ကချင်မလေး။
ယခုနှစ် ဂျနီဗာတွင် ကျင်းပမည့် Universal Periodic Review တွင် မြန်မာနိုင်ငံရှိ လူမှု အရပ်ဖက် အဖွဲ့အစည်းများက တိုင်းရင်းသား ဒေသများရှိ အမျိုးသမီးများအပေါ် မြန်မာစစ်တပ်မှ ချိုးဖောက်မှုများနှင့် မြန်မာအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုများကို တင်ပြသွားမည်ဟု လူမှုအဖွဲ့အစည်းများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။
Universal Periodic Review (UPR) သည် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံ (၁၉၃) နိုင်ငံရှိ လူ့အခွင့်ရေးအခြေအနေများ နှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် တာဝန်များကို ၄နှစ် နှင့် ၅နှစ်တာအတွင်း သုံးသပ်နိုင်သည့် နေရာဖြစ်သည်။ လာမည့် နိုဝင်ဘာ(၆)ရက်နေ့တွင် မြန်မာနိုင်ငံအပေါ်သုံးသပ်မည့် အလှည့်ကျရောက်သည်။
၂၀၁၁ခုနှစ် ပထမအကြိမ် Universal Periodic Review မှစ၍ ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ကရင်နီနှင့် ရှမ်းပြည် အစရှိသည့် တိုင်းရင်းသားဒေသအသီးသီးတွင် လက်နက်ကိုင်ပဋိပက္ခအကြား အနည်းဆုံး အမျိုးသမီးပေါင်း (၇၃) ဦးသည် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်ခံခဲ့ရပြီး၊ အမျိုးသမီး (၂၀) ဦးမှာ အသက်ပါ ဆုံးရှုံးခံခဲ့ရကြောင်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မှတ်တမ်းတင်ပြုစုထားပြီး ယခုနှစ်တွင် ဂျနီဗာတွင်သွားတင်ပြမည့် အစီရင်ခံစာအချက်တွင် ပါရှိသည်။
ထင်ထင်ရှားရှားပြောနိုင်၊ ပြနိုင်သည့် အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများ၊ အသက်သေဆုံးသွားသည်အထိ ဖြစ်ပွားခဲ့သောအမှုများစွာ ရှိခဲ့သော်လည်း ထိရောက်သော အပြစ်ပေးအရေးယူမှု မရှိခဲ့ကြောင်း Gender Equality Network မှတာဝန်ခံ မမေစပယ်ဖြူက ပြောသည်။
“မိုးမောက်မြို့နယ်က အသက်၇၃နှစ်အရွယ်အဖွားအိုအမှုကို တွေ့ရှိနိုင်ပါတယ်။ ရွာသားတွေ သက်သေအခိုင်အလုံရှိပါတယ်၊ ညအချိန်မတော် ဒီအဖွားကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်ပြီးတော့ မုဒိန်းပြုကျင့်ဖို့ကြိုးစားတယ်၊ သတ်ဖြတ်ဖို့အတွက် ကြိုးစားတယ်ဆိုတာကို သက်သေတွေရှိရက်သားနဲ့ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ မုဒိန်းပြုကျင့်ရန် ကြံစည်မှုနဲ့ သတ်ဖြတ်ရန်ကြံစည်မှုကို လုံးဝစွဲမပေးပဲ တပ်စည်းကမ်း ဖောက်ဖျက်မှုနဲ့၊ အိမ်ကျော်နှင်းမှု၊ မူးယစ်ရမ်းကားမှုတို့နဲ့ ပဲ တရားစီရင်ပေးခဲ့တယ်”
ထိုအမှုကို အရပ်ဖက်တရားရုံးတွင် စစ်ဆေးပေးရန် ထပ်မံတောင်းဆိုဖိအားပေးမှုတွေကြောင့် အရပ်ဖက် တရားရုံးတွင် စစ်ဆေးနေဆဲ ရှိသော်လည်း စစ်ဆေးပေးနေသော တရားသူကြီး၊ ရှေ့နေ၊ သက်တွေတွေအပေါ် ဖိအားပေးမှုတွေ ရှိနေကြောင်းကို သူမကိုယ်တိုင် တရားရုံးတွင် လေ့လာခဲ့ကြောင်းပြောပြသည်။
မြန်မာနိုင်ငံအစိုးရသည် ၂၀၁၁ခုနှစ်တွင် ကျင်းခဲ့သည့် ပထမအကြိမ် Universal periodic Review တွင် အမျိုးသမီးအပေါ်ခွဲခြားဆက်ဆံမှုများ နှင့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အခြားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအစိုးရများ၏ အကြံပြုချက်ပေါင်း (၁၉၇) ချက်ကို လက်ခံရရှိခဲ့သည့်အထဲမှ (၉)ချက်ကို လက်ခံကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ထိုအချက်များတွင် (၇) ချက်သည် အမျိုးသမီးများနှင့်သက်ဆိုင်ပြီး၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ချိုးဖောက်ခံနေရသော အမှုများ တရားမျှတမှုရရှိရန်၊ ကျူးလွန်သူ(မည်သူမဆို)များကို ထိထိရောက်ရောက်အရေးယူရန်နှင့် အမျိုးသမီးများပါဝင်ရေးကို နိုင်ငံတော်အဆင့်ယန္တရားတွေလုပ်ပေးရန် စသည့် အကြံပြုအချက်များကို မြန်မာနိုင်ငံအစိုးရကလက်ခံထားခဲ့သည်။
“အဲဒီတုန်းက အစိုးရ လက်ခံခဲ့သည့်အချက်တွေအပေါ်မှာပဲ ကျမတို့ဒီနှစ်တင်သွင်းမည့်အစီရင်ခံစာမှာ အဲဒီအချက်တွေကိုပဲ အထူးပြုပြီးပြန်လည်ဖော်ပြထားပါတယ်” လို့ (Gender Equality Network) တာဝန်ခံ မမေစပယ်ဖြူ ကပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးထုတရပ်လုံး၏ စိန်ခေါ်မှုတွေက တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခအကြားအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိရန်အတွက် အတားအဆီးများစွာရှိနေမှုများ၊ ဥပဒေအတွင်း၌ ဂျင်ဒါ(လိင်အပေါ်အခြေပြုသည့်အမြင်) အပေါ် ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ရှိနေခြင်း၊ ဂျင်ဒါ၏ အကျိုးသက်ရောက်မှု မရှိခြင်း၊ နိုင်ငံရေးဘဝနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးပါဝင်မှုမရှိခြင်း၊ ကျေးလက်ဒေသရှိ အမျိုးသမီးများအပ်နေသော လူမှု၊ စီးပွားရေးနှင့် လူသားချင်းစာနာကူညီထောက်ပံ့မှုတွေက ဘေးထုတ်ခံနေရသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
မည်သို့ပင်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဥပဒေအရအကာအကွယ် ပေးရန်အတွက် ကတိကဝတ်များ ပြုထားစေကာမူ ၂၀၁၁ခုနှစ်မှ အခု ၄နှစ်အတွင်းမှာ ကြည့်လျှင် ဥပဒမူကြမ်းတခုကိုသာ ရေးဆွဲနိုင်ခဲ့သည်။
အချိန်၂နှစ်ကျော်ယူပြီး Gender Equality Network နှင့်အတူ အမျိုးသမီးအဖွဲ့များ ၊ အဓိက တာဝန်ယူထားရသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထာပေးရေး ဝန်ကြီးဌာနက ဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းကာ ဥပဒေမူကြမ်းတခုကို ရေးဆွဲနေခဲ့သည်။ ထိုဥပဒေမူကြမ်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းဖြစ်သည်။
ထိုမှုကြမ်းရေးဆွဲရာတွင်လည်း စိန်ခေါ်မှုများ၊ ငြင်းခုန်ရမှုများကို ရင်ဆိုင်ရသည်ဟု မေစပယ်ဖြူက ပြောသည်။
“ကျမတို့လို အမျိုးသမီးအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပေးခဲ့တယ်အရာတွေက တိုးတက်ပြောင်းလဲခဲ့တယ်လို့ ယူဆပေမယ့်လည်း တကယ့်လက်တွေ့မှာ ကျမတို့တောင်းဆိုတင်ပြထားတဲ့ အချက်လက်တွေ အားလုံးကို ဥပဒေမူကြမ်းထဲမှာ ရာနှုန်းပြည့် ထည့်သွင်းပေးဖို့ကိစ္စကတော့ မသေချာပါဘူး။ အဲဒီထဲမှာ ကျမတို့တော်တော်လေး အငြင်းအခုန်ပြုလုပ်နေရတဲ့ကိစ္စကတော့ အမျိုးသမီးရေးကို သွားပြောနေတဲ့သူတွေ တစိုက်မတ်မတ်ပြောကြားနေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသမှာ လက်နက်ကိုင်တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူပေးရေး ကိစ္စဖြစ်တယ်”
အစိုးရအား တိုက်တွန်းအကြံပြုချက်များ တောင်းဆိုရာတွင် အစိုးရမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ မူကြမ်းထဲတွင် မည်သူကပဲ ပြစ်မှု ကျူးလွန်စေကာမူ၊ ကျူးလွန်သူအား အရပ်ဖက်တရားတွင် စစ်ဆေးပေးရန် တောင်းဆိုထားသည်။
အိမ်တွင်းအကြမ်းဖက်မှုနှင့် မိမိအိမ်ထောင်ဖက်အပါအဝင် အရပ်သား မုဒိန်းပြုကျင့်မှုများကိုလည်း ထိရောက်သည့် ဥပဒေများ ဟန့်တားဆောင်ရွက်ပေးရန်၊ ရေးဆွဲပြီးစီးသည့် ဥပဒေမူကြမ်းကို အမြန်ဆုံးပြဌာန်း ပေးရန်၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးတွေလိုအပ်ချက်များ၊ ဝန်ဆောင်မှုများ တရားရုံးနှင့်တရားစီရင်ရေးတွင် အခက်အခဲမရှိပဲ လုံခြုံစိတ်ချစွာ တရားမျှတမှုကို ခံယူနိုင်ရန်၊ အမျိုးသမီးများ ခေါင်းဆောင်နိုင်ခွင့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့် လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်လာဖို့အတွက် တိုက်တွန်းအကြံပြု ထားကြောင်းသိရသည်။
အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ရေးမှုပျောက်ရေးစာချုပ်(CEDAW)ပါအချက် ဖြစ်သည့် အမျိုးသမီးများအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းအရဖြစ်စေ ခွဲခြားဆက်ဆံမှု မရှိစေရ အမျိုးသမီးများ ပြည့်ပြည့်စုံသည့် တန်းတူညီမျှမှုရှိအောင် နိုင်ငံတော်အစိုးရမှ လုပ်ဆောင်ပေးရမည့်အချက်များ ကို အစိုးရက ပျက်ကွက်နေသည်ဟု မေစပယ်ဖြူက ပြောသည်။
“မကြားသေးခင်က ပြဌာန်းလိုက်တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားဥပဒေ၊ လူဦးရေးတိုးပွားခြင်းနှင့် ကျန်းမားရေးစောင့်ရှောက်မှုဆိုင်ရာဥပဒေတွေကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ် တဲ့ အိမ်ထောင်ဖက်ရွေးချယ်ခွင့်၊ သားသမီးကို သူတို့လိုချင်တဲ့အချိန်မှာ ဆုံဖြတ်ပြီးမွေးဖွားခွင့် အစရှိတဲ့ဟာ တွေကို နိုင်ငံအတော်အစိုးရကနေပြီးတော့ အတိလင်းဂိုက်လိုင်းပေးစွက်ဖက်ထားပြီးတော့ အမျိုးသမီးတွေရဲ့ ဆုံဖြတ်ခွင့်နှင့် ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ကံက္မြာကိုယ် ဖန်းတီးခွင့်ကို ဝင်ရောက်စွက်ဖက်ထားတယ် ဆိုတာကို အတိအလင်းပြောလိုပါတယ်”
နိုင်ငံတော်အစိုးရမှ (၄)နှစ်အတွင်းတွင် တရားဝင်လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်များ၊ ကြေညာစာတမ်းများကို လိုက်နာအကောင်အထည်မဖော်နိုင်သည့်အပြင် ထိရောက်သည့် တိုးတက်ပြောင်းလဲမှုများ မရှိခဲ့ခြင်းကြောင့်၊ ဆက်လက်ပြီး ထိုစာချုပ်များ၊ ကြေညာစာတမ်းများနှင့် အမျိုးသမီး တွေအပေါ်ခွဲခြားဆက်ဆံထားသည့် ဥပဒေများကို ဖယ်ရှားပေးဖို့၊ အကောင်အထည်ဖော်ဆောင်ခြင်းမပြုရန် တိုက်တွန်းအကြံပြုသွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုကို အရပ်ဖက်လူအဖွဲ့အစည်းအသီးသီးမှ ခေါင်းစဉ်(၁၆)ခု(လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးအခြေအနေ၊ အမျိုးသမီးအခွင့်ရေးချိုးဖောက်မှု၊ ကလေးအခွင့််အရေးချိုးဖောက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှု၊ ဘာသားရေးဆိုင်ရာချိုးဖောက်မှု၊ လယ်ယာမြေသိမ်းဆည်းမှု၊ ဖွဲ့စည်းပုံအခြေခံ၏ လိုအပ်ချက်များ၊ လိင်တူချစ်သူများအပေါ်ချိုးဖောက်မှုများ စသည်ဖြင့်ခေါင်းစဉ်အသီးသီးဖြင့် မြန်မာအကြောင်းအစည်းအဝေးမစတင်မှီ အောက်တိုဘာလတွင် အရပ်ဖက်အဖွဲ့အသီးသီးမှ အခြားသောအစိုးရများ၊ သံအမတ်များနှင့် ကုလသမဂ္ဂအဖွဲ့များကို သွားစည်းရုံးလှုံ့ဆော်တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။
လူမှုအဖွဲ့အစည်းက ယခုကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ(၃)ရက်နေ့ ရန်ကုန်တွင် မြန်မာသတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲကိုကျင်းပခဲ့သည်။ ထို့အပြင် (၄)ရက်နေ့တွင် သံတမန်များကို စည်းရုံးလှုံ့ဆော်မှုများလုပ်ဆောင်ခဲ့သည်။ ဒီလထဲတွင်ပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း သံတမန်များကို သွားရောက်စည်းရုံးလှုံ့ဆော်မည်ဖြစ်ကြောင်းသိရသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021