Home ဆောင်းပါး တားဆီးမရတဲ့ နှလုံးသားပိုင်ရှင် သို့မဟုတ် နော်အုန်းလှ

တားဆီးမရတဲ့ နှလုံးသားပိုင်ရှင် သို့မဟုတ် နော်အုန်းလှ

ကချင်မလေး

တားဆီးမရတဲ့ နှလုံးသားပိုင်ရှင် သို့မဟုတ် နော်အုန်းလှ

တားဆီးမရတဲ့ နှလုံးသားပိုင်ရှင် သို့မဟုတ် နော်အုန်းလှ

 

ထူးခြားတဲ့ မြင်ကွင်းလေး တစ်ခုပါ။

အချုပ်ကား(ကာပြာလေး)ပေါ်က ယောဂီထဘီနှင့် အင်္ကျီအဖြူဝတ်ဆင်ထားတဲ့ အသက်(၅၀)ကျော်ခန့် အမျိုးသမီးကြီးတစ်ဦးက အပြုံးလေးနဲ့ ဆင်းလာပြီး ဘေးပတ်ဝန်းကျင်ရှိလူတွေကို နှုတ်ဆက်နေသည်။
ဧရာဝတီတိုင်း ညောင်တုန်းဘက် ရေဘေးကူညီနေသည့် အသင်းမှ လူငယ်တစ်ဦးအား “မောင်လေး ခဏလေးနော်။ အန်တီတို့အဖွဲ့က လူတွေရောက်လာရင် ရေဘေးတွေကို ကူညီမယ့်အလှူငွေယူလာလိမ့်မယ်” လို့ အချုပ်ကားပေါ်က ဆင်းလာသည့် နော်အုန်းလှက လှမ်းပြောလိုက်သည်။

သူတို့အဖွဲ့မှ ရရှိသော ငွေကြေးအထောက်အပံ့တွေနှင့် အခြားသောကူညီနိုင်မည့်အဖွဲ့အစည်းများနှင့် အကူအညီလိုအပ်နေသည့်သူများ၊ လယ်သမားများကို ချိတ်ဆက်ပြီးကူညီ လုပ်ဆောင်ပေး နေဟု သိရပါသည်။

သူ့အား မည်သို့ပင် ပိတ်ပင်တားဆီးချုပ်နှောင်စေကာမူ သူ့ရဲ့ ကြံ့ခိုင်လှသည့် စိတ်ဓါတ်၊ လူထုအပေါ်ထားသည့် စိတ်ထားလေးအား မြင်လိုက်ရချိန်မှာ အင်မတန်မှ လေးစားထိုက်သည့် အမျိုးသမီးတစ်ဦးဖြစ်သည်ကို မည်သို့မျှငြင်းဖွယ်စရာ အကြောင်းမရှိပါ။
သူသည် လက်ပံတောင်းတောင် စီမံကိန်းကြောင့် မတရားခံနေရသော တောင်သူများအတွက် အမှန်တရား၊ တရားမျှတမှု ရရှိရန် မားမားမတ်မတ်ရပ်ကာ ဆန္ဒထုတ်ဖော်ခြင်းခဲ့ကြောင့် ကျောက်တံတားတရားရုံးမှ ချမှတ်မည့် တရား စီရင်ချက်ကို လာရောက်ကြားနာခြင်း ပင်ဖြစ်သည်။

သူ့အား တရားစီရင်ချက်မချခင် လာရောက်တွေ့ဆုံပြီး အားပေးစကားပြောသည့် သူတွေမှာတော့ လူတန်းစားပေါင်းစုံ တွေ့ရပါသည်။
“အစ်မရယ် ဒီအသီး၂လုံးလေးတော့ လက်ခံပေးနော်” ဆိုကာ အသီးလေး လာပေးသွားသည့်သူနှင့်၊ “အစ်မ ကျန်းမာရေး ဂရုစိုက်နော်” ဆိုပြီး ပျံကျဈေးသည်များကပင် အားပေး အနမ်း သွားပေးသွားကြသေးသည်။

“ကျမက အစ်မနဲ့တွေ့ချင်လွန်းလို့ ညက မော်လမြိုင်ကနေ တက်လာတာ” ဟု နယ်မှ သူမ မိတ်ဆွေအမျိုးသမီးတစ်ဦးက ပြောပြပါသည်။ ဒါ့အပြင် ကရင် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီမှ (အမည်မဖော်လို) ခေါင်းဆောင်များ၊ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများ ကပင်လာ၍ တွေ့ဆုံ အားပေးစကားပြောကြသည်။

နော်အုန်းလှမှ ယခုရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး “ အမှုက ၂ မှုပါ။ ၂ မှု စလုံး ပုဒ်မ (၁၈) ပဲ၊ ၂၀၁၂ ခုနှစ်၊ ၁၁ လ၊ ၂၉ ရက် တုန်းက လက်ပံတောင်းတောင်အရေး သံဃာတော်တွေကို မီးလောင်ဗုံးဖြင့် ပစ်တဲ့ကိစ္စ အမှုမှန်ဖော်ထုတ်ပေးဖို့ ၂နှစ်ပြည့်တဲ့နေ့ (၂၉၊၁၁၊၂၀၁၄)မှ ဆန္ဒပြတောင်းဆိုတဲ့အမှု၊ လက်ပံတောင်းတောင်သူများ၏ အဓမ္မလယ်ယာမြေ သိမ်းဆည်းခံရမှုနဲ့ ပတ်သက်ပြီး လျှော်ကြေးငွေ မယူပဲ ဆန္ဒပြတဲ့အမှုတွေနဲ့ပါ” ဟု ပြောပါသည်။

ပုဒ်မ(၁၈) သည် “မည်သူမဆို ခွင့်ပြုမိန့် မရ ရှိဘဲ ငြိမ်းချမ်း စွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” အထူး ဥပဒေဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေတရပ်ဖြစ်သည်။

ဤအမှုနှင့် ပတ်သက်ပြီး ရုံးချိန်းပေါင်း ၁၂ ကြိမ်မြောက်ဖြစ်ခဲ့ပြီး ထိုနေ့(၁၈၊၉၊၂၀၁၅)တွင် တရားစီရင်ချက်ချ မည်ဖြစ်သည့်အတွက် အင်းစိန်ထောင်မှာ လာရောက် ကြားနာခြင်းဖြစ်သည်။

ကျောက်တံတားရဲစခန်းမှ ရဲအရာရှိကြီးများကပင်သူမအား လေးစားကြသည်ကို မြင်ရသည်၊ ရဲသားကြီးများက ဂျေးဒိုးနတ် မုန့်ဘူးလေးကို သူမအား လာပေးသော်လည်း ဒေါ်နော်အုန်းလှကမူ “မယူဘူး၊ မစားဘူး နင်တို့က ပြည်သူ့ရဲမဟုတ်ဘူး၊ ဝမ်ပေါင်ရဲတွေ” ဟု ပြောလွှတ်လိုက်သည်။

ယခုဆိုလျှင် မြို့နယ်ပေါင်း ၄မြို့နယ်မှ တရားရုံးအသီးသီးမှ သူ့အား ထောင်ဒဏ် ၆နှစ်နှင့် ၄ လ ချမှတ်ထားပြီး ဖြစ်ပါသည်။ လသာမြို့နယ်နှင့် အလုံမြို့နယ်မှ တရားရုံးက ပုဒ်မ(၁၈)ဖြင့် ၄ လ စီချမှတ်၊ ဒဂုံမြို့နယ်တရားရုံးမှ ပုဒ်မ(၁၈)၊ ၅၀၅ (ခ)၊ ၄၄၇၊ ၃၅၃၊ ၁၄၇ တွေအရ ထောင်ဒဏ် ၄နှစ်နှင့် ၄လ ချမှတ်ပြီး၊ ဗဟန်းတရားရုံးမှ ပုဒ်မ(၁၈)ဖြင့် ၄ လနှင့် ၂၀၀၇ ခုနှစ်၊ ၅ လ၊၂၈ ရက်နေ့မှာ ရွှေတိဂုံဘုရားတွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲကျင်းပ၍ ၂၀၁၃ ခုနှစ်တွင် သာသနာနှောင့်ယှက်မှု( ပုဒ်မ ၂၉၆)ဖြင့် တရားစွဲဆိုထားရာ ယခုနှစ် ၃၀၊၅၊ ၂၀၁၅ တွင် ပြစ်ဒဏ် ၆လ ချမှတ်လိုက်ကြောင်း နော်အုန်းလှမှ ပြောပြပါသည်။

လက်ရှိတရားစီစစ်စီရင်ရေးတွင် ဥပဒေစိုးမိုးရေးမရှိဘူးဟု သူ့ အမှုတွေ အပေါ် ထောက်ပြပြီး နော်အုန်းလှက “ထူးထူးခြားခြားပဲ အလုံရုံးချမှတ်တဲ့ပုဒ်မကို လသာရုံးနဲ့ ပေါင်းပြီးချလိုက်တယ်၊ တရားရုံးတခုစီ က အမှုတူပေမယ့်လို့ ပေါင်းစရာမလိုဘူး၊ တရားဥပဒေအရပြောရမယ်ဆိုရင် ဒါဟာ လွဲချော်နေတာပဲ” ဟု မီဒီယာတွေကိုပြောပြခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးနှင့် ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး “ဘယ်ပါတီပဲတက်တက်၊ ဒီဥပဒေမပြင်ရင် ဘာမှလုပ်လို့မရဘူး၊ တစ်ခုပဲရှိတယ် လူထုဘက်က မှန်တဲ့လူကို ရွေးဖို့လိုတယ်၊ ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်၊ ဒါပေမယ့်လို့ လူထုတွေက ရွေးတဲ့ကိုယ်စားလှယ်က လက်ကလေးထောင်၊ ခေါင်းလေးညိတ်ဆိုရင် ဘာမှ အလုပ်မဖြစ်ဘူး၊   နိုင်ငံသားတွေ အားလုံးက ကိုယ်ရွေးမယ့် ကိုယ်စားလှယ်က ပြည်သူကို တကယ်ကာကွယ်မယ့် လူဖြစ်မယ်၊ အပြတ်ပြောရရင်တော့ စစ်အာဏာရှင်တွေကို ဖြုတ်ချအောင် လုပ်နိုင်တဲ့သူတွေ ဖြစ်မှသာ ဒီအစိုးရဖြုတ်ချမှာဖြစ်တယ်၊ ဒါမှဟုတ်ရင် ဒီဥပဒေနဲ့ ဒီနိုင်ငံသားတွေက ဖိနှိပ်ခံနေအုံးမှာပဲ” ဟု ပြောပါသည်။

ဆက်လက်ပြီး “လွတ်တော်ပြင်ပ နိုင်ငံရေးကိုပဲလုပ်မယ်၊ လွတ်တော်အတွင်းကနေ ဝင်လုပ်ဖို့က စိတ်ကူးတစက် တောင်မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ လွတ်တော်ထဲဝင်ရင် ဒီဥပဒေအောက်ပဲ၊ တိုင်းရင်သားတွေလည်း ငြိမ်းချမ်းရေးကို ယူတယ်၊ ဒီ၂၀၀၈ အောက်က သွားမယ်ဆိုရင် လက်နက်ချခိုင်းတာ၊ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ တိုင်ရင်းသားတွေနဲ့ အလှမ်းဝေးမှာပဲ၊ အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးကို မလိုချင်ဘူး၊ စစ်ပွဲလိုချင်တယ်” ဟု ပြောပါသည်။

ဆက်လက်ပြီး အမျိုးသမီးများများ နိုင်ငံရေး၊ ရွေးကောက်ပွဲတွင် ပါဝင်လာသည့်အပေါ် “ဒီမိုကရေစီနိုင်ငံမှာ ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်၊ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေက ဘာမှလုပ်လို့မရဘူး၊ နိုင်ငံသားကို ဖိနှိပ်တဲ့ ဥပဒေ၊ လူတစ်စုရဲ့ လုပ်ပိုင်ခွင့် ရထားတဲ့ဥပဒေပဲဖြစ်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ရောက်သည့်အပေါ် “အန်တီစုက ရွေးကောက်ပွဲဝင်တာဟာ သူ့ရဲ့ အခွင့်အရေးပဲ”။ ဆက်လက်ပြီး “အမျိုးသမီးတွေ နိုင်ငံရေးမှာ အများကြီးဝင်လာတာတွေ့ရတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒေါက်တာညှိညှိသင်းလို ပြောရဲဖို့လိုတယ်၊ ရဲရဲ ပြောရေး၊ ဆိုရေးရှိဖို့လိုတယ် ဥပဒေကြီး မပြင်လို့မရဘူးဆိုတဲ့ အစွဲရှိဖို့လိုတယ်”ဟု ပြောပါသည်။

“ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးတွေအားလုံး ပြည်သူတွေအတွက် အရဲစွန့်တာမျိုး ဖြစ်စေချင်ကြောင်း” စကားလက်ဆောင်ပါးလိုက်ပါသည်။

ထောင်ထဲမှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိသည်ဟု သူ့ ကျန်းမာရေး အခြေအနေကို နော်အုန်းလှက ပြောသည်။ “နှလုံးရောဂါ၊ အစာအိမ်ကလည်းရှိတယ် အဲတာတွေ ဖောက်ဖောက်လာတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ တချို့ဆေးတွေက ဝယ်ပြီးဆောင်ထားရတယ်၊ တချို့ဆေးတွေက သူတို့ကို ပြောရင်ပေးပါတယ်၊ ထောင်ဆိုတော့လည်း နားလည်ပေးပါတယ်၊ သွေးတိုးကျဆေးတွေလည်း သောက်နေရတယ်” ဟု သိရသည်။

အစိုးရမှ တက်ကြွလှုပ်ရှားသူ နော်အုန်းလှအား အမှုပေါင်းများစွာနှင့် ဖမ်းဆီး တရားစွဲထောင်ချထားခဲ့ပါသည်။ ဒါပေမယ့် နော်အုန်းလှကတော့ ရပ်မသွားပါ။ ရပ်သွားမည်လည်း မဟုတ်ပါ။

 

Related Articles