Home ဆောင်းပါး ဗုံးခိုကျင်းမှ လွှတ်တော်သို့

ဗုံးခိုကျင်းမှ လွှတ်တော်သို့

resizeforupload

ကချင်မလေး

 

“လက်နက်ကိုင်ပဋိပက္ခအကြားမှာလည်း ပြေးရ၊ လွှားခဲ့ရတယ်၊ ဗုံခိုကျင်းတွေထဲမှာလည်း နေခဲ့ရတယ်။”

ယခုလို့ ပြောခဲ့သူကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် ကရင်အမျိုးသမီး နော်လှလှစိုး ဖြစ် သည်။

နော်လှလှစိုးကို ၁၉၆၅ခုနှစ်၊ သြဂုတ် ၁၈) ရက်နေ့တွင် ဝန်ထမ်း မိဘနှစ်ပါး ဖြစ်ကြသော စောကျော်စိုးနှင့် နော်ဂျူးတို့မှ မွေးဖွားခဲ့သည်။ မောင်နှမ သုံးယောက်ရှိရာ အကြီးဆုံးဖြစ်သည်။ ဖခင်စောကျော်စိုးသည် ကျန်းမာရေးလုပ်သား ဆေးမှူးဖြစ်ပြီး မိခင်မှာ ကျောင်းဆရာမဖြစ်သဖြင့် တာဝန် ကျရာအရပ် မြန်မာနိုင်ငံနေရာအနှံ့တွင် နေထိုင်ကြီးပြင်းလာခဲ့ရသူလည်း ဖြစ်ပါသည်။

နိုင်ငံရေးသမား ဘ၀ မတိုင်ခင်မှာ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ခဲ့သည့် နော်လှလှစိုးဟာ ဖခင်လွှမ်းမိုးမှု ကြီးတဲ့ အသိုင်းအဝိုင်း မှာ ကြီးပြင်းခဲ့သည်ဟု ပြောပါသည်။

“ဖခင်တွေရဲ့ ကြီးစိုးမှုက အရမ်းကြီးတယ်”

“ မိခင်ဆိုလို့ရှိရင် ဘယ်လောက်တော်တော်တတ်တတ် စီမံခန့်ခွဲပိုင်ခွင့်မရှိဘူး”

ယခုလို မြင်တွေ့ခဲ့ရခြင်းကြောင့် အမျိုးသမီးတွေကို အလေးထားတဲ့ အသိုင်းအဝိုင်း ဖြစ်လာစေလိုစိတ်တွေ ဖြစ်ပေါ်ခဲ့ခြင်းဟုလည်း ပြောပါသည်။

“ငါကြီးလာရင်တော့ ဒီလိုမဖြစ်ချင်ဘူးပေါ့၊ အမေနဲ့ အဖေက တန်းတူဖြစ်ရမယ်၊ ဆုံးဖြတ်ချတဲ့နေရာ၊ စီမံခန့်ခွဲတဲ့နေရာမှဆိုလည်း ကိုယ့်အသံက ပါရမယ်ဆိုတဲ့ အတွေးတွေ ရှိခဲ့တယ်”

သူမတွင် သမီးတဦးရှိသည်။ ခင်ပွန်းမှာ ပရိုဖက်ဆာတစ်ယောက်ဖြစ်သည်။ ယခုတွင်လည်း ဒေါက်တာ ထိတန်ဗျာ အမည်ရှိ ကျောင်းတွင် ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်းပြောပြသည်။ ယခုလို နိုင်ငံရေးတွင် လှုပ်ရှားဆောင်ရွက်ရခြင်းမှာ ခင်ပွန်းသည်၏ အကူအညီ အများကြီး ရရှိခြင်းကြောင့်ဟု “ အမျိုးသားက အရမ်းနားလည်မှုတွေပေးတယ်၊ သူ့ကြောင့်လည်းပဲ အန်တီဒါမျိုးတွေ လုပ်နိုင်တာ၊ ကိုယ့်လုပ်ငန်းကိုလည်း အားပေးတယ်၊ ကူညီတယ်၊ ရွေးကောက်ပွဲ ဝင်နိုင်ဖို့လည်း နောက်ကနေ မားမားမတ်မတ်ရပ်ပေးတယ်” ဟု ပြောပြခဲ့သည်။

နော်လှလှစိုးသည် ၈၈ကျောင်းသားလှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သူဖြစ်ပြီး ထိုကတည်းကပင် “အဲဒီကတည်းက ဒီမိုကရေစီကို အရမ်းလိုချင်ခဲ့ တယ်”၊ ထိုလှုပ်ရှားမှုတွင် သူမသူငယ်ချင်းများတချို့က နယ်စပ်သို့ရောက်သွားပြီး၊ တချို့မှာမူ အသက်ပင်ဆုံးရုံးခဲ့ရကာ တချို့မှာ ပျောက်သွားခဲ့ သည်ဟု ပြောပါသည်။

သူကိုယ်တိုင်လည်း ရွာငယ်လေးတခုမှာ သွားရောက်ပုန်းရှောင်နေခဲ့ရသည်ဟု အိမ်ထောင့် တနေရာသို့ ငေးကာ အဖြစ်ဆိုးကြီး ကို မြင်ယောင်နေပုံမှာ မျက်လုံးအိမ်တွင် မျက်ရည်အပြည့် လွမ်းဆွတ် တုန်ရင်နေသည့် အသံဖြင့် ပြန်ပြောင်းပြောပြပါသည်။

ထိုလှုပ်ရှားမှုကြီးမှာ ပါဝင်ကြသည့် သူမတို့ကျောင်းသားများအကြားတွင် စည်းလုံးမှုအားအလွန်ကောင်းပြီး လူထုအတွက်သာ ရှေးရှုပြီး လုပ်ဆောင်ခဲ့ကြကြောင်း၊ မည်သည့် လူမျိုးစွဲ၊ ဘာသာစွဲများ မရှိကြောင်းကိုလည်း ပြောပြသည်။

ထိုအချိန်ကတည်းကပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ကျွမ်းဝင်လာခဲ့ပုံ၊ ဝန်းရံရင်း NLDရဲ့ ပညာရေးကွန်ယက်အဖွဲ့များတွင် ဆက်တိုက်ပါဝင်ခဲ့ရာမှ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက် ယဉ်ပြိုင်ခဲ့ကြောင်းလည်းပြောပြသည်။

နော်လှလှစိုးသည် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်(၁၀) အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက် ယဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သော အမျိုးသားလွှတ်တော် အမတ်တဦးဖြစ်နေပြီဖြစ်သည်။

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ်မှ နိုင်ငံရေးထဲဝင်ရောက်နိုင်ရန် ပြင်ဆင်မှုများစွာလို အပ်ပြီး မိသားစု၏ ပံ့ပိုးမှု၊ တစ်စုံတစ်ရာ ငွေကြေးစုဆောင်းထားမှုများ လိုအပ်သည်ဟု လည်း နော်လှလှစိုးက ပြောပါ သည်။

သူမအနေနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဖြစ်ထားသဖြင့်လည်း ရွေးကောက်ပွဲကာလတွင် အမျိုးသမီးအဖွဲ့များ၏ အကူအညီ များစွာရရှိခြင်းသည် မဲဆွယ်ကာလအတွင်း အထောက်အကူ ဖြစ်ကြောင်းကို “အခက်အခဲတွေတော့ အများကြီးပဲ။ ဒါပေမယ့် အန်တီ့ (background) က အရပ်ဖက်လူမှုအဖွဲ့အစည်း (CSOs) ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးအဖွဲ့တွေလည်း အများကြီးကူ ညီတယ်၊ မိသားစုကလည်း အားပေးတယ်၊ နားလည်ပေးတယ်၊ အဲတာတွေကြောင့်လည်း အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်” ဟု ပြောပါသည်။

ယခင်က အမျိုးသမီးတက်ကြွလှုပ်ရှားသူတဦးအနေဖြင့် မျိုးစောင့်ဥပဒေကို ဆန့်ကျင်၊ ကန့်ကွက်သည့် လှုပ်ရှားမှုများ မျိုးသမီးအဖွဲ့အများနှင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် မဲဆွယ်စည်းရုံးချိန် လူသိပိုများခဲ့သော်လည်း ခြိမ်းခြောက်မှုများရှိကြောင်းကို “ဒီအင်းစိန်က မဘသ တွေ ကြီးစိုးတဲ့ နယ်မြေလေ၊ သူတို့ လိုက်နှောက်ယှက်လို့ ကမ်ပိန်းဖျက်လိုက်ရတာ ၂ကြိမ်၊ ၃ကြိမ်ပါပဲ”

ဆက်ပြီး “ မင်္ဂလာဒုံမြို့နယ်က မဲဆွယ်စည်းရုံးရေးကမ်ပိန်းကအပြန် အန်တီတို့ကမ်ပိန်းအဖွဲ့က စေတနာ့ဝန်ထမ်းတယောက်ကို ဓါးနဲ့ ထိုးတဲ့ အမှုဖြစ်ခဲ့တယ်၊ ဘယ်သူမှန်းလဲသိတယ်။ တိုင်ခဲ့တယ်။ ဒါပေမယ့် မဖမ်းဘူး၊ ကိုယ်ကမ်ပိန်းလုပ်တဲ့အချိန် ဆိုင်ကယ်နဲ့ လျှောက် လိုက်နေတယ်၊ နောက်ပိုင်း ရှေ့နေတွေနဲ့ တိုင်ပင်ပြီးလုပ်တော့ ဖမ်းတော့ဖမ်းလိုက်တယ်။ ထောင်တော့မကျသေးဘူး၊ အခုထိ အမှုက တန်းလန်းနဲ့ဖြစ်နေသေးတယ်” ဟု ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံအား ပြောပြပါသည်။

သူမငယ်စဉ်ကတည်းက နေထိုင်သည့် အင်းစိန်မြို့နယ်သည် ယခင်ကလုံခြုံမှုရှိပြီး တည်ငြိမ်ချမ်းစွာနေထိုင်ခဲ့ သော်လည်း သူမရွေးကောက်ပွဲ ဝင်သည့် အချိန်မှာတော့ အနှောက်အယှက်တွေ ကြုံခဲ့ရသည်ဟု ပြောပြပါသည်။

“အန်တီတို့ရုံးကို ကျောက်ခဲတွေနဲ့လာပေါက်တယ်၊ ပြတင်းပေါက်မှန်တွေကွဲသွားတယ်၊ အန်တီအိမ်ရှေ့က သံပန်းတံခါးကိုတောင် လာဖျက်သွားတယ်၊ သဘောကတော့ နင်တို့ကို အချိန်မရွေး ဒုက္ခပေးလို့ရတယ်ဆိုတဲ့ မက်ဆေ့လာပေးတာပေါ့”

ဆရာမနော်လှလှစိုးသည် ရန်ကုန်ဝိဇ္ဇာ-သိပ္ပံက္ကသိုလ်မှ ၁၉၉၂ ခုနှစ်တွင် မဟာသိပ္ပံ ဘွဲ့ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ၊ ပင်စီဗင်းနီးယား အရှေ့ပိုင်းတက္ကသိုလ်တွင် အဆင့်မြင့်ပညာကို ဆက်လက်ဆည်းပူးခဲ့ပြီး စီပွားရေးစီမံခန့်ခွဲမှု ပညာဖြင့် မဟာဝိဇ္ဖာဘွဲ့ရရှိခဲ့သည်။

ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် စီစဉ်ညွှန်ကြားရေးမှူး ၊အမျိုးသမီးငြိမ်းချမ်းရေး ရှေ့ဆောင်ကွန်ရက်တွင် ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ရက်တွင် သဘာပတိ (၂၀၁၂-၂၀၁၃)၊ ကန်ပေါက် လူမှုစီးပွားရေးအဖွဲ့တွင် စီမံကိန်းမန်နေဂျာ(၂၀၀၇-၂၀၀၉)၊ World Vision Myanmar (၁၉၉၅-၂၀၀၆) တို့တွင်လည်း လုပ်ကိုင်ခဲ့သည်။

လက်ရှိ အမျိုးသမီးရေး ကြိုးပမ်းလုပ်ဆောင်ချက်များ ဘယ်လောက်အတိုင်းအတာထိ ရောက်ရှိနေပြီဆို သည့်အပေါ် သူမ၏အမြင်နှင့် ဆက်လက်ပြီး ဖြစ်မြောက်အောင် လုပ်ဆောင်လိုကြောင်းကိုလည်းပြောပြ ခဲ့သည်။

လွန်ခဲ့သည့်နှစ်များမှ စတင်ပြီး လွတ်တော်သို့ အမျိုးသမီးအဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို တင်သွင်းခဲ့ရာ ၂နှစ်ခန့်ပင် ကြာခဲ့သော်လည်း လွတ်တော်အတွင် ဆွေးနွေးနိုင်မှုအဆင့်ထိကို မရောက်နိုင်သေးသည့် အကြောင်းကို လည်း ပြောပြသည်။

“ဒီမူကြမ်းကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့တွေ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တွေက အစပါဝင်ကြတယ်။ တင်သွင်း လိုက်ပြီး နောက်ပိုင်းမှာလည်း သူတို့ကနေပြီး ပြန်ချပေးလိုက်၊ ကိုယ်တွေကလည်း ပြင်ဆင်လိုက်နဲ့ ပြင်ဆင်မှုတွေ အကြိမ်ကြိမ်ရှိတယ်၊ ဒီလိုနဲ့တင်လိုက်ချလိုက်နဲ့ပဲ လွတ်တော်မှာ ဆွေးနွေးတဲ့ အထိအဆင့်ကို မရောက်သေးဘူး” ဟု ပြောပါသည်။

“ဒီမူကြမ်းဟာ အင်မတန်ကောင်းမွန်ပြီး၊ ပညာရှင်များရဲ့ အကြံပေးချက်တွေလည်းပါတယ်၊ တကယ်ပဲ အမျိုးသမီးတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေလည်းဖြစ်တယ်၊ အရမ်းလည်း အကွက်စိတဲ့ ဥပဒေဖြစ်တဲ့အတွက် ဆက်လက်ပြီးလွတ်တော်မှာ တင်ပြသွားမှာပါ” ဟု ပြောပါသည်။

အမျိုးသမီးများ နိုင်ငံရေးနှင့် လွှတ်တော်တွင် ပါဝင်လာမှုသည် အရင်နှစ်တွေထက် သိသိသာသာ များလာတဲ့အတွက် အားရမိသည် ဟု နော်လှလှစိုးက ပြောပါသည်။ “အရင်ကထက်စာရင် လွတ်တော်မှာ အမျိုးသမီးတွေ ပိုများလာတယ်၊ အရင်က ၄.၅% လောက်ပဲရှိတယ်၊ အခုဆိုရင်တော့ ၃၀% ပါဝင်တယ်။ ၃ ဆ ကျော်ကျော်လောက် တိုးလာတယ်၊ အစိုးမဖွဲ့ရသေးဘူးဆိုတော့ ဘယ်လောက်ပါမလဲ မသိသေးဘူး” ဟု ပြောပြသည်။

“အမျိုးသမီးအသံတွေ ပိုပြီးထင်ဟပ်လာမယ်လို့ မျှော်လင့်တယ်၊ ပိုပြီးလည်း ကြိုးစားရမယ်၊ အမျိုးသားလွတ်တော်တွေထက်ကို ၂ ဆ၊ ၃ ဆ ပိုကြိုးစားရအုံးမယ်”

“ဘာလို့လဲဆိုတော့ လိင်ပေါ် အခြေခံ(Gender discrimination)ပြီး ခွဲခြားဆက်ဆံတဲ့အမြင်တွေက ရှိနေဆဲဆိုတော့ ၊ အမျိုးသမီး တယောက်ဟာ ဘယ်လောက်ပဲတော်တော်၊ ကိုယ်က အမျိုးသမီးဖြစ်နေလို့၊ အမျိုးသားမဖြစ်လို့ နေရာမရတာလဲ အများကြီးရှိနေတယ်” ဟု ပြောပါသည်။

အမျိုးသမီးတက်ကြွလှုပ်ရှားသူ တယောက်လည်းဖြစ်သည့်အတွက် ပွင့်ပွင့်လင်းလင်းပြောခြင်း၊ မဟုတ်မခံချင် စိတ်၊ မတရားခံရ တဲ့ ပြည်သူတွေဘက်က အမြဲတမ်းရပ်တည်ပေးခဲ့တတ်သည့် သူမဗီဇကြောင့် လူကြီးများ၏ ငြိုငြင်မှုတွေ ခံရလေ့ရှိကြောင်း ပြောပြသည်။

ယခုတွင် အမျိုးသား လွှတ်တော်အမတ်တဦး ဖြစ်လာသည့်အတွက် အရင်လို လွတ်လွတ်လပ်လပ် မပြော နိုင်ပဲ ပါတီ မူဝါ ဒတွေကို ဂရုစိုက်ရ သည်ဟု နော်လှလှစိုးက ပြောပါသည်။

“အခုဆို လွတ်တော်အမတ်ဖြစ်ပြီဆိုတော့ အရင်တုန်းကလောက်တော့ ပြောပြောဆိုဆို လုပ်လို့ ရချင်မှ ရတော့မယ်၊ ကိုယ့်ပါတီရဲ့ ပေါ်လစီ ရှိမယ်၊ လွတ်တော်အမတ်ဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းပြော ရမှာတွေရှိတယ်၊ သို့သော်လည်း ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့ အလျောက် အကျိုးဖြစ်ထွန်းမယ်လို့ အန်တီထင်တယ်” ဟု သိရသည်။

လွှတ်တော် ကိုယ်စားလှယ်ဘဝမှာ ယခင် တက်ကြွလှုပ်ရှားသူဘဝထက်တော့ လုံခြုံမှု ပိုရှိလာသည်ဟု ခံစား ရကြောင်းလည်း ပြောပါသည်။

သူ့အနေနဲ့ အရင်ကထက်ပိုပြီး စာတွေဖတ်ရပြီး၊ ပိုပြီး ကျယ်ပြန့်တဲ့ အမြင်တွေထားရှိကြောင်းကို “အရင်တုန်းကတော့ အမျိုးသမီးအရေး၊ တိုင်းရင်းသားအရေးကို ပိုပြီး အထူးပြုပြောဆို လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အခုကျတော့ နိုင်ငံရေးသမားဖြစ်လာပြီဆိုတော့ ဒီထက်မက ပိုပြီး အမြင်ကျယ်ဖို့ စာတွေ ပိုဖတ်ရမယ်၊ တနေ့တနေ့ စာအုပ် ၂ အုပ်၊ ၃အုပ်လောက်ကို ဖတ်နေရတယ်” ဟု ပြောပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးခေါင်းဆောင်များ ပါဝင်လာနိုင်သည့်အပေါ် သူမအနေဖြင့် ဝမ်းသာမိသော်လည်း ဆုံးဖြတ်ချက်ချ သည့် နေရာမှာ မရှိသေးသည့်အပေါ် “ ဆရာမတွေ အများကြီး ပါဝင်လာတာတွေ့တယ်။ သူတို့ တကယ့်အတွေ့အကြုံရှိတယ်။ ကြိုက်တယ်၊ ဝမ်းသာတယ်၊ အရမ်းကောင်းတယ် သို့သော်လည်း စိတ်မကောင်းစရာတခုက သူတို့တွေ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ မရှိဘူး၊ supporting role မှာပဲရှိတော့ သူတို့ တိုက်ရိုက်ပြောခွင့်မရှိဘူး၊ သူတို့ပြောချင်တဲ့ အရာကို သွယ်ဝိုက်ပြီးတော့ပဲ တယောက် ယောက်ကပဲ ကိုယ်စားပြောပေးလို့ရတယ်”

“ဒီံံ့ထက်မက သူတို့ကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပိုပြီးတော့ ရှိစေချင်တယ်၊ ရှိရင်လည်း ပိုကောင်းတယ်” ဟု အမြင်ကိုပြောပြသည်။

ဆက်လက်ပြီး Nationwide cease-fire အပေါ် လည်း ယခုလို “ လက်မှတ်ထိုးတဲ့လူနဲ့ မထိုးတဲ့လူနဲ့ ကြားထဲ အချင်းချင်းမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်စေတယ်၊ အခုဆိုရင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS) အကြား နယ်မြေကိစ္စတွေဖြစ်လာပြီ၊ အဲလိုဖြစ်တဲ့အပေါ် စိုးရိမ်တယ်။ အဲဒါကြောင့် အားလုံးပါဝင်ရေး (Inclusive)ပေါ့၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် ဘာမှ အရှုံးတွေ၊ အမြတ်တွေထက် ပြည်သူလူထုရဲ့ မျက်နှာကို မူပြီးတော့ပဲ လုပ်ရမယ်လို့ ယုံကြည်တယ်၊ မိသားစု သဘောနဲ့သာ ဖြေရှင်းရမယ်၊ ပင်လုံစိတ်ဓါတ်နဲ့ လုပ်ဆောင်မှသာ ငြိမ်းရေးကိုရရှိမှာ ဖြစ်တယ်” ဟု ပြောသည်။

သူမသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်နိင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ကိုယ်တိုင်ချီးမြှင့်သော လူမှုထူးချွန်ဆုကိုလည်း ရရှိခဲ့သည်။ ဆုရရှိသည့် အကြောင်းမှာ “နာဂစ်တုန်းက ရောင်းစားခံရတဲ့အမျိုးသမီးတွေကို ကယ်တယ်၊ ပြန်လည် နေရာချထားဖို့ စီစဉ်ပေး တယ်။ အဲတုန်းက profile လေးကိုတင်ထားတော့ ကြာနေပြီး မေ့တောင်မေ့နေခဲ့တယ်၊ ၂၀၁၃မှာ မှ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆုကို ရရှိခဲ့တယ်”။

ဆက်လက်ပြီး သူမ မျိုးဆက်သစ်အမျိုးသမီးများကို “ မျိုးဆက်သစ်အမျိုးသမီးတွေကို ပြောချင်တာက စကားပြောရာတွင်လည်းကောင်း၊ အလုပ်လုပ်ရာတွင်လည်းကောင်း ရိုးသားမှုဖြင့် အလုပ်လုပ်ဖို့ ပြောချင်ပါ တယ်၊ ချစားမှု၊ လာဒ်စားမှု (ကိုယ်တခုခုရဖို့အတွက် မရိုးမသား တခုခုပေးဆပ်လိုက်တာ မျိုးတွေ)ဘယ်တော့မှ မလုပ်ဖို့ အရမ်းအရေးကြီးပါတယ်” ဟု ပြောပါသည်။

“လုပ်ပါ တက်ကြွလှုပ်ရှားသူအဖြစ်လည်း၊ တက်ကြွလှုပ်ရှားသူတွေကလည်း ကောင်းတယ်၊ တကယ်ကို တန်ဖိုးရှိတယ် သို့သော်လည်း ပညာရှင်ဆန်ဖို့တော့လိုတယ်၊ ကိုယ်ပြောတဲ့အချက်တွေက နိုင်ငံတကာအဆင့်မှီ၊ ကိန်းဂဏန်းတွေ၊ ဥပဒေတွေနဲ့ တိတိကျကျ ပြောနိုင်ဖို့လိုတယ်၊ ပိုအားကောင်းတယ်”

“ထစ်ခနဲ့ထိလို့ရှိရင် ပက်ကနဲ ပြန်ပြောတာထက်၊ စည်းရုံးလှုံ့ဆော်ရေး (advocacy)ဆန်ဆန် ပြောလို့ရှိရင် တော့ ပိုပြီးထိရောက် တယ်၊ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ လွတ်တော်ထဲမှာပဲဖြစ်ဖြစ် ၂ခုလုံးကို အားပေးတယ်” ဟု ပြောပါသည်။

နိုင်ငံရေးကို လိုက်တော့မည်ဆိုလျှင် “ အူမတောင့်မှ သီလစောင့်မည်” ဆိုသည့် စကားပုံအရ ပညာ၊ ဗဟုသုတ တွေလည်း ဖြည့်ထားပြီးမှသာ သူတပါးကို ထပ်ဆင့်ဝေငှနိုင်မည်ဖြစ်ကြောင်း၊ ဥစ္စာပစ္စည်းများလည်း တောင့်တင်းနိုင်အောင်လုပ်ထားရန်လိုကြောင်းကို “ဥစ္စာ ပစ္စည်းတွေ တောင့်တင်းအောင်လည်း ဖြည့်ထားပါ၊ ဒါမှ မရှိတဲ့သူတွေကို ဝေငှနိုင်မယ်၊ ကိုယ်နဲ့ပတ်သက်တဲ့ အဖွဲ့ကိုလည်း ငွေကြေး အားဖြင့်သော်လည်းကောင်း၊ ပညာအားဖြင့်လည်းကောင်း၊ အချိန်အားဖြင့်လည်းကူညီနိုင်မယ်၊ ပေးနိုင်မှာ ဖြစ်တယ်”

“ဆင်းရဲလို့ရှိရင် နိုင်ငံရေးမလုပ်နဲ့ လို့ပြောချင်တာမဟုတ်ပါဘူး၊ ကိုယ်က စားနိုင်၊ သောက်နိုင် ၊ ဗိုက်ပြည့်မှသာ ဗိုက်ဆာလျှက်နဲ့တော့ မဖြစ်ဘူးပေါ့၊ အန်တီကိုယ်တွေ့အရ တကယ်တမ်းပြောထားတာတော့ သိန်း၁၀၀လို့ ပြောပေမယ့် အဲဒီထက်မက ကုန်ခဲ့ တယ်၊ နောက် ရွေးကောက်ပွဲဝင်မည့် မျိုးဆက်သစ်တွေ အနေနဲ့ ကိုယ့်ကိုပံ့ပိုးနိုင်မည့်သူတွေကို မိတ်ဖွဲ့ထားရမယ်၊ ပိုက်ဆံမရှိပဲ နဲ့တော့ လုပ်လို့မရဘူး၊ အနည်းဆုံး သိန်း ၁၀၀ အထက်လောက်တော့ ကိုယ့်မှာရှိသင့်တယ်”

“အချို့အန်တီ့ မိတ်ဆွေတွေက အကြွေးနဲ့ရွေးကောက်ပွဲဝင်တယ်၊ ကဲနိုင်ရင် ထားလိုက်ပါတော့၊ ရှုံးလို့ရှိရင် ဒီအကြွေးကြီးက ကျန်ခဲ့ပြန်ရော၊ ငွေကြေးအားဖြင့် သူတပါးပေါ်မရပ်တည်ဖို့၊ ပိုက်ဆံကြောင့် သူတပါးအဝယ်မခံဖို့လိုတယ်”

“ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားစေချင်တယ်” ဟု သူမအတွေ့အကြုံအရ နောက်မျိုးဆက်သစ် အမျိုးသမီးတွေ ငွေကြေး၊ ပညာ၊ ဉာဏ်၊ ဗဟုသုတ၊ ကွန်ယက်တွေဖွဲ့ပြီး သေချာပြင်ဆင်ထား သင့်ကြောင်းပြောပါသည်။

Related Articles