Home ဆောင်းပါး စစ်ပွဲတွေရဲ့ ဓားစာခံဖြစ်ရတဲ့အမျိုးသမီးတွေ

စစ်ပွဲတွေရဲ့ ဓားစာခံဖြစ်ရတဲ့အမျိုးသမီးတွေ

ရှင်ငြိမ်း။ ။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ရာနဲ့ချီတဲ့အမျိုးသမီးတွေ သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

NUG ရဲ့အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ အဆိုအရ အာဏာသိမ်းပြီးတဲ့နောက် တစ်နှစ်နဲ့တစ်လကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသမီး ၁၅၀ ခန့်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာပါဝင်တာကြောင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေရှိသလို စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအကြား မြေစာပင်ဖြစ်ပြီး သေဆုံးသွားရသူတွေလည်း ရှိကြပါတယ်။

တုန်လှုပ်ခြောက်ခြားစရာ၊ သွေးပျက်ထိတ်လန့်စရာ အဖြစ်ဆိုးတွေအကြား အမျိုးသမီးတွေ သေဆုံးသွားရတဲ့ လတ်တလောအဖြစ်အပျက်တစ်ခုကတော့ မတ်လ ၅ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာက အမျိုးသမီးနဲ့သူ့ကလေးငယ် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ဘဲဖြစ်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာလေးဟာ အာဏာသိမ်းပြီးတဲ့နောက် တစ်နှစ်ကျော်ကာလအတွင်း အပြောင်းအလဲများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အင်းငယ်ဒေါင့်ရွာသား ဦးတင်ထွန်းတို့မိသားစုဟာ စိုက်ပျိုးရေး၊ မွေးမြူရေးတို့နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရင်း အင်းငယ်ဒေါင့်ရွာလေးမှာ အေးအေးလူလူ နေထိုင်ခဲ့ကြပါတယ်။ သာယာအေးချမ်းကြတဲ့ တောရွာလေးက မိသားစုဘဝဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ အဖြစ်ဆိုးနဲ့ကြုံရဖို့ အကြောင်းဖန်လာပါတယ်။

ဦးတင်ထွန်းမှာ သမီးသုံးယောက်ရှိတဲ့အထဲမှာ ရှစ်နှစ်အရွယ်သမီးအလတ်တစ်ယောက်သာ သူ့အနားကျန်ခဲ့ပြီး ဇနီးသည်နဲ့ အငယ်ဆုံးသမီးလေးက အသတ်ခံလိုက်ရသလို ၁၂ အရွယ်သမီးကြီးကလည်း စစ်သားတွေဖမ်းသွားတဲ့အထဲ ပါသွားခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှ လက်နက်သုံးပစ်ခတ်ဖြိုခွင်းခံရလို့ ရရာလက်နက်စွဲကာ ပြန်လည်ခုခံရင်း စစ်တပ်နဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေထဲမှာ မကွေးတိုင်းလည်း ပါဝင်ခဲ့တယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ယောချောင်းဘေးက အင်းငယ်ဒေါင့်ရွာငယ်လေးကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ ဝေးလွန်းသလို ဒေသခံတွေအနေနဲ့ အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေးထင်မထားတဲ့ဖြစ်ရပ်ဆိုးကြီးဟာ မတ်လ ၅ရက်၊ နံနက် ၈ နာရီကျော်ကျော်လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ပေါက်ကွဲသံတွေနဲ့အတူ အေးချမ်းနေတဲ့ အင်းငယ်ဒေါင်ရွာငယ်လေးထဲကို ဝင်ရောက်လာခဲ့တယ်။

တချိန်ထဲမှာ လက်နက်ကိုင်ထားတဲ့ စစ်သားတွေနဲ့ပျူစောထီးအဖွဲ့အင်အား တစ်ရာနီးပါးဟာ ရွာထဲကို စီးနင်းဝင်ရောက်လာတာတွေ့တဲ့ ဒေသခံတွေဟာ ရွာပြင်တွေမှာပုန်းခိုနေခဲ့ကြတယ်။ ဒီထဲမှာဦးတင်ထွန်းရဲ့ ဇနီးနဲ့သမီးနှစ်ယောက်က အတူတူပုန်းနေပြီး သမီးလတ်ကတော့ ဦးတင်ထွန်းနဲ့အတူ ထန်းတောထဲမှာရှိနေခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ပြောပြတာက အဲ့ဒီနေ့က စစ်သားတွေဝင်လာတာနဲ့တပြိုင်နက်ထဲ ဦးတင်ထွန်းနဲ့ ဇနီးသည်ကိုသာ သဲကြီးမဲကြီးရှာဖွေခဲ့ပြီး စစ်သားတွေရွာထဲရှိနေချိန်မှာလည်း လက်နက်ကြီးသံတွေ အဆက်မပြတ် ကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဇနီးသည်နဲ့သမီးတွေ ဖမ်းဆီးခံလိုက်ရပြီဆိုတဲ့သတင်းကို ဦးတင်ထွန်းကြားချိန်မှာတော့ တတ်စွမ်းသမျှကူညီဖို့ ကြိုးစားခဲ့ပေမယ့် ပုန်းခိုနေရာကနေ ထွက်လာစဉ် ဒဏ်ရာရသွားခဲ့တာကြောင့် မိသားစုဆီချက်ခြင်းအရောက်မသွားနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ တချိန်တည်းမှာဘဲ ပစ်ခတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာကြောင့် ကျန်တဲ့ရွာသားတွေကလည်း ရှောင်ပုန်းရုံကလွှဲလို့ သူတို့လည်းမတတ်နိုင်ခဲ့ပါ။

ဒီအချိန်မှာ ရွာထဲမှာလည်း တအိမ်တက်တအိမ်ဆင်း ရှာဖွေမှုတွေ လုပ်နေခဲ့ပြီး ဆန်၊ပဲနဲ့ အဖိုးတန်ပစ္စည်းတွေနဲ့အတူ ရွာသား၃၀ လောက်ဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရွာအပြင်ရောက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နောက်တစ်ရက်အကြာမှာတော့ ဦးတင်ထွန်းအပါအဝင် ရွာသားတွေနဲ့PDFတွေဟာ ရွာထဲပြန်သွားခဲ့ပြီး အပျက်အစီးတွေကို ရွာထဲရောက်တော့ အိမ်နှစ်လုံးမီးရှို့ခံထားရသလို ဦးတင်ထွန်းအိမ်ပေါ်မှာလည်း စောင်နဲ့ဖုံးထားတဲ့ သူ့ရဲ့ဇနီးသည်နဲ့ သမီးငယ်လေးရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရတာဖြစ်တယ်။

မီးရှို့ခံထားရတဲ့အိမ်နှစ်လုံးထဲက တစ်လုံးမှာ မီးလောင်ကျွမ်းနေတဲ့ အလောင်းလေးလောင်းကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဆိုပါအလောင်းတွေတော့ စစ်သားတွေဖမ်းမိသွားတဲ့ ပေါက်မြို့နယ်တောင်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားတွေလို့ အတည်ပြုပြောပါတယ်။

ဇနီးနဲ့သမီးငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ ဦးတင်ထွန်းကတော့ သားအမိနှစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့လိုက်ကတည်းက ဘာမှမလုပ်နိုင်တော့ဘဲ ငူငူငိုင်ငိုင်ဖြစ်တဲ့အထိ ပူဆွေးသောကရောက်ခဲ့ရပါတယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ PDFအဖွဲ့တွေနဲ့ ရွာသားတွေရဲ့အကူအညီနဲ့ ယောချောင်းနံဘေးမှာ သဂြိုလ်ခဲ့ပါတယ်။

အလောင်းကောက်ခဲ့တဲ့ PDFအဖွဲ့ဝင်တွေကတော့ ဦးတင်ထွန်းရဲ့အမျိုးသမီးဟာ မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရပုံရတယ်လို့ မှတ်ချက်ပေးပါတယ်။ ခြေထောက်မှာ ကြိုးချည်ခံထားရသလို ဓားဒဏ်ရာတွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိန်းမကိုယ်မှာလည်း သွေးတွေထွက်နေပြီး ရင်သားတွေကလည်း ပွန်းပဲ့နေတဲ့ အနေအထားတွေပါတွေ့ခဲ့ရသလို CDMဆရာဝန်တစ်ယောက်ရဲ့ စစ်ဆေးချက်အရ အသက်မသေခင်မှာလည်း အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတာ အတည်ပြုထားတယ်လို့ ဒေသခံတွေက ထွက်ဆိုကြပါတယ်။

ဒေသခံတွေပြောပြတာက ဦးတင်ထွန်းဘေးအိမ်က လူကပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး သူရဲ့သတင်းပေးမှုကြောင့် မကြာမီကဆိတ်ရောင်းထားတဲ့ ငွေကျပ်သိန်း ၅၀ ကို လာတောင်းရင်း မပေးလို့သတ်ပစ်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

ဦးတင်ထွန်းရဲ့ ဇနီးနဲ့သမီးငယ်ရဲ့ ရုပ်အလောင်းကိုတွေ့ရပေမယ့် မိခင်နဲ့အတူအဖမ်းခံခဲ့ရတဲ့ ၁၂ အရွယ်သမီးကြီးကတော့ ရွာသားတွေနဲ့အတူ ဓားစာခံအဖြစ် ဖမ်းခံထားရတာ ဖြစ်နိုင်ပေမယ့် ဘယ်မှာဖမ်းထားတယ်ဆိုတာတော့ သူတို့လည်းသေချာမသိဘူးလို့ ပေါက်မြို့နယ် PDFတွေက ပြောပါတယ်။

ပျူစောထီးလို့လည်း လူသိများပြီး ပြည်သူ့စစ်လို့ခေါ်ကြသူတွေဟာ များသောအားဖြင့် ဒေသခံတွေဖြစ်နေတာကြောင့် သူတို့ရှိနေသမျှကာလပတ်လုံး အမျိုးသမီးတွေအတွက် အန္တရာယ်ရှိတယ်လို့ အင်းငယ်ဒေါင့် ရွာဒေသခံအမျိုးသမီးက အခုလိုပြောပါတယ်။

“အဓိကကပျူစောထီးတွေပေါ့။ သူတို့တွေက စစ်တပ်အားကိုးနဲ့ ရွာထဲလူတွေကို ပုံစံမျိုးစုံနဲ့ဒုက္ခပေးနေတာ။ အခုဒီလို မုဒိမ်းကျင့်လူသတ်တာတွေဖြစ်လာတော့ စစ်သားတွေနဲ့မတိုးကြဖို့ အမျိုးသမီးတွေကို သတိနဲ့ သွားလာခိုင်းရတယ်”

လက်ရှိအင်းငယ်ဒေါင့်ကျေးရွာမှာတော့ စစ်တပ်က ထပ်မံရန်ရှာမှာစိုးသလို ရွာနီးချုပ်စပ်ကျေးရွာတွေမှာလည်း ခုခံကာကွယ် စစ်တွေဖြစ်နေတာကြောင့် မလုံခြုံလို့ ဦးတင်ထွန်းနဲ့ ကျန်ရစ်ခဲ့တဲ့ ၈ နှစ်အရွယ်သမီးအလတ်တို့ဟာ ရွာသားတွေနည်းတူ နေရပ်စွန့်ခွာနေထိုင်နေရပါတယ်။

ဦးတင်ထွန်းဟာ ဇနီးသည်နဲ့ အငယ်ဆုံးသမီးလေးကို လတ်တလောဆုံးရှုံးထားရသလို ဖမ်းခေါ်သွားခံရတဲ့သမီးကြီးနဲ့ မိဘ၊ မောင်နှမတွေရဲ့သတင်းလည်း တစ်လကျော်ရှိလာတဲ့အထိ ဘာသတင်းမှမရတာကြောင့် သူရင်ထဲက သောကမီးက အခုထိလောင်မြိုက်နေတာဖြစ်ပါတယ်။

Author:

Related Articles