Home ဆောင်းပါး စစ်ကောင်စီဖိအားများအောက်က CDMဝန်ထမ်းများ

စစ်ကောင်စီဖိအားများအောက်က CDMဝန်ထမ်းများ

Honest Information (HI)။ ။

စစ်တပ်က မတရားတဲ့နည်းနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူထားတာ ၅ လတာရှိပေမယ့် စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေတဲ့ ဆန္ဒပြပွဲတွေက ယနေ့ထိတိုင်အောင် အရှိန်ကောင်းနေဆဲပါ။

အကြမ်းဖက်စစ်တပ်ကလည်း သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ရန်သူသဖွယ်သဘောထားပြီး ကုန်လမ်း ရေလမ်းတွေ ပိတ်ဆို့ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ချေမှုန်းတဲ့အထိ ကြမ်းကြုတ်ရက်စက်လာပါတယ်။

ပြည်သူတွေကလည်း စစ်တပ်ရဲ့ပစ်ခတ်မှုတွေကို ပြန်လည်ခုခံဖို့အတွက် လွတ်မြောက်နယ်မြေတွေသွားကာ စစ် သင်တန်းသင်ယူကြသလို တဖက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်မှုတွေ သွေးအေးမသွားစေဖို့ ပြောက်ကြား သပိတ်တွေနဲ့ အရှိန်မြှင့်လှုပ်ရှားကြတယ်။

အဲ့ဒီလိုအချိန်မှာ စစ်တပ်ဟာ သူတို့ရဲ့အုပ်ချုပ်မှုအာဏာပြနိုင်ဖို့ ပထမဆုံး ကျောင်းတွေ ဖွင့်နိုင်အောင် အတင်း အကျပ်စီစဉ်လာပြီး ဆရာ၊ ဆရာမတွေကို လစာပေး၊ သင်တန်းတက်ခိုင်းကာ အလုပ်ပြန်ဆင်းစေခဲ့တယ်။

သို့ပေမယ့် အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM )လုပ်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ပြတ်သားတဲ့ စိတ်ဓါတ်ကြောင့် ခြိမ်းခြောက်ခံကျောင်းဆရာမအနည်းငယ်သာ အလုပ်ပြန်ဝင်ကြတယ်။

စစ်တပ်ဟာ ကျောင်းဆရာမတွေကို အနုနည်းနဲ့ ဆွဲခေါ်လို့မရတဲ့အခါ အကျပ်ကိုင်တဲ့နည်းနဲ့ ခေါ်ယူပြန်တယ်။ ကိုဗစ်ကာလက NLD အစိုးရမှထုတ်ချေးထားတဲ့ ၂ လ စာချေးငွေ ပြန်လည်တောင်းခံခဲ့ပြီး မဆပ်နိုင်ပါက အယူခံ ဝင်လို့ရပေမယ့် ငွေပြန်မဆပ်ရင်တော့ ဥပဒေနဲ့အညီ တရားစွဲဆိုမယ်လို့ ဇွန်လ ၈ ရက်က စာပို့ခြိမ်းခြောက်လာ ပါတယ်။

ဆရာမတယောက်အယူခံဝင်မယ်ဆိုရင် သူဟာ အလုပ်ပြန်ဆင်းရမှာဖြစ်ပြီး CDMမှာ မပါဖို့လည်း ဝန်ခံကတိ လက်မှတ်ထိုးရမှာပါ။ အဲ့လိုလက်မှတ်ထိုးလိုက်တဲ့ ဆရာမတွေဟာ ချေးငွေ ၂ လစာပြန်ဆပ်ဖို့မလိုတဲ့အပြင် လစာလည်းရမှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ အထက်တန်းကျောင်းတခုမှာ စာသင်လုပ်သက် ၃ နှစ်ရှိပြီဖြစ် တဲ့အလယ်တန်းပြ ဆရာမ ဒေါ်ရီကတော့“ကျမကတော့ ပြည်သူရွေးကောက်ခံ အစိုးရမတက်မချင်း ပြန်ဆပ်မှာ မဟုတ်ဘူး။ သူတို့မှာတောင်းပိုင်ခွင့်လည်း မရှိဘူး။ သူတို့အမိန့်နဲ့ ဘာခိုင်းခိုင်း ကျမတို့ ဘာမှမလုပ်ဘူး”လို့ ပြတ်သားစွာ ပြောပါတယ်။

စစ်တပ်ကို မကြိုက်လို့၊ စစ်တပ်လက်အောက်မှာ မလုပ်ချင်တာတခုနဲ့ သူ့အလုပ်ကိုစွန့်ကာ CDMလုပ်ခဲ့တဲ့ ဆရာမဒေါ်ရီအနေနဲ့ကတော့ သူ့ကို ဘယ်လိုပဲအရေးယူယူ၊ အပြစ်ပေးပေး အာဏာသိမ်းစစ်တပ်ရဲ့ခိုင်းစေမှု အပေါ် ဘာမှလုပ်မပေးဖို့ ဆုံးဖြတ်ထားသူပါ။

ဒါပေမယ့် ကျောင်းဆရာမဘဝကို နှစ်သက်လို့ ခက်ခက်ခဲခဲရယူထားတဲ့ အလုပ်ဖြစ်တာကြောင့် ယခုလိုအလုပ်ကို စွန့်လွှတ်လိုက်ရတဲ့အတွက် နှမြောတသဖြစ်ပေမယ့် တနေ့တော့ သူ့နေရာသူပြန်ရောက်မယ်ဆိုတဲ့ ယုံကြည် ချက်ရှိတာကြောင့် သူစိတ်မကောင်းမဖြစ်ဘူးလို့ ဆိုပါတယ်။

အလယ်တန်းပြလစာလေးနဲ့ တကိုယ်ထဲလည်းဖြစ်၊ ပြေလည်တဲ့ မိသားစုအသိုင်းအဝိုင်းရှိတဲ့အတွက် အလုပ်မ ရှိတော့ပေမယ့် မိဘမောင်ဖွားတွေက ကျွေးမွေးထားနိုင်တဲ့အတွက် သူများCDMသမားတွေလို အခက်အခဲမရှိ ခဲ့ပါဘူး။

လစာအပေါ်မှီခိုနေရတဲ့ CDMလုပ်ထားတဲ့ ကျောင်းဆရာမအများစုကတော့ မိသားစုစားဝတ်နေရေး ရုတ်တရက် ခက်ခဲသွားရပေမယ့် ဂုဏ်သိက္ခာအရ ရရာအလုပ်ကို စွန့်စားလုပ်ကိုင်တတ်တာကြောင့် အဆင်ပြေသူတွေလည်း ရှိနေပါပြီ။

အာဏာသိမ်းစစ်တပ်က CDMလုပ်တဲ့ ဆရာမတချို့ကို လစာအလွှဲသုံးစားလုပ်တယ်လို့ စွပ်စွဲသလို တချို့ကို တော့ မိသားစုနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တွေလုပ်တာကြောင့် အလုပ်ပြန်ဆင်းသွားသူတွေလည်း ရှိပါတယ်။

အမှန်က ကျောင်းဆရာမတွေအနေနဲ့ CDM လုပ်နိုင်ဖို့ဆို တခြားဝန်ထမ်းတွေထက် များစွာ စွန့်စားရပါတယ်။ ဘာလို့ဆို သူတို့မှာ တခြားဝန်ထမ်းတွေလို လုပ်သက်ခွင့်မရှိဘဲ တနှစ်ပတ်လုံး ကျောင်းလာကြရလို့ ဖြစ်တယ်။

ဆရာမဒေါ်ရီဆိုရင် ကိုဗစ်ကတည်းက ကျောင်းတွေပိတ်ထားပေမယ့် တာဝန်အရ ကျောင်းမှာရှိနေရတဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းလိုက်တော့ သူက ကျောင်းမှာအလုပ်လုပ်နေတာပါ။

စစ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့မှာ ဆရာမဒေါ်ရီက CDMလုပ်မယ်ဆုံးဖြတ်ချက်နဲ့ ကျောင်းမသွားတော့ဘဲ အိမ်မှာပြန်နေခဲ့တာကြောင့် ကျောင်းလာမတက်လို့ အလုပ်နဲ့ကင်းကွာတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်က သူ့ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

“အမှန်တကယ်က ဒါသူတို့ပေးထားတဲ့ ပိုက်ဆံလည်း မဟုတ်ဘူး။ ကျမတို့က ဝန်ထမ်းမို့လိုရတာလေ။ ကျမတို့ ဝန်ထမ်းအဖြစ်ရှိနေသေးရင်တော့ ပြန်ဆပ်ရမှာပေါ့။ အခုသူတို့က ကျမတို့ကို ထုတ်ပစ်လိုက်တယ်”လို့ ဆရာမ ဒေါ်ရီက ရှင်းပြပါတယ်။

ဆိုလိုတာက ရွေးကောက်ခံအစိုးရသာ ဆက်အုပ်ချုပ်နေရင် ဝန်ထမ်းတွေအားလုံး အလုပ်ပြန်လုပ်ကြမှာဖြစ်တဲ့ အတွက် အခွန်ငွေရနိုင်တာကြောင့် ပြည်သူ့အခွန်တွေကနေ လစာရနေတဲ့ သူ့အတွက်တော့ ဒီချေးငွေကို မဖြစ်မနေပြန်ဆပ်ရမယ့် တာဝန်ရှိပါတယ်။

ဒါပေမယ့် အခုအာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ခံအစိုးရမဟုတ်သလို သူအပါအဝင် CDM လုပ်တဲ့ ဝန်ထမ်း အများစုက လစာတွေမရကြတဲ့အတွက် ဒီချေးငွေဟာ ပြန်ဆပ်ဖို့ မလိုဘူးလို့ ဆရာမဒေါ်ရီက ယူဆထားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီလိုအကြွေးပြန်မဆပ်တဲ့အတွက် အာဏာသိမ်းစစ်တပ်က ဘယ်လိုဥပဒေနဲ့ အရေးယူမယ်ဆိုတာ အတိအကျမပြောနိုင်ပေမယ့် သူတို့ကျောင်းဆရာ၊ဆရာမ စည်းကမ်းအရတော့ အမြင့်ဆုံးဖြစ်တဲ့ ဘာဝန်ထမ်းမှ လုပ်လို့ မရတဲ့အမည်ပျက်စာရင်း(dismissal)သွင်းခံရနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်၊‌ကောလိပ်ကျောင်းပေါင်း ၁၃၄ ကျောင်းမှ အဆင့်မြင့် ဆရာဆရာမပေါင်း ပျှမ်းမျှ ၁၉,၀၀၀ ကျော်နဲ့ အခြေခံပညာဆရာ၊ဆရာမပေါင်း ပျှမ်းမျှ တသိန်းကျော်က CDM ဝင်နေတယ်လို့ မဇ္ဇိုမသတင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရာထူးမှ ထုတ်ပယ်ထားတဲ့ CDM ကျောင်းဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပုဂ္ဂလိကကျောင်းတို့၊ ဆေးရုံဆေးခန်းတွေမှာ အလုပ်ခန့်ထားတာတွေ့လို့ရှိရင် အလုပ်တွေ ပိတ်သိမ်းမယ်လို့ လည်း ခြိမ်းခြောက်ထားပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်ရှိကိုဗစ်အရှိန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အလားတူ ချေးငွေတွေ၊ လုပ်သက်စာချုပ်လျော်ကြေးတွေကို နှစ်ပတ်အတွင်းပေးသွင်းရမယ်လို့ ဇွန် ၈ ရက်က သတိပေးစာပို့ခဲ့ပါတယ်။

အကယ်၍ ပေးသွင်းဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့အညီ တရာစွဲဆိုသွားမယ်လို့ ကြေညာထားပြီး CDM လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ယာက ဆင်းခိုင်း ခဲ့ပါတယ်။

ပဲခူးတိုင်းရှိ အစိုးရဆေးရုံတခုကနေ CDMလုပ်နေတဲ့ သူနာပြုမလေး နော်ဖော့က“ကျမကတော့ လျော်ကြေးကို ရွေးကောက်ခံအစိုးရပြန်လာမှပဲ စဉ်းစားတော့မယ်။ အဲ့အတွက် စစ်တပ်က လုပ်ချင်သလိုလုပ်ပါတယ်။ မဟုတ် လည်း လူသတ်နေတာပဲဆိုတော့ ထူးပြီးကြောက်မနေဘူး”လို့ ပြောပါတယ်။

လုပ်သက်စာချုပ်အရ သိန်းတရာလျော်ကြေးပေးရမှာဖြစ်တဲ့ သူနာပြုမလေးနော်ဖော့က ဒီလျော်ကြေးက စည်း ကမ်းဖောက်ဖျက်မှ ပေးရတာမို့ သူ့အနေနဲ့ စည်းကမ်းဖောက်ဖျက်ထားတာတခုမှ မရှိတဲ့အတွက် လျော်ကြေး ငွေမပေးနိုင်ပါဘူးလို့ ပြတ်ပြတ်သားသားငြင်းဆိုပါတယ်။

ချေးငွေပြန်ဆပ်ဖို့ကလည်း သူကိုယ်တိုင်က လက်ရှိမှာဝန်ထမ်းမဟုတ်တော့လို့ ပြန်ဆပ်မှာမဟုတ်ဘဲ စစ်အုပ် ချုပ်ရေးကာလမှာ စစ်တပ်ရဲ့စေခိုင်းမှုမှန်သမျှကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့လည်း ကြိမ်းဝါးထားပါတယ်။

သူဒီလိုငြင်းဆိုလိုက်တဲ့အတွက် ဆေးကုသခွင့်လိုင်စင်ပြန်သိမ်းသွားနိုင်ပေမယ့် ဒါကို သူ့အနေနဲ့စိုးရိမ်ကြောင့်ကြ မနေပါဘူး။ အကြောင်းကတော့ လက်ရှိမှာလည်း သူ့ကိုဖမ်းဝရမ်းထုတ်ကာ စစ်တပ်က လိုက်လံဖမ်းဆီးနေတာ ကြောင့် ဖြစ်ပါတယ်။

သူနာပြုမလေး နော်ဖော့ဟာ ယခင်ကတည်းက သူငယ်ချင်းမိတ်ဆွေ ဆရာဝန်၊ ဆရာမတွေပေါင်းပြီး ၃ လ တကြိမ် ဒါမှမဟုတ် ၆ လ တကြိမ် ဝေးလံခေါင်သီတဲ့ နယ်မြို့တွေဆင်းကာ ပရဟိတကျန်းမာရေးကူညီမှုပေး နေတဲ့ သူနာပြုဆရာမလေး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ CDM ဝန်ထမ်းတွေအနေနဲ့ CDM မလုပ်တော့ရင် ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားပေးဖို့ မလိုတဲ့အပြင် ဆေးရုံမှာတာဝန်ပြန်လည်ထမ်းဆောင်လိုသူတွေကို အရေးယူမှာ မဟုတ်ဘူးလို့ စည်းရုံး သိမ်းသွင်းခဲ့ပါသေးတယ်။

အဲ့ဒီလိုစည်းရုံးနေတဲ့ကြားကပဲ ပြီးခဲ့တဲ့ မေလ ၂၄ ရက်က CDMမှာပါတဲ့ ကျန်းမာရေးဝန်ထမ်း ဆယ်ယောက်နဲ့ ပညာရေးဝန်ထမ်း ဆယ်ယောက် စုစုပေါင်းအယောက် ၂၀ ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခဲ့ပါတယ်။

ဒီချေးငွေဟာ NLDအစိုးရက ကိုဗစ်ကာလအတွင်းမှာ ဝန်ထမ်းတွေ တစုံတရာအခက်အခဲမရှိစေဖို့ ရည်ရွယ်ကာ ဝန်ထမ်းအားလုံးကို ၂ လအတိုးမဲ့ ချေးငွေပေးခဲ့တာဖြစ်ပြီး ဒီငွေကို မတ်လကစလို့ တနှစ်အတွင်း လစာနဲ့ အချိုးကျ ပြန်ဆပ်ရမှာပါ။

NLDအစိုးရချေးငွေထုတ်ပေးစဉ်က ဝန်ထမ်းအားလုံးကို ထုတ်ပေးခဲ့ရတာဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်က CDMလုပ်တဲ့ဝန်ထမ်းတွေနဲ့ အလုပ်ထုတ်ပယ်ထားတဲ့သူတွေကိုသာ ပြန်တောင်းတာဖြစ်တဲ့အတွက် သူတို့ အားလုံးကတော့ ဆန်ပြုတ်ပြုတ်သောက်စရာမရှိတော့အထိ တောင့်ခံသွားကြဖို့ ဆုံးဖြတ်ထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏကလည်း CDM ဝန်ထမ်းတွေအနေနဲ့ ၂ လစာ ချေးယူငွေနဲ့ လုပ်သက်စာချုပ်လျော်ကြေးတွေကို ပေးလျော်ဖို့ မလိုအပ်ပါလို့ ထုတ်ပြန်ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဆရာမလေးနော်ဖော့ကတော့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ချေးငွေတွေနဲ့ သူ့သဘောထားကို အခုလိုပဲ ပြတ်သားစွာပြောလိုက်ပါတယ်။

“လစာက အရင်ကတည်းက မပို့နိုင်တာ အခုမပို့လည်း ဘာမှမဖြစ်ဘူး။ လိုင်းခန်းက ဆင်းပေး ဆိုရအောင်ကလည်း ပြေးနေရသူဆိုတော့ ဆင်းတယ်လေ။ တရားစွဲမယ်ဆိုလည်း စွဲပေါ့။ သူတို့ခြိမ်းခြောက်တာမကြောက်လို့လည်း တော်လှန်နေတာ။ ငတ်ငတ်သေသေ ဆက်တိုက်မှာပဲ”

Related Articles