Home ဆောင်းပါး ရခိုင်တွင် မုဒိန်းမှုပပျောက်ရေး ပိုမိုအားထုတ်လာကြသော အမျိုးသမီးအဖွဲ့တွေ

ရခိုင်တွင် မုဒိန်းမှုပပျောက်ရေး ပိုမိုအားထုတ်လာကြသော အမျိုးသမီးအဖွဲ့တွေ

သန့်ရှင်းထွန်း။ ။

ရခိုင်ပြည်နယ်တွင် ယခုနှစ်၌ မုဒိမ်းမှုများပပျောက်ရေး လှုပ်ရှားမှုများကို အမျိုးသမီးအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့ များ၊ တခြားလူမှုအဖွဲ့အစည်းများ၊ ဒေသခံအမျိုးသမီးငယ်များနှင့် အမျိုးသားများပါ ပူးပေါင်းဆောင်ရွက်မှုများလာခဲ့သည်။

မုဒိမ်းမှုပပျောက်ရေးလှုပ်ရှားမှုတွင် လစဉ်အွန်လိုင်းကမ်ပိန်းပြုလုပ်ခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာများကပ်ခြင်း၊ ဆွေးနွေး ပွဲများပြုလုပ်ခြင်းနှင့် မုဒိမ်းမှုဖြစ်ပေါ်ခဲ့ပါက နစ်နာသူများဘက်က တရားရုံးထိလိုက်ပါ ကူညီပေးခြင်းတို့ကိုလည်း အမျိုး သမီးအရေး ကူညီပေးနေသည့်အဖွဲ့များက ဆောင်ရွက်လျက်ရှိသည်။

မုဒိမ်းမှုပပျောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှု အွန်လိုင်းကမ်ပိန်းတစ်ခုကို ရခိုင်ပြည်အခြေစိုက် Woman Generation အဖွဲ့က ဇူလိုင်လ ၁ ရက်ကစတင် ဆောင်ရွက်ခဲ့ပြီး အဆိုပါအဖွဲ့နှင့်အတူ တခြားလူမှု အဖွဲ့အစည်း ရှစ်ဖွဲ့ ခန့်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်လည်း ပူးပေါင်းပါဝင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် မုဒိမ်းမှုဖြစ်ပွားခြင်းသည် တခြားဒေသများတွင် ဖြစ်ပွားခြင်းနှင့်မတူဘဲ အလွန်တရာ အကဲဆတ်သည့် အနေအထားဖြစ်နေသည့်အတွက် မုဒိမ်းမှုများပပျောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုလှုပ်ရှားဆောင် ရွက်လာခြင်း ဖြစ်သည်ဟု လူပ်ရှားနေသည့် အဖွဲ့များကဆိုသည်။

ယခုနှစ်အစောပိုင်း မေလ ၂၂ ရက်ကလည်း ဘူးသီးတောင်မြို့ ၊အမှတ်(၁) ရပ်ကွက်၊ ဂန္ဓာရီကျောင်း တိုက်ပွဲရှောင်စခန်းက ခမီအမျိုးသမီးတစ်ဦးကို မူဆလင်အမျိုးသားတစ်ဦးက မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ပြီး လူမျိုးစုနှစ်ခုကြား ပြသနာဖြစ်မည့် အခြေ အနေတွင် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ထိန်းချုပ်ပေးမှုကြောင့် ပြသနာမှာ ဆက်လက်ကြီးထွားမလာခဲ့ဘဲ ဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လွန်ခဲ့သော(ကိုးနှစ်ကျော်) ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတစ်ခုကြောင့် လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားကာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်း မာရေးထိခိုက်မှု များဖြစ်ပွားခဲ့ရသည့်အတွက် မုဒိမ်းမှုများ လုံးဝပပျောက်ရေး လှုပ်ရှားမှုများမှာ အရေးတကြီး လိုအပ်ချက် တစ်ခု ဖြစ်နေသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များသည် ပဋိပက္ခအမျိုးမျိုးနှင့် ကပ်ရောဂါဆိုးကြားတွင် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားနေရသည်ဟု Woman Generation အဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော်က ပြောသည်။

ထို့ကြောင့် မုဒိမ်းမှုပပျောက်ရေးကမ်ပိန်းများ၊ လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းမှာ အဓမ္မပြုကျင့်ခံရသူများ၊ အမျိုးသမီးများ အရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်နေခြင်းမဟုတ်ဘဲ နေအိမ်တိုင်းရှိ အမျိုးသား၊ အမျိုး သမီး များနှင့် သက်ဆိုင်နေသည်ဟု ဒေါ်ခင်မြင့်ဇော်ကပြောသည်။

“ အဲ့လို အခက်ခဲပေါင်းစုံကို ခါးစည်းခံနေရတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေ ထပ်မဖြစ်ရအောင် ကာကွယ် တားဆီးပေးဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းတွေကို ပိုပြီးဆောင်ရွက်လာတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက်ကပင် ပဋိက္ခများ၊ အလုပ်အကိုင်ရှားပါးခြင်း၊ ဆင်းရဲမွဲတေခြင်း၊ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ရခြင်းနှင့် ယခုနောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းများက အိမ်တွင်း၊ အိမ်ပြင် အကြမ်းဖက်မှုနှင့် မုဒိမ်းမှုဖြစ်ပေါ်လာခြင်း၏ အကြောင်းအရင်းများဖြစ်နေသည်ဟု အမျိုးသမီးအရေးဆောင်ရွက်ပေးနေသူများက ဆိုသည်။

“ လူတွေက စီးပွားရေးအခက်အခဲအကျပ်အတည်းမျိုးစုံကြားထဲက ရုန်းကန်နေရတဲ့ အခြေအနေထဲမှာ ကိုယ့် သားသမီး တွေကို ဂရုမစိုက်နိုင်တဲ့အခြေအနေတွေမှာ အခုလိုဖြစ်တာဖြစ်တယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်စောစံ ငြိမ်းသူက ပြောသည်။

ရခိုင်တွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုအများစုတွင် ကျူးလွန်သူများမှာ ဆွေမျိုး၊ အိမ်ချင်းနီးစပ်သူ၊ ခင်မင်ရင်းနှီးသူတို့က အများစု ကျူးလွန်ခြင်းဖြစ်ကြောင်း ဥပဒေရာရာကုစားရေးအဖွဲ့(မြန်မာ)၏ ရခိုင်ပြည်နယ်တာဝန်ခံ ရှေ့နေဒေါ်မြသူဇာက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ရခိုင်ပြည်နယ် ဂွမြို့နယ်၊ မကျည်းငူကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ မိခင်ဖြစ်သူက အပြင်ထွက်၍ အလုပ်လုပ်နေစဉ် မုဒိမ်းကျင့်ခံခဲ့ရခြင်းဖြစ်သဖြင့် ဆင်းရဲမွဲတေမှုကြောင့် မိဘများက သားသမီးများကို ဂရုမစိုက်နိုင် ဖြစ်နေ သည့်အချက်ကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။

သို့သော်လည်း ရခိုင်ပြည်နယ်အပါအဝင် တခြားဒေသများတွင် ဖြစ်ပွားနေသည့် မုဒိမ်းမှုများမှာ အကြောင်းအရာ အမျိုး မျိုးပေါ်တွင် မူတည်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ချို့က ပြောသည်။

“ မုဒိမ်းမှုတွေက ဆင်းရဲလို့၊ အလုပ်အကိုင်ရှားလို့ဆိုတဲ့ အကြောင်းအရာတစ်ချို့ပေါ်မှာ မူတည်ပြီး ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်းအရာ အမျိုးမျိုးပေါ်မူတည်ပြီးတော့ဖြစ်နေတာ။ ကာမအားကြီးပြီး ပြသနာဖြစ်ချင်နေတဲ့ သူတွေကြောင့် ဖြစ်တာ လို့ပဲမြင်တယ်” ဟု မောင်တောမြို့က မြတ်လေးပန်း အမျိုးသမီးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မုဒိမ်းမှုဖြစ်ပွားခြင်းသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မသက်ဆိုင်ဘဲ လူတစ်ယောက်၏ စာရိတ္တပိုင်းနှင့်သာ သက်ဆိုင်နေသည်ဟု အမျိုးသမီးငယ်တစ်ချို့က ပြောသည်။

မောင်တောမြို့နယ် မူးယစ်ရဲ အထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကလည်း လူငယ်ထုကြားတွင် တစ်နေ့ထက်တစ်နေ့ သက် ရောက်မှုများလာသည့် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှုကလည်း မုဒိမ်းမှုဖြစ်ပွားစေရန် တွန်းအားပေးလျက်ရှိသည်ဟု သူ၏ အမြင်ကို ပြောသည်။

မောင်တောမြို့မိမြို့ဖ ဦးအောင်ကျော်ညွှန့်က “ ရခိုင်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ လွယ်လွယ်နဲ့ ဝယ်လို့ရနေတယ်။ အဲ့ ဆေးတွေသုံးတယ်ဆိုရင်တော့ လူငယ်တွေက မှားတာမှန်တာ မခွဲခြားဘဲ လုပ်တတ်ကြတယ်။ အဲဒါကြောင့် စိတ်ကြွ ရူးသွပ်ဆေးပြား သုံးစွဲမှု၊ ရောင်း ဝယ်ဖောက်ကားမှုကို သေသေချာချာ တားဆီးနိုင်ဖို့လိုတယ်”ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က မုဒိမ်းမှု ၂၀ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လထိမှာ မုဒိမ်းမှု ခြောက်မှုရှိခဲ့ကြောင်း နစ်နာ သူများဘက်က အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရာရာကုစားရေးအဖွဲ့(မြန်မာ)က ထုတ်ပြန်ထားသည်။ အဆို ပါ ခြောက်မှုသည် တိုက်ပွဲရှောင်စခန်းများနှင့် ကျေးလက်ဒေသများတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအရေအတွက်မှာ တရားရုံးသို့ ရောက်ရှိခဲ့သော အမှုများဖြစ်ပြီး တရားရုံးသို့မရောက်ဘဲ ပြေလည်ရာပြေလည် ကြောင်း ဖြေရှင်းထားကြသည့် အမှုများလည်းရှိသည်ဟု အမျိုးသမီးများအရေးဆောင်ရွက်ပေးနေသူများက ပြောသည်။

“ မုဒိမ်းမှုဖြစ်တယ်။ ကျမတို့ကိုလာတိုင်လို့ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးမယ့်အချိန်မှာ ဆွေမျိုးတွေဖြစ်နေတာကြောင့် နောက်ထပ်လူသိရှင်ကြားမဖြစ်ချင်လို့ အချင်းချင်း ညှိနှိုင်းပေးလိုက်ရတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ တရားရုံးသို့လည်းမရောက် လူသိရှင်ကြားလည်း မဖြစ်ခဲ့သောအမှုများ ရှိနေခြင်းမှာ အမျိုးသမီးငယ်များ၏ အရှက် နှင့် သိက္ခာကို ကာကွယ်ချင်သည့်မိဘများက ဥပဒေကြောင်းအရ တိုင်းတန်မှုမရှိခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့က အမျိုး သမီးရှေ့နေတစ်ဦးက ပြောသည်။

“ တောင်ကုတ်မှာ ပြီးခဲ့တဲ့နှစ်ကဆိုရင် အချင်းချင်းကျေအေးလိုက်ရတဲ့ ဖြစ်စဉ် သုံးခုလောက်ရှိခဲ့တယ်။ ဒီနှစ်မှာလည်း တစ်ခုဖြစ်သေးတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းနှင့် တခြားအကြမ်းဖက်မှုဆိုင်ရာ ကိစ္စများကို လျော့ကျ စေရန် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာခြင်းမှာ မုဒိမ်းမှုနှင့် အကြမ်းဖက်မှုကို အထိုက်အလျောက် လျော့ကျစေနိုင်မည်ဟု ယုံကြည်ကြောင်း Woman Generation အဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော် ကပြောသည်။

အလားတူ နစ်နာသူများဘက်က ကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများရှိလာခြင်းက အမျိုးသမီးထုအတွက် အင် အားတစ်ခုဖြစ်လာပြီး ပြစ်မှုကျူးလွန်ရန် ကြံစည်နေသူများမှာလည်း ပြစ်မှုကျူးလွန်ရန် တွန့်ဆုတ်သွားစေမည်ဟု မောင်တော မြို့က အမျိုးသမီးတစ်ဦးက ပြောသည်။

“ အရင်တုန်းက မုဒိမ်းမှုဖြစ်ရင် ရဲစခန်းကိုသွားတိုင်တယ်။ ရဲစခန်းနဲ့ တရားရုံးကဆောင်ရွက်တဲ့အတိုင်းပဲ လိုက်နာရတယ်။ အခုတော့ နစ်နာသူတွေဘက်က ဥပဒေကြောင်းအရ အခမဲ့လိုက်ပေမယ့် အဖွဲ့တွေရှိလာတယ်။ ရဲစခန်းအပြင် အဲဒီ အဖွဲ့တွေကို သွားတိုင်ရမယ်ဆိုတဲ့ အသိတွေရှိလာတယ်။”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများအတွက် ဥပဒေကြောင်းအရ အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရေး ရာကု စားရေးအဖွဲ့၊ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၊ ရခိုင်အမျိုးသမီးရှေ့နေများကွန်ရက်တို့က ဆောင်ရွက်ပေးနေသည်။

ရခိုင်ပြည်နယ်တွင် မုဒိမ်းမှုများပပျောက်ရန်နှင့် ပြစ်မှုကျူးလွန်ခြင်း ပေါ်ပေါက်ခဲ့ပါကလည်း ထိရောက်သော ပြစ်ဒဏ်ချမှတ် ပေးရေးအတွက် အမျိုးသမီးများအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများကလည်း တတ်နိုင်သည့်ဘက်က ယခုထက်ပို မိုအားစိုက်ကူညီပေးရန် လိုအပ်နေသေးသည်ဟု အမျိုးသမီးငယ်များ၊ အဓမ္မပြုကျင့်ခံခဲ့ရသူများနှင့် ယင်းတို့၏မိဘများက သုံးသပ်ကြသည်။

ထိုသို့ မုဒိမ်းမှုများကို ပူးပေါင်းကာကွယ်ခြင်းမလုပ်ပါက လူတိုင်း၏ အိမ်ရှေ့တံခါးဝသို့ မုဒိမ်းကောင်များ အချိန်မရွေး ရောက် လာနိုင်သည်ဟု ဘူးသီးတောင်မြို့ ဂန္ဓာရီကျောင်းတိုက်ပွဲရှောင်စခန်းက အဓမ္မပြုကျင့်ခံရသူအမျိုးသမီး၏ ဖခင်က သတိ ပေးသည်။

Related Articles