ကချင်မလေး။ ။
“အစိုးရပြောင်းပြီ၊ နိုင်ငံရေးလည်းပြောင်းပြီ၊ ဒါပေမယ့် ကျမတို့စစ်ပြေးဒုက္ခသည်တွေက ဘာလို့ မပြောင်းသေးတာလဲ”
“စစ်ပြေးဒုက္ခသည်ဘဝနဲ့ (၅)နှစ်ဆိုတဲ့အချိန်ပြည့်ပြီ၊ (၆)နှစ်ပြည့်တဲ့အထိ ဆက်နေရဦးမလား” တ ရုတ်နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် ဒေါ်ရွယ်ဂျီးက စိုးရိမ်နေကြောင်းကို ဇွန်(၉)ရက်နေ့ ရန်ကုန်၊ Summit Park View ဟိုတည်တွင် ပြုလုပ်သော အခမ်းအနားတွင် ပြောပါသည်။
ဇွန်(၉)ရက်နေ့သည် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် မြန်မာ့တပ်မတော် တို့အကြား စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ (၅)နှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း တရုတ်နယ်စပ်တနေရာက ဇိုင်းအောင်ဒုက္ခသည်စခန်းတွင် လူဦး ရေ(၄၀၀၀)ကျော်ခန့်ရှိပြီး သုံးပုံနှစ်ပုံမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြသည်။ ထိုစစ်ပြေးဒုက္ခ သည်စခန်းသည် တရုတ်ပြည်နှင့် ပိုမိုနီးကပ်ပြီး မြန်မာပြည်ဖက်ခြမ်းမှာ လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲသောနေရာတွင်ရှိသည်။
ကချင်ပြည်နယ်အတွင်း တကျော့ပြန်စစ်ပွဲများ (၅)နှစ်ပြည့်ချိန်တွင် ဒုက္ခသည်များမှာ ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
“လတ်တလောက အစားအသောက်ပြတ်တဲ့ဒုက္ခတွေ ရင်ဆိုင်နေရပါတယ်၊ အရင်က သုံးယောက်စာကို တစ်အိတ်နဲ့ အိတ်တဝက်ရတယ်၊ အခုတော့ တအိတ်တောင် မပြည့်တော့ဘူး၊ အခြားဆီ၊ ပဲတွေလည်း မရတဲ့လတွေရှိတယ်” ဟု ဒေါ်ရွယ်ဂျီးကပြောသည်။
ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ပြေးဒုက္ခသည်အရေး လုပ်နေသော ဒေသခံ အဖွဲ့(၉)ဖွဲ့ ပူးပေါင်းထားသောအလုပ်အဖွဲ့) အတွင်းရေးမှူး ကိုဂွမ်ရှာအောင်က လက်ရှိဒုက္ခ သည်စခန်းများရှိ အကူအညီအထောက်အပံ့များနှင့်ပတ်သက်ပြီး “အရင်ကဆို ဆန်၊ ဆီ၊ ဆား၊ ပဲ အားလုံး ထောက်ပံ့ပေးတယ်။ အခု ၃လ၊ ၄လရှိပြီ။ အစိုးရထိန်းချုပ်ဧရိယာတွေမှာဆိုရင် ဆန်မပေး တော့ဘူး၊ ဆန်အစား ပိုက်ဆံပေးတယ်၊ ပိုက်ဆံလည်း အပြည့်မပေးတော့ဘူး၊ တယောက်ကို တစ်လစာ (၉၀၀၀)ကျပ်ပဲ ပေးတော့တယ်”ဟု ရှင်းပြပါသည်။
ငြိမ်းချမ်းရေးဖော်ဆောင်နေခြင်းကြောင့် အချိန်တွေ ယူနေရသည်ဆိုလျှင်လည်း လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့ရရှိနိုင်မှု အခက်အခဲများ၊ အကန့်အသတ်များ မရှိသင့် ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ ညှိနှိုင်းရေးမှူးဒေါ်မေစံပယ်ဖြူကပြောသည်။
“ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အချိန်ယူရအုံးမယ်၊ ကာလတခုအထိ စောင့်ရဦးမယ်ဆိုတာ မှန်သော်လည်း စစ်ဘေးဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေနဲ့ အခက်အခဲတွေကတော့ ဘယ်လို အ ကြောင်းပြချက်နဲ့မှ ကန့်သတ်ထားတာမျိုး၊ မရရှိတာမျိုး မဖြစ်သင့်ပါဘူး။”
ဆန်ပိုင်ဟု ခေါ်သောရွာကလေးမှ ဇိုင်အောင်ဒုက္ခသည်စခန်းသို့ သုံးညအိပ်ပြီး ခြေလျင်ခရီး ဖြင့်ရောက်လာသော ဒေါ်ရွယ်ဂျီးသည် မမျှော်လင့်ဘဲ ရုတ်တရက်ထပြေးလာရပြီး ယခုလောက်အချိန် ကြာမြင့်စွာ စောင့်နေရမည်ဟု မမျှော်လင့်ခဲ့ပေ။
“၂၀၁၁ ခုနှစ်၊ စစ်ဖြစ်တုန်းကဆိုရင် ကျမတို့ရွာနားမှာပဲ ပုန်းရှောင်နေခဲ့တယ်၊ အိမ်တွေ၊ စပါးကျီတွေ မီး ရှို့ပြီး တပ်တွေက သွားလိုက်ကြတယ်၊ မီးခိုးတွေ ထွက်လာပြီဆိုရင် အခြေအနေသွားပြန်ကြည့်၊ နေလို့ရ ရင် ပြန်နေကြတယ်”
သို့သော် ဒီတကြိမ်တွင် “စစ်သားတွေ ပြန်သွားရင် ရွာပြန်ကြမယ်ဆိုပြီး လုပ်တယ်၊ ဒါပေမယ့် သူတို့က ကျမတို့ရွာမှာ တပ်စခန်းချပြီးနေကြတော့ ပြန်လို့မရတော့ဘူး။ ဒီကိုရောက်ဖို့ တောလမ်း ကနေ သုံးညအိပ်ပြီး ရောက်လာခဲ့တယ်”လို့ပြောပြသည်။
ထိုစခန်းတွင် အလယ်တန်းအထိ ကျောင်းဖွင့်ပေးထားပြီး၊ မူကြိုကလေးများပင် (၁၂၀)ဦးရှိ ကြောင်း ပြောပြသည်။ မိုးရာသီလည်းဖြစ် ကျောင်းဖွင့်ချိန်လည်းဖြစ်သည့်အတွက် “ကျောင်းလည်းပြန် ဖွင့်တော့ ကလေးတွေ ကျောင်းစာအုပ်ဖိုး၊ အဝတ်အစား၊ ထီးတွေလည်းလိုတော့ မိဘတွေက ရှိသမျှ အားလုံးနဲ့ ဝယ်ပေးရတာပေါ့၊ တချို့ကလေးတွေဆို ခြေဗလာနဲ့ပဲ ကျောင်းတက်နေရပါတယ်”လို့ တုန်ရင်နေသည့် အသံဖြင့် ပြောပြပါသည်။
“ပြီးခဲ့တဲ့လက မုန်တိုင်းကျတဲ့အတွက် အိမ်ခေါင်မိုးတွေ၊ ကျောင်းခေါင်မိုးနဲ့ အိမ်သာတွေ အားလုံး ပွင့်လန်ထွက်ကုန်တယ်”လို့ စစ်ပြေးဒုက္ခသည်စခန်းရှိ စာသင်ကျောင်း၏ အခြေအနေကို သူမက ဆက်ပြောပြပါသည်။
ကျန်းမာရေးဆေးပေးခန်း ရှိသော်လည်း အဆောင်တခုသာ ဖြစ်နေကြောင်း “ဆေးခန်းဖွင့် ထားပေးတာတော့ရှိတယ်။ ဒါပေမယ့် ဘာဆေးမှလည်း မရှိဘူး” လို့ပြောပြီး ကလေးများ၊ နို့တိုက် မိခင် များနှင့် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေများ မရှိသ လောက်ဖြစ်လာသည့်အပေါ် ကျန်းမာရေးအရမ်းဆိုးရွားလာကြောင်းကို အခုလို “အချိန်မှီကုလို့ရတဲ့ ကလေးအမေတွေဆိုလည်း မကုနိုင်တဲ့အတွက် သွေးသွန်ပြီးသေဆုံးသွားတယ်”
“တောင်ပေါ်မှာဖြစ်တဲ့အတွက် ချော်လဲပြီး ကလေးပျက်ကျတာတို့၊ ပြီးတဲ့လကပဲ ကိုယ်ဝန်ဆောင်မိခင် တယောက်က ဗိုက်နာပြီး ဆေးခန်းသွားရာ လမ်းမှာတင် ကလေးထွက်ကျပြီး သွေးသွန်ပြီး သေတယ်၊ အဟာရချို့တဲ့ပြီး နေမကောင်းတာတွေလည်း ပိုများလာတယ်”လို့ ပြောပြပါသည်။
“နောက်ပြီး မိန်းကလေးတယောက်က (၇)လနဲ့ကလေးပျက်ကျတာ ရှက်ပြီး သူများရေချိုးခန်းထဲမှာ သွားဝှက်ထားတယ်၊ ဒီလိုကလေးပျက်ကျတာ များလာတာဟာ အဟာရချို့တဲ့တာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာတွေကြောင့်လို့”ပြောပါတယ်။
“စားဖို့သောက်ဖို့မလုံလောက်လို့ တရုတ်ပြည်ကို သွားအလုပ်သွားလုပ်ကြတယ်၊ တချို့အမျိုးသမီးငယ် တွေဆို ရောင်းစားခံရတွေတောင် ရှိလာတယ်”လို့ သူကဆက်ပြောပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးရှိ လူဦးရေ(၃၅၀)ရှိ မိုးယုလေးစစ်ရှောင်စခန်းမှ စခန်းအတွင်းရေးမှူး ဒေါ်အေးစန်းက လတ်တလောကြုံတွေ့နေရသည့် အခြေအနေကို အခုလို ပြော ပြသည်။
“စခန်းထဲမှာ ရိက္ခာတွေဖြတ်၊ အပြင်မှာ အလုပ်ရှာတော့လည်း အဆင်မပြေတော့ စခန်းအတွင်းမှာ လင် မယားချင်းရန်ဖြစ်၊ မိသားစုအတွင်း ရန်ဖြစ်တဲ့အိမ်တွင်းအကြမ်းဖက်မှုတွေလည်း အရမ်းများလာတယ်”
သူမသည်လည်း ၂၀၁၃ ခုနှစ်ကတည်းက ထိုစခန်းသို့ရောက်ရှိနေကြောင်းသိရသည်။ သူမတို့ သည် စစ်ဖြစ်ဖြစ်ချင်း ၂၀၁၁ ခုနှစ်မှာ ချက်ချင်းမပြောင်းဘဲ ခဏတာတိမ်းရှောင်နေပြီး “ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်လယ်မှာပဲ လုပ်ကိုင်စားသောက်ပြီးနေခဲ့တယ်” လို့ ပြောပါသည်။
သူမတို့သည် စစ်ရှောင်စခန်းများမှ အထောက်အပံ့များ လျော့လာသည့်အတွက် ရွာများသို့ နေ့စားလုပ်ငန်းများ လုပ်ကိုင်စားသောက်ရပြီး၊ မူရင်းရွာခံများနှင့် အလုပ်အကိုင်လုပြီး လုပ်ကိုင်ရ သလိုဖြစ်ကြောင်းကို “အခုက WFP ကလည်း (၅)လပိုင်းကနေ အထောက်အပံ့တွေ စလျှော့နေပြီ။ အရင်ကလို မရတော့တဲ့အတွက်ကြောင့် ရွာမှာထွက်ပြီး နေ့စားလုပ်ရတယ်”
အလုပ်ရှင်တွေက (၅)ယောက်ခန့်သာခေါ်သော်လည်း သူမတို့တွေက အလုပ်လိုချင်တော့ (၁၀) ယောက်ခန့်သွားကြပြီး၊ ထိုမျှ လူမလိုကြောင်းပြောသည့်အခါတွင် အားလုံးသည် လုပ်အားခရ လိုခြင်းကြောင့် ပေးသည့်လုပ်အားခအား ခွဲဝေယူမည်ဖြစ်ကြောင်းပြောပြီး အတင်းလုပ်ခဲ့ရသလို “တခါတခါ နေ့စားအလုပ်လုပ်တဲ့ သူတို့ရွာခံတွေနဲ့တိုးတော့ နင်တို့အဲဒီလောက်လူများတာ မခေါ် တော့ဘူး” ဆိုသည့်အဖြစ်မျိုးလည်းကြုံရကြောင်းပြောပြသည်။
ထို့ထက်ဆိုးသည်မှာ ရွာသားများက သူမတို့အပေါ် “နင်တို့က လကုန်ရင် ထောက်ပံ့ငွေတွေ ထုတ်စားရုံပဲ၊ ပေးတာယူ၊ ကျွေးတာစားပြီးနေကြတာ” ဆိုသည့်ပြောဆိုမှုများအပြင် “ခွေးတွေ..ခြေလက် အပြည့်အစုံနဲ့ တောင်းစားနေတဲ့ သူတောင်းစားတွေ..ဆိုပြီးပြောကြတယ်၊ ကျမတို့လည်း ဒီလိုဘဝမျိုး ကို ဘယ်လိုချင်ပါ့မလဲ”
“ခြေမကျိုး လက်မပြတ်ဆိုတာတော့ မှန်ပါရဲ့။ ဒါပေမယ့် ကျည်ဆံက အရပ်သားလား၊ စစ်သားလား မရွေးပဲ ပစ်ကြထိကြလို့ အခုလို ပြေးနေကြရတာ မဟုတ်လား”လို့ ပြောရင်း စီးကျလာသည့် မျက်ရည် ကို ထိန်းမရတော့ဘဲ ရှိုက်ပြီးငိုရသည့်အထိဖြစ်ကာ မေးမြန်းနေသည်ကိုပင် ခေတ္တရပ်ပြီး နှစ်သိမ့်ပေး ခဲ့ရသည်။
သူမအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၊ တာဝန်ရှိသူများအားလုံးကို “တိုင်းပြည်မတည်ငြိမ် သရွေ့ ဖွံ့ဖြိုးမှုဆိုတာ မရှိနိုင်ဘူး၊ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးပါ၊ ဘယ်ဒေသမှာပဲရှိရှိ စစ်ပြေးတိမ်းရှောင်နေရသူတွေကို ဆက်လက်ပြီး ပံ့ပိုးပေးပါ။”လို့ ပြောပါသည်။
နိုင်ငံတကာအကူအညီတွေ၊ ထောက်ပံ့မှုတွေ လျှော့ချမှုရှိသည့်အပေါ် နိုင်ငံတကာအလှူရှင် တွေအနေနဲ့ မည်မျှလျှော့လိုက်ပြီဆိုတာမျိုး မပြောသော်ငြားလည်း “အလှူရှင်တွေက မပြောပါဘူး။ ဒါ ပေမယ့်လျော့လာတယ်ဆိုကတော့ ကမ့်(camp)တွေမှာ လက်ခံရရှိမှုကို အခြေခံပြီးပြောတာပါ” ကို ဂွမ်ရှာအောင်က ဆက်ပြီးရှင်းပြပါသည်။
ပေးငွေ (၉၀၀၀) ကျပ်သည် တလလုံး၏ အသုံးစရိတ်ဖြစ်သည်။ ယခင်က အထွေထွေသုံး အတွက် ငွေသား (၇၀၀၀)ကျပ်ပေးနိုင်သော်လည်း ထိုငွေကြေးမထောက်ပံ့နိုင်ခဲ့သည်မှာ (၂) နှစ်ခန့် ပင် ရှိနေပြီ ဖြစ်ကြောင်း သူကဆက်ပြောပါသည်။
စစ်ပြေးဒုက္ခသည်များအား ကူညီခြင်းသည် လက်နက်ကိုင်အဖွဲ့များအား အားပေးအားမြှောက် ဖြစ်စေသည့် အမြင်များရှိနေခြင်းကို “စစ်ဘေးဒုက္ခသည်တွေကို ကူညီတာဟာ ပဋိပက္ခတွေကို အားပေး အားမြှောက်ပြုရာကျတယ်လို့ မထင်ပါဘူး၊ စစ်ဘေးဒုက္ခသည်တွေ ရသင့်ရထိုက်တဲ့ အကူအညီ အထောက်အပံ့တွေကို မပေးဘဲ ဖြတ်တောက်ခြင်းကသာ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ကို ဖိအားပေးပြီး အတင်းလက်နက်စွန့်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲတွေမှာ တဖက်စောင်းနင်းကျတဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးဖို့ ဖိအားပေးရာကျတယ်လို့ မြင်တယ်”လို့ ဒေါ်မေစပယ်ဖြူက ပြောပါသည်။
လက်ရှိအစိုးရအနေဖြင့် စစ်ပြေးဒုက္ခသည်များအား ကူညီထောက်ပံ့ဖို့ကိစ္စကို တိတိကျကျ ချမှတ်ပြီးမှ အကောင်အထည်ဖော်မည့်အစီအစဉ်များ ဘာမှမသိရသေးကြောင်း ကိုကိုဂျော်ဂွမ်းက ပြောပါသည်။
ထိုးစစ်ဆင်မှုများ ရှိနေသည့်အတွက်ကြောင့် ဒုက္ခသည်များ ပိုပိုပြီးတိုးလာကြောင်းကို“ ဒီလတ် တလော ရှမ်းမြောက်ဘက်မှာဆို ထောင်ဂဏန်းပြန်ပြီး တိုးလာခဲ့တယ်၊ အများကြီးတိုးလာတယ်”လို့ ကိုဂွမ်ရှာအောင်က ပြောပါသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ကတော့ အဓိကတောင်းဆိုချက် (၃)ချက်ဖြင့် တောင်းဆို လိုကြောင်း၊ အဆိုပါ(၃)ချက်မှာ မြန်မာ့တပ်မတော်ဘက်က တိုင်းရင်းသားဒေသတွေကို သွားရာက်ပြီး တော့ ထိုးစစ်ဆင်နေမှုကို ချက်ချင်းရပ်တန့်ပေးရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ တွေကို ပေးနေသည့်နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအား အတားအဆီး၊ အကန့် အသတ်မရှိဘဲ အကူအညီ၊ အထောက်အပံ့တွေကို ကူညီထောက်ပံ့နိုင်ခွင့်ပေးရန်နှင့် ဒုက္ခသည်များ၏ အသံ၊ သဘောထားများကိုလည်း အခုလက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထင်ဟပ်စေရေး၊ ထည့် သွင်းစဉ်းစားပေးရန် အဓိကတောင်းဆိုတင်ပြသွားမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းကွန်ရက်အဖွဲ့မှ ဒေါ်မေစံပယ်ဖြူကပြောပါသည်။
ဇွန်လ(၉)ရက် တကျော့ပြန် ကချင်စစ်ပွဲ(၅)နှစ်ပြည့်အထိမ်းအမှတ်ကို ကချင်ပြည်နယ် မနော ကွင်းတွင် စစ်ပြေးဒုက္ခသည်များနှင့် ကချင်ပြည်သူ (၁၀၀၀၀)ခန့်က အခမ်းအနားကျင်းပပြီး၊ အခြား ဗန်းမော်၊ ရှမ်းမြောက်နှင့် တရုတ်နယ်စပ်အသီးသီးရှိ စစ်ရှောင်စခန်းများတွင် တပြိုင်နက်ပြုလုပ်ခဲ့ကြ သည်။
ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်း ပူးပေါင်းလုပ်ငန်းအဖွဲ့မှ ကိုဂွမ်ရှာအောင်က လက်ရှိစာရင်းရှိအရ စခန်း(၁၆၀)တွင် ဒုက္ခသည်ဦးရေပေါင်း(၁၂၀၀၀၀)ရှိပြီး ထပ်မံတိုးလာသည့်အပေါ် ခန့်မှန်းခြေ လူဦး ရေ (၁၃၀၀၀၀) ကျော်ခန့်ရှိနိုင်သည်ဟု ပြောပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021