Home ဆောင်းပါး (ဒေါ်) နန်ထန်ကို ဘယ်သူသတ်သလဲ…
Photo Credit: Nampaka Mare JW Hkalup Nawku Hpung's Facebook

(ဒေါ်) နန်ထန်ကို ဘယ်သူသတ်သလဲ…

“ သွေးအိုင်ထဲမှာ မှောက်ရက်လဲကျနေတာမြင်တော့ ကျမတော်တော်လန့်သွားတယ်” လို့  အသက်(၅၂)နှစ် အ ရွယ် (ဒေါ်)ဂျာနန်က ပြောပြပါတယ်။

(ဒေါ်)ဂျာနန်ဟာ ဇူလိုင်(၄)ရက်နေ့၊ မနက်အစောပိုင်းအချိန်က သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတဲ့(ဒေါ်)နန်ထန် ကို ပထမဦးဆုံးစမြင်ခဲ့သူဖြစ်ပါတယ်။

(ဒေါ်)နန်ထန်ဟာ သူမနေထိုင်တဲ့ ကွတ်ခိုင်မြို့နယ်၊ ပိန်းပွန်အုပ်စု၊ နမ့်ဆောင်ကျဲကျေးရွာရှိ နေအိမ်မှ ဈေးဆိုင်ထဲ မှာ ရက်စက်စွာ အသတ်ခံခဲ့ရပါတယ်။

ဒီဒေသဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့အကြား တ ကျော့ပြန် ပြည်တွင်းစစ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ အေးချမ်းမှု မရှိသေးတဲ့ဒေသလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နမ့်ဆောင်ကျဲကျေးရွာမှာ မြန်မာ့တပ်မတော်၊ ခြေလျင်တပ်ရင်း ခလရ(၂၆၁) တပ်စခန်းချ ထားပါတယ်။

(ဒေါ်)နန်ထန်အသတ်ခံရတဲ့နေရာဟာ မြန်မာ့တပ်မတော်နဲ့ (၁)ဖာလုံခန့်သာ ဝေးကွာတဲ့နေရာဖြစ်ပြီး၊ သူမဟာ အဲ ဒီတပ်စခန်းမှ တပ်သားများကို အဓိက ဈေးရောင်းပေးနေသူတဦးလည်း ဖြစ်ပါတယ်။

 “ကိုယ့်အမျိုးသမီးတယောက် ဒီလိုရက်ရက်စက်စက်အသတ်ခံရတာ အရမ်းစိတ်မကောင်းဖြစ်မိတယ်” လို့ (ဒေါ်) ဂျာနန်က ဝမ်းနည်းစွာပြောပြပါတယ်။

(ဒေါ်)ဂျာနန်ဟာ (ဒေါ်)နန်ထန်မသေဆုံးခင် ဇူလိုင်(၃)ရက် ည(၉)နာရီခွဲအထိ အတူရှိနေတဲ့သူတဦးဖြစ်ပြီး၊ သူမနဲ့ (ဒေါ်)နန်ထန်ဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်(၃)ရက် နေ့လည်(၁)နာရီခွဲခန့်က ရှေ့တန်းမှ ပြန်လာတဲ့ အစိုးရတပ်မတော်မှ တပ်သားများက ရွာ ထဲဝင်လာပြီး (ဒေါ်)နန်ထန်ဆီမှာ ဆိုလာပြားလာငှားရမ်းခဲ့ပြီး၊ တပ်သားတွေက ဖုန်းကို(၂)သောင်းကျပ်နဲ့ လာပေါင် နှံခဲ့သေးတယ်လို့ (ဒေါ်)ဂျာနန်က ပြန်လည်ပြောပြပါတယ်။

အသတ်ခံရတဲ့နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ပတ်ဝန်းကျင်နေအိမ်တွေက (ဒေါ်)နန်ထန်ရဲ့ အော် ဟစ်အကူအညီတောင်းခံသံတွေကို မကြားခဲ့ကြတာဖြစ်နိုင်ကြောင်း (ဒေါ်)ဂျာနန်က ပြောပါတယ်။

“ သူသွေးအိုင်ထဲမှာ သေဆုံးနေတာ အခုထိ ကျမမျက်လုံးထဲကနေ မပျောက်ဘူး” လို့ (ဒေါ်)ဂျာနန်က ဆိုပါတယ်။

ဆေးမှတ်တမ်းများအရ (ဒေါ်)နန်ထန်ဟာ ဦးခေါင်းနှင့် လည်ပင်းတို့မှာ ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

(ဒေါ်)နန်ထန်ဟာ ဆယ်ကျော်သက်အရွယ် သမီးငယ်(၂)ဦးနဲ့ နာမကျန်းဖြစ်နေတဲ့ခင်ပွန်းသည်ကို ရှာဖွေကျွေးမွေး နေသူဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် မူလနမ့်ဆောင်ကျဲကျေးရွာကို ပြန်လာကာ ဈေးဆိုင်ဖွင့်ပြီး စီးပွားရှာရ သူဖြစ်ပါတယ်။

“ ကျွန်တော်တို့ရောက်သွားတော့ သူ့ခန္ဓာကိုယ်တွေမှာ သွေးတွေနဲ့ပါ။ အလောင်းကို ကြည့်လိုက်တော့ အဝတ်အ စားတွေက အတင်းအဓမ္မလုပ်ကြံခံရတဲ့ပုံတော့ မတွေ့ရဘူး” လို့ (ဒေါ်)နန်ထန်အလောင်းကို သွားသယ်ပေးခဲ့တဲ့ နမ့် ဖက်ကာမှ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

သူမနေထိုင်တဲ့နေရာဟာ စစ်တပ်နဲ့ တဖာလုံသာ ဝေးကွာတဲ့အတွက် အခုလို ရက်ရက်စက်စက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အမျိုးသမီးရေး တက်ကြွဆောင်ရွက်သူများကလည်း တပ်မတော်ကို အမှုမှန်ဖော်ထုတ် နိုင်ရေးအတွက် ပါဝင်ကူညီစေလိုကြပါတယ်။

“(ဒေါ်)နန်ထန်သေဆုံးတဲ့နေရာက စစ်တပ်နဲ့နီးပေမယ့် ပဋိပက္ခဒေသဖြစ်လို့ သွားရေးလာရေးကတော့ လုံးဝ မလုံ ခြုံဘူး” လို့အမျိုးသမီးနှင့်ငြိမ်းချမ်းရေးကွန်ရက်မှ (ဒေါ်)ခေါင်နန်းက ပြောပါတယ်။

(ဒေါ်)နန်ထန် ဆိုင်ခန်း (Photo Credit: Nampaka Mare JW Hkalup Nawku Hpung‘s Facebook)

လက်ရှိမှာတော့ (ဒေါ်)နန်ထန်သေဆုံးမှုဟာ အမှုမှန်ပေါ်ပေါက်ဖို့ လိုအပ်နေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ နယ်မြေရှိ တပ်မတော်၊ တပ်သားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှုမှန်ပေါ်ပေါက်အောင်  ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ (ဒေါ်)ခေါင်နန်းက ပြောပါတယ်။

“ပဋိပက္ခဒေသမှာ အမျိုးသမီးတွေ အကြမ်းဖက်မှု ကျူးလွန်မခံရဖို့ အသတ်မခံရဖို့ တပ်မတော်အပါအဝင် လက်နက် ကိုင်အဖွဲ့တွေကလည်း နိုင်ငံတကာဥပဒေကို လိုက်နာဖို့ အရမ်းလိုအပ်ပါတယ်” လို့လည်း (ဒေါ်)ခေါင်နန်းက ပြော ဆိုလိုက်ပါတယ်။

(ဒေါ်)နန်ထန်သေဆုံးပြီးနောက်ပိုင်းမှာတော့ ကျေးရွာဒေသခံတွေက စိုးရိမ်မှုတွေ ကြောက်စိတ်တွေနဲ့ နေထိုင်နေရ ပြီး မြန်မာ့တပ်မတော်မှ ဗျူဟာမှူးကတော့ အမှုနဲ့ပတ်သက်ပြီး တပ်ထဲတွင် စစ်ဆေးမှုများပြုလုပ်ပေးနေတယ်လို့ ပြောထားကြောင်း (ဒေါ်)ခေါင်နန်းက ပြောပါတယ်။

“ အခုရွာမှာ ကျန်ေနေတဲ့သူတွေကတော့ ကြောက်နေကြတယ်။ ကြောက်လည်း မတတ်နိုင်ဘူးလေ။ ဒီအတိုင်းပဲ ဆက်နေရမှာပဲ” လို့ (ဒေါ်)ခေါင်နန်းက ဆိုပါတယ်။

“ သေဆုံးတဲ့သူ(ဒေါ်နန်ထန်)က စစ်တပ်နဲ့အမြဲဆက်ဆံနေရတဲ့သူ။ သူ့ဈေးဆိုင်ကို တပ်သားတွေ ဝင်ထွက်တယ်။ နောက် ပစ္စည်းတွေပေါင်နှံတယ်” လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဝမ်ကလည်း ပြောပြပါတယ်။

(ဒေါ်)နန်ထန်ဟာ မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့အမျိုးသမီးတဦးဖြစ်တယ်လို့လည်း ဦးလဝမ်က ဆိုပါတယ်။

“ သူတို့ (မြန်မာ့တပ်မတော်) က အတတ်နိုင်ဆုံး အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားပေးမယ်လို့ ပြောပါတယ်။ သူတို့ အခုသက်သေထွက်ဆိုချက်အရဆိုရင်တော့ သူတို့တပ်ထဲက တပ်သားတွေကို စစ်ဦးမှာပါ” လို့ ဦးလဝမ်က  ဆက် ပြောပါတယ်။

အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် ပထမဆုံးချမှတ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) မှာ စစ်ပွဲ၊ ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအ ပေါ်သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် အမျိုးသမီးများရဲ့အခန်းကဏ္ဍ ကို မဖြစ်မနေစဉ်းစားဖို့ လိုအပ်ကြောင်း အလေးထားဖော်ပြထားပါတယ်။

“ ကျမအနေနဲ့ကတော့ ကျူးလွန်သူတွေကို အမြန်ဖော်ထုတ်အရေးယူပေးဖို့ပါပဲ” လို့ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး အဖွဲ့မှ (ဒေါ်)ခေါင်နန်းက ဆိုပါတယ်။

ပဋိပက္ခနယ်မြေများမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးက တနေ့ထက်တနေ့ ပိုမိုဆိုးရွာလာတယ်လို့ လည်း အမျိုးသမီးရေး တက်ကြွဆောင်ရွက်သူတွေက ပြောလိုက်ပါတယ်။

(ဒေါ်)နန်ထန်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေ အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ ပဋိပက္ခဒေသအတွင်း အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အထူးအလေးပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်း (၄၀) က ဇူလိုင်လ(၁၀)ရက် နေ့မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

(ဒေါ်)နန်ထန်အသတ်ခံရမှုကို အိမ်နီးချင်းဖြစ်သူ သူမမိတ်ဆွေ(ဒေါ်)ဂျာနန်က တရားလိုအဖြစ် နမ့်ဖက်ကာ ရဲစခန်း မှာ ပုဒ်မ (၃၀၀) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသတ်ခံရတဲ့ (ဒေါ်)နန်ထန်ရဲ့အလောင်းကို စမြင်ခဲ့တဲ့ (ဒေါ်)ဂျာနန်တယောက် ရွာကိုပြန်ဖို့ စိုး ရိမ်ကြောက်လန့်နေပါတယ်။

“ကျမအခုရွာမပြန်ရဲတော့ဘူး။ (ဒေါ်)နန်ထန်အမှုမှန်ပေါ်ဖို့ ကျမအစွမ်းကုန် ဆက်လုပ်သွားမယ်။ အမှန်တရားရ အောင် ဆောင်ရွက်သွားမယ်” လို့ (ဒေါ်)ဂျာနန်က ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

လွန်ခဲ့တဲ့(၄)နှစ်၊ ၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကောင်းခါးကျေးရွာမှာ ရက်စက်စွာ အသတ်ခံရတဲ့ ကချင်ဆရာမလေး(၂)ဦးဖြစ်တဲ့ မရန်လုရာနဲ့ ခေါန်နန်စင်တို့ အမှုမှာလည်း ယခုအချိန်ထိ အမှုမှန်မပေါ်ပေါက်နိုင် သေးတဲ့အတွက် အခုချိန်မှာ (ဒေါ်)နန်ထန်ကို ဘယ်သူသတ်သလဲဆိုတဲ့မေးခွန်းကတော့ ဒေသအတွင်းက လူတိုင်း ရင်ထဲမှာမေးနေတဲ့မေးခွန်းဖြစ်နေပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် (ဒေါ်)နန်ထန်အသတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်” လို့ (ဒေါ်) ခေါင်နန်းကလည်း ထပ်လောင်းပြောလိုက်ပါတယ်။

နန်းဆိုင်နွမ်

Author:

Related Articles