Cherry and Anna
ဇူလိုင်လ ၃၁ရက်။၂၀၁၄ခုနှစ်။
ကျောင်းဝတ်စုံနှင့် ကျောင်းသွားနေကြတဲ့ ကလေးတွေကို ကြည့်ပြီး “သမီးလည်း ကျောင်းအရမ်းတက်ချင်တယ်၊ သမီးကျန်းမာရေး ကောင်းလာရင် ကျောင်းပြန်တက်မယ်၊ ဘုရားသခင်ရှေ့မှာ သက်သေခံမယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်မြို့နယ် မန်ကောင်းရွာမှ ထိုင်းနိုင်ငံတွင်လာရောက် ဆေးကုနေသော ခေါန်မိုင်က မျက်ရည်ဝိုင်းလျက် ငိုသံလေးနှင့် ပြောပြပါတယ်။
ကချင်ဒုက္ခသည်ဟု ပြောလိုက်သည်နှင့် ကချင်ပြည်နယ်မှ ဒုက္ခသည်များကို ပြေးမြင်လေ့ရှိပါသည်။
သို့သော်လည်း တိုက်ပွဲများမှာ ကချင်ပြည်နယ်တွင်သာမကပဲ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ဖြစ်ပွားလျက်ရှိနေပြီး ရှမ်းပြည်မြောက်ပိုင်းမှာလည်း ဒုက္ခသည်များ ထောင်နှင့်သောင်းနှင့်ချီ အခက်အခဲတွေ့ကြုံနေကြရပါတယ်။
တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ် မိုင်ဟိုင်းကျေးရွာရှိ စစ်ပြေးရှောင် ဒုက္ခသည်များနှင့် အတူနေပြီး ကြည့်ရှု့နေသော ဆရာက ခေါန်မိုင်ကို ကျောင်းတက်နိုင်ရန် ပြင်ဆင်နေချိန် တစ်ပတ်အလိုမှာ ဝက်စာဒယ်အိုးထဲ ပြုတ်ကျသွားပြီး ခန္ဓာကိုယ် အပူလောင်သွားသောကြောင့် ကျောင်းမတက်နိုင်ဘဲ သူမမှာ ဒုက္ခသည်ဘဝမှ ထပ်ဆင့်ဒုက္ခသည် အဖြစ်ရောက်ရှိခဲ့ရပါတယ်။
သူမကို ကူညီထောက်ပံ့သော ကချင်နှစ်ခြင်းခရစ်ယာန် အသင်းအဖွဲ့များ အကူအညီဖြင့် တရုတ်ပြည် မန်စီမြို့ဆေးရုံနှင့် ရန်ကုန်ဆေးရုံတွေတွင်ပြသရာ ဆရာဝန်များက ကလေးမ၏ ဒဏ်ရာကိုကြည့်၍ ဆေးကုရန်လက်မခံဘဲ ငြင်းဆိုခဲ့တယ်လို့ အကူအညီပေးနေတဲ့ ဆရာက ပြောပါတယ်။
“ခေါန်မိုင် ချင်းမိုင် ရောက်တဲ့အချိန်ဆို ဆံပင်လည်းမရှိဘူး အသားအရည်တွေကလည်း ကြောက်စရာကြီး လက်ကလည်း တစ်ဒေါင်စစ် အပေါ်ပိုင်း ကိုယ်နဲ့ကဒ်သွား၍ လှုပ်ရှားမရ ခေါင်းကလည်း လှုပ်ရှားလို့မရ အခုတောင် ဆံပင်ပြန်ပေါက်လာ၍ ကြည့်လို့ကောင်းသွားတာ” လို့ အတူဆေးကုနေသည့် သူငယ်ချင်းမှ ပြောပြပါတယ်။
ကံကောင်းထောက်မစွာ သူမသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တရားဟော ဆရာတယောက်၏ အကူအညီရရှိ၍ မိသားစု အသိုင်းအဝိုင်းကလည်း စိတ်ပူပင်စရာ မလိုဘဲ သူမ၏ကျန်းမာရေးကို ကောင်းမွန်စွာ အခုချိန်ထိ ကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။
မိန်းမလေးများက အသက် ၁၂နှစ် အရွယ်ရောက် လာပြီဆိုရင် ရင်သားထွက်လာချိန် ဖြစ်ပြီ။ သူမ၏ရင်ဘတ်မှာ အပူပြင်းထန်စွာ ထိခိုက်မှုကြောင့် ရင်သားထွက် နိုင်ဖို့ရန် ခက်ခဲကြောင်း လည်းသိရပါတယ်။
“ကျွန်မ ကိုယ်ချင်းစာနာ မိတယ်၊ မိဘတွေနဲ့ ဝေးပြီးဆေးလာကုတဲ့ အချိန်မှာ ကျွန်မလည်း မိဘနေရာနေပြီး သူတို့လေးတွေကို ကြည့်၍ အငယ်ဆုံးသောသူ ကိုကြည့်ရှုစောင့်ရှောက် ကူညီဖို့ အခွင့်အလမ်း ရှိသောကြောင့် လည်းကျွန်မ ဝမ်းသာဂုဏ်ယူမိတယ်” လို့ သူတို့လေးတွေကို ကြည့်ရှု့နေသော ဆရာမ ကပြောပြပါတယ်။
ငယ်စဉ်ကတည်းကနေပြီး အသက် ၁၂နှစ် အရွယ်ထိ ကျောင်းတက်ဖူးခြင်းမရှိဘဲ ကိုယ်တစ်ခြမ်းသေနေသော မိခင်နဲ့အတူ မောင်လေးတွေကို ကြည့်ရှု့ထိန်းကျောင်း၍ သူမဘဝအခုချိန်ထိ ဖြတ်သန်းလာရတာပါ။
“အမေက လက်တဖက်လည်း မကောင်းဘူး၊ အဖေကလည်း ဘိန်းစားဖြစ်နေတော့ သူရှာသောက်ဖို့တောင် အနိုင်နိုင် သမီးတို့သားအမိတွေကို မကြည့်ဘူး၊ သမီးတို့အိမ်မှာ အရမ်းဆင်းရဲတယ်၊ အရမ်းဆင်းရဲတော့ ကျောင်းမတက်နိုင်ဘူး၊ သမီးမောင်လေးကိုလည်း သူများကို ပေးလိုက်ရတယ်” လို့ ခေါန်မိုင်က ပြောပြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာတော့ တခြား မိသားစုတွေနည်းတူ စစ်ဘေးကို တိမ်းရှောင်ခဲ့ရတာလို့ မုန်းကိုး ဒုက္ခသည် စခန်းမှာ ကျန်ရစ်တဲ့ ခေါန်မိုင်ရဲ့ မိခင်က ပြောပြပါတယ်။
“ကျွန်မတို့လင်မယားမှာ ကလေး၄ယောက်ရှိတယ် မိန်းကလေး ၁ယောက်နှင့် ယောက်ကျားလေး ၃ယောက်ရှိတယ်၊ ယောက်ကျားလေးထဲမှာ အကြီးဆုံးဖြစ်တဲ့ သားက မွှေးလာတာနဲ့ အရိုးပျော့ ရောဂါဖြစ်ပြီး ၆လသာအသက်ရှင်၍ ဆုံးသွားတယ်၊ အငယ်ဆုံး ယောက်ကျားလေး ၂ပတ်သားအရွယ်ပဲ ရှိသေးတယ် ကျွန်မငွေအရမ်းခက်ခဲလွန်းလို့ သူတို့မောင်နှမ ၃ယောက်ကို ပြုစုပျိုးထောင်ဖို့ မတတ်နိုင်လို့ တရုတ်ပြည် ဘက်ကလူတွေမွေးစားဖို့ သူများနှင့် တဆင့် ပေးလိုက်ရတယ်၊”
ကိုယ်တခြမ်းသေနေတဲ့ မိခင်ဖြစ်သူ ဒေါ်မရန်ဘူ က သူတို့ရဲ့ ဒုက္ခတွေကို ပြောပြပါတယ်။
“အခုအိမ်မှာက သားအလတ်က ၆နှစ်ရှိပြီ မနှစ်ကဆို မူကြိုကြေးကို တစ်လစာပဲပေးနိုင်လို့ တစ်လပဲတက်ခိုင်း နိုင်တယ်၊ ဒီနှစ်က သူတို့ဦးလေး မူကြိုကြေး ကိုကူညီပေးတဲ့ အတွက် တက်နိုင်နေတယ် ကျွန်မကလည်း ကလေးတွေရဲ့ ရှေ့ရေးအတွက် စိတ်မကောင်းဘူး ဒါပေမဲ့ ကျွန်မလည်းသန်စွမ်းသူ မဟုတ်တဲ့အတွက် ဘာမှမတက်နိုင်ဘူး ကလေးတွေကို ပညာတတ်စေခြင်လို့ သူများအိမ်မှာပို့လိုက်တာ သမီးကြီးခေါန်မိုင် ကလည်းအပူပြန်လောင်သွားပြီး ကျောင်းတက်ခွင့်လည်း ပြန်မရဘဲ ကျွန်မနဲ့ ပိုပြီးဝေးတဲ့ သူများနိုင်ငံမှာ ဆေးကုသနေရတယ်” လို့ ခေါန်မိုင်၏ အမေဖြစ်သူ ဒေါ်မရန်ဘူ ဝမ်းနည်းစွာ ငိုမျက်ရည်နဲ့ ပြောပြပေးပါသည်။
“ယောက်ကျားဖြစ်သူ ကလည်းမကူညီ မိန်းမကလည်း လက်တစ်ဖက် နဲ့ဘဲဆိုတော့ အရမ်းခက်ခဲကြပါတယ်၊ လင်မယားနှစ်ယောက်လုံးက ကူညီဖို့ ဆွေမျိုးတွေမရှိကြတော့ ပိုဆိုးတာပေါ့၊” လို့ အိမ်နီးချင်း ဒုက္ခသည်တွေက ပြောပြကြပါတယ်။
“ရွာသားအချို့ကလည်း ကိုယ်တတ်နိုင်သလောက်လေး ကူညီကြပါတယ်၊ သားအငယ်ဆုံးကို မွေးစားတဲ့သူတွေကလည်း ပိုက်ဆံပို့တယ်တဲ့ သူ့ဆီကိုတော့ ဘယ်လောက်ရောက်လဲမသိဘူး သားကိုခေါ်သွားပေးတဲ့ သူမှတဆင့် ပေးပို့တယ်ဆိုတာ ကြားနေရတယ်” လို့ အိမ်နီးနားများထံမှ သိရပါသည်။
သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းအဆိုအရ လွန်ခဲ့သည့် ၄ လ အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ထိတွေ့ တိုက်ပွဲပေါင်း ၂၀၀ အထိ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေအများဆုံးက ကချင်ပြည်နယ် တောင်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ ဖြစ်ခဲ့တာပါ။
အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းက ဒုက္ခသည်တွေအကြောင်း လူသိနည်းသလို အကူအညီ အထောက်အပံ့တွေလည်း နည်းလှပါတယ်။
ဒေါ်မရန်ဘူကတော့ ခေါန်မိုင်တယောက် ကျန်းမာရေး ပြန်ကောင်းလာရင်တောင် သူ့အနေနဲ့ ကျောင်းထားပေးနိုင်မယ် မပေးနိုင်ဘူးဆိုတာ မရေရာသေးဘူးလို့ ပြောပြပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021