Anna
ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်ပန်လုံရပ်ကွက်တွင်နေထိုင်သောဒေါ်ဒရှီရွယ်မိသားစုကို၁၇.၁၁.၂၀၁၁ခုနှစ်ညအိပ်ပျော်နေစဉ်တွင်ပန်းဆေးပြည်သူ့စစ်နှင့် ခလရ – ၂၅၂တို့ကလာရောက်ဖမ်းဆီးချုပ်နှောင်ထားခြင်းကိုခံရကြောင်းဒေါ်ဒရှီရွယ်ကပြောပြသည်။
“ကျွန်မအခုချိန်ထိစဉ်းစားလို့မရဘူးဘာအကြောင်းကြောင့်ကျွန်မလိုအသက်၆၂နှစ်အရွယ်ကိုဖမ်းပြီးချုပ်နှောင်ထားတယ် ပြီးတော့ လူမဆန်အောင် တုတ်တွေနဲ့ ရိုက်နှက်တယ်လက်စွပ်အချွန်တွေနဲ့ ထိုးတယ် အခုထိ ရှေ့သွား နှစ်ချောင်းက မရှိတော့ဘူး အဲဒီဝေဒနာတွေကိုကျွန်မအခုချိန်ထိခံစားနေရတုန်းပဲ”
သူမမှာသားသမီး(၇)ယောက်ရိုပြီးသား၅ယောက်နှင့်သမီး၂ယောက်ရှိသည်။သားသမီးအားလုံးသည်အိမ်ထောင်သည်များဖြစ်ပြီးသားသမီးရှိသူများသာဖြစ်သည်။သားသမီးများသည်အိမ်ထောင်ကျပြီးအိမ်ခွဲနေ၍တောင်ပေါ်ရွာတွင်မီးသွေးလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ကြပြီးသားသမီးများကိုပညာရေးထောက်ပံ့အသက်မွေးကြသူများသာဖြစ်သည်။
“ည ၁၁နာရီ ၁၀မိနစ် အချိန်မှာ ကျွန်မသား ၅ယောက်နှင့် သမီးကြီးယောက်ကျာ်း သူတို့ ၆ယောက်ကို KIA သေနတ်တွေကို သူတို့ဖွက်ထားတယ်ဆိုပြီး ဖမ်းသွား တယ် နောက်မနက် ၆နာရီမှာ ကျွန်မနဲ့ ကျွန်မသမီး၊ မြေးတွေလည်းပါ သမီးက ကိုယ်ဝန်လည်း လွယ်ထားတဲ့အချိန် ခေါ်သွားပြီး စာရေးတန်း အထက်မြို့မ နဝရတ်စခန်း (၁) မှာ ချုပ်ထားတယ်။ မြေးတွေက ဘာမှမသိသေးတဲ့ အရွယ်ဆိုတော့ ညမိုးချုပ်လာရင် ထမင်းဆာလို့ငို ကျွန်မတို့ လူကြီးတွေကို ကသေနတ်ဘယ်မှာဖွက်ထားလည်း ဆိုပြီးမေးတယ် ကျွန်မသားတွေနဲ့ တခန်းစီ ချုပ်ထားတယ်။”
မိသားစုကို တစ်ညတာ ချုပ်ထားပြီး နောက်မနက်မှာ သူမကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအကြောင်း မည်သူ့ကိုမှ ပြန်မပြောရန်လည်း ခြိမ်းခြောက်ခဲ့ကြောင်း ဒေါ်ဒရှီရွယ်က ပြန်ပြောပြသည်။
အိမ်ပြန်ရောက်သွားပြီးနောက် ရပ်ကွက်ဥက္ကဌက သားများ လွတ်မြောက်ရန် လက်မှတ်ထိုးပေးရမည် ဆိုကာ ပြန်လာခေါ်သဖြင့် ထမင်းပင်မစားပဲ “ဝမ်းသာအားရ” လိုက်သွားခဲ့သည်ဟု ပြောပြသည်။ နဝရတ် စစ်စခန်းရောက်သည့်အခါ “စာရွက်အလွတ်ပေါ်လက်မှတ်ထိုးခိုင်းပြီး” သူမကို ပြန်ချုပ်ထားခဲ့သည်။
အိမ်နီချင်းတွေကလည်း သူတို့မိသားစုကို လာဖမ်းပြီး နိုပ်စက် တော့ကြောက်တာနဲ့ တခြားနေရာတွေ မှာ ပြောင်းရွေ့နေထိုင်သည် အထိဖြစ်ခဲ့ရကြောင်းလည်း သိရိုရပါသည်။
“ဒီအမျိုးသမီးကဘာအပြစ်ရှိလို့သူ့ကိုအခုလိုဖမ်းထားတာလဲသူမကမြေးတွေကိုကြည့်ပြီးအိမ်မှာဘဲနေတာအသက်လဲကြီးပြီဘယ်ကိုမှသူမသွားဘူးသူ့သားတွေလည်းဘယ်တစ်ယောက်မှ KIA စစ်သားမလုပ်ဘူးကျွန်တော့အိမ်ကနေဖြတ်သွားဖြတ်လာလုပ်နေကြတဲ့သူတွေဘဲသူတို့ဘာလုပ်တယ်ဘာလုပ်ကိုင်စားသောက်တယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်သာမကရပ်ကွက်ဥက္ကဌတွေလည်းသိတယ်သူတို့ကိုခေါ်ပြီးလည်းမေးမြန်နိုင်တယ်နင်တို့ရဲ့အဖွားအရွယ်ကိုဘာကြောင့်ဒီလိုနှိပ်စက်နေကြသလဲ” လို့ပြည်သူ့စစ်တွေကိုပြောကူပေးသောပလောင်သင်းအုပ်ဆရာဦးမောင်သန်းကအခုလိုပြောပြသည်။
“ကျွန်တော့ကိုလည်း ခြိမ်းချောက်ခေါ်ခိုင်းပြီး စာရွက်အလွတ်ပေါ်မှာ ဥက္ကဌကလည်း လက်မှတ်ထိုး ရမယ်တဲ့ ကျွန်တော်ကလည်း ဘာမှမရေးထားတဲ့ စာရွက်ပေါ်မှာ ကျွန်တော့်လက်မှတ်မထိုးနိုင်ဘူး လုံးဝမထိုးပေးခဲ့ဘူး ကျွန်တော်ပြန်တော့မယ် အဖွားအိုကိုလည်းထည့်ပေး ဆိုတော့မထည့် ပေးဘူး ဒါကြောင့် ကျွန်တော်တစ်ယောက်ထဲ စိတ်မကောင်းစွာ ပြန်ခဲ့ရတယ်” လို့ ဥက္ကဌဖြစ်သူက အခုလိုပြောပြပေးပါသည်။
ထို့နောက်တွင်တော့ အမေအိုအတွက် ငရဲခန်းများ ပြန်စခဲ့ပြန်သည်။
“ကျွန်မကိုလည်း နင့်သားတွေက အမေကို သေနတ်တွေအပ်ထား တယ်ပြောတယ် ဆိုပြီးမေးတယ် ကျွန်မကလည်း သေနတ်ဆိုတာ ကိုင်လည်းမကိုင်ဖူးဘူး မြင်လည်းမမြင်ဖူးဘူးလို့ ပြောတယ် ကျွန်မလိမ်လည်းမလိမ်တတ်ဘူး အမှန်အတိုင်းဘဲဖြေတယ် သူတို့က ကျွန်မကို မျက်နှာတွေမှာလည်း သူတို့ဝတ်ထားတဲ့ လက်စွပ် အချွန်နဲ့ ထိုးတယ် တုတ်တွေ၊ သူတို့ကိုင်တဲ့ သေနတ်တွေနဲ့လည်း ရိုက်တယ် ကျွန်မ ဘယ်နှခါတောင် သတိလစ်ပြီး ပြန်ပြန်နိုးလာ တယ်ဆိုတာတောင် မမှတ်မိတော့ဘူး။”
သားများကိုမူ အခြားအခန်းတွင် ချုပ်နှောင်ထားပြီး နှိပ်စက်စစ်ဆေးနေကြောင်း ကြားရသည်ဟု ဒေါ်ဒရှီရွယ်က ပြောသည်။
“ကျွန်မသားတွေကိုလည်း နှိပ်စက်နေတာ ကျွန်မကြားတယ် သားတွေရဲ့ နာကျင်ပြီး အော်တဲ့အသံကို ကျွန်မဘယ်လိုမှ မခံစားနိုင်ဘူး။ ဒါကြောင့် ကျွန်မက ကျွန်မသားတွေနဲ့ တစ်ခန်းထဲထားပေးပါ သူတို့နဲ့ အတူနေမယ်ဆိုပြီး ပြောတော့ သူတို့ထားပေးတယ်။”
သားတွေကို သူမရှေ့တွင်ပင် နှိပ်စက်ပြန်သည်။ “ကျွန်မရှေ့မှာဘဲ ကျွန်မသားတွေကို နှိပ်စက်တယ် အသားတွေမှာ လျှပ်စစ်ဓါတ်နဲ့တို့တယ် သားတွေကို နှိပ်စက်လွန်းလို့ ချုပ်ထားတဲ့ အခန်းကျင်းထဲမှာ သွေးတွေအိုင်ပြီး သွေးနံ့နံ လွန်းလို့ ကျွန်မသားတွေကို အခြားအခန်းထဲ ပြန်ချုပ်ထားလိုက်တယ် ကျွန်မကိုလည်း အခြားအခန်းမှာ သတ်သတ်ပြန်နေခိုင်းပြီး ပြန်နှိပ်စက်တယ်။”
သူမက သူမကို သတ်ချင်သတ်ရန်နှင့် သူမ၏ သားများကို ပြန်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။
“တမနက်မှာတော့ ကျွန်မသတိလစ်ပြီး ပြန်နိုးလာတော့ ယောက်ကျာ်းတစ်ယောက် ကအိမ်မပြန်ချင်ဘူးလားဆို ပြီးလာမေးတယ် ကျွန်မကလည်း ပြန်ချင်တယ် ပြောတော့ သူက အပြင်ခေါ်ထုတ် လာပြီး နောက်ဖေးကနေ နောက်ကို မလည့် ကြည့်ဘဲ အိမ်ကိုပြန်တော့ လမ်းကနေမပြန်နဲ့ ဒီတောထဲကနေပြန်တော့ ပြောတာနဲ့ ကျွန်မကလည်း ကြောက်တာနဲ့ တောထဲ ဝင်ပြီး အိမ်ကိုရောက်အောင်ပြန်လာတယ်။”
အိမ်ပြန်ရောက်ချိန်မှာပဲ ရပ်ကွက်ထဲက မိတ်ဆွေတွေက သူမ၏ သမီးကြီးယောက်ျား ဖြစ်သူ သားမက် သေဆုံးသွားသည့် သတင်းကြားရကြောင်း သူမကို ပြန်ပြောပြသည်။
နောက်ပိုင်းတွင် သူမသားများအား နမ့်ခမ်းရဲစခန်း ထို့နောက် မူဆယ်ခရိုင် ရဲစခန်းသို့ ပြန်ပို့ပြီး သောင်းကျန်းသူဆက်သွယ်မှုဖြင့် အမှုဖွင့်က ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံကြရသည်။
“အခုက ကျွန်မသမီးလည်း သားသမီး ၅ယောက်နဲ့ ကျန်ခဲ့ရတယ် သူတစ်ယောက်ဘဲ ရုံးကန်နေရတယ်” လို့ ခံရသူဒေါ်ဒရှီရွယ် ကပြောပြပေးပါသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021