မတ်လ ၃၀ ရက်ကနေ ဧပြီလ ၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ငလျင်ဒဏ်ကြောင့် မသန်စွမ်းသူအမျိုးသမီးများ အခက်အခဲများစွာကြုံတွေ့နေရ
မတ်လ (၂၈) ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မသန်စွမ်းသူအမျိုးသမီးနဲ့ အမျိုးသား တွေဟာ အခက်အခဲများစွာကြုံတွေ့နေရတယ်လို့ မသန်စွမ်းသူအရေးလှုပ်ရှားနေတဲ့ အမျိုးသမီးတစ်ဦးပြောပါတယ်။
“ငလျင်ဒဏ်ကြောက်ရွံ့ပြီး နေအိမ်ပြင်ပမှာ နေထိုင်ကြရတဲ့မသန်စွမ်းသူတွေအနေနဲ့ အိမ်သာသွားလာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအခြေအနေတွေမှာ များစွာအခက်အခဲရှိနေပါတယ်။ အိမ်ထဲကိုဝင်လာလိုက်၊ ပြန်ထွက်ရ လိုက်အခြေအနေမှာ မသန်စွမ်းသူများအတွက် အခက်အခဲများစွာကြုံရပြီး ကိုယ်လက်နာကျင်ကိုက်ခဲတာမျိုးတွေလည်းခံစားနေကြရတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့နေ့စဉ်အသုံးပြုနေကျ ဆေးတွေဝယ်ရတဲ့အခါ လိုသလောက်မရတာမျိုး အစား၊အသောက် ပစ္စည်းတွေလည်းဈေးတက်နေတဲ့အတွက် ဝယ်ယူလို့မရတာမျိုးတွေကြုံတွေ့နေကြရပါတယ်။
လတ်တလောအခြေအနေအရအရေးပေါ်လိုအပ်တဲ့အရာတွေကတော့ အခြေခံစားသောက်ကုန်၊ အခြေခံဆေးဝါး၊ တကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ သောက်ရေ၊ခြင်ဆေး၊ ခြင်ထောင်၊ psychosocial support (စိတ်ပိုင်း ဆိုင်ရာ အားပေး မှု) စတာတွေ လိုအပ်နေတယ်လို့ မသန်စွမ်းသူအရေးလှုပ်ရှားကူညီနေတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ငလျင်ဒဏ်သင့်ပြည်သူတွေကို ထောက်ပံ့မှုတွေလုပ်တဲ့အခါ မသန်စွမ်းသူတွေပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစားဖို့လေး လေးနက်နက်တောင်းဆိုချင်ပါတယ်။ အခုကာလမှာတက်တက်ကြွကြွလှုပ်ရှားတဲ့ မသန်စွမ်းအဖွဲ့အစည်း တွေလည်း နည်းပါး နေပြီး မသန်စွမ်းအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေလည်းနည်းတဲ့ အတွက်အရပ်ဖက်အဖွဲ့အစည်းများ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပံ့ပိုးမှုတွေလုပ်တဲ့အခါမှာ မသန်စွမ်းအဖွဲ့အစည်း၊ လူတွေကိုလည်း ပံ့ပိုးပေးစေချင် ပါတယ်”လို့ သူကဆိုပါတယ်။
မသန်စွမ်းအဖွဲ့အစည်းတွေအနေနဲ့ ငလျင်ဒဏ်ကြုံတွေ့နေရတဲ့ မသန်စွမ်းသူတွေအတွက် ထောက်ပံ့မှုတွေ လက်လှမ်း မှီသ လောက် ချိတ်ဆက်ဆောင်ရွက်ပေးတာ၊ တိုက်ရိုက်ထောက်ပံ့တာ၊ အခြားအဖွဲ့တွေကတဆင့် ထောက်ပံ့ပေးတာတွေ ပြုလုပ် နေကြပေမယ့် မသန်စွမ်းသူတွေဆီရောက်ရှိမှုနည်းနေသေးတဲ့ အခြေအနေတွေရှိတယ်လို့ ဆိုပါတယ်။
Source – HI
မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်းပြိုကျမှုမှာ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ၆ ဦးသေဆုံး
စစ်ကိုင်းတိုင်း မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်း ပြိုကျမှုကြောင့်ကျောင်းတည်ထောင်သူ အပါအဝင် ၆ ဦးသေဆုံးပြီး ကျန် ရှိသူများကို ဆက်လက်ရှာဖွေနေကြောင်း ဧပြီ ၂ ရက်မှာ အသိပေးထားပါတယ်။
ငလျင်လှုပ်ခတ်ချိန်တွင် ကျောင်းအတွင်းရှိနေသော ကျောင်းအုပ်ဆရာမကြီးဒေါ်စောကလျာ၊ ကျောင်းဆရာမ တစ်ဦး၊ စာရေး မတစ်ဦး၊ ဧည့်သည် ၃ ဦး စုစုပေါင်း ၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
ကျောင်းတည်ထောင်သူနဲ့ ရုံးစာရေးသုံးဦးကို ခက်ခဲစွာရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ ကလေးခြောက်ဦးနဲ့ ဆရာမတစ် ဦးကို ဆက်လက်ရှာဖွေနေဆဲလို့ သိရပါတယ်။
Source – ဧရာဝတီတိုင်းမ်
အပစ်ရပ်မကြေညာမီ ကရင်မှာ ဗုံးကြဲလို့ မိန်းကလေးငယ်တစ်ဦး သေဆုံးပြီးအမျိုးသမီးတစ်ဦး ဒဏ်ရာရ
စစ်ကောင်စီက ရက်(၂၀) ကြာ ယာယီအပစ်ရပ်စဲမယ့် ကြေညာချက်မထွက်မီ နာရီပိုင်းအလို ဧပြီလ(၂)ရက် ညနေပိုင်းမှာ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်နဲ့ ကမမောင်းမြို့ကြားရှိ လေးဖိုးထကျေးရွာအုပ်စုထဲ စစ်တပ်ကလေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ လသားအရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ကလေးနှစ်ဦးသေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့်နေကာကျေးရွာက ၃ လအရွယ် ကလေးတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး စုစု ပေါင်းနှစ်ဦးသေဆုံးသွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အမျိုး သမီးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲလာတာဖြစ်တယ်လို့ သိရပါတယ်။
Source – People’s Spring
တိုက်ပွဲတွေကြောင့် မင်းကွန်း ဘိုးဘွားရိပ်သာမှ လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီ လိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိမင်းကွန်းဗုဒ္ဓဘာသာဘိုးဘွားရိပ်သာမှာ အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါ အဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။
ဘိုးဘွားရိပ်သာအနီးမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံကျေးရွာသားတွေဟာ စစ်ပြေးနေကြရလို့ ဘယ်သူမှမရှိတော့ လို့ ဆေးဝါးနဲ့ စားသောက်ရေးမှာအခက်အခဲတွေဖြစ်နေရပါတယ်။
“အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်း လိုအပ် တယ်။ ဆန်ကတော့နည်းနည်းရှိသေးတယ်။ ဆီလည်းလိုတယ်။ ကြာပြီလေ၊ ငလျင်မဖြစ်ခင်ကတည်းက ဘယ်သူမှမရှိတော့ တာ။ ဘာမှလည်း ဝယ်ခြမ်းမရဘူး။ အရမ်းကို အခက်အခဲ ဖြစ်နေတာ”လို့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ဒီဘိုးဘွားရိပ်သာ မုဒ်ဦးအပါအဝင် အုတ်တံတိုင်းတွေ အဆောက်အဦးမျက်နှာကျက်တွေပြိုကျပျက်စီးခဲ့ရပြီး ယနေ့ထိလည်း ဖယ်ရှားရှင်းလင်းနိုင်တာမရှိသေးပါဘူး။
Source – Popular News
ငလျင်ကြောင့် ပိတ်မိနေတဲ့ ဟိုတည်ဝန်ထမ်းအမျိုးသမီး လေးဦးကိုကယ်ထုတ်နိုင်ခဲ့
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့က ဟိုတယ်အောင်ပန်းပြိုကျမှုမှာ ၇ နာရီကြာ ပိတ်မိနေတဲ့ အသက် နှစ်ဆယ် အရွယ် ဟိုတယ်ဝန်ထမ်း မိန်းကလေးလေးဦးကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တွေထံမှ သိရပါတယ်။
မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုအတွင်း ခြောက်ထပ်ခွဲရှိတဲ့ ဟိုတယ်အောင်ပန်း လုံးဝပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။
ညနေ ၆ နာရီမှာ အပျက်အစီးတွေကြားက အသက်ရှင်နေတဲ့ မိန်းကလေးတွေကို စတွေ့ခဲ့တာဖြစ်ပြီး ည ၇ နာရီကျော်မှာ စတင်ကယ်ထုတ်နိုင်ခဲ့တာလို့ ကူညီပေးခဲ့တဲ့ မြတ်လူငယ်အဖွဲ့ တာဝန်ခံက ပြောပါတယ်။
လက်ရှိမှာတော့ ဟိုတယ်အောင်ပန်းပြိုကျမှုကနေ အသက်ရှင်လျက် လူလေးယောက်ကယ် ထုတ်ထားနိုင်ပြီး ရုပ်အလောင်း လေးခုနဲ့ ဒဏ်ရာရသူ ၁၆ ဦးရှိပါတယ်။
Source – RFA
ငလျင်ကြောင့် ပိတ်မိနေတဲ့အမျိုးသမီးတစ်ဦးကို လေးရက်အကြာမှာ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့
မန္တလေးတိုင်းဒေသကြီးမှာ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးကို လေးရက်အကြာမှာ အသက်ရှင်လျှက် ကယ် ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
မတ် ၃၁ ရက်မှာ အမျိုးသမီးတစ်ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသား ၁၆ ဦး အမျိုးသမီး ၁၁ဦး စုစုပေါင်း ၂၇ ဦးရဲ့ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ရုရှား နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
Source – Western News
ငလျင်ကြောင့် ရမည်းသင်းမှာ မိန်းကလေးငယ်တွေအပါအဝင် ယဉ်ကျေးလိမ္မာတက်နေတဲ့ကလေးငယ် ၁၃ ဦးသေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ကျီးအင်းရွာ၊ တိုက်ကျောင်းငလျင်ကြောင့် ပြိုကျလို့ မိန်း ကလေးငယ်တွေအပါအဝင် စုစုပေါင်း ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရွာတန်းတိုက်နယ်မှာ ကျေးရွာပေါင်း ၂၄ ရွာရှိပြီး အသက်ဆုံးရှုံးမှု ဖြစ်စဉ်မှာ အနီးအနားက ကျေးရွာ ၅ ရွာမှကလေးသူငယ် တွေ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်ချိန်မှာငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးမှုထဲမှာ ကျီးအင်းရွာ၊ သဲကျွန်းရွာ၊ ဆည်တိုက်ရွာ၊ သံမုံရွာ၊ ခွေးလှကုန်းကျေးရွာကဖြစ်ပြီး သေဆုံးသူတွေဟာကလေး သူငယ်တွေဖြစ်ကြပါတယ်။
Source – Western News
ခြောက်ရက်အကြာမှာ Sky Villa မှ အမျိုးသမီးရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိ
ဧပြီ ၂ ရက် နံနက်ပိုင်းက မန္တလေး Sky Villa မှ အမျိုးသားနဲ့ အမျိုးသမီး ရုပ်အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦပြိုကျပျက်စီးလို့ ပိတ်မိနေသူတွေကို ရှာဖွေ ကယ် ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။
Source – Western News
အမျိုးသမီးတွေအပါအဝင် အစ္စလာမ်ဘာသာဝင် စုစုပေါင်း၂၀၀ နီးပါးသေဆုံးခဲ့တဲ့ဘုံးအိုးရွာ အကူအညီတွေလိုအပ်
ငလျင်ဒဏ်ကြောင့် အစ္စလာမ်ဘာသာဝင် ၂၀၀ နီးပါးသေဆုံးခဲ့တဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ အကူညီ တွေလိုအပ်နေတယ်လို့ သိရပါတယ်။
မတ်လ ၃၁ ရက်ထိ ငလျင်ငယ်တွေဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ဧပြီ ၁ ရက်ထိ ဒေသခံတွေဟာ ကျေးရွာဘောလုံး ကွင်း နဲ့ လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရပြီး ရေသန့်နဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတာဖြစ်ပါတယ်။
ကျေးရွာအတွင်း အပျက်အစီးတွေကို ရွာခံတွေက စက်ယန္တရားတွေဌားရမ်းကာ ကိုယ်ထူကိုယ်ထရှင်းလင်းနေပြီး အပြီး တိုင် မရှင်းလင်းနိုင်သေးတာကြောင့် ကယ်ဆယ်ရေးတွေလည်း လိုအပ်နေတာပါ။
မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘုံးအိုးကျေးရွာထဲက ယက္ကန်းတော်ဗလီ၊ သံပုရာခြံ အလယ်ဗလီ၊ ဘုံးအိုး အလယ်ဗလီ ၃ လုံးပြိုကျခဲ့ပြီး ဗလီပြိုကျချိန်ဝတ်ပြုဖို့ရောက်နေတဲ့သူတွေနဲ့ လာရောက်ကယ်ဆယ်ရေးလုပ်ပေးသူတွေ သေ ဆုံးခဲ့တာဖြစ်ပါတယ်။
Source – မြေလတ်အသံ
စစ်ကြောင်းတစ်လျှောက်ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံအမျိုးသား၊ အမျိုးသမီး ၇၀ ခန့် ပြန်လည်လွတ်မြောက်
မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်မှာ စစ်ကောင်စီအင်အား ၆၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းသွားရာ လမ်း တစ် လျှောက်ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား၊ အမျီုးသမီးစုစုပေါင်း ၇၀ ခန့်ဟာ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
မတ် ၃၁ ရက်မှ စတင်ကာ ဧပြီ ၂ ရက်ထိ ညောင်ဦးနယ်ထဲက ကျေးရွာ ၂၆ ရွာကို စစ်ကြောင်း ၈ ကြောင်းခွဲကာ အင်အားအလုံး အရင်းနဲ့ လှည့်ပတ်စစ်ကြောင်း ထိုးနေတာပါ။ ဒေသခံတွေဟာလည်း ကြောက်ရွံ့တာကြောင့် တခြားမြို့တွေမှာ တိမ်း ရှောင် နေတာဖြစ်ပါတယ်။
ဒါ့အပြင် ချောင်းရှည်ရွာ ၊ ဇီးတမြင်ရွာ၊ ကန်သာရွာတွေပါ စစ်ကြောင်းထိုးရင်း လမ်းကြောင်းတလျှောက်ရှိ ကျေးရွာတွေက ဒေသခံအမျိုးသား၊ အမျိုးသမီး ၇၀ ခန့် ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခဲ့တာပါ။ စစ်ကြောင်းသွားရာလမ်းမှာလည်း တွေ့ သမျှ အိမ်တွေကိုမီးရှို့တာ၊ စားသောက်ကုန်တွေနဲ့ ကြက်၊ ဝက်တွေပါ ယူသွားလေ့ရှိပါတယ်။
Source – မြေလတ်အသံ
ငလျင်ကြောင့် ကျောက်ဆည်မူကြိုက ကလေးငယ်တွေအပါ ၂၇ ဦးကို အမိန့်ပြန်
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids မူကြိုကျောင်းမှာ ငလျင်ကြောင့်သေဆုံးခဲ့တဲ့ ကလေးငယ်တွေအပါ ၂၇ ဦးကို ဧပြီ ၂ ရက်မှာ ကျောင်းတည်ထောင်သူမိသားစုက အမျှဝေပြီးအမိန့်စာပြန်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ၂ ထပ်ခွဲကျောင်းဆောင်ပြိုကျပြီး ကလေးငယ် ၂၅ ဦး၊ ဆရာမ ၁ ဦးနဲ့ မုန့်ဈေး ရောင်းသူ ၁ ဦး စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
Source – မြေလတ်အသံ
ဘန်ကောက် ၃၀ ထပ်တိုက်ပြိုကျမှုမှာ အမျိုးသမီး ရှစ်ဦးအပါအဝင် ၁၅ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက် ကျတူးကျတ်နယ်မြေမှ ဆောက်လုပ်ဆဲအထပ် ၃၀ ငွေစာရင်းစစ်ရုံး ပြိုကျမှုမှာ အမျိုးသမီး ရှစ်ဦး အပါအဝင် ၁၅ ဦးသေဆုံးကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
တောင်လိုပုံနေတဲ့ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက နေ့ရော ညပါ မရပ်မနားရှာဖွေ လျက်ရှိရာ မတ် ၂ ရက် မနေ့ည ၁၁ နာရီခွဲလောက်မှာ ကယ်ပါဦး ဆိုတဲ့အသံ တိုးတိုးလေးကြားရတယ်။ သေချာအောင် ထုနှက် ရှာဖွေတဲ့ အသံတွေ ခဏရပ်ပြီး အားလုံး ဝိုင်းနားထောင်ရာမှာ ဒီအသံကြားရတာဖြစ်ပါတယ်။
အသံက အမျိုးသမီးအသံလို့ ယူဆရပါတယ်။ အချက်ပေးဖို့ အော်ပြောရာမှာ ပြန်ထုသံကြားရတယ်လို့ အခင်းဖြစ်တဲ့နေရာ မှာ အချိန်ပြည့်စောင့်ကြည့်စစ်ဆေးနေသူက သတင်းထောက်တွေကို ပြောပါတယ်။
အသံကြားတဲ့နေရာမှာ အလေးချိန် တန် ၆၀ လောက်ရှိတဲ့ ကြီးမားတဲ့ ကွန်ကရစ်အပိုင်းကြီး ၃ ပိုင်းပိတ်နေတယ်။ ကရိန်း ကြီးတွေနဲ့ မတ် ၃ ရက် ဒီနေ့မနက် ၅ နာရီခွဲမှာ ဖယ်ရှားပြီးတာတောင် အောက်ကလူကို ဆင်းကယ်ဖို့ ခက်ခက်ခဲခဲဆောင် ရွက်နေဆဲလို့ သိရပါတယ်။
အခင်းဖြစ်ချိန် အဲဒီအဆောက်အအုံမှာ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား အလုပ်သမားပေါင်း ၉၆ ယောက် လုပ်ကိုင်နေပြီး သေ ဆုံးသူ ၁၅ ယောက် (ကျား ၈ ၊ မ ၇) ဦးဒဏ်ရာနဲ့ ဆေးရုံတက်နေရသူ ၉ ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၇၂ ယောက် ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သေဆုံးသူထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ယောက် ပါဝင်ပြီး ပျောက်ဆုံးတဲ့ထဲမှာ ၂၄ ယောက် ပါဝင်တယ်လို့ MHAC အ လုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။
Source – DVB
ပေါက်မှာ လက်နက်ကြီးနဲ့ပစ်လို့ မိန်းကလေးငယ် တစ်ဦးအပါအဝင် လေးဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မတ် ၃၁ ရက်က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်၊ ကျောင်းဆရာနဲ့ ရပ်ကျေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက်တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်လက်အောက်ခံ ကပစ ၂၄ ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၃ မိုင်ဝန်းကျင်သာကွာဝေးတဲ့ ပလောင်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် ဝမ်းဗိုက်မှာဗုံးစထိမှန်ကာသေဆုံး သွားပြီး လူနေအိမ် ၃ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
Source – DVB
မြိတ်မှာ ၇ နှစ်အရွယ်မိန်းကလေးငယ်ကို ခေါ်သွားတဲ့ဘုန်းကြီးအား ထောင်ဒဏ် ၇ နှစ်ချမှတ်
တနင်္သာရီတိုင်း၊ မြိတ်မြို့က နှစ်ပတ်ကျော်အကြာ ပျောက်ဆုံးသွားတဲ့ အသက် ၇ နှစ်အရွယ် မသီသီဝင်းအား တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့က ပြန်တွေ့ရှိခဲ့ပြီး သူမအား ခေါ်ယူသွားတဲ့ ဘုန်းကြီးကို အပြစ်ပေးအရေးယူကာ ထောင်ဒဏ် ၇ နှစ်ချမှတ် လိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ပျောက်ဆုံးပြီ နှစ်ပတ်ကျော်အကြာ မတ် ၂၈ ရက်နေ့ မနက်မှာပဲ သရက်ချောင်းမြို့နယ်အတွင်းရှိ KNU စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ပဲဒက်ရွာစစ်ဆေးရေးဂိတ်အနီးမှာ လူဝတ်လဲထားတဲ့ဘုန်းကြီးနဲ့အတူ မိန်းကလေးကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တွေ့ ရှိခဲ့ တာလို့ ပြောပါတယ်။
အဲ့ဒီနောက် သူတို့နှစ်ဦးအား ခေါ်ယူထိန်းသိမ်းကာ ဘုန်းကြီးအား စစ်ဆေးမေးမြန်းခဲ့ပြီးတော့ မတ် ၃၀ ရက်နေ့မှာပဲ ကလေးခိုး မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ ကစယ်ဒိုတပ်ရင်း ၃ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ကျနော်တို့ ဖမ်းဆီးတုန်းက အရပ်ဝတ်လဲထားတယ်။ ပထမမေးတုန်းက ဒီကလေးမကို သူက သံယောဇဉ်ရှိလို့ ခေါ်လာတယ် လို့ပဲ ပြောတယ်။ ဒီကလေးလေးနဲ့ မခွဲနိုင်လို့ ခေါ်လာတယ်လို့ ပြောတယ်။ နောက်မှ အဖြေမှန်ကို ပြန်သိရတယ်။ ကျနော်တို့ တပ်ရင်းဌာနချုပ်ကိုပဲ လွှဲပြောင်းပေးပြီး အမိန့်ချလိုက်တယ်”လို့ပြောပါတယ်။
လက်ရှိမှာတော့ မိန်းကလေးအား မိဘထံပြန်လည်အပ်နှံခဲ့ကာ လူဝတ်လဲထားတဲ့ ဘုန်းကြီးကိုတော့ တပ်ရင်းဌာနချုပ်မှာရှိတဲ့ အကျဉ်းထောင်တွင်းမှာ အရေးယူ ထောင်ချထားတယ်လို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Source – DVB
ငလျင်ကြောင့် အိုးဘိုထောင်မှ အမျိုးသမီးနိုင်ကျဉ်း နှစ်ဦးသေဆုံးသွားကြောင်း PPNM အတည်ပြု
မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် အမျိုးသမီးအဆောင် (၁ ) နဲ့ (၂ ) ပြိုကျလို့ အမျိုးသမီး နိုင်ကျဉ်းသူ နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးခန့် ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဧပြီလ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အိုးဘိုအကျဉ်းထောင်ထဲ ငလျင်ဘေးသင့်ပြီး အသက် ဆုံးရှုံးခဲ့တဲ့ နိုင်ကျဉ်းသူကတော့ ဒေါ်နွယ်နွယ်ခိုင်လို့ သိရပြီး ကျန် တစ်ဦးကတော့ အမည်ကို စုံစမ်းဆဲဖြစ်ပါတယ်။
ဒေါ်နွယ်နွယ်ခိုင်ဟာ မုံရွာမြို့မှာနေထိုင်သူဖြစ်ပြီး သားဖြစ်သူနဲ့အတူ မန္တလေးအိုးဘိုထောင်မှာ အကျဉ်းကျနေတာပါ။ ငလျင် ကြောင့် သေဆုံးမှုဖြစ်တော့ သားဖြစ်သူမှ မိခင်ကို နောက်ဆုံးကန်တော့ဖို့ ခွင့်တောင်းပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့ ဘူးလို့ သိရပါတယ်။
အိုးဘိုအကျဉ်းထောင်ဟာ ဆွေးမြေ့နေပြီး ပြိုကျလုဆဲဆဲအနေအထားမှာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့် အဆောင် တွေ ကြားမှာ ကာရံထားတဲ့ အုတ်ရိုးတွေပြိုကျကာ အခုလိုသေဆုံးမှုဖြစ်ခဲ့တာပါ။
သေဆုံးခဲ့သူ (၈)ဦး ရဲ့အချက်အလက်အပါအဝင် သေဆုံးသူ စုစုပေါင်း (၁၂) ဦးအထိ ငလျင်ကြောင့် သေဆုံးကြောင်း ကနဦးသိရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source – HI