Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို  HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • ကယားနဲ့ ရှမ်းတောင်မှာ အာဏာသိမ်းပြီးနောက် ကလေးနဲ့အမျိုးသမီး ၁၅၅ ဦး သေဆုံး

ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာအပြင် စစ်ဘေးရှောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ ကလေးငယ်နဲ့အမျိုးသမီးစုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင် အားစု (PKPF)တာဝန်ရှိသူအိုက်ကဖြူးကပြောပါတယ်။

ကလေးငယ် ၅၇ ဦးနဲ့ အမျိုးသမီး ၉၈ဦး သေဆုံးခဲ့တာဖြစ်ပြီး ဒီစာရင်းကိုဒေသခံတွေ၊ ဒုက္ခသည်အရေးကူညီနေသူတွေနဲ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက ရရှိတဲ့အချက်အလက်တွေအပေါ် အခြေခံပြီးကောက်ယူထားတာလို့ သူကပြောပါတယ်။

Source – RFA

  • အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသော ကိုယ်ဝန်သည်အမျိုးသမီး ကိုယ်ဝန်ပျက်ကျ

ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှ ကိုယ်ဝန်သုံးလလွယ်ထားတဲ့အမျိုးသမီးကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့ က ဖမ်းဆီးခေါ်ဆောင်သွားရာမှ ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့သိရပါတယ်။

ခင်ပွန်းဖြစ်သူကို PDFတပ်ဖွဲ့ဝင်လို့စွပ်စွဲပြီး ဝင်ရောက်ဖမ်းဆီးချိန်မှာမရှိတဲ့အတွက် အမျိုးသမီးဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ရွာငံရဲစခန်းကိုတစ်ညကြာဖမ်းခေါ်သွားပြီး မေးမြန်းစစ်ဆေးပြီးနောက် စက်တင်ဘာ ၃၀ မှာ ပြန်လွှတ်ပေးခဲ့ ပေမယ့် အမျိုးသမီးဟာ ကိုယ်ဝန်ပျက်ကျခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ ကိုယ်ဝန်ပျက်ကျသူအမျိုးသမီးဟာ ပင်းတယဆေးရုံမှာဆေးကုသမှုခံနေတယ်လို့သိရပါတယ်။

Source – Shan State Channel

  • မြန်မာအမျိုးသမီးတွေအကာအကွယ်ရဖို့ ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ

စစ်ကောင်စီကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်လာပြီးသက်ဆိုင်ရာနိုင်ငံတွေမှာ ခိုလှုံကြတဲ့မြန်မာ ပြည်သူတွေ ၊အထူးသဖြင့်အမျိုးသမီးနဲ့မိန်းကလေးတွေကိုအကာအကွယ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူလူထုဆန္ဒကို လေးစားလိုက်နာပြီးမြန်မာပြည်သူများအထူးသဖြင့် အမျိုးသမီးနဲ့မိန်းကလေးတွေကို ချန်လှပ် မ ထားဘဲ ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့လည်းသံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာရွေးကောက်ခံအစိုးရဟာ COVID-19ကပ်ရောဂါဖြစ်ပွားနေချိန်မှာတောင် ခိုင်မာတဲ့လူမှုစီးပွား မူဝါဒတွေနဲ့ ဖွံ့ဖြိုး တိုးတက်နှုန်းကိုထိန်းသိမ်းထားခဲ့ပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အရင်ရွေးကောက်ခံအရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ်တဲ့အကြောင်းလည်း      သံအမတ်ကြီး ဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာတင်ပြခဲ့ပါတယ်။

Source – RFA

  • စက်တင်ဘာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ဦးသေဆုံးကာ ၂၀ဦး ဖမ်းဆီးခံရကြောင်း BWU ထုတ်ပြန်

၂၀၂၃ခုနှစ်စက်တင်ဘာလ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ  စစ်ကောင်စီကြောင့် မြန်မာနိုင်ငံ အနှံ့ရှိ အမျိုးသမီး (၁၂)ဦးသေဆုံး ကာ ၂၀ဦး ထိန်းသိမ်းခံခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ BWUကအောက်တိုဘာလ (၂)ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာတလအတွင်း လက်နက်ကြီးကျည်ကြောင့်ငါးဦး၊ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့်လေးဦး၊ အကြမ်းဖက်မှုကြောင့် နှစ်ဦးနဲ့ စစ်ကြောရေးမှာတဦး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့မွန်ပြည်နယ်မှ အမျိုးသမီး ၂၀ ဦး ဖမ်းဆီးခံရကာ ရန်ကုန်တိုင်းမြို့နယ်ရှစ်ခုမှ အမျိုးသမီးကိုးဦးပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သေဆုံးသူအမျိုးသမီး ၆၁၄ ဦးရှိကာ ဖမ်းဆီးထိမ်းသိမ်းခံရသူ အမျိုးသမီး ၃,၁၇၅ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီး ၅၃၈ဦးရှိကြောင်း BWU က ထုတ်ပြန် ထားပါတယ်။

Source – Mizzima

  • ဘန်ကောက်ကုန်တိုက် ပစ်ခတ်မှုတွင် မြန်မာအမျိုးသမီး ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ပထုမ်းဝမ်းနယ်မြေ၊  ဆယမ်ပါရာဂွန်(SiamParagon)ကုန်တိုက်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုကြောင့်    မြန်မာအမျိုးသမီးတစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။

အဲ့ဒီအမျိုးသမီးအမည်ဟာ အသက်(၃၀)ဝန်းကျင်ရှိ မမိုးမြင့်ဖြစ်ပြီး ကုန်တိုက်ထဲမှာ ဈေးရောင်းအကူလုပ်နေသူ ဖြစ်ပါတယ်။ ညနေပိုင်းမှာ ကုန်တိုက်ကATM စက်မှာ ငွေသွားလွှဲရင်း အပစ်ခံရတာလို့  အလုပ်ရှင်ဖြစ်သူကပြောပါတယ်။

သေဆုံးသွားတဲ့မြန်မာအလုပ်သမားဟာ အလုပ်ကြိုးစားကာ၊ ထိုင်း၊မြန်မာ၊တရုတ်၊အင်္ဂလိပ်(၄)ဘာသာ ပြောဆိုတတ်ပြီး မိဘကို လစဉ်ဘတ်ငွေ(၁၀,၀၀၀)အမြဲပြန်ပို့ကြောင်း၊ အခုလိုလိမ္မာတဲ့အလုပ်သမားဆုံးရှုံးရတဲ့အတွက် အလွန်နှမြောပြီး ပစ် ခတ်မှုကျူးလွန်သူဟာအရွယ်မရောက်သေးတဲ့ လူငယ်ဖြစ်ပေမယ့် ခွင့်မလွှတ်နိုင်ကြောင်း တရားဥပဒေအရထိရောက်စွာ အရေး ယူမယ်လို့  အလုပ်ရှင်ကပြောပါတယ်။

သေဆုံးသူမြန်မာအမျိုးသမီးအလောင်းကို ဓလေ့ထုံးစံအတိုင်းသင်္ဂြိုဟ်ဖို့ ဆွေမျိုးတွေကလာရောက် သယ်ဆောင်သွားပြီလို့ ဆိုပါတယ်။

Source – DVB

  • ဟားခါးတွင်စစ်ကောင်စီခုံရုံးက အမျိုးသမီးတစ်ဦးနဲ့အမျိုးသားနှစ်ဦးကို တစ်သက်တစ်ကျွန်းအပါအဝင် ပြင်းထန် သည့် ထောင်ဒဏ်များချမှတ်

ချင်းပြည်နယ်၊ ဟားခါးမြို့စစ်ကောင်စီတပ် စစ်ခုံရုံးက အသက်၄၀ကျော် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပါအဝင် ပြင်းထန်တဲ့ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟားခါးမြို့မှာ နေထိုင်တဲ့အသက် ၄၀ ကျော် မဗျက်မွှေဆုန်ကို CDFတွေကို ငွေကြေးထောက်ပံ့တယ်လို့ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀(ည)နဲ့ထောင်ဒဏ်တစ်သက်တစ်ကျွန်း မတရားချမှတ်ခဲ့တာဖြစ်တယ်။

ဒေါ်ဗျက်မွှေဆုန်ဟာ ဟားခါးမြို့ရှိNGOတစ်ခုမှာလုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီစစ်ဆေးဂိတ်က ပြီးခဲ့တဲ့နှစ်က မတရား ဖမ်း ဆီးခဲ့တာ ဖြစ်ပါတယ်။

Source – People’s Spring

  • ပေါင်မှာ အမျိုးသမီးသုံးဦး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ (အပြင်)မှ ဒေသခံ အမျိုးသမီးသုံးဦးကို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အရေးယူ လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဥတ္တံတားကျေးရွာ(အပြင်)နေ အသက်(၄၇)နှစ်အရွယ်ဒေါ်ခင်သန်းနု၊ အသက်(၄၂)နှစ်အရွယ်ဒေါ်ဇင်မာထွန်း၊ အသက်လေး ဆယ်အရွယ် ဒေါ်စန္ဒလင်းတို့သုံးဦးကို ထောင်ဆယ်နှစ်ကနေတသက်တကျွန်းအထိချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က)၊၅၀(ည)တွေနဲ့ စက်တင်ဘာလကုန်ပိုင်းမှာ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

သူတို့သုံးဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရNUG၊CRPHနဲ့PDF တွေကိုဆက်သွယ်တာ၊ငွေကြေးထောက်ပံ့တာ၊ စားနပ်ရိက္ခာ ထောက်ပံ့တာနဲ့ သက်ဆိုင်ရာကို သတင်းမပေးတဲ့အတွက် ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Source – Delta News Agency 

  • ရခိုင်အမျိုးသမီး ၄ ဦး အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လူကုန်ကူးခံရ

၂၀၂၃ခုနှစ်ဧပြီလနဲ့မေလအတွင်း ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ရသေ့တောင်မြို့နဲ့မြောက်ဦးမြို့က အမျိုးသမီးလေးဦးကို ဒူဘိုင်း နိုင်ငံရှိ အလှပြင်ဆိုင်တခုမှာအလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ရန်ကုန်မှတဆင့်ဒူဘိုင်းသို့မပန်ပန်(ခ) မခိုင်စန္ဒာနဲ့မနန္ဒာဆိုသူတို့ ရဲ့ဆောင်ရွက်ပေးမှုဖြင့် တဖက်နိုင်ငံသို့ ပို့ဆောင်ခြင်းခံရတာဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ရက်မှတာဝန်ရှိသူက ပြောပါ တယ်။

ဒူဘိုင်းသို့ရောက်ရှိပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာ အမျိုးသမီးငယ်လေးဦးကို ဒူဘိုင်းမှတဆင့် အီရတ်နိုင်ငံသို့ ပွဲစား မပန်ပန်(ခ)မခိုင်စန္ဒာဆိုသူက ကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့တာဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးကိုတော့ ဒူဘိုင်းသို့ရောက်ရှိပြီး နှစ်လခန့်အကြာမှာဆော်ဒီအာရေဗျနိုင်ငံသို့ ထပ်မံပို့ဆောင်လိုက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ရက်မှ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာအီရတ်နိုင်ငံကို လူကုန်ကူးခံရသူ အမျိုးသမီးသုံးဦးကိုကယ်ထုတ်ထားနိုင်ခဲ့ပြီး ဆော်ဒီအာရေဗျသို့ လူကုန်ကူးခံရသူ အမျိုးသမီးကို ကယ်တင်နိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

Source – Mizzima

  • ညောင်လေးပင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျပြီး အမျိုးသမီးနှစ်ဦး ထိခိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ပုဇွန်မြောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)က ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ်ပိုင်ရှင်(၇၅)နှစ်အရွယ် ဒေါ်ကွန်မှာ ကျောကုန်းလက်နက်ကြီးစမှန်ဒဏ်ရာရကာ သမီးဖြစ်သူ ၅၀  အရွယ် ဒေါ်သီတာဝင်းမှာလည်း ရင်ဘတ်နဲ့လက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့တဲ့ ဒေါ်ကွန်တို့သားအမိရဲ့အခြေအနေကို စစ်ကောင်စီတပ်ကဘယ်သူ့ကိုမှကြည့်ခွင့်၊ မေးမြန်း ခွင့်မပေးဘဲ ညောင်လေးပင်ဆေးရုံကိုပို့ထားတယ်လို့ဆိုပါတယ်။

Source – People’s Spring

  • CDM ဆရာမတစ်ဦးအပါအဝင် ပြည်သူလေးဦးကို စစ်ကောင်စီ ထပ်မံဖမ်းဆီး

စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ပြည်သူလူထုကို ဖမ်းဆီးမှုတွေ မကြာခဏပြုလုပ်လျက်ရှိရာ ဒီလဆန်းမှာCDMဆရာမတစ်ဦးနဲ့ မြို့ပေါ်ရပ်ကွက်ရှိနေအိမ်တစ်အိမ်မှ မိသားစုဝင် သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်က ပြောပါတယ်။

CDM ကျောင်းဆရာမတစ်ဦးဟာ အောက်တိုဘာ(၁)ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အောက်တိုဘာ(၄)ရက်မှာ မောင်နှမသုံးဦး ကို ဖမ်းဆီးခဲ့ရတာလို့ဒေသခံကဆိုပါတယ်။ CDMဆရာမမှာ အင်းတော်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ မတရားဖမ်းဆီးခံရတာ ဖြစ်ပြီး မောင်နှမသုံးဦးမှာညအချိန်နေအိမ်ကိုစီးနင်း အဓမ္မဖမ်းဆီးသွားတာလို့ဒေသခံကပြောပါတယ်။

Source – People’s Spring

  • ရေကြည်မြို့တွင် မီတာပုံးဖြုတ်သိမ်းခံရမှုကို မကျေနပ်၍ လူမှုကွန်ယက်ပေါ်ရေးတင်သည့် ကျောင်းဆရာမ ၁၀ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း ရေကြည်မြို့တွင်  လျှပ်စစ်မီတာပုံး ဖြုတ်သိမ်းခံရမှုအပေါ် မကျေနပ်၍  လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့သည့် Non CDM ပညာရေးဝန်ထမ်း (၁၀)ဦးကို   ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ရေကြည်မြို့တွင်း ရပ်ကွက်နေရာအလိုက် လျှပ်စစ်မီတာခ မပေးဆောင်သည့် နေအိမ်များ၏ မီတာပုံးများကို လိုက်လံ ဖြုတ်သိမ်းခံမှုနှင့် ပက်သက်၍ လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့သည်ဟုဆိုကာ အောက်တိုဘာလ ၅ ရက်နေ့က  အထက်တန်းပြ ကျောင်းဆရာမ နှစ်ဦး၊  အလယ်တန်းပြကျောင်းဆရာမ သုံး ဦး နှင့် မူလတန်းပြ ကျောင်းဆရာမ ငါး ဦး ကို  စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ဖမ်းဆီးခံရသူ ကျောင်းဆရာမများကို တစ်ဦးလျှင်ငွေကျပ် ငါးသိန်း တောင်းခံ၍ ခံဝန်လက်မှတ် ရေးထိုးစေကာ ပြန်လွှတ်ပေးခဲ့ ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။

ရေကြည်မြို့တွင် အောက်တိုဘာလ ပထမအပတ်ကစကာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဌာရုံးမှ မီတာပုံးသိမ်း ယူခြင်းနှင့် မီးဖြတ်ခံရမှုအပေါ် မကျေနပ်၍ အွန်လိုင်းပေါ်တင်သူ  မြို့ခံလူငယ်နှင့် လူလတ်အရွယ် အမျိုးသားနှင့်အမျိုးသမီး ၂၀ ဦးထက်မနည်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ တစ်ဦးလျှင်ငွေကျပ်ငါးသိန်းဝန်းကျင်တောင်းခံပြီး ခံဝန်ကတိထိုးကာ ပြန်လွှတ် ပေးမှု များ ပြုလုပ်ခဲ့သည့် ဖြစ်စဥ်များရှိကြောင်း ဒေသခံများက ပြောသည်။

Sources – Ayeyarwaddy Time

Author:

Related Articles