်းလို့ ခနတဖြုတ်နားမယ်ဆိုရင်လည်း မရဘူး။” လို့ ဘာမှမဖြစ်သလိုဟန်နဲ့ သူမရဲ့ အတိတ်အကြောင်းကို ပြောပြနေပါတယ်။ ဒါပေမဲ့ သူမရဲ့ အသံတွေကတော့ မသိမသာ တုန်ခါနေတာ အထင်အရှားပါ။
ဒီလိုနှိပ်စက်တဲ့ အိမ်ရှင်တွေနဲ့ ကြုံတွေ့ခဲ့ရသလို အလုပ်ပေးဖို့အတွက် အင်တာဗျူးခေါ်လို့ သွားရာမှာ တခါတည်း အလုပ်လုပ်ခိုင်းပြီး ခွေးနဲ့အတူ အိမ်ခန်းထဲမှာ တညလုံး သော့ပိတ်ခံရတာလည်း ကြုံခဲ့ဖူးပါတယ်။ နောက်နေ့မနက်မှာတော့ အိမ်က အဖိုးတန်ကျောက်ပျောက်တယ်ဆိုပြီး ရဲနဲ့ ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တဲ့အတွက် အဲဒီအိမ်ကနေ အစ်မအကူအညီနဲ့ ထွက်ပြေးခဲ့ရဖူးပါတယ်။
အခုလက်ရှိအချိန်မှာလည်း အလုပ်ရှင်က အရမ်းမဆိုးပေမယ့် ပိတ်ရက်နည်းတာ၊ အလုပ်ချိန်များတာ၊ ထိုင်းအစိုးရသစ်ရဲ့ စီမံချက်အသစ်နဲ့ လုပ်ထားတဲ့ အလုပ်သမားလက်မှတ် ပန်းရောင်ကဒ်ကလည်း လွတ်လွတ်လပ်လပ် ခရီးသွားခွင့်မရှိတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီလိုအခက်အခဲတွေကြားထဲက မိသားစုဘဝအတွက် ရုန်းကန်နေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်က သူ့အတွက် ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ(၂၃)ရက်နေ့ ခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ သူမရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ အလုပ်သမားတွေ၊ အလုပ်သမားအစုအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် လက်ရှိ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ထိုင်းအစိုးရကို ဆွေးနွေးပေးစေချင်တဲ့အချက်တွေကို တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီထဲမှာမှ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MAT) ကတော့ သူတို့တောင်းဆိုချက်တွေထဲမှာ အလုပ်သမားအခွင့်အရေးပြောတိုင်း လျစ်လျူရှုခံနေရတဲ့ အိမ်ဖော်အလုပ်သမားတွေရဲ့ အခွင့်အရေးကိုပါ ထည့်သွင်းတောင်းဆိုထားတယ်လို့ အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ အိမ်ဖော်အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေကို ပြဌာန်းထားတာမရှိတဲ့အတွက် အိမ်ဖော်အလုပ်သမတွေဟာ အလုပ်ချိန်သတ်မှတ်ချက်၊ လစာသတ်မှတ်ချက်၊ နားရက် စတဲ့ တရားဝင်သတ်မှတ်ချက်တွေမရှိပဲ အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အပြင် အလုပ်ရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့လည်း ရင်ဆိုင်နေ ရတယ်လို့ ဦးကျော်သောင်းက ဆက်ပြောပြပါတယ်။
“သူတို့အိမ်က ဘာမှတန်ဖိုးမရှိတဲ့ ဖန်စီပလပ်စတစ်လက်စွပ်လေးထည့်ပြီး ငါတို့အိမ်ကပစ္စည်းခိုးပါတယ်ဆိုပြီး ဖမ်းဆီးထောင်ချလိုက်တာ၊ နယ်စပ်ပြန်ပို့လိုက်တာတွေလည်း အများကြီး ရှိတယ်။ နောက်တခုက အိမ်ဖော် အမျိုးသမီးတဦးကို အဖေနဲ့ဖြစ်မှန်းမသိ၊ သားနဲ့ဖြစ်မှန်းမသိ၊ ကိုယ်ဝန်ရလာတော့ နယ်စပ်ပြန်ပို့လိုက်တာ မျိုးလည်းရှိတယ်။ နောက်ပြီး အိမ်ဖော်အမျိုးသမီးကို စိတ်ကြွဆေးပြားကျွေးပြီး ၃ ရက်နဲ့ ၃ ည၊ ရေလေးပဲပေး သောက်ပြီး လိင်ဖျော်ဖြေခိုင်းတဲ့ကောင်မလေးလည်းရှိတယ်။ သူ့အမှုအတွက် ကျနော်တို့ ကူညီပြီး အမှုဖွင့် တိုင်ကြားတဲ့အခါမှာ အဲဒီကောင်မလေးက ကယ်ဆယ်ရေးစခန်းမှာ လပေါင်းများစွာ၊ နှစ်ရှည်ကြာသွားပေမယ့် အဲဒီအဓမ္မပြုကျင့်တဲ့သူက ထောင်လည်းမကျ၊ အပြစ်ပေးဒဏ်ခတ်တာလည်း မရှိခဲ့ဘူး။ အဲဒီ မြန်မာအိမ်ဖော်လည်း နစ်နာကြေးလည်း တစုံတရာမရသွားခဲ့ဘူး”
အလုပ်သမားရေး ကူညီပေးနေတဲ့ အဖွဲ့အတော်များများရှိပေမယ့်လည်း အိမ်ဖော်အလုပ်သမားတွေ အခွင့်အရေးအတွက် အခုချိန်ထိ ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ အနေအထားမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
“ဒါကြောင့် မေ့ပျောက်ခံနေရတဲ့၊ အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာအမျိုးသမီးအိမ်ဖော်တွေအတွက် အခွင့်အရေးအပြည့်အဝရအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိုင်းအစိုးရဆီမှာ တောင်းဆိုပေးမယ်ဆိုရင် မေ့ပျောက်ခံ မြန်မာအိမ်ဖော်အလုပ်သမားတွေအတွက် အခွင့်ထူးတရပ်ဖြစ်မလားဆိုတဲ့ စဉ်းစားချက်နဲ့ပါ” လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
အိမ်ဖော်အလုပ်သမားတွေကို သူတို့လုပ်ငန်းခွင်အထိ သွားရောက်နိုင်ဖို့အတွက် အိမ်ရှင်တွေခွင့်ပြုတာမျိုးမရှိတဲ့အတွက် အိမ်ဖော်အလုပ်သမား ဘယ်လောက်များများ အခွင့်အရေးချိုးဖောက်ခံနေရတယ်၊ ညှင်းပမ်းနှိပ်စက်ခံနေရတယ်ဆိုတာ သေချာမသိနိုင်တဲ့အတွက် သူတို့ကို ထိထိရောက်ရောက် ကူညီဖို့ခက်ခဲတယ်လို့ MAP ဖောင်ဒေးရှင်းက အိမ်ဖော်အလုပ်သမားအခွင့်အရေးဆိုင်ရာ တာဝန်ခံကဖြစ်သူ ဖိဖင်းက ပြောပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင်မြို့၊ တလေထိုင်းလို့ခေါ်တဲ့ ငါးပုဇွန်ဈေး၊ မြို့တော်ဝန်ခမ်းမမှာ ဒေါ်အောင်ဆန်းကြည်လာရင် အလုပ်သမားတွေ၊ အလုပ်သမားရေးလှုပ်ရှားသူတွေ တွေ့ဖို့ နေရာတွေ ပြင်ဆင်ထားပေမယ့် အလုပ်ပိတ်ချိန်မရှိတာ၊ လက်မှတ်အခက်အခဲတွေကြောင့် အလုပ်သမား ဘယ်လောက်များများ လာရောက်နိုင်မလဲဆိုတာ အတိအကျ မခန့်မှန်းနိုင်သေးဘူးလို့ သိရပါတယ်။
ဘန်ကောက်မြို့က အိမ်ဖော်အလုပ်သမား မခင်နွယ်ကတော့ “ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေဘက်က ရပ်တည်ပေးမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းပြည့်ယုံတယ်။ ဒါပေမဲ့ အခုအစိုးရသစ်ကလည်း တက်လာတာလည်း မကြာသေးဘူးဆိုတော့ ဘာမှလည်း အများကြီးလည်း မတောင်းဆိုချင်ဘူး။ ဒါပေမဲ့ အခုဖြစ်နေတဲ့ အလုပ်သမားလက်မှတ်ကိစ္စကိုပဲ အလုပ်သမားတွေအတွက် အာမခံချက်ရှိအောင်၊ မြန်မာသံရုံးက အလုပ်သမားတွေအပေါ် လာဘ်မစားအောင် သေသေချာချာ ကြပ်မတ်ဖို့ပဲ တောင်းဆိုချင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားမတွေ့နိုင်ပေမယ့် သူ့ရင်ထဲက တောင်းဆိုချင်တဲ့အချက်ကို ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၃ ရက် ဘန်ကောက်ခရီးစဉ်က ထိုင်းနိုင်ငံရောက် အလုပ်သမားတွေအတွက် ဘယ်လောက်အပြောင်းအလဲဆောင်ကျဉ်းနိုင်မလဲဆိုတာ မသေချာပေမယ့် မိသားစုကို ထောက်ပံ့ဖို့အတွက် တိုင်းတပါးမှာ ထောင်နဲ့တူတဲ့ အလုပ်ရှင်အိမ်ထဲမှာ အလုပ်လုပ်ရင်း သူတို့ယုံကြည်မျှော်လင့်တဲ့ ခေါင်းဆောင်ကြီးကို တွေ့ပြီး ပြောချင်တဲ့စကားတွေကို မြိုသိပ်ထားတဲ့ မခင်နွယ်လို အိမ်ဖော်အလုပ်သမလေးတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။
Photo Credit: http://www.dawn.com/news/1140086, http://www.arabianbusiness.com/saudi-arabia-recruit-domestic-workers-from-9-new-countries-513525.html#.V2sIhTUt2Wk
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021