Home ဆောင်းပါး ရေကြီးရေလျှံအန္တရာယ်နဲ့ အမျိုးသမီးများအတွက် အကာအကွယ်

ရေကြီးရေလျှံအန္တရာယ်နဲ့ အမျိုးသမီးများအတွက် အကာအကွယ်

ဟိတဓရ ဖောင်ဒေးရှင်းမှ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းပုံ (ဓါတ်ပုံ – R Kar Hein)

နန်းဆိုင်နွမ်။        ။

ဇူလိုင်လ ၂၅ ရက်၊ ညနေ(၅)နာရီမှာ မြစ်ရေဟာ ရုတ်တရက်မြင့်တက်လာပြီး အိမ်ခြံဝန်းထဲကို တရိပ်ရိပ်နဲ့ ဝင် ရောက်လာရာကနေ အိမ်ထဲအထိပါ တဖြည်းဖြည်းဝင်ရောက်လာပါတယ်။

အဲဒီလို အိမ်ထဲအထိ ရေဝင်လာချိန်မှာတော့ မနီလာတယောက် လန့်ဖျတ်ကာ ကလေးအတွက် လိုအပ်တဲ့ပစ္စည်း များနဲ့ အခြားအရေးကြီးပစ္စည်းများကို သိမ်းဆည်းပြီး ရေထဲကနေဖြတ်ကျော်ကာ ရေဘေးစခန်းရှိရာ ထွက်လာခဲ့ ပါတော့တယ်။

ဘားအံမှာ နှစ်ပေါင်း(၃၀)ကျော်ကာလအတွင်း  ဒီလိုရေကြီးမှုကို တကြိမ်တခါမှ မကြုံဖူးဘူးလို့ မနီလာက  ပြော ပြပါတယ်။

ဒီရေကြီးမှုဟာ ကရင်ပြည်နယ်တဝှမ်းလုံးမှာ ဖြစ်ပွားခဲ့ပြီး ဘားအံမြို့အတွင်း ရေဘေးဒုက္ခသည်စခန်း(၁၆)ခုနဲ့ အမျိုး သမီးနဲ့ကလေးငယ်(၇)ထောင်ကျော်အပါအဝင် ရေဘေးဒုက္ခသည်ပေါင်း(၁)သောင်းကျော် လာရောက်ခိုလှုံနေကြရ တယ်လို့ သိရပါတယ်။

“ ရေမကြီးခင်မှာ မိုးတွေဆက်တိုက်ရွာနေပေမယ့် ရေကြီးတဲ့ရက်က ညနေပိုင်းမှာ ရုတ်တရက် ခြံထဲရေတွေ ဝင်လာတာ ဘယ်လောက်မှ မကြာဘူး၊ အိမ်ထဲအထိ ဝင်လာတော့ ဒါပုံမှန်မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ ကျမ တို့နေတဲ့ရပ်ကွက်က တခါမှ ရေလျှံတာ၊ ရေကြီးတာ၊ မဖြစ်ဖူးဘူး” လို့မနီလာက ဆိုပါတယ်။

အခုလို ရုတ်တရက်ရေကြီးတဲ့အချိန်ဟာ ညနေခင်းမှာဖြစ်တဲ့အတွက် ကံကောင်းပါတယ်။ ညသန်းခေါင်ချိန်ဖြစ်ရင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သူက ပြောပါတယ်။

“ အခု ကျမတို့အိမ်ဘက်မှာ ရေကျပေမယ့် ဘယ်အချိန်ရေပြန်ကြီးလာမလဲဆိုတာ ပြောလို့မရဘူး။ ဒါကြောင့် ရေ ဘေးကယ်ဆယ်ရေးစခန်းမှာပဲ ဆက်ရှိနေသေးတာ။ ဒီမှာတော့ ကျမတို့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အတွက် ဒုက္ခမျိုးစုံရောက်ပါတယ်” လို့သူက ဆက်ပြောပြတယ်။

“ စခန်းမှာက စုပြီးနေရတာ။ အမျိုးသမီးနဲ့ ကလေးတွေအတွက် နေရာသီးသန့်မရှိဘူး။ အိမ်သာတွေလည်း အတူ တူ သုံးရတာ။ အားလုံးက ဒုက္ခသည်တွေဆိုတော့လည်း သည်းခံပြီးနေရတယ်”

ကရင်ပြည်နယ်၊ မြို့နယ်များအတွင်း ရေမကြီးခင် ရက်တပတ်ခန့် မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေများ ရုတ်တရက်ကျလာပြီး မြစ်ရေမြှင့်တက်လာတာကြောင့် သြဂုတ်လဆန်းပိုင်းမှာ ရေလွှမ်းမိုးမှုခံခဲ့ရတာပါ။

ညနေ(၅)နာရီကျော်ခန့်မှာ ရပ်ကွက်လမ်းထဲသို့ ရေများစတင်ဝင်လာပြီး တဖြည်းဖြည်း နေအိမ်ခြံဝန်းထဲအထိ ဝင် လာတဲ့အတွက် ပုံမှန်ရေကြီးတာမဟုတ်ဘူးလို့ သိရှိခဲ့ပြီး ပစ္စည်းများကို အမြန်သိမ်းဆည်းထုတ်ပိုးထားလိုက်တယ် လို့ ဘားအံမြို့၊ မန်းဝင်းမောင်လမ်းမှာ နေထိုင်တဲ့ မခင်လေးက ပြောပြပါတယ်။

ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းစဉ် (ဓါတ်ပုံ – ခိုင်နှင်းေ၀ လူမှုကွန်ယက်စာမျက်နှာ)

“ရေကတဖြည်းဖြည်းတက်လာနေတာ ခြံထဲမှာ ဒူးလောက်အထိ ဖြစ်လာတယ်။ ဒါကြောင့်  အရေးကြီးတဲ့ စာရွက်စာ တမ်းတွေနဲ့ ပိုက်ဆံ၊ ကလေးပစ္စည်းတွေယူပြီး လူမှုကူညီရေးက လာခေါ်မယ့်ကားကို စောင့်နေတယ်။ ရေက ရုတ် တရက်ကြီး မြန်မြန်တက်လာတာ။ မျက်စိရှေ့မှာတင်များလာတာ” လို့ မခင်လေးက ပြောပါတယ်။

ဒီလို ရေတက်လာတဲ့အတွက် ရပ်ကွက်ထဲမှာ နေထိုင်သူများ ရေလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရာမှ တချို့က  ရေဘေးကယ်ဆယ်ရေးစခန်း၊ တချို့က ရေလွှတ်ရာ ဆွေမျိုးများအိမ်သို့ သွားရောက်ခိုလှုံကြတယ်လို့သိရပါတယ်။

ယခင်က မြို့တွင်းအမြင့်ပိုင်းအထိ ရေတက်မှု မရှိခဲ့ဘဲ ဘားအံမြို့အနိမ့်ပိုင်း သံလွင်မြစ်နဲ့နီးတဲ့ ရပ်ကွက်များက နေ အိမ်များမှာသာ နှစ်စဉ်ရေဝင်ရောက်မှုများ ရှိခဲ့တာဖြစ်ပါတယ်။

ယခုနှစ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ် ရေကြီးရေလျှံမှုက စံချိန်တင်သွားပြီဖြစ်ကြောင်းနဲ့ အခုလို ရေကြီးမှုဘေး အန္တရာယ်ကြုံရပါ ကလေးငယ်များနဲ့မိခင်များ၊ အမျိုးသမီးများက အခက်အခဲတွေ ပိုပြီးတွေ့ရတယ်လို့ ရေဘေး ကယ်ဆယ်ရေးမှာ ကူညီနေတဲ့ နန့်မြင့်အောင်ကလည်း ပြောပြပါတယ်။

“တချို့က ဆွေမျိုးအိမ်၊ တချို့က  ရေးဘေးကယ်ဆယ်ရေး စခန်းတွေမှာ သွားနေကြတယ်။ စခန်းမှာ အားလုံးရော ပြီး နေထိုင်ကြရတော့ အမျိုးသမီးတွေအတွက် ခက်ခဲတယ်။ မိုးဆက်တိုက်ရွာတော့ အဝတ်အစားတွေနဲ့ အမျိုး သမီးအသုံးအဆောင်တွေလည်း လိုအပ်တယ်” လို့ နန့်မြင့်အောင်က ဆိုပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းကို ရောက်နေတဲ့အမျိုးသမီးနဲ့ ကလေးသူငယ်များအတွက် အခက်အခဲများစွာ ရှိနေ ပြီး စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“ မြို့နဲ့ဝေးတဲ့နေရာတွေ၊ အလှူရှင်တွေအရောက်နည်းတဲ့ဒေသတွေလည်း ရှိတယ်။ သူတို့တွေက အိမ်အောက် ထပ်မြုပ်ပြီး အပေါ်ထပ်မှာ နေရတာတွေရှိတယ်။ အဲဒီမှာဆို အပေါ့အလေးသွားစရာမရှိဘူး။ အိမ်ပေါ်ကနေ ကြုံရင် ကြုံသလိုသွားကြတယ်။ အိမ်သာသွားရတာ အခက်ခဲဆုံးပါပဲ” လို့ နန့်မြင့်အောင်က ကြုံတွေ့နေတဲ့ အခက်အခဲ များကို ဆက်ပြောပြတယ်။

နှစ်ပေါင်း(၃၀)ကျော်အတွင်း အခုကြုံရတဲ့ရေဘေးမှာ အလွန်ဆိုးဝါးပြီး အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်း ခဲ့သလို ရေဘေးကယ်ဆယ်ရေးလုပ်ငန်းမှာ အမျိုးသမီးနဲ့ကလေးငယ်များအတွက် ထည့်သွင်းစဉ်းစားမှုနဲ့ ဦးစား ပေးဆောင်ရွက်မှုများ မရှိဘူးလို့လည်း နန့်မြင့်အောင်က ထပ်လောင်းပြောပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာပါက အမျိုးသမီးများနဲ့ ကလေးသူငယ်များအတွက် အရေး ပေါ်အကူအညီများ ကြိုတင်စဉ်းစားပြီး စီစဉ်ဆောင်ရွက်ပေးမှုတွေ ရှိဖို့လိုတယ်လို့ ကရင်ပြည်နယ်အတွင်း ရေ ဘေးကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောကြပါတယ်။

“ အစိုးရအနေနဲ့ ရေဘေးတွေဖြစ်လာရင် လုပ်ဆောင်ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အားနည်းပါတယ်။ အမျိုး သမီးနဲ့ ကလေးငယ်တွေအတွက် သီးသန့်ဘယ်လိုပြင်ဆင်သင့်သလဲ၊ ဘာတွေဆောင်ရွက်သင့်သလဲဆိုတာကို မသိဘူးလို့ ထင်ပါတယ်” လို့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရေဘေးကယ်ဆယ်ရေးကူညီဆောင်ရွက်နေတဲ့ နန့် နှင်းနှင်းက ဆိုပြန်ပါတယ်။

ဟိတဓရ ဖောင်ဒေးရှင်းမှ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းပုံ (ဓါတ်ပုံ – R Kar Hein)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့တပတ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်(၈)ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့မှာ ရေကြီးမှုဒဏ်ကို အများဆုံးခံစားရပြီး ကယ်ဆယ် ရေးစခန်း စုစုပေါင်း (၃၄၁)ခုဖွင့်လှစ်ခဲ့ရတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ထုတ်ပြန် ချက်အရ သိရပါတယ်။

“ တချို့နေရာတွေဆိုရင် အကူအညီမရောက်တာတွေ ရှိတယ်။ အကူအညီလိုအပ်နေတဲ့နေရာတွေ ကျန်နေသေး တယ်။ သွားရလာရတာခက်တယ်” လိ့ု နန့်နှင်းနှင်းက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ကြောင်းပေါ် ရေကာတာတည်ဆောက်မှု၊ သစ်တောပြုန်းတီးမှု၊ ကျောက်မီး သွေးတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ တနှစ်ထက်တနှစ် ဆိုးရွားလာကာ မိုးရာသီရောက် တိုင်း အခုလို ရေဘေးအန္တရာယ် ကြုံရမှာကို  ဒေသခံများ စိုးရိမ်သောကဖြစ်နေကြပါတယ်။

“ ကျမတို့လှိုင်းဘွဲ့မှာ အဓိက တောင်ကျရေတွေပါ။ သစ်ပင်တွေ၊ သစ်တောတွေ၊ ပြုန်းတီးတော့  တောင်ကျရေက ရုတ်တရက်ဆင်းလာတာ အရမ်းမြန်တယ်။ ဒီမှာက နှစ်စဉ်ရေကြီးပေမယ်။ ဒီလိုရေကြီးတာမျိုး တခါမှ မကြုံဖူးဘူး”  လို့ နန့်နှင်းနှင်းက ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ကြုံလာတဲ့အခါ  ကူညီကယ်ဆယ်သူများအနေနဲ့ အမျိုးသမီးအသုံးအဆောင်များ ထည့် သွင်းထောက်ပံံ့တာရှိပေမယ့် အစိုးရနဲ့ လူမှုအဖွဲ့အစည်းများမှာတော့ ကျား၊မရေးရာအမြင်တွေ အားနည်းနေသေး တယ်လို့ သူကဆက်ပြောပါတယ်။

“ အလှူရှင်တွေအနေနဲ့  ပစ္စည်းတွေလာလှူရင် အမျိုးသမီးလစဉ်သုံးတွေ မမေ့ဖို့ပါပဲ။ ဒါက အရေးကြီးတယ်။ သူ တို့အတွက် အရမ်းလိုအပ်တယ်”

သဘာဝရေဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ဒေသများမှာ အမျိုးသမီးနဲ့ ကလေးငယ်များအတွက် သွားလာမှု၊ နေ ထိုင်မှု၊ အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရတယ်လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအရေးကို ကူညီနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကလည်း ပြောပါတယ်။

“ကျမကတော့ အမျိုးသမီးအတွင်းခံတွေ၊ အမျိုးသမီးလစဉ်သုံးတွေ၊ ကလေးတွေအတွက် လိုအပ်တဲ့ အဝတ်အစား တွေ လှူခဲ့တယ်။ ယောကျ်ားတွေထက် အမျိုးသမီးတွေက သွားလာနေထိုင်ရတာ ခက်ခဲတယ်၊ ပင်ပန်းတယ်၊ အမျိုး သမီး လစဉ်သုံးပစ္စည်းကတော့ တော်တော်လိုအပ်ပါတယ်” လို့ ခိုင်နှင်းဝေက ဆက်ပြောပါတယ်။

ရေဘေးကြုံတွေ့နေရတဲ့ အချို့သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးများဟာ စိတ်ဖိစီးမှုများ ခံစားနေရတဲ့အတွက် သူတို့ ခဏတာပျော်ရွှင်အောင်လည်း သွားရောက်စဉ်မှာ အစီအစဉ်လေးတွေ ပြုလုပ်ပေးသင့်တယ်လို့ ခိုင်နှင်းဝေက အကြံပြုပါတယ်။

“သူတို့အားမငယ်အောင်၊ စိတ်မညစ်အောင် လုပ်ပေးရမယ်။ တချို့အသက်ကြီးသူတွေဆိုရင် ငိုနေကြတာ တွေ့ရ တယ်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြန်လည်ပြောပြခဲ့တာပါ။

ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းစဉ် (ဓါတ်ပုံ – ခိုင်နှင်းေ၀ လူမှုကွန်ယက်စာမျက်နှာ)

အမျိုးသမီးနဲ့ ကလေးသူငယ်များအတွက် ရေဘေးအန္တရာယ်ဖြစ်ပွားတဲ့ ရေကြီးချိန်မှာသာမက ပြန်လည်ထူထောင် ရေးဆောင်ရွက်ချိန်မှာလည်း အထူးထည့်သွင်းစဉ်းစားစရာများ ရှိပါတယ်လို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက် သူများက ပြောလိုက်ပါတယ်။

ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက် (GEN) မှ ၂၀၁၅ ခုနှစ်၊ ရေဘေးအန္တရာယ်နဲ့ပတ်သက်ပြီး “မိုးစက်ငယ် လေးများ” ခေါင်းစဉ်နဲ့ လေ့လာသုံးသပ်မှုစာတမ်းတခုကို ကျား၊မအမြင်ရှုထောင့်မှ သုံးသပ်ရေးသားထုတ်ေ၀ ခဲ့ပါတယ်။

အဲဒီစာတမ်းမှာ  အစိုးရနဲ့ ကယ်ဆယ်ရေးဆိုင်ရာ လူထုဖွံ့ဖြိုးရေးအဖွဲ့အစည်းများဟာ သဘာဝဘေးအန္တရာယ်ဆိုင် ရာ ကြိုတင်ပြင်ဆင်မှုများ၊ အရေးပေါ်တုံ့ပြန်မှုများမှာ ကျားမရေးရာ အမြင်ရှုထောင့်ထည့်သွင်းပါဝင်စေရေး၊ အရေး ပေါ်တုံ့ပြန်မှုများမှာ ကျားမရေးရာ ဘတ်ဂျက်များ ကြိုတင်စီမံထားရှိစေရေး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါ တယ်။

Related Articles