Home ဆောင်းပါး မိခင်တွေကို စိန်ခေါ်နေတဲ့ ကြံစိုက်ပျိုးရေး

မိခင်တွေကို စိန်ခေါ်နေတဲ့ ကြံစိုက်ပျိုးရေး

ကချင်မလေး။

IMG_0281

မိုးသားဖွေးဖွေးတွေကကောင်းကင်ပြာကြီးကိုဖုံးလျက်ရှိနေသဖြင့်ရာသီဥတုကမပူ-မအေးနဲ့အင်မတန်မှနေလို့ကောင်းတဲ့နေ့ဖြစ်တယ်။တောင်တွေနဲ့ပတ်ပတ်လည်ဝိုင်းရံပြီး အနည်းငယ်သာကျယ်ပြန့်တဲ့မြေပြန့်လေးမှာတော့ တိုက်ကြီး၊ တိုက်ငယ်တွေက နေရာယူထားတာကို တွေ့ရပါတယ်။

ဒါကတော့ ကချင်ပြည်နယ် တောင်ပိုင်း တရုတ်နယ်စပ်က မိုင်ဂျာယန်မြို့လေးပဲဖြစ်ပါတယ်။

အဲဒီမြို့လေးမှာ ထူးခြားတာတော့ မြို့ပတ်ပတ်လည်တွေမှာ တသီးစားစိုက်ပျိုးရေးစနစ်ဖြစ်တဲ့ကြံခင်းကြီးတွေကို မျက်စိတဆုံးတွေ့ရတာပါပဲ။

ကြံခင်းတွေအဆုံးမှာတော့ တရုတ်ပြည်ကြီး ရှိပါတယ်။နယ်ခြားစည်းရယ်လို့ သီးသီးသန့်သန့်မတွေ့ရပဲ ကြံခင်းဆုံးလျင်တရုတ်ပြည်” ဟုပင်ခေါ်လို့ရနိုင်ပါတယ်။

၂၀၀၆လောက်ကတည်းက ကြံကို အခုလိုကျယ်ကျယ်ပြန့်ပြန့်စိုက်လာကြတာပါလို့ မိုင်ဂျာယန်ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်ဘောမ်ဆော့န်ကပြောပါတယ်။

သူမတို့မိသားစုဟာလည်း ကြံကိုစပြီးစိုက်လာတာဟာ ၄နှစ်လောက်ရှိလာပြီး ကြံခင်းက ပိုက်ဆံအလုံးအရင်းဝင်တော့ကလေးတွေကျောင်းစားရိတ်၊ အိမ်ကလိုအပ်တဲ့ပစ္စည်းတွေကအစ ဝယ်နိုင်တယ်” လို့သူကပြောပါတယ်။

သူတို့မိသားစုဟာ ယခင်လယ်နှင့် တောင်ယာလုပ်ချိန်တွင် တစ်နှစ်ပတ်လုံးအတွက် မိသားစုစားဖို့ ဆန်ဖူလုံခဲ့ပြီး ငရုတ်၊ သခွား၊ ဖရုံ နှင့် ဟင်းသီးဟင်းရွက်များပင် တောင်ယာက ရရှိခဲ့တယ်လို့ ပြောပြတယ်။

တောင်ယာခြံ၊မြေ၊ လယ်ကအစ ဆန်၊ဟင်းသီး၊ ဟင်းရွက်တွေအစား ကြံခင်းတွေသာ နေရာယူလိုက်တဲ့ အခါမှာတော့ အခြေအနေတွေ ပြောင်းသွားတယ်လို့ သူက ပြောပြပါတယ်။

နေ့တိုင်းချက်ပြုတ်စားသောက်ဖို့အတွက် တရုတ်ဘက်ကလာတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲအားကိုးနေရတယ်

အခု စစ်ဖြစ်နေချိန်ဆို လွယ်ဂျယ်ခေါ် မြန်မာနယ်စပ်ဂိတ်တွေကတဆင့် သွင်းတဲ့ ဆန်၊ ဆီ၊ ပဲ တွေလည်း ရပ်သွားပြီး၊ တရုတ်ဘက်လည်း လာရောင်းတာတွေ နည်းသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး မဒွဲဆန့်ရာက “ အရင်ကတော့ ဆန်၊ ဆီ၊ ဆား၊ ကုန်းစိမ်းတွေက အစ လွယ်ဂျယ်(မြန်မာနယ်စပ်)ဘက်က ဝင်တယ်၊ အခုစစ်ဖြစ်တော့လမ်းတွေ ပိတ်လိုက်တော့ မဝင်တော့ဘူး” လို့ပြောပါတယ်။

“အရင်က မိုင်ဂျာယန်မှာ တရုတ်လူမျိုးတွေလည်း အများကြီးနေထိုင်တယ် ဒါပေမယ့် စစ်စဖြစ်တဲ့အချိန်မှာ သူတို့ ဆိုင်ခန်းတွေကို ဒီအတိုင်းပိတ်ထားခဲ့ပြီး ပြန်ကုန်ပြီ၊ ကုန်စိမ်း လာရောင်းတဲ့သူတွေ တောင် သိပ်မလာတော့ဘူး” လို့ ဆက်ပြောပါတယ်။

ကုန်ပစ္စည်းတွေလည်း အဆမတန်ဈေးနှုန်းထိုးတက်လာတယ်လို့လည်း ပြောပါတယ်။ လယ်လုပ်ရာတွင် ရေရှားပါးလာရတာက တကြောင်း၊ ကြံစိုက်ပါက တစ်ခါစိုက်ရင် သုံးသီးလောက်ရပြီး ငွေလည်း အလုံးအရင်း ဝင်တဲ့အတွက်ကြောင့် ကြံပဲ စိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ကြံခင်းတစ်ဧက စိုက်ရင် ယွန် ၁၁၀၀ (၁၇၃၉၈၄ ကျပ်) လောက်ကုန်ကျပြီး ရိတ်သိမ်းချိန်ကျတော့ ယွန်၂၀၀၀ ( ၃၁၆၃၃၅ကျပ်) ပြန်ရတယ်လို့သိရပါတယ်။ ထိုအထဲတွင် လုပ်အားခမပါသေးပေ။ လုပ်းအားခကိုမူ “ကိုယ်သူ့ခြံမှာ ကူရင်၊ သူလည်း ကိုယ့်ခြံအလှည့်ပြန်ကူလို့ သက်သာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေချာပြန်တွက်ကြည့်ရင် တကယ်တမ်းကျတော့ အရမ်းကြီးမြတ်တာတော့မဟုတ်ဘူး။ ကလေးတွေကျောင်းပို့ချိန်မှာ ငွေအလုံးအရင်းဝင်တာကလွဲရင် လူက အရမ်းပင်ပန်းရတယ်”လို့ ဦးမရစ်တူး ကပြောပါတယ်။

ကြံခင်းစစိုက်ချိန်မှစပြီး ဓါတ်မြေသြဇာအမျိုးအစားသုံးမျိုးကို စပြီးစိုက်ချိန်တစ်မျိုး၊ ပေါင်းတင်ချိန်တွင် တစ်မျိုး နှင့် အပင်တွေကြီးလာတဲ့အချိန်မှာ တစ်မျိုးကို ထည့်ရပြီး။ ပိုးသတ်ဆေးပါဖြန်းပေးရပါတယ်။ ဓါတ်မြေသြဇာများကို မိမိကြံရောင်းမည့်ကုမ္ပဏီက တစ်မျိုးကို ယွန် ၁၀၀ မှ ၆၀ယွန်ပေးပြီး ဝယ်ယူကြတယ်လို့ သိရပါတယ်။

“ကိုယ်က ကြံစိုက်တော့မယ်ဆိုရင် မိမိစိုက်ချင်တဲ့ ကြံအမျိုးအစားကို ကုမ္ပဏီပြောပြီး ဓါတ်မြေသြဇာတွေမှာတယ်၊ ကုမ္ပဏီက တခြားကြံခင်းပေါ်ဖုံးတဲ့ ပလတ်စတိတ်ကအစ၊ မြေသြဇာ အထိကို အိမ်မှာလာပို့ပေးတယ်” လို့ ကလေး (၃)ယောက် မိခင်တစ်ယောက်က ပြောတယ်။

“ပထမဦးဆုံးတစ်ခေါက်စိုက်တဲ့နှစ်ဆိုရင် တရုတ်ကုမ္ပဏီက ချေးငွေထုတ်ပေးတယ်၊ ကြံပေါ်တဲ့အချိန်မှာ ပြန်နုတ်ယူတယ်” လို့ သူကပဲ ဆက်ပြောပါတယ်။

ဘရစ်ဂျ် (BRIDGE) (Bridging Rural Integrated Development & Grass root Empowerment) ခေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကတော့ ဒီလိုကြံကို သီးနှံတမျိုးထြ စိုက်ပျိုးလာတာကြောင့် ဓလေ့ထုံးစံ နေထိုင်မှုတွေ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။

စားပင်သီးပင် စိုက်ပျိုးမှုတွေ လျော့နည်းသွားပြီး မြေသြဇာ အသုံးပြုလာတာကြောင့် မြေဆီ ပျက်စီးမှုတွေ ကြုံလာရတယ်လို့ ပြောပါတယ်။

ဘရစ်ဂျ်အဖွဲ့ကတော့ သဘာဝနည်းနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးစားသောက်ပုံ၊ သဘာ၀ ဓါတ်မြေသြဇာနဲ့ စိုက်ပျိုးထားတဲ့ အသီးအနှံတွေက ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်းတွေကို ဒေသခံလူထုများအကြား ပညာပေးစကားဝိုင်း၊ သင်တန်းတွေအပြင် လက်တွေ့ စိုက်ပျိုး၊ မွေးမြူရေးနည်းပညာတွေကိုပင် လူထုနှင့် လုပ်ဆောင်နေကြောင်းကို မဒွဲဆန့်ရာက ပြောပြပါတယ်။

“ကျွန်မတို့ အဖွဲ့အနေဖြင့် အရင်ကတော့ ရွာတွေမှာ လိုက်ပြီးပညာပေးသင်တန်းတွေလုပ်တယ်၊ အခုတော့ ဒီမိုင်ဂျာယာန်က စစ်ပြေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေကိုလည်း လက်တွေ့ စိုက်ပျိုး၊ မွေးမြူနည်းနှင့် ပညာပေးလုပ်ငန်းတွေလုပ်နေပါတယ်” လို့ ပြောပါတယ်။

ဘရစ်ဂျ်(ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) မှ ဓါတုဓါတ်မြေသြဇာများသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးပညာပေးအစီစဉ်များကို လိုင်ဇာရေဒီယို၊ ရုပ်သံလိုင်းများမှတဆင့် ပညာပေးအစီစဉ်များလည်းလုပ်ဆောင်နေပါတယ်။

ဒါပေမယ့်လည်း ဒေသခံအိမ်ထောင်ရှင်မတွေကတော့ ကြံစိုက်ပျိုးရေးကိုပဲအားသန်နေကြပါတယ်။

ကြံအမျိုးအစားအပေါ်မူတည်းပြီး ဈေးဖြတ်တယ်။ ကြံအဝါရောင်မျိုးကို တစ်ဒွန်း(တန်ချိန် (၁ တန်)) လျှင် ယွန် ၃၀၀ ( ၄၇၄၅၀ ကျပ်)ရပြီး၊ ကြံအနီမျိုးကိုတော့ တစ်တန်လျှင် ယွန် ၄၀၀ (၆၃၂၇၆ကျပ် ) ရတယ်လို့ ပြောကြပါတယ်။

“ကျွန်မတို့အိမ်က ကြံအရင်ဆုံးစိုက်တဲ့ နှစ်တော့ ယွန် ၅၀၀၀ (၇၉၀၈၃၇ကျပ်) ပဲကျန်တယ်။ ဒါပေမယ့် နောက် ၂ နှစ်ကျတော့ ပြန်ဆပ်စရာမလိုတဲ့အတွက် ယွန် ၁၀၀၀၀ (၁၅၈၁၆၇၅ကျပ်) ကျန်တယ်” လို့ ဒေသခံ အိမ်ထောင်ရှင်မ တယောက်ဖြစ်တဲ့ ဒေါ်ဘောမ့်ဆောန့်ကပြောပါတယ်။

ဒီလိုနဲ့ မိုင်ဂျာယန်နယ်တဝိုက် မျက်စိတဆုံး ကြံခင်းဖြစ်ရုံမက လူနေအိမ်ဘေးပတ်ပတ်လည်ပါမကျန် ကြံခင်းတွေကို တွေ့နေရပါတယ်။

မိုင်ဂျာယာန်ကမိခင်အများစုက နေ့စဉ်မီးဖိုချောင်အတွက် လိုအပ်နေတဲ့ ဆန်၊ ဟင်းသီး၊ဟင်းရွက်များ စိုက်ပျိုးစားသောက်ဖို့ထက် သားသမီးများကျောင်းတက်ချိန်၌ ငွေသားအလုံးအရင်းရရှိဖို့အတွက် မျှော်လင့်ရင်း ကြံကိုသာစိုက်ပျိုးနေကြပါတော့တယ်။

Related Articles