နော်မေ။ ဂျူလိုင် ၃၁ ရက်။
ခြံထောင့်တနေရာ နေပူကျဲတဲတွင် တဒုတ်ဒုတ်နှင့် အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး ခြံရှင်းနေသောအသံ လာရာသို့ လမ်းလျှောက်သွားလိုက်သည်။ ဦးခေါင်းတွင် အရောင်များမွဲနေပြီး ဟောင်းနွမ်းသော နှီးဦးထုပ်ကို ဆောင်းလျှက် နေ၏အပူကို ကာကွယ်ထားသည်။ သူမဝတ်ဆင်ထားသော အပြာရောင်နှင့် အဖြူရောင် ကွက်စိတ် အင်္ကျ ီသည် ချိုင်းနေရာတွင် ပြဲနေပါသည်။ အဖြူရောင်အင်္ကျ ီက ဝါလို့ နေပြီး ထိုအဝါရောင်ချေးများကို ဂရုမပြုပဲ ချွေးများကို သုတ်လိုက်သည်။
သားသမီး(၁၂) ဦးရှိသည့်အနက် (၄)ဦးမှာ သေဆုံးသွားပြီဖြစ်သည်။ ပါးရည်တွေတွန့်ပြီး မျက်လုံးမှာ မွဲခြောက်ခြောက်ဖြစ်နေပါသည်။ သူမ၏ အသားအရောင်က ညိုညစ်ညစ်ရှိလှသည်။ သူမ၏ အမည်မှာ ဒေါ်ယာဖြစ်ပါသည်။
“တစ်ခုခုမတည့်တာရှိပြီဆိုရင် သေနတ်ဆွဲပြီး သားမယားတွေကိုလိုက်ချိန် သူများတွေကိုလိုက်ချိန် လုပ်တယ်။ အခုလည်းဖြစ်နေတယ်။ အစကတော့ ဘယ်သူနဲ့ပဲစိတ်တိုတို မိန်းမကိုပဲ လာမဲတယ်။ ပြီးကျတော့ မိန်းမကို သေနတ်နဲ့ချိန်တယ် သူများကိုလည်းချိန်သေးတယ်။” ဟု သူမရဲ့ ခင်ပွန်းအကြောင်းကို စိတ်တိုဟန်ဖြင့် ပြောနေပါသည်။
ကယားပြည်နယ် လွိုင်ကော်မြို့ ကုန်းသာရပ်ကွက်တွင် နေထိုင်သော ကယန်း(ပဒေါင်) အမျိုးသမီး ဒေါ်ယာသည် ယောကျ်ားဖြစ်သူ၏ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို (၁၅)နှစ်နီးပါး ခံလာခဲ့ရသည်။ ဒေါ်ယာသည် အသက် (၁၆)နှစ်အရွယ်တွင် ခင်ပွန်းဖြစ်သူဦးနက်နှင့် မိဘသဘောမတူသည့်ကြားက ခိုးပြေးခဲ့ကြသည်။ သူမသည် တောင်ယာအလုပ်ကိုလုပ်ကိုင်ပြီး အငှားအလုပ်သမလည်း လုပ်ပါသည်။ ဗမာစကားကို ကောင်းကောင်းမပြောတတ်ပေ။ လင်မယားနှစ်ယောက်စလုံးကလည်း ကျောင်းမနေဖူးပေ။ စာမတတ်ပေမတတ်သူများဖြစ်သည်။
သူမတို့သည် အိမ်ထောင်သက်တမ်း နှစ် (၃၀)နီးပါးရှိပါပြီ။ ယခုငါးနှစ်အတွင်းတွင် ခင်ပွန်းသည်က အလွန်ဆိုးသည်။ စားဝတ်နေရေးလည်း အဆင်မပြေသောကြောင့် သူမတို့မိသားစုပိုင်ဆိုင်သော ခြံများထဲမှ ခြံအချို့ကို ရောင်းလိုက်သော်လည်း အနည်းငယ်သာ အဆင်ပြေသည်။ ဦးနက်က အရက်သောက်ပြီး ဒေါ်ယာကိုသာမက သားသမီးများကို ရိုက်နှက်ခြင်းများ ပြုလုပ်သည်။ ပတ်ဝန်းကျင်က တားသောအခါတွင်လည်း မိန်းမကို ပြန်လာမဲသည်။
“သူအဲလိုမျိုးဖြစ်ပြီဆိုရင် ရပ်ကွက်နဲ့တိုင်လည်း တစ်ခါပြောလည်း အဲတိုင်းပဲ မလုပ်တော့ဘူးပြောပြီး နောက်ခါလည်းအဲတိုင်းပဲ။ ဘယ်လိုလုပ်ရမလဲ ဘေးမဲ့ထားပေးရမလား။” ဟု အိမ်နီးနားချင်းတစ်ဦးက ပြောသည်။
“အလိုမတူဘဲဆက်ဆံတာ အခုတော့ သိပ်မရှိတော့ဘူး အရင်တုန်းကရှိခဲ့ဖူးတယ်။ ခုနောက်ပိုင်းဆို သူအရက်သောက်ပြီး နောက်ပိုင်းအရက်ကိုပဲ သူစိတ်ဝင်စားတော့တယ်။ ထိုးနှက်တာတို့ ပါးစပ်နဲ့ကျိန်ဆဲတာတို့တော့ လုပ်တုန်းပဲ။ ကလေးတွေကိုလည်း အခန့်မသင့်ရင် ကလေးကိုဘာထင်လဲတော့မသိဘူး ထင်းတုံးနဲ့ တွေ့တဲ့ဟာ ကောက်ပေါက်တယ်။” ဒေါ်ယာကဆက်ပြောပါသည်။
ယခုဆိုရင်လည်း ဦးနက်သည် ဓားများကို သွေးထားသည်။ အရက်ကို အလွန်အကျွံသောက်သဖြင့် အရက်ကြောင်နေသလို ဖြစ်နေသည် ဟုလည်း ဒေါ်ယာက ပြောပါသည်။
ရပ်ကွက်လူကြီးကို တိုင်သောအခါ မိန်းမကိုပြဿနာရှာသည်။ ရပ်ကွက်လူကြီးကလည်း သူမစိတ်ကိုမသိတော့ ဘယ်လိုလုပ်ရမလဲမသိ။ သူမသွားတိုင်ရင်
“သူ့အကြောင်းမကောင်းကြောင်းကို လိုက်ပြောတယ် ဆိုပြီး မိန်းမကို ပြန်လာဆဲတယ် ရပ်ကွက်လူကြီးသိတော့ ဘယ်လိုလုပ်ပေးရမလဲမသိဘူး။ ရပ်ကွက်မှူးတော့ သူ့ကိုပြောဆိုဆုံးမထားတယ် လူကြီးရှေ့မှာတော့ ငါမလုပ်တော့ပါဘူးဆိုပြီး အိမ်ရောက်တော့ ပြန်သောင်းကျန်းတယ် ဘယ်နားမှာပဲ စိတ်တိုစိတ်တို မိန်းမကိုပဲ ပြန်မဲတယ်။”
ယခုလည်း အရက်အလွန်သောက်သောကြောင့် သူ့စိတ်က ပုံမမှန်မဖြစ်တော့ပေ။ ကင်မရာမရှိဘဲ သူ့လက်ဖြင့် ဓာတ်ပုံရိုက်သလိုလို၊ သူ့ခေါင်းကို လက်ဖြင့်ထောင့်ပြီး စဉ်းစားသလိုလိုလုပ်ပြီး တစ်ယောက်တည်း စကားပြောနေသည်။ တစ်ခါတစ်လေဆို သင်္ချိုင်းကုန်းကို ရောက်သွားတတ်သည်။
“မနေ့ညကလည်း တံခါးကြီးသော့ကို အိမ်ထဲမှာထားတော့ မေ့သွားတယ် အဲတွက်ကြောင့် သူပြန်လာတော့ အပြင်မှာပဲအိပ်တဲ့ သူမနှင့် ကလေးအငယ်ဆုံးနဲ့အပြင်မှာ အိပ်ရတယ်။ ပိုက်ဆံမရှိတော့ ကလေးတွေကိုလည်း အရက်နဲ့သွားလဲသောက်မယ်ဆိုတာတွေလည်း ပြောတာရှိတယ်။” ဟု လည်း ဒေါ်ယာက ပြောပါသည်။ ကလေး(၂)ယောက်က သူတို့၏ဖခင် လုပ်ရပ်ကို ရှက်ပြီး ထိုင်းကိုသွားလိုက်ကြသည်။
သားများရှိနေချိန်တွင် ကိုယ်ထိလက်ရောက် မလုပ်သော်လည်း သားသမီးများ မရှိသည့်အခါ သွေးထက်သံယို ဖြစ်သည်အထိ နှိပ်စက်ခံရသည်ဟု ဒေါ်ယာက ပြောပြသည်။
လွန်ခဲ့သော (၁၅)နှစ်က ဦးနက်သည် သူ၏မိခင်ရင်းကို ကန်လိုက်သဖြင့် ချွေးမဖြစ်သော ဒေါ်ယာက တားခဲ့သည်။ ရပ်ကွက်လူကြီးလည်း နောက်ထပ် ထိုကဲ့သို့ မပြုမူရန်၊ ပြုလုပ်ပါက အရေးယူမည်ဆိုပြီး စာချုပ်လုပ်သည်။ ထိုအချိန်ကစလို့ မိခင်ဖြစ်သူကို ရန်မပြုတော့သော်လည်း ဒေါ်ယာကို တောက်လျောက်နှိပ်စက်လာခဲ့သည်။ တောက်လျှောက် နှုတ်ဖြစ်စေ၊ လက်ဖြစ်စေ ကျူးလွန်သည်။ နောက်တွင် ရပ်ကွက်လူကြီးများ တစ်သုတ်ပြီးတစ်သုတ် ပြောင်းသွားသဖြင့် အရေးယူမှုများမရှိတော့ပေ။ သို့သော် တက်လာသည့် ရပ်ကွက်လူကြီးတိုင်းက
“စာချုပ်ကစာချုပ်ပဲ စာချုပ်ထဲကအတိုင်းအရေးယူလုပ်ပေးတာမျိုးမရှိဘူး။ တကယ်လို့ တအားအရေးကြုံတာတွေဖြစ်လာရင်တော့ ရပ်ကွက်ကလည်း ကြည့်မှာပါ။” ဟုပြောသည်။
“သူ့ယောက်ျားကတော်တော့်ကိုဆိုးတယ် မိန်းမနဲ့ကလေးတွေကို တော်တော်နှိပ်စက်တယ် တခါတစ်လေဆို သူတို့အိမ်ကနေ အချိန်မတော် အော်ဟစ်ရိုက်နှက်သံတွေလည်းကြားရတယ်။ ခုနောက်ပိုင်းသူ့ယောက်ျားက အရက်တော်တော်သောက်တော့ ကြောင်သလိုလို ဦးနှောက်မမှန်သလိုဖြစ်နေတယ်။ ရပ်ကွက်လူကြီးလည်း မနိုင်တော့ဘူး” ဟု အိမ်နီးနားချင်း အမျိုးသမီးတစ်ဦးက ပြောပြပါသည်။
သူမတို့ကလေးတွေလည်း ဉာဏ်ထိုင်းသည်။ ထို့ကြောင့် ကလေးတွေကိုလည်း ကျောင်းမထားပေးနိုင်မည် မဟုတ်ကြောင်း ဒေါ်ယာကပြောပါသည်။ ထို့ကြောင့် သူမသည် ခင်ပွန်းသည်ကို ချန်ပြီး အနောက်ပဒေါင်ပြန်ရန် စိတ်ကူးရှိသည်။ ကလေးများအတွက် စရိတ်ကို ရှာရန် အလုပ်သွားလုပ်မည် ဖြစ်သည်။
ဒေါ်ယာမှာ အိမ်တွင်းအကြမ်းဖက်မှု သားကောင်များထဲမှ တဦးသာဖြစ်သည်။
ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းဖြစ်သော Women’s Galaxy အဖွဲ့တာဝန်ခံ မအယ်ဝါးက ဒေါ်ယာလို လူမျိုးတွေ အများကြီးရှိကြောင်း ပြောပြသည်။
“အိမ်တွင်းအကြမ်းဖက်မှုဟာ ဒီကယားပြည်နယ်မှသာမက တစ်နိုင်ငံလုံးဖြစ်ပျက်နေတာတွေ တွေ့ရတာတယ် ဒါပေမဲ့ တော်တော်များများက ဒီအိမ်တွင်းအကြမ်းဖက်မှုဆိုတာက ပြဿနာတစ်ခုအဖြစ် မြန်မာ့ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ တော်ရုံတန်ရုံ မထင်ကြဘူး ဒါကြောင့် ဒီဟာကို ပြဿနာလို့ မမြင်ကြတဲ့အခါမှာ ဖြစ်ပျက်နေတာကတော့ လူတန်းစားမရွေး နေရာမရွေးရှိတယ်” ဟု မအယ်ဝါးက ပြောပြခဲ့ပါသည်။ ဒါပေမဲ့ ရုံးရောက်ဂတ်ရောက် ဖြစ်လေ့မရှိပေ။ လာရောက် တိုင်တန်းသည့်သူ အနည်းငယ်ရှိတယ်ဆိုပေမဲ့လည်း “ဒါဟာ အိမ်တွင်းရေး ဒါမိသားစုအရေးဖြစ်တယ် အိမ်တွင်းဖြစ်နေကျဆိုပြီးတော့မှ လင်နဲ့မယားဖြစ်နေကျပဲ” ဆိုပြီး ထိရောက်စွာ ဖြေရှင်းပေးမှုမျိုးလည်း မရှိဘူးဟု သူမက ပြောပြပါသည်။
Women’s Galaxy အဖွဲ့အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပညာပေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နေသော်လည်း ပြဿနာ အလုံးစုံကိုမူ ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ပြောပြသည်။
“ဒါပေမဲ့ ဒီပညာပေးတဲ့အချိန်မှာ တော်တော်များများပါဝင်တဲ့လူတွေ ပြောလာတာက ဒီအကူအညီပိုင်းဆိုင်ရာမှာ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကို မေးတာပေါ့ ဆိုတော့ ကျမတို့ဖက်ကလည်း အဲလောက်ထိ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်လာပြီဆိုရင်တော့ နေရာထိုင်ခင်းပေးဖို့ အဲလောက်ထိဆိုရင်တော့ ကူညီပေးနိုင်တဲ့အထိတော့ မရှိဘူးပေါ့နော် ဒါပေမဲ့ ပညာပေးမှုအပိုင်းကိုတော့ များများလုပ်ပေးတာမျိုးရှိတယ် ဒါပေမဲ့ သူ့လုံခြုံမှုအပိုင်းတွေ မလုပ်ပေးနိုင်ဘူးဆိုပေမဲ့လည်း တခြားလုပ်ပေးနိုင်တဲ့ Women Save House တွေကို တဆင့်ပြန်ဆက်သွယ်ပေးတာတွေ ရှိတယ်” ဟု မအယ်ဝါးကပြောပါသည်။
အိမ်တွင်းအကြမ်းဖက်မှုသည် အများကြီးဖြစ်ပျက်နေသော်လည်း ရာခိုင်နှုန်းအရ ပြောမည်ဆိုပါက အစိုးရဘက်သာမက လူမှုအဖွဲ့အစည်းဘက်မှ မှတ်တမ်းပြုစုပြီး အချက်အလက်တွေကောက်ယူမှု ရှိမနေသဖြင့် တိတိကျကျပြောဆိုနိုင်မှုမရှိသေးပါ။
“ပြောမယ်ဆိုရင် အိမ်တိုင်းလိုလိုတောင် ဖြစ်တယ် ဒါပေမဲ့ ကာကယံရှင်က မပြောတာက တစ်ပိုင်း၊ နောက်ပြီး ဖော်ထုတ်မှုမရှိတာက တစ်ပိုင်းဖြစ်တော့ ထိရောက်စွာ လုပ်ဆောင်ပေးမှုအပိုင်းမှာ မရှိတဲ့အခါကျတော့ ဒီရာခိုင်နှုန်း အနေနဲ့ ပြောရမှာ ခက်ခဲတာပေါ့နော်” ဟုနော်အယ်ဝါးက ပြောပါသည်။
ဆက်လက်ပြီး သူမက အိမ်တစ်အိမ်တွင်း အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပြီဆိုရင် ပတ်ဝန်းကျင်မှာ ဒါဟာ ဖြစ်နေကျကိစ္စတစ်ခုလို့ မြင်ပြီး အိမ်တွင်းအကြမ်းဖက်မှုဟု မမြင်ဘဲ လင်မယားဖြစ်လျှင် ထိုအရာက ဖြစ်လေ့ဖြစ်ထရှိသည့် အရာတွေဆိုပြီး ဝင်မစွက်ဖက်မှုမရှိကြဟု ပြောသည်။
“သမီးကနေပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုခံနေရလို့ သူ့မိဘတွေကို သွားတိုင်ရင်လည်း သမီးက အိမ်မှုကိစ္စမှမနိုင်တာ သမီးက ဘာအပြစ်တွေ လုပ်ထားမှန်းမသိတာ ဆိုပြီး သမီးကိုပဲအပြစ်တင်တယ် သာယာတဲ့မိသားစုတစ်ခု ဘယ်လိုမျိုးတည်ထောင်သွားကြမလဲဆိုတဲ့ ပညာပေးမှုကလည်း မရှိလောက်ဖြစ်တယ် အဲဒါကြောင့် ဒီဟာတွေ အမြဲတမ်းဖြစ်ပျက်နေတာတွေရှိတယ်” ဟု သူမကပြောပါသည်။
အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရတဲ့ အဓိကအကြောင်းအရင်း အများကြီး ရှိပါသည်။ တကယ့်အရင်းအမြစ်ကို ကြည့်မယ်ဆိုပါက ယဉ်ကျေးမှုအစဉ်အလာအရ သတ်မှတ်ထားသည့် မိန်းကလေးဆိုပါက မည်သို့နေထိုင်ရမည်ဆိုပြီး လိင်ကွဲပြားမှုအရ ခွဲခြားသတ်မှတ်ထားခြင်း (Gender)ကြောင့် အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာသည်ဟု သူမမြင်သည်။ မိန်းကလေးဖြစ်ခြင်း၊ ယောက်ျားလေးဖြစ်ခြင်းဟု ပတ်ဝန်းကျင်မှ သတ်မှတ်ထားသည့် အရာတွေမှာ ဥပမာ- “မိန်းမနဲ့နွားမသနားနဲ့” ဆိုသည့် စကားပုံမျိုးလည်း ရှိပါသည်။ အမျိုးသမီးများအပေါ် နှိမ်ပြီးပြောထားသည့် စကားပုံမျိုးလည်း အများကြီးရှိသည်။
“ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း မိန်းကလေးဆိုရင် အိမ်မှုကိစ္စနိုင်နင်းရမယ် ဒါပေမဲ့ တခြားစီးပွားရေးထွက်ရှာတဲ့ မိန်းကလေးတွေ အလုပ်သုံးလေးခု ဘယ်လိုလုပ်နိုင်မလဲ ဒါပေမဲ့ အဲ့ဒီအပိုင်းမမြင်ဘဲနဲ့ မိန်းကလေးဆိုရင် အိမ်မှာပဲ နေရာမယ် အိမ်မှုကိစ္စနိုင်နင်းရမယ် သားသမီးတွေကို ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ တသမတ်တည်း သတ်မှတ်ထားတဲ့ အစဉ်အလာတွေပေါ့” ဟု အိမ်တွင်းအကြမ်းဖက်မှုကို ပိုဖြစ်စေသည့် အကြောင်းများကို မအယ်ဝါးကပြောပါသည်။
“အဲလိုအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကိုယ်တိုင်က လက်ခံထားတဲ့ ဒါယဉ်ကျေးမှုဖြစ်တယ် လုပ်ရမှာပဲဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ထဲမှာ ပြန်သွတ်သွင်းလိုက်တဲ့အခါကျတော့ ယောကျ်ားတွေက ရိုက်ရင်လည်း ပြောလေ့ရှိတာက “အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်” ဆိုတဲ့စကားပုံရှိတဲ့အခါကျတော့ ‘ငါ့မိန်းမကို ချစ်လို့ ငါရိုက်တာ ဘာဖြစ်လဲ’ ပြောတဲ့အခါကျတော့ တချို့အမျိုးသမီးတွေ မသိတဲ့အခါကျတော့ သြော် ငါ့ကိုချစ်လို့ရိုက်တာ ပြန်ချော့လိုက်ရင် အဆင်ပြေသွားတယ် ပြီးရင် ဒါပြန်မဖြစ်ဘူးလားဆိုတော့ ဖြစ်တယ်” ဟု သူမက ဆက်ပြောပါသည်။
ထို့ပြင် သူမက အိမ်တွင်းအကြမ်းဖက်မှုကို ဖြစ်စေသော အဓိကမှာ ယဉ်ကျေးမှုအစဉ်အလာအရ၊ လိင်ကွဲပြားမှုအရ (Gender) ခွဲခြားဆက်ဆံထားသည့်အပေါ် မူတည်ပြီး အချို့ယဉ်ကျေးမှုကို ထိန်းသိမ်းရမှာဖြစ်ပြီး သို့ပေမဲ့ အထက်ကပြောသလို လူမှုပတ်ဝန်းကျင်အတွက် ထိခိုက်စေမှုမျိုး၊ အမျိုးသမီးတစ်ယောက်၏ ဘဝကို ထိခိုက်စေသည့် အရာမျိုးများ၊ အမျိုးသမီးဘဝကို နိမ့်ကျစေနိုင်သည့် ယဉ်ကျေးမှုမျိုးတွေတော့ ဖျောက်ဖျက်ပစ်ရပါမည်။ ဒါတွေအတွက်လည်း လူများ ပိုမိုသိလာအောင် ပညာပေးမှုအပိုင်းတွင် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ရမှာ ဖြစ်သည်။ အမျိုးသမီးများ ကိုယ်တိုင်ကလည်း ရုန်းထွက်ပြီး အိမ်တွင်းအကြမ်းဖက်မှုကို သေချာနားလည်စေရန် ပညာပေးမှုလုပ်ငန်းများကို များများလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းကို ပြောပါသည်။
“အိမ်တွင်းအကြမ်းဖက်မှုပပျောက်အောင် ကျမတို့အနေနဲ့ ပညာပေးမှုတွေ ဆက်လုပ်သွားဖို့ရှိတယ် နောက်တစ်ခုကျတော့ ပညာပေးရုံနဲ့မထိရောက်ဘူးပေါ့နော် ဒီအမျိုးသမီးတွေအတွက် တကယ်လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုပေါ့ အဲလိုမျိုးတွေ ကျမတို့မျော်လင့်နေတာရှိတယ် သူတို့အတွက် ဥပဒေအရဘယ်လိုဖြေရှင်းမလဲ နေရာထိုင်ခင်းတွေအတွက် ထိထိရောက်ရောက်ဖြစ်ဖို့ ကျမတို့ကြိုးစားနေတာဖြစ်တယ်” ဟု မအယ်ဝါးက ဆက်ပြောပါသည်။
အိမ်တွင်းအကြမ်းဖက်မှုကို ခံရသော အမျိုးသမီးများ၏ ရင်တွင်းခံစားချက်များ ရှိပါသည်။ ထိုအမျိုးသမီးများ၏ ရင်တွင်းခံစားချက်များကိုလည်း ဆက်လက်ရေးသားလိုပါသည်။ ထိုအမျိုးသမီးများမှ
“အမယောက်ျားကတအားဒေါသကြီးတယ်။ အပြင်မှာစိတ်တိုရင် အိမ်ထိသယ်လာတယ်။ ကိုယ်ကဖြန်ဖြေပေးပေမဲ့လည်း မင်းကငါ့ကိုအားမပေးဘူး သူများဘက်ပါတယ်။ ကိုယ်ကပြောပေမဲ့လည်း နားမဝင်တော့ဘူး။ ကိုယ်ပဲ အနာခံရတာမျိုးပဲဖြစ်ရတာပေါ့နော်။ ဒေါသထွက်လို့ စကားမာရင်လည်း အပြောခံရတယ်။ သူအပြင်သွားရင် တအားစိတ်ပူရတယ်။ စိတ်ဆင်းရဲတယ်။” ဟု ဝမ်းနည်းဟန်ဖြင့် အမျိုးသမီးတစ်ဦးမှ ပြောပါသည်။
“ကျမယောက်ျားရတာ ကံမကောင်းဘူးပြောရမလား။ သူမူးလာပြီဆိုရင် နေ့တိုင်း အရင်ကအကြောင်းတွေ ပြောပြီး ရန်ရှာတယ်။ ကိုယ်ဝန်ခြောက်လကတည်းက သူထွက်သွားလိုက်တယ်။ ဘယ်ကိုထွက်သွားလဲမသိဘူး။ မှားပြီး ကိုယ်ဝန်ရတာ သူက တာဝန်မယူဘူး။” ဟု မျက်ရည်များကို ဆယ်လျက် အမျိုးသမီးငယ်တစ်ဦးက ပြောပါသည်။
“စဉ်းစားမိသေးတယ် ကိုယ်ဝန်ရှိတုန်းက ကိုယ့်ကိုယ်ကို ဆေးသောက်ပြီး သတ်သေဖို့ အဲလိုစဉ်းစားမိသေးတယ်။ ဒါပေမဲ့ ကလေးအတွက်စဉ်းစားပြီး မလုပ်ဖြစ်လိုက်ဘူး။” ဟု ကြေကွဲဆို့နစ်စွာဖြင့် အမျိုးသမီးတစ်ဦးက ဆက်ပြောပါသည်။
“အမေပေးစားတဲ့ ယောကျာ်းကိုယူတုန်းကဆို အိမ်ထောင်ရေးဖောက်ပြန်တာကို ခံရဖူးတယ်။ ဒါပေမဲ့ မချစ်လို့လားမသိဘူး ဘယ်လိုမှ မခံစားရဘူး။ ဒါပေမဲ့ ဗိုက်ထဲကကလေးရှိတော့ ကလေးမွေးပြီး ယောက်ျားကို ကွာပေးလိုက်တယ်။ လင်သေလင်စားရတယ် အကို၊ မောင်၊ အဖေတွေက အစားမရဘူးလေ ကျမလဲ ကွာပေးလိုက်တယ်။ ကွာပေးလို့ ကျေးဇူးတင်ပါတယ်။” ဟု အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြပါသည်။
မွေးစားအမေနှင့် နေသောသူမမှာ မွေးစားအမေ၏ အရိုက်အပုတ်ခံရသည်။ လက်လဲကျိုး၊ သွားလည်းကျိုးသည်။ ယခင်က သူမဆံပင်မှာ အရပ်ထက်ရှည်သည်။ ဆံပင်ရှည်လို့ ယောက်ျားရတယ်ဆိုပြီး ဆံပင်ညှပ်လိုက်သည်။ သူမက ဆက်ပြီး
“အခု နောက်အိမ်ထောင်က ကလေးငါးယောက်ပါတယ်။ အမေကကွဲခိုင်းတယ်။ လင်က အသက်(၂၀)ကြီးတယ်။ အခုမှ စိတ်သက်သာရုံရှိသေးတယ်။ အမေက ကွဲခိုင်းတယ်။ အခုယောကျာ်းကအရမ်းကောင်းတယ်။ မွေးစားအမေမို့ ကျမကို တအားရိုက်တယ်။ ယောကျ်ားနဲ့ ပါလာတဲ့သားနဲ့ ကျမကို ပြန်ပေးစားမယ် အမေကပြောတယ်။” ဟု ဝမ်းနည်းကြေကွဲစွာဖြင့် မျက်ရည်များကို သုတ်လျက်ပြောနေပါသည်။
ဒေါ်ယာကတော့ ကလေးများကိုခေါ်ပြီး နေရပ်ရင်းဖြစ်တဲ့ အနောက်ပဒေါင်ကို ပြန်ဖို့စဉ်းစားနေသည်။ ယောက်ျားနှင့်ဝေးသွားလျှင်တော့ ဒုက္ခတွေ ကင်းဝေးမယ်ဟု မျှော်လင့်ထားသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021