Home ဆောင်းပါး အမျိုးသမီးတွေအကြောင်းပြောပြချင်တဲ့ ပန်းချီဆရာမ

အမျိုးသမီးတွေအကြောင်းပြောပြချင်တဲ့ ပန်းချီဆရာမ

ခင်ဘုန်းမို့။ ။

ခေတ်မီလှပတဲ့ဒီဇိုင်းနဲ့ ရှေးရိုးဆန်တဲ့ဒီဇိုင်း ပေါင်းစပ်တည်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုထဲမှာ လူတွေစည်ကားနေ ပါတယ်။

အဆောက်အဦးထဲမှာ ပန်းချီပြပွဲတစ်ခု ပြုလုပ်နေတာဖြစ်တယ်။ ပန်းချီကားကြည့်ရှုသူတွေ၊ ပန်းချီဆရာတွေနဲ့နှုတ်ဆက် သူတွေနဲ့ပြခန်းက အသက်ဝင်လှတယ်။ ပန်းချီဆရာအများစုနဲ့ လာရောက်ကြည့်ရှုသူပရိတ်သတ်အများစုက အနောက် နိုင်ငံသားတွေဖြစ်ပြီးတော့ ပြသထားတဲ့ပန်းချီကားတွေကလည်း အနောက်တိုင်းဆန်ဆန် ပန်းချီကားတွေသာဖြစ်တယ်။

ဒီအထဲမှာထူးခြားလှတာကတော့ မြန်မာ့ချည်ထည်တွေပေါ်မှာ ရေးဆွဲထားတဲ့ အမျိုးသမီးရုပ်ပုံပန်းချီကားတွေနဲ့အတူ တွေ့ ရတဲ့ အမျိုးသမီးပန်းချီဆရာမတစ်ဦးဖြစ်တယ်။ သူကတော့ အသက်၃၀ဝန်းကျင် မြန်မာပြည်ဖွားပန်းချီဆရာမတစ်ဦးဖြစ်တဲ့ မခြူးဝေပဲဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့မှာပြုလုပ်ခဲ့တဲ့ ဒီပန်းချီပြပွဲမှာ မြန်မာပန်းချီဆရာတစ်ယောက်အနေနဲ့ မခြူးဝေတစ်ဦးထဲသာ ပါဝင်ခဲ့ တာပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ကထွက်လာပြီး ပြင်သစ်နိုင်ငံမှာ ပန်းချီအနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ မခြူးဝေ တစ်ယောက် ဒီပြပွဲလေးမှာပါဝင်ဖြစ်ခဲ့တာဖြစ်တယ်။ ဒီပြပွဲမှာပါဝင်ဖို့ websiteကတစ်ဆင့် ကိုယ့်ရဲ့လက်ရာတွေကို ပြသပြီး ပြပွဲမှာပါဝင်ပြသဖို့လျှောက်ထားရတာပါ။

ဒီလိုနဲ့ပြပွဲမှာပါဝင်ခွင့်ရခဲ့ပြီး ပြပွဲလာပရိတ်သတ်တွေကြိုက်နှစ်သက်မှု ဒုတိယအများဆုံးပန်းချီဆရာမတစ်ဦးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ရွေးချယ်ခံရတဲ့အတွက် နောက်နှစ်ပြုလုပ်မယ့်ပြပွဲမှာ ပန်းချီကားတွေကိုပြသလျှောက်ထားစရာ မလို ဘဲ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

လတ်တလောမှာလည်း ပန်းချီဆရာမ မခြူးဝေအနေနဲ့ ပြင်သစ်နိုင်ငံတင်မက စင်ကာပူ၊ဖိလစ်ပိုင်၊ ဘန်ကောက်၊ ကမ္ဘော ဒီးယားနိုင်ငံတွေက ပန်းချီပြပွဲတွေမှာ ပါဝင်ပြသဖြစ်နေတာလည်းဖြစ်တယ်။

ပန်းချီကားတွေပေါ်က မြန်မာပြည်အကြောင်း

ဖိလစ်ပိုင်မှာပြတဲ့ပွဲမှာတော့ ရတနာပုံခေတ်က အပျိုတော်ကို reference (ကိုးကား) ယူပြီးရေးဆွဲထားတာဖြစ်တယ်။ စင်ကာပူက ပြပွဲမှာတော့ ချည်ထည်တွေပေါ်မှာရေးဆွဲထားတဲ့ မြန်မာအမျိုးသမီးတွေအကြောင်းကိုပြသထားတာဖြစ်တယ်။

ဒါ့အပြင် မြန်မာပြည်က အမျိုးသမီးအရေးနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတစ်ခုအတွက်လည်း အမျိုးသမီးသရုပ်ဖော် ပုံတွေကို ဆွဲပေးဖြစ်တယ်လို့မခြူးဝေကဆိုပါတယ်။

ပန်းချီဆရာမခြူးဝေအနေနဲ့ နိုင်ငံတကာပြပွဲတွေမှာပြသတဲ့အခါ သူ့ရဲ့ပန်းချီတွေကတစ်ဆင့် မြန်မာနိုင်ငံအကြောင်းကို မိတ်ဆက်ပေးဖြစ်တာများပါတယ်။

လက်ရှိမြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းဖြစ်စဉ်ကို တခြားနိုင်ငံတော်တော်များများကသိရှိကြပြီး မြန်မာပြည် အကြောင်းလို့ပြောလိုက်ရင် ပြည်တွင်းစစ်ဖြစ်နေတဲ့ပုံစံမျိုး၊ မငြိမ်မသက်ဖြစ်နေတဲ့ပုံစံအနေနဲ့သာ တွေးမိကြတဲ့အတွက် မခြူးဝေအနေနဲ့ မြန်မာပြည်ရဲ့လှပတဲ့အရာတွေကိုလည်း ပန်းချီကားတွေက တစ်ဆင့်ပြောပြခဲ့တယ်လို့ဆိုပါတယ်။

“ မြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ပြောပြနိုင်တယ်။ ပြောပြရင်းနဲ့အဆိုးတွေပဲရှိနေတဲ့ နိုင်ငံ မဟုတ်ဘူး။ ကောင်းတဲ့ဘက်ခြမ်းလည်းရှိနေတယ်ဆိုတာ ပြောပြဖြစ်တယ်”လို့မခြူးဝေကပြောပါတယ်။

ချည်ထည်တွေပေါ်မှာဆွဲတဲ့ ပန်းချီဆရာမ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှာကြီးပြင်းခဲ့တဲ့ မခြူးဝေဟာ ငယ်ဘဝရဲ့အချိန်တော်တော်များများကို ရုပ်ပြစာအုပ် တွေ၊ ကလေးဂျာနယ်တွေက ဆေးရောင်စုံခြယ်ပြိုင်ပွဲတွေနဲ့အချိန်ကုန်ဆုံးခဲ့တာများတယ်။

ငယ်ဘဝအိပ်မက်ကစာရေးဆရာနဲ့ ပန်းချီဆရာဖြစ်ချင်ခဲ့တယ်။ ကဗျာလေးတွေ၊နေ့စဉ်မှတ်တမ်းတွေရေးရင်း အသက်မသေ ခင် စာအုပ်တစ်အုပ်လောက်ထုတ်ချင်တာကလည်း မခြူးဝေရဲ့ဆန္ဒတစ်ခုဖြစ်တယ်။

အလယ်တန်းကျောင်းသူဘဝကတည်းက ပန်းချီတွေစဆွဲခဲ့ပြီး ပန်းချီကိုထဲထဲဝင်ဝင်သင်ဖြစ်တာကတော့ ၂၀၀၈ခုနှစ်မှာ ဖြစ် တယ်။ အဲ့ဒီနောက် မန္တလေးမှာ အင်ဂျင်နီယာတက္ကသိုလ်တက်နေရင်းနဲ့ တစ်ဖက်ကလည်းပန်းချီကျောင်းပါတက်ခဲ့တယ်။ ဝါသနာပါတဲ့ပန်းချီပညာကို စနစ်တကျလေ့လာသင်ယူရင်း ပန်းချီလောကထဲ ဝင်ရောက်လာခဲ့တယ်။

မခြူးဝေရဲ့ ပန်းချီတော်တော်များများဟာ မြန်မာချည်ထည်တွေပေါ်မှာ ရေးဆွဲခဲ့တာများပါတယ်။ ၂၀၁၂ခုနှစ်လောက်က တည်းက ချည်ထည်တွေကို စိတ်ဝင်စားခဲ့ပြီး အနုပညာလက်ရာအသစ်ဖန်တီးဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်။

“ ဥပမာဆို ထဘီဝတ်ထားတဲ့အမျိုးသမီးတွေက ဘုရားမှာ အမျိုးသမီးမတက်ရတဲ့နေရာတွေရှိတယ်။ ပြီးရင် ထဘီလှန်းတဲ့ အခါကျရင်လည်း အိမ်နောက်လေးမှာ အနိမ့်တစ်နေရာမှာခိုးဝှက်ပြီးလှန်းရတယ်။ ကိုယ်ကဘာမှလည်းအမှားမလုပ်ထား ဘဲနဲ့ မိန်းကလေးအသုံးပြုထားတဲ့ ထဘီဆိုတာနဲ့တင်ကို ညစ်ညမ်းတဲ့အရာဝတ္တုတစ်ခု ညစ်ပတ်တဲ့အရာဝတ္တုတစ်ခုလိုမျိုး အဆက်ဆံခံရတယ်။ အဲ့ဟာကိုစပြီးတော့ မေးခွန်းထုတ်ပြီးစဉ်းစားဖြစ်တာပါ” လို့ ချည်ထည်တွေပေါ်မှာ ဖန်တီးဖြစ်ခဲ့ပုံကို ပြောပါတယ်။

အဲ့ဒီနောက်ပိုင်းကစပြီးချည်ထည်တွေပေါ်မှာ ပန်းချီတွေကိုရေးဆွဲဖြစ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးပြပွဲ မှာလည်း ထဘီတွေပေါ်မှာ ရေးဆွဲတဲ့ပန်းချီကားတွေကိုပြသခဲ့တယ်။ အဲ့ဒီတုန်းကလည်း ထဘီပိတ်စတွေပေါ်မှာ ဆွဲထား တဲ့ပန်းချီကားတွေကို အများစုက လက်မခံနိုင်ကြဘူးလို့ မခြူးဝေကပြောပါတယ်။

ဒါ့အပြင် မခြူးဝေက အမျိုးသမီးပုံတွေကိုရေးဆွဲတဲ့အခါ တချို့အပေါ်ပိုင်း၊အောက်ပိုင်း အဝတ်အစားမပါတဲ့ပုံစံမျိုးတွေ ကိုဖန်တီးတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိခဲ့တယ်လို့ဆိုတယ်။

ပန်းချီလောကထဲမှာ များသောအားဖြင့်အမျိုးသမီးပုံတွေကိုပုံဖော်ကြတဲ့အခါ ဝတ်လစ်စလစ်လို့ခေါ်တဲ့ Nude ပုံတွေ၊ အမျိုး သမီးတွေရေချိုးနေတာ၊ ထဘီရင်လျားနဲ့ပုံလေးတွေ၊ အိုးလေးတွေရွတ်နေတာတို့ ဆွမ်းအုပ်လေးတွေကိုင်နေတာ စတဲ့ အလှပုံတွေကိုသာ အမျိုးသားပန်းချီဆရာတော်တော်များများကဆွဲလေ့ရှိကြတယ်။

မခြူးဝေကတော့ အမျိုးသမီးတွေရဲ့ခံစားချက်တွေ၊ ကြုံတွေ့နေရတာတွေကိုပြောပြရေးဆွဲချင်ခဲ့တယ်။

“ အမျိုးသမီးတွေက စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်။ ကိုယ်ကအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အမျိုးသမီး တွေကို ကိုယ်စားဝင်ပြီးတော့ခံစားပြီး အများကြီးပြောပြနိုင်၊ ရေးနိုင်မယ်ထင်လို့ အမျိုးသမီးပန်းချီတွေကို အများကြီးဆွဲခဲ့ တာပါ” လို့ မခြူးဝေကပြောပါတယ်။

ကနုတ်ပန်းပေါ်က အမျိုးသမီးပုံတွေ၊ မလုံ့တလုံအမျိုးသမီးပုံတွေ၊ သတင်းစာဖြတ်ပိုင်းတွေကပေါ်က အမျိုးသမီးပုံတွေ၊ ချည်ထည်တွေပေါ်က အမျိုးသမီးပုံတွေကို မခြူးဝေတစ်ယောက်ရေးဆွဲခဲ့တယ်။

တက္ကသိုလ်ကျောင်းသူဘဝက အမျိုးသမီးအဖော်တစ်ဦးနဲ့အတူ အပြင်သွားရင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတစ်ခု ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ဆက်စပ်ပြီး အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ်ဆက်ဆံကြပုံ၊ အမျိုးသမီးတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ဘဝတွေကိုလေ့လာပြီး အမျိုးသမီးပုံတွေရေးဆွဲဖြစ်ခဲ့တယ်လို့ သူကဆိုတယ်။

အမျိုးသမီးတွေရဲ့ခံစားချက်တွေ၊ အနိုင်ကျင့်ခံရတဲ့ဘဝတွေကို ပြချင်တဲ့အတွက်လည်း အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ကနုတ်ပန်းတွေနဲ့ဖုံးထားတဲ့ ပန်းချီကားတွေရေးဆွဲခဲ့တယ်။

သတင်းစာဖြတ်ပိုင်းတွေနဲ့လည်း အမျိုးသမီးပုံတွေကို ထူးထူးခြားခြားဖန်တီးခဲ့ပါသေးတယ်။

“ ကိုယ့်ကိုကိုယ်ချစ်တဲ့၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့၊ Powerful ဖြစ်တဲ့အမျိုးသမီးတွေကို စိတ်ဝင်စားတယ်၊ လေးလည်း လေးစားတယ်” လို့ မခြူးဝေကဆိုတယ်။

ရှားရှားပါးပါး အမျိုးသမီးပန်းချီဆရာမ

အမျိုးသမီးတွေအနေနဲ့ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကိုမရောက်ခင် အတားအဆီးတွေအများကြီး ကျော်ဖြတ်ရလေ့ရှိတယ် လို့ မခြူးဝေကဆိုတယ်။

“ ပထမဆုံးအမျိုးသားတွေနဲ့ တန်းတူဖြစ်အောင်ကြိုးစားရတယ်။ ကြိုးစားပြီးမှ ပုံမှန်အတိုင်းအောင်မြင်မလားဆိုပြီး နောက် တစ်ဆင့်ကြိုးစားရတာမျိုးရှိတယ်” လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

မြန်မာပြည်မှာပန်းချီလောကမှာလည်း များသောအားဖြင့် အမျိုးသားတွေကသာ ဦးဆောင်နေကြတာများပြီး အများစုက လည်းအမျိုးသားပန်းချီဆရာတွေကိုသာနေရာပေးတာ၊ အနုပညာအသိုင်းအဝိုင်းက အမျိုးသားတွေကိုဦးစားပေးကြတာ များတယ်လို့ မခြူးဝေကပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေရှိတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကို လုပ်ကိုင်ချင်တဲ့အခါ ပိုပြီးစိန်ခေါ်မှု များတယ်လို့ ဆိုပါတယ်။

“ အမျိုးသမီးပန်းချီဆရာတစ်ယောက် အောင်မြင်လာတဲ့အခါကျရင် ရုပ်ပိုင်းဆိုင်ရာကြောင့်လားဆိုပြီး အရာဝတ္တုတစ်ခု လိုမျိုး သတ်မှတ်ခံလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်။ တော်တဲ့သူတစ်ယောက်လို့မမြင်တော့ဘဲ လှတယ်ဆိုတဲ့အရာတစ်ခု လိုမျိုး ပြီးရင်ငယ်လို့မိန်းကလေးဖြစ်လို့ဆိုပြီးတော့ သူ့ရဲ့ဖန်တီးမှုကြိုးစားမှုကို ဂရုမစိုက်ဘဲနဲ့ကျန်တဲ့အကြောင်းအရာတွေ ပိုပြီးတော့ အကြောင်းပြချင်ကြတာမျိုးလည်းရှိတယ်”လို့မခြူးဝေကမှတ်ချက်ပြုပါတယ်။

ဒါ့အပြင် အမျိုးသားပန်းချီဆရာတွေနဲ့တန်းတူ ကြိုးစားပြနိုင်ခဲ့ရင်တောင် အမျိုးသမီးဖြစ်တဲ့အတွက် အသိအမှတ်မပြုတာ မျိုးတွေလည်းကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

“ ဥပမာ အမျိုးသားပန်းချီဆရာတစ်ယောက်ပြည်ပမှာ သူပြခဲ့တဲ့ပုံစံအတိုင်းပဲ အဲ့ပြခန်းကအမျိုးသမီးပန်းချီဆရာမကို ဖိတ်ပြီး ပြရတယ်။ ပုံစံတူပွဲမျိုးလုပ်ရတယ်။ ဒါပေမယ့် မြန်မာပြည်ပြန်လာတဲ့အခါကျရင် လူထုကအမျိုးသားပန်းချီဆရာကို အသိ အမှတ်ပြုပြီးတော့ အမျိုးသမီးပန်းချီဆရာမတစ်ယောက်ကိုကျ လက်ခံပေးဖို့ခက်တယ်” လို့ မခြူးဝေကရှင်းပြတယ်။

မခြူးဝေကိုယ်တိုင်လည်း ပန်းချီလောကထဲခြေချနိုင်ဖို့အတွက် ၁၀ စုနှစ်တစ်ခုနီးပါးကြိုးစားခဲ့ရပါတယ်။

ကိုယ့်ရဲ့ဖန်တီးမှုကိုလက်ခံလာအောင် နှစ်ဆ၊သုံးဆလောက်ကြိုးစားရတဲ့အပြင် အမြဲတမ်းဆက်တိုက်ကြိုးစားနေရပါတယ် လို့သူကဆိုပါတယ်။

လက်ရှိမှာ ပြည်တွင်းပြည်ပပန်းချီပြပွဲ ၅၀နီးပါးလောက် ပြသနိုင်ခဲ့ပြီးဖြစ်တယ်။ ပရဟိတဝါသနာပါတဲ့ မခြူးဝေတစ်ယောက် ပန်းချီဆွဲရင်းကနေလည်း ပရဟိတအလုပ်တွေလုပ်နိုင်ခဲ့တယ်။ ရန်ပုံငွေပွဲတွေကတစ်ဆင့်လှူဒါန်းဖြစ်တာ၊ သက်ကြီးပန်းချီ ဆရာကြီးတွေကို ကူညီပေးတာတွေပြုလုပ်ခဲ့တယ်။

ကိုဗစ်ကာလတုန်းကလည်း အခြေခံပန်းချီပညာတွေကို ဗီဒီယိုကတစ်ဆင့်သင်ပေးတာ၊ အွန်လိုင်းက တစ်ဆင့်ပြသပေးတာ တွေကို အခမဲ့ပြုလုပ်ပေးခဲ့ပါတယ်။

ဘဝအချိုးအကွေ့

ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုသာ တစ်စိုက်မက်မက်လုပ်ရင်းဖြတ်သန်းနေခဲ့တဲ့ မခြူးဝေငြိမ်တစ်ယောက် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာပြည်သူတွေနည်းတူ အလှည့်အပြောင်းအချိုးအကွေ့တွေနဲ့ကြုံတွေ့ရတယ်။

နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်လာပြီးနောက်ပိုင်း ဖန်တီးခဲ့တဲ့အနုပညာလက်ရာတွေကြောင့် ပြည်တွင်းမှာ ဆက်နေဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာ ပြည်ပကိုထွက်လာခဲ့ရတယ်။

ပြည်ပကိုအလည်သဘောနဲ့ ပြပွဲတွေပြသဖို့ရောက်ဖူးခဲ့ပေမယ့် တစ်ကိုယ်တည်း ရုန်းကန်နေထိုင်ရမယ့်အခြေအနေကို နဖူး တွေ့ဒူးတွေ့ကြုံရတဲ့အခါ ထင်သလောက်မလွယ်ကူခဲ့ဘူး။

အခက်အခဲတွေကို မြန်မာပြည်မှာပိုဆိုးတဲ့ဒုက္ခတွေကြုံတွေ့နေရတဲ့ သူငယ်ချင်းမိတ်တွေကိုလည်း ရင်မဖွင့်နိုင်ခဲ့ဘူး။ စိတ်ညစ်အားငယ်နေတဲ့အချိန်တွေကိုအားတင်းရင်းဖြတ်ကျော်ခဲ့တယ်။

လက်ရှိမှာလည်း ဘဝရပ်တည်ရေးအတွက်လည်း တခြားအလုပ်တွေအစား ပန်းချီဆွဲတဲ့အလုပ်ကိုသာ တစ်စိုက် မက်မက်လုပ်ကိုင်ရင်းဖြတ်သန်းနေပါတယ်။

ရှေ့ဆက်ပြီးလည်း မြန်မာပြည်နဲ့ပတ်သက်တဲ့အနုပညာလှုပ်ရှားမှုတွေမှာ ဘယ်လိုနေရာကဖြစ်ဖြစ်ပါဝင်သွားမယ်လို့ မခြူးဝေက ဆုံးဖြတ်ထားပါတယ်။

“ ပန်းချီကားပေါ်မှာဆွဲတာဖြစ်ဖြစ် နံရံပေါ်မှာဆွဲတာဖြစ်ဖြစ် ကိုယ့်အနုပညာနဲ့အဝတ်အစားပေါ်မှာ ဆွဲတာဖြစ်ဖြစ် ဘယ်လို အရာမျိုးပဲဖြစ်ဖြစ်အနုပညာနဲ့ ခံစားချက်တွေကိုရော၊ အကြောင်းအရာတခုခုကိုရော၊ အရင်တုန်းက မဖန်တီးခဲ့ဖူးတဲ့ပုံစံမျိုးနဲ့ မြန်မာပြည်အကြောင်း မိတ်ဆက်ပြတာဖြစ်ဖြစ် ပါဝင်ဖို့အခွင့်အရေးပေါ်လာရင် အမြဲတန်းပါဝင်မယ်”လို့ မခြူးဝေကဆို ပါတယ်။

ကိုယ်တိုင်လည်း မြန်မာပြည်ရဲ့အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာတွေရှိတဲ့အတွက် မြန်မာပြည်က သူငယ်ချင်းတွေ၊မိသားစုတွေ၊မိတ်ဆွေတွေကို စိတ်ဖိစီးမှုလျော့ကျနိုင်အောင် တတ်နိုင်တဲ့အနုပညာက တစ်ဆင့်လုပ်ပေး ချင်တယ်လို့ ပြောပါတယ်။

“ ခုနလိုခံစားရတဲ့စိတ်ဖိစီးမှုတွေအားလုံးက လွတ်မြောက်မသွားဖူးဆိုရင်တောင်မှ လျော့ကျသွားအောင် ကိုယ်တတ်ထားတဲ့ ပညာနဲ့ လူထုရဲ့စိတ်ကိုနည်းနည်းလေးဖြစ်ဖြစ်လျော့နည်းသွားအောင် အေးချမ်းသွားအောင် တစ်ဖက် တစ်လမ်းကနေပြီး တော့ ပညာတွေမျှဝေတာမျိုးအတူတူ ပန်းချီနဲ့ပတ်သက်ပြီးတော့စိတ်ခံစားမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားပြီး ဖြေလျော့ ပေးတာမျိုး ကြိုးစားချင်ပါသေးတယ်” လို့ ဆိုပါတော့တယ်။

Author:

Related Articles