(ကယားအမျိုးသမီးနှင့် ခေါင်ရည်)
ဖူးမော်
“အရင်တုန်းကဆို ကလေးမွေး တဲ့အချိန် ခေါင်ရည်ကိုသောက်ကြတယ် မီးဘေးမှာ ခေါင်အိုးကိုထားထားတယ် ပြီးတော့ နည်းနည်း နည်းနည်းစီ သောက်ကြတယ် အဲလိုသောက်ရင် နို့ရည်ထွက်ကောင်းတယ် လို့ပြောတယ်” ဟု ကယားအမျိုးသမီးကြီး တဦးက ပြောပြသည်။
“အဖွားလည်း ကလေး လေး ငါးယောက်လောက်အထိ အဲလိုဘဲသောက်ဖြစ်တယ် ကလေးမွေးချိန် ဒီလိုသောက်ပြီးတော့ လူက နွေးပြီး ချွေးပြန်လာတယ် နေလို့ကောင်းတယ်“
“တတောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့်ပတ်ခြံရံ တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေ သမို့…“ ဟူသည့် ငယ်စဉ်ကသင်ကြားခဲ့သော ကဗျာလေးကို တောင်တန်းများကြားတွင် ရောက်သည့် အခါ အမှတ်ရမိသည်။
ရူရှိုက်ရသောလေ နှင့် စိမ်းလန်းစိုပြေနေသော သဘာဝပါတ်ဝန်းကျင် ၊ တောင်တန်းကြီးများမှာ စိတ်ကိုလန်းဆန်း ပျော်ရွှင်မှုကို ဖြစ်စေသည်။ တောင်တန်းတလျောက် သစ်ပင်များပေါက်ရောက်နေပြီး မျက်စီတဆုံး စိမ်းလန်း နေသည်။ ထိုစိမ်းလန်းမှု ပျော်ရွှင်ကြည်နှူးမှု နှင့်အတူ တိုးဝှေ့လာသောလေသည် ခန္ခာကိုယ် တွင်းသို့ စိမ့်ဝင်သွားသည်။
ထိုတောင်များကိုကျော်လွန်ပြီးအမြင့်ဆုံးသောတောင်ဖြစ်သော ခိုလီဆို တောင် သို့ရောက်သော်အခါ တဲဇရပ်နေလေးနှင့်အတူ အနီးကုန်းပေါ်တွင် ကျောက်တုံးကြီးကို စနစ်တကျတင်ထားသည် ကိုတွေ့ရသည်။ ထိုကျောက်တုံးကြီးမှာ အခြားမဟုတ် ကယားလူမျိုးများ၏ ဒဏ္ဍာရီတွင် ထင်ရှားခဲ့သော ဒွေးမယ်နော (ကညားမော်) ၏ ထိုင်ခဲ့သော ထိုင်ခုံဖြစ်သည်ဟု ဆိုကြပြီး ထိုနေရာတွင် ကွမ်းယာ၊ ဆေးလိပ် နှင့်ငွေသားများကိုလည်း ပူဇော်ထားကြသည်။ ထိုနေရာမှ အနီးတွင် သမိုင်းတွင် ခဲ့သော ကယားစော်ဘွားများနေထိုင်ခဲ့ကြသည့် ကေးလျား ခေါ် ကြယ်ဖိုးကြီးရွာ သို့ရောက် ရှိခဲ့သည်။
ရွာ၏လမ်းကလေးမှာ ရှင်းနေသည်။ သက်ကယ်များဖြင့် ယက်လုပ်ထားပြီးမိုးထား သောအိမ်ကြီးများ ကိုတွေ့ရသည်။ အိမ်တံခါးများများအားလုံးနီးပါး ပိတ်ထားသည်။ အဘယ်ကြောင့် ဆိုသော် စပါး ရိတ်သိမ်းသည့်ကာလ ဖြစ်သောကြောင့် အားလုံးနီးပါးတောင်ယာခင်းသို့သွားကြသည်။ အိမ်တွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအချို့သာ ကျန်ခဲ့သည်။ မိုးမလင်းခင် ထမင်းစားပြီး၍ တောင်ယာ သို့သွားကာ မိုးချုပ်ခါနီးမှသာလျှင်အိမ်သို့ပြန်ရောက်ကြသည်။ ရွာတွင် ကယားသူမ လေးများ၏ ရိုးသားဖြူစင်သော အလှနှင့် ကြိုဆိုမှုကိုတွေ့ရသည်။ ထိုကဲ့သို့ကြိုဆိုမှုများ ထဲတွင် ချစ်စရာကောင်းသော ရိုးရာဓလေ့တစ်ခုမှာလည်း ခေါင်ရည်ဖြင့် တည့်ခင်း ဧည့်ခံခြင်းပင်ဖြစ်သည်။ စဉ်းအိုးထဲတွင် ထည့်ထားသော ခေါင်ရည်မှာ ပူနေပြီး ပြောင်းကောက်နှင့်ချက်ထားကာ ချိုမြမြနှင့် အမောပြေစေသည်။
ကယားအမျိုးသမီးများနှင့် ခေါင်ရည်မှာ ခွဲခြား၍မရ။ ခေါင်ရည်သည် သူတို့ဘဝဖြစ်သည်။ သူတို့ ဂုဏ်သိက္ခာဖြစ်သည်။ အများအားဖြင့် ကယားပြည်နယ်တွင် ခေါင်ရည်ကို အမျိုးသမီးများက ချက်ကြသည်။
“ခေါင်ဖောက်တဲ့အချိန် ချဉ်သွားရင်လည်း မိတ်ဆွေခေါ်ရင်လည်း အားနာပြီးရှက်တယ် အချို့ဧည့်သည် တွေ ခေါ်လည်ရင် ခေါင်ရည် မပါရင်လည်း ပြောတယ် ချိုတယ်လို့ချီးမွမ်းခံရရင်လည်း ပျော်တယ်စိတ်ကျေနပ်တယ် ပွဲမလာနိုင်တဲ့သူတွေကို တစ်ရွာနဲ့ တစ်ရွာလက်ဆောင် ပါးကြတယ်” ကြယ်ဖိုးကြီးရွာက ကယားအမျိုးသမီးလေးတဦးက ပြောပြသည်။
ရိုးရာခေါင်ရည်ကို စေ့စပ်ပွဲ၊ လက်ထက်ပွဲ၊ အိမ်တက်တက်ပွဲ ၊ အိမ်ဆောက်သည့်အချိန်များအပြင် ရိုးရာ ဒီးကူပွဲ၊ တံခွန်တိုင်ပွဲတော် နှင့် နာရေး စသည့်ပွဲလမ်းသဘင်များတွင် အသုံးပြုသည်။
ထို့ပြင်စပါးပုတ်ခြင်း၊ပြောင်းကောက်သိမ်းချိန်၊စပါးပေါင်းလိုက်ခြင်းနှင့် စပါးကျီးထဲသို့ ထည့်သွင်းခြင်း စသည့်အချိန်များတွင် လည်း အသုံးပြုကြောင်းသိရသည်။
ပွဲလမ်းသဘင်များတွင် ခေါင်ရည်ကို အသုံးပြုသော်လည်း ပြောင်းကောက်များ ပိုလျံသည့်အိမ်တွင်လည်း ညစဉ်တိုင်း သောက်သုံးကြောင်းသိရပါသည်။
“ကျွန်မကတော့ အလုပ် ပင်ပန်းလို့ခေါင်ရည်ကို တောင့်တမိတယ် ညနေစောင်းရောက်ရင် တောင်ယာပြန်လာရင် အရမ်းတောင့်တမီတယ် တစ်ခါတစ်လေ အဆာပြေအနေနဲ့ သောက်တာလည်းရှိတယ် နာရီဝက် တစ်နာရီလောက် ဗိုက်ပြည့်သွားတယ် ခဏနေတော့ ပြန်ဆာတာဘဲ အသက်ကြီးတဲ့သူတွေဟာလည်း နွေးအောင်ခေါင်ရည်သောက်ကြတယ်အချို့ကတော့ အသားအရေလှတယ် လို့လည်းပြောတယ် တစ်ယောက်နဲ့ တစ်ယောက်မတူဘူး တည့်တဲ့လူကလည်း ခွန်အားဖြစ်သွားသလို မတည့်တဲ့သူကလည်း မကောင်းဘူး” ဟု အဒေါ်ဆော်မိုးမှ ပြောပါသည်။
ခေါင်ရည်နှင့်ပါတ်သက်ပြီး ချက်လုပ်ပုံကိုလည်း အချို့မှာ ပြောင်းကောက်ကိုတဆေးမုန့်နဲ့နယ်ပြီး စဉ်းအိုးထဲ တည့်ကာ သုံးလေးရက် အကြာတွင် သောက်သုံးနိုင်သလိုအချို့မှာလည်း ပြောင်းကောက်အစား ကောက်ညှင်း ဆန်နှင့် ဖောက်လုပ်ကြောင်းသိရပါသည်။
“ခေါင်ရည်ကို ဆန်၊ပြောင်းကောက် သို့မဟုတ် ကောက်ညှင်း တွေနဲ့ချက်တယ် ကောက်ညှင်းနဲ့ချက်ရင်တော့ ပိုချိုတာပေါ့ မွှေးလည်းပိုမွှေးတယ် ဥပမာ ဆန်နဲ့ခေါင်ရည် ဖေါက်မယ်ဆိုရင် ဆန်ကိုကောက်ညှင်းနည်းနည်းနဲ့ရောပြီး ထမင်းလိုဘဲချက်ပေါ့ သိပ်လည်းမပြဲစေနဲ့ မှန်မှန်လေး ဘဲပေါ့ ပြီးတော့ ကျက်ပြီဆို အေးအောင် ဖြန့်ထားအေးသွားပြီဆိုတော့ တစေးကို မှုန့်နေအောင် ထောင်းပြီး ဖြူးလိုက်ပေါ့ ရောနယ်လိုက် ပြီးတော့ စဉ်းအိုးထဲကိုဆန်ကွဲ နည်းနည်းထည့်အောက်ခြေမှာ အဲဒါမှမဟုတ်ရင် ခေါင်ကို စုပ်ယူရတာ ခက်တယ် ဆန်ကွဲထည့်ထားပြီးရင် ခဏက နယ်ထားတဲ့ဟာကို စဉ်းအိုးထဲ ထည့်ပြီး အဖုံးလုံအောင် သေချာချည်ထားလိုက်ပေါ့ အရမ်းသောက်ချင်ပြီးဆိုတော့ တစ်ပါတ်လောက်ဆို သောက်ကြည့် ပေါ့ အဲဒါက ကျရေပေါ့ နောက်ရေနွေးနဲ့ ပြန်ထည့်ပြီးသောက်ကြတယ် ကြာကြာထားရင်တော့ပိုချိုတယ် တချို့ကတော့ ၁လ ၂လ ထားကြတယ်“ ဟုဒေါ်သိုးမိုမှ ပြောပါသည်။
တစေးမှုန့်ပေါ်မူတည်လည်း တစေးမှုန့် ကောင်းလျှင်ခေါင်ရည်မှ ချိုပြီး တစေးမှုန့်မကောင်းလျှင်လည်း ခေါင်ရည်မှာ ချဉ်ခြင်း ခါးခြင်းများရှိကြောင်း နှင့်အတူအချို့မှလည်း ခါးသော ချဉ်သော အရသာကိုပိုမိုနှစ်သက်ကြောင်း သိရှိရသည်။
ခေါင်ရည်ကို သောက်သုံးခြင်းအားဖြင့် ခေါင်းကိုက်ခြင်း မူးဝေခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း စသည့် ခံစားမှုများ ရှိသလို အချို့မှာလည်းပင်ပန်းသည့်အခါ ခွန်အားပြည့်သည်ဟုယူဆကာ သောက်သုံးကြသည်။
အမျိုးသမီးများ အတွက် ရာသီသွေးဆင်းချိန်တွင် သောက်သုံးခြင်းအားဖြင့် သွေးသားများပူနွေးလာပြီး ကျန်းမာရေးအတွက် ကောင်းသည်ဟု အချို့က ခံယူကြပါသည်။ အချို့မှာ မိခင်ဖခင်များ ယခင်ကတည်းကပင် ဓလေ့အရ သောက်လာ သည့်အခါ သောက်သုံးတတ်လာကြောင်း သိရပါသည်။
ထိုနောက်ဆရာမတစ်ဦးကတော့ “မူးခိုင်း မကောင်းခိုင်းစေချင်လို့ တိုက်တာမဟုတ်ဘူး ဒါပေမဲ့ အရမ်းအများကြီးသောက်ပြီး အားမနီုင်တော့ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ပေါ့ အချို့က အိမ်မှာ ပြသသနာ ရှာနိုင်တယ် လွန်ကျုးစွာသောက်သုံးခြင်းအားဖြင့် အခြား ဆိုကျိုးတွေလည်း အများကြီးရှိနိုင်တယ် ငယ်ရွယ် အချိန်မှာ အများကြီးသောက်တော့ ဉာဏ်ရည်ထုံထှိုင်းနိုင်တယ်” ဟု ပြောပါသည်။” ဆရာမကပဲဆက်ပြီး “ဆင်ဆင် ခြင်ခြင်သောက်သုံးဖို့လို့တယ်ပေါ့ အချို့ က ဒီမှာနေပြီး ဒါလေးတောင် မသောက်နိုင်ဘူးလားလို့ ပြောတာတွေ လည်းရှိတယ်ပေါ့ ဒါပေမဲ့ ရိုးရာအရ ဆက်လက်ထိန်းသိမ်းဖို့လိုအပ် သလို ဆင်ဆင်ခြင်ခြင် သောက်သုံးဖို့ လည်းလိုအပ်တယ် ခေါင်သောက်တာများသွားတော့ ထမင်းစားတာနည်းသွားတယ် အဲဒါတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်” ဟု သူမမှ ဆက်လက်ပြောကြားသွားပါသည်။
ဆက်လက်၍အမျိုးသမီးနှင့်ရိုးရာခေါင်ရည် သောက်သုံးခြင်းအားဖြင့်လည်း “အရင်တုန်းကဆို ကလေးမွေး တဲ့အချိန်ဆို ခေါင်ရည်ကိုသောက်ကြတယ် မီးဘေးမှာ ခေါင်အိုးကိုထားထားတယ် ပြီးတော့ နည်းနည်း နည်းနည်းစီ သောက်ကြတယ် အဲလိုသောက်ရင် နို့ရည်ထွက်ကောင်းတယ် လို့ပြောတယ် အဖွားလည်း ကလေး လေး ငါးယောက်လောက်အထိ အဲလိုဘဲသောက်ဖြစ်တယ် ကလေးမွေးချိန် ဒီလိုသောက်ပြီးတော့ လူက နွေးပြီး ချွေးပြန်လာတယ် နေလို့ကောင်းတယ်“ ဟုသူမမှပြောသည်။
ကယားလူမျိုးများတွင် သက်ကြီးရွယ်အိုးများ အများစုမှ ခေါင်သောက်လိုက်ခြင်းဖြင့် ဆေးထိုးစရာ မလိုတော့ဘူး ဟုယူဆကြပြီး အချို့သက်ကြီးရွယ်အိုများမှာ အားဆေးသဖွယ် မနက် ည သောက်သုံးကြသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021