ကျွန်မ စစ်တပ်ထဲမဝင်ခင်ကတည်းက စဉ်းစားပြီးတော့ အဲဒီဒဏ်ကိုခံနိုင်မယ်ဆိုပြီးတော့ ဆုံးဖြက်ချက်အပြည့်နဲ့ စစ်တပ်ထဲကို ဝင်ခဲ့တာပါ။
ကျွန်မအနေနဲ့ပြောရမယ်ဆိုရင်တော့ ရှေ့တန်းထဲမှာ စစ်ကို တိုက်ချင်ပါတယ်။
Cherry။
နံနက်ခင်းတစ်ခုမှာ ကချင်ပြည်နယ် လိုင်ဇာမြို့ မန်ဆန်ယန်ရွာက (KIA) စစ်သင်တန်းကျောင်းမှာ စစ်ရေးလေ့ကျင့်နေတဲ့အသံတွေကို ကြားနေရပါတယ်။ စစ်ရေးလေ့ကျင့်တယ်ဆိုပေမယ့် ယောက်ျားတွေ မဟုတ်ပါဘူး။ ငယ်ငယ်ရွယ်ရွယ် စစ်သမီးတွေ လေ့ကျင့်နေတဲ့ အသံတွေပါ။ ပုခက်လွဲသော လက်တွေက ကမ္ဘာကိုအုပ်စိုးရမယ်ဆိုတဲ့ ဆိုစကားအတိုင်း နုနယ်တဲ့ နှလုံးသားပိုင်ရှင် စစ်သမီးတွေ သေနတ်ကိုင်ပြီး ယုံကြည်ရာတိုက်ပွဲဝင်ဖို့ လေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။
အယောက် ( ၁၅၀) ကျော်ရှိတဲ့အထဲကမှ အသက် ၂၂နှစ်အရွယ် ကချင်စစ်သမီးလေးတစ်ယောက်ကို Honest Informaiton အဖွဲ့ရဲ့ သတင်းထောက် Anna က မေးမြန်းထားပါတယ်။
သူက သူ့ရဲ့ တနေ့တာ လှုပ်ရှားမှုတွေကို အခုလို စပြောပြပါတယ်။
ကျွန်မတို့က မနက်စောစော နာရီနိုးစက်သံမြည်တာနဲ့ မနက် (၄း၃၀) ထပြီးတော့မှ အခုလိုစစ်ရေးဝတ်စုံအပြည့်ဝတ်ပြီးတော့မှ လေ့ကျင့်ခန်းတွေလုပ်ရတယ် ပြန်လာပြီးရင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန်းရှင်းရေးပြီးတာနဲ့ အလံတော်ရှေ့မှာ ကတိသစ္စာဝန်ခံတာတွေလုပ်ပြီးမှ ကွင်းထဲမှာ ပြန်ဆင်းတာပေါ့။ ည(၉)နာရီအထိ ကျွန်မတို့က လုပ်ရှားမှုအပြည့်လုပ်ရတာပေါ့။ ထမင်းစားချိန်က မနက်(၈)နာရီ ညနေ (၃)နာရီ။၊
ကျွန်မတို့က ကျောင်းတွေဘာတွေလည်း အရမ်းတက်ချင်တာလေ။ သူများတွေလည်း အရမ်းတက်ချင်နေတဲ့ဟာတွေ မတက်ရဘဲနဲ့ နေနေတာကိုတွေ့ရတယ်နော်။ လူငယ်တွေ ကျောင်းမပြီးဘဲနဲ့ ၈တန်း ၉တန်းနဲ့ သူတို့ရဲ့အနာဂတ်ပျောက်ဆုံးပြီးမှ နေနေတာကို ကျွန်မအနေနဲ့သူတို့ကိုကူညီနိုင်မလား ဆိုပြီးတော့မှ ကြိုးစားမယ် ဆိုပြီး စစ်တပ်ထဲကိုဝင်ခဲ့တာပါ။
မေး – ကေအိုင်အေ စစ်တပ်ထဲကို ဘာလို့ ဝင်ခဲ့တာလဲ။
ဖြေ – အဓိကကတော့ လူငယ်တွေ အနာဂတ်ပျောက်ဆုံးနေကြလို့။ အဲတာတွေက ကျွန်မအနေနဲ့စဉ်းစားရင်တော့ ဆင်းရဲတာတွေ ဒုက္ခရောက်တာ အများကြီး တွေ့တယ်လေနော် မိဘတွေလည်း ဆင်းရဲလို့လည်း ဖြစ်မယ်။ သူတို့အနေနဲ့လည်း ကြိုးစားချင်စိတ်တွေ အများကြီးရှိပေမယ့် ဘာဘဲဖြစ်ဖြစ် ကျွန်မအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အစိုးရအနေနဲ့ လုံလုံလောက်လောက် မထောက်ပံ့နိုင်ဘူးလို့ ထင်တယ်လေနော်။ အဲလိုမျိုးခံစားမိတာ။
တပ်ထဲဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့နိုင်ငံတော်အတွက်လည်း လိုအပ်မယ်ထင်လို့လေနော်။ အခုက ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ချင်တဲ့လူတွေလည်း နည်းတယ် ပညာတက်ပြီး ဘွဲ့ဲရပြီဆိုပြီးမှလည်း ကိုယ့်ရဲ့ဘဝကို နိုင်ငံတော်အတွက် မပေးဆပ်ချင်တဲ့လူလည်း များတာပေါ့နော်။ ဒါပေမယ့် ကျွန်မအနေနဲ့ စဉ်းစားရင်တော့ အဲဒါတွေက မဖြစ်သင့်ဘူးပေါ့နော်။ ခဏလေးဘဲဖြစ်ဖြစ်၊ တစ်လလောက်ဘဲဖြစ်ဖြစ်၊ တစ်နှစ်ဘဲဖြစ်ဖြစ် ဒီနိုင်ငံရေးကို ကိုယ်တက်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်သွားရင်ကောင်းမယ် ဆိုပြီး ရည်ရွယ်ချက်နဲ့ တပ်ထဲကိုဝင်ခဲ့တယ်။
ကျွန်မအနေနဲ့တော့ အဖက်ဖက်ကနေ ကူညီပေးရရင်ပြီးရော ဟိုရာထူး ဒီရာထူးဆိုတာတွေ ကျွန်မအတွက် လိုအပ်မယ်လို့မထင်ဘူး။ မက်လည်းမမက်မောဘူး။ ဘာဘဲဖြစ်ဖြစ် လိုအပ်တဲ့နေရာမှာ ထောင့်စေ့အောင် ကူညီမယ့် ရည်ရွယ်ချက်ဘဲရှိပါတယ်။
မေး- စစ်တပ်ထဲရောက်တော့ ပျော်စရာ အချိန်တွေ၊ ခက်ခဲတဲ့ အချိန်တွေ ကြုံရတာလေးတွေ ရှိသလား။
ဖြေ- ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့အမှားတွေအတွက် ဒဏ်ပေးအချိန်မှာပေါ့နော် (ရယ်လျက်) အဲဒီအချိန်မှာ အပျာ်ဆုံးလို့တွေးမိတယ်။ တကယ်ဘဲ ဒဏ်ပေးတယ်ဆိုတာကတော့ အများပိုင်းကတော့ ဒိုက်ထိုးပေါ့။ ဒိုက်ထိုးတို့ ဖားခုံခုံတာတို့ပေါ့နော်။ အဲလိုမျိုးအခြေအနေရှိတယ် အဲဒီလိုမျိုးဆိုတဲ့အခါကျတော့ ကိုယ့်ရဲ့အမှားကို ထောက်ပြတဲ့အနေနဲ့ သူတို့က ဒဏ်ပေးတာပေါ့နော်။ အဲဒီလိုမျိုးအချိန်ကို တကယ်ဘဲပျော်ရွင်မှုအပြည့်ခံစားရတယ် (ရယ်လျက်)
အခက်ခဲဆိုတာကတော မရှိဘူးလို့ပြောရမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ခံပညာတွေပေါ့နော်။ စိတ်ပိုင်းဆိုင်ရာတွေကိုဘဲ သင်ပေးတဲ့အခါကျတော့ အရမ်းကြီး ဝန်ထုပ်ဝန်ပိုးကြီးလည်း မဖြစ်ဘူး။ ကိုယ်တတ်နိုင်သလောက်ဘဲ လေ့ကျင့်ပေးတဲ့ အခါကျတော့ ကျွန်မအနေနဲ့ အခက်ခဲတော့မရှိဘူး။ စိတ်ညစ်စရာတွေဆိုတာ ရှိတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေးမှာ လုပ်ချင်လို့ လုပ်တာတွေရှိတယ်၊ မလုပ်ချင်ဘဲနဲ့ လုပ်တာလည်းရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်မအနေနဲ့ အဲဒီဟာတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်။
မေး – မိန်းကလေးတစ်ယောက်အနေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ရမှာတွေကော ကြိုတွက်ဆထားတာမျိုး ရှိလား။
ဖြေ – စဉ်းစားမိပါတယ် အဲဒီအကြောင်းအရာတွေကို။ ကျွန်မ စစ်တပ်ထဲမဝင်ခင်ကတည်းက စဉ်းစားပြီးတော့ အဲဒီဒဏ်ကိုခံနိုင်မယ်ဆိုပြီးတော့ ဆုံးဖြက်ချက်အပြည့်နဲ့ စစ်တပ်ထဲကို ဝင်ခဲ့တာပါ။ ကျွန်မအနေနဲ့ပြောရမယ်ဆိုရင်တော့ ရှေ့တန်းထဲမှာ စစ်ကို တိုက်ချင်ပါတယ်။ အပြည့်အဝပါဘဲ။ နိုင်ငံရေးနဲ့ လူမျိုးအတွက် အသက်သေသွားမယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။ အဖေအမေတွေ အတွက် နိုင်ငံတော်နဲ့ လူမျိုးအတွက် ကျေးဇူးဆပ်ရာရောက်တယ်။ ကျွန်မ ဆပ်ချင်မိပါတယ်။ တကယ်ကို အရမ်းကို ဂုဏ်ယူပါတယ်။ ကိုယ်ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်းလည်း လုပ်ဆောင်စရာတွေ အများကြီးတွေးမိပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက အခု လက်ရှိအခြေအနေမှာ ကျွန်မအတွက် မလိုအပ်သေးဘူးလို ခံယူတယ်။ အဲဒီအတွက်ကြောင့် (KIO) စစ်တပ်ထဲကို အရင်ဦးဆုံး ကျွန်မအနေနဲ့ ဇောက်ချဝင်ခဲ့တာပါ၊၊
မေး – အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ ထင်သလား။ တကယ်လို့များ သေနတ်သံတွေ တိတ်သွားခဲ့ရင်ကော။ဖြေ – ဟာ….. အများကြီးပြောင်းလဲနိုင်မယ်လိုမျှော်လင့်ပါတယ်။ ကချင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ပြီးရင်း ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံသားအားလုံးအတွက်လည်း အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးရရင် အိမ်ကိုအရင်ပြန်မှာပေါ့ အိမ်မှာရှိတဲ့အဖေနဲ့အမေကို လွမ်းတယ်။ အဲဒီအတွက် စဉ်းစားတာတော့ ရှိတာပေါ့နော်၊ တကယ်လို့ အေးချမ်းသွားမယ်ဆိုရင်တော့ နိုင်ငံရေးမလုပ်တော့ဘဲနဲ့ စီးပွားရေးတွေ ဘာတွေဘဲ ဇောက်ချလုပ်သွားတော့မယ်လို့ စဉ်းစားထားပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021