Home ဆောင်းပါး တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့လူမှုကွန်ရက်တွေမှာ ပေါ်တင်စည်းရုံးမှုတွေပြုလုပ်လာ

တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့လူမှုကွန်ရက်တွေမှာ ပေါ်တင်စည်းရုံးမှုတွေပြုလုပ်လာ

နန်းဆိုင်နွမ်

တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးတွေကိုစည်ရုံးနေမှုတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါတွေ့ လာရပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုစတင်ချိန်ကနေ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်အာဏာ သိမ်းရန်ကြိုးပမ်းမှုကြောင့် စီးပွားရေး၊ လူမှုရေးကိစ္စအရပ်ရပ် ကျဆင်းနေချိန် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံကိုပို ပစ်မှတ်ထားပြီး တရုတ်မယားအဖြစ်နဲ့ လူကုန်ကူးမှုတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ အမျိုးသမီးငယ်နှစ်ဦးကို  တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားဖို့ အတွက် စည်းရုံးပြောဆိုတဲ့ ရုပ်သံတစ်ခုလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံလာခဲ့ပြီးဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။

“အခုနောက်ပိုင်း တရုတ်မယားအဖြစ်လက်ထပ်ထိမ်းမြားဖို့အတွက် တစ်ဦးကို ကျပ်သိန်း ၇၀ ပေးမယ်။ နောက် တရုတ် နိုင်ငံကိုသွားဖို့ဗီဇာ၊ ပတ်ပိုစ့်ပါလုပ်ပေးမယ်” ဆိုတဲ့ မက်လုံးပေးခေါ်ဆိုမှုတွေကြားလာရကြောင်း ရန်ကုန်မြို့နေအသက် ၃၀ အရွယ် မစုမွန်က ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ဖြစ်သွားတဲ့ တရုတ်မယားအဖြစ် စည်းရုံးသိမ်းသွင်းတဲ့ကိစ္စတွင် ပါဝင်တဲ့ အမျိုးသမီးငယ်နှစ်ဦး ဟာဆယ်ကျော်သက်အရွယ်သာရှိပြီး၊ ၎င်းကျောင်းသူတွေရဲ့ အိမ်ကိုသွားပြီး ငွေကြေးလက်ဆောင်ပေးကာ စည်းရုံးမှုပြုလုပ် ခဲ့တာကို မြင်တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

“ ကျမတို့ ဗီဒီယိုဖိုင်ကြည့်ရသလောက်ဆိုရင် အရမ်းအတင့်ရဲတယ်။ ပွဲစားရော တရုတ်နိုင်ငံသားရော ကလေးတွေရှိတဲ့ အိမ်ထဲထိဝင်တယ်။ ပြီးတော့ လှလို့ လာလည်တာဆိုပြီးပြောတယ်။ ပွဲစားကလည်း တရုတ်ကို မိန်းမရှာပေးနေတာဆိုပြီး ပြောတယ်” လို့ တွေ့မြင်ရတဲ့ ဗီဒီယိုဖိုင်အကြောင်း ပြောပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံကဘက်ပေါင်းစုံ ခက်ခဲနေချိန် မသမာသူများက နည်းမျိုးစုံသုံးပြီး၊ အမျိုးသမီးငယ်များနဲ့ မိသားစုဝင်များ ကိုမက်လုံးပေးကာ မြူဆွယ်နေကြတာပါ။ စစ်အာဏာမသိမ်းခင် ခေတ်ကာလ ကောင်းမွန်ချိန်ကဲ့သို့ မဟုတ်ဘဲ လူကုန်ကူးမှု နှင့်သက်ဆိုင်တဲ့ ပညာပေးမှုမျိုးမရှိချိန် တရားဥပဒေစိုးမိုးမှုမရှိတာကို အခွင့်ကောင်းယူပြီး ဝင်ရောက်လာကြတာ ဖြစ်ပါတယ်

“ ဒီအချိန်က စစ်မှုထမ်းဥပဒေကို အာရုံစိုက်နေချိန် စစ်မှုထမ်းမပါဖို့အရေး ပြည်ပထွက်ခွာကြိုးစားနေကြသလို  မိသားစု အတွက် ဝင်ငွေတစ်ခုအပိုရတယ်ဆိုပြီး အယုံလွယ်ပြီးပါသွားကြတာများတယ်။ ကျမတို့ အခုတိုင်မရ ပြုမရချိန်ဆိုတော့ ခက် တယ်” လို့ မစုမွန်ကပြောခဲ့ပါတယ်။

ကချင် အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ Kachin Women’s Association Thailand(KWAT )ရဲ့  ၂၀၁၉ ခုနှစ် ကနေ  ၂၀၂၃ ခုနှစ် အတွင်း ကောက်ယူထားတဲ့ စာရင်းအရလူကုန်ကူးခံရပြီး ရှင်သန်လွတ်မြောက်သူ ၁၈၇ ဦး ရှိပြီး တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် လူကုန်ကူးခံရမှုအများစုမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်က အမျိုးသမီးအများဆုံးဖြစ်တယ်လို့ ဆို ပါတယ်။

“တရုတ်ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်တွင် ယခုနှစ် ကာလများအတွင်း အမျိုးသမီး များကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံသို့ အတင်းအဓမ္မ ရောင်းစားနေမှုသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) ရဲ့ အစီရင်ခံစာတစ်ခုတွင် လည်းရေးသားဖော်ထားပါတယ်။

ဒါ့အပြင်  နောက်ပိုင်းမှာ လူကုန်ကူးခံရသူ တဝက်ကျော်သည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်မှုမရှိသော ရန်ကုန်ကဲ့သို့သော အခြားမြို့ပြတွေနဲ့ မြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုးသမီးများပါ ပါဝင်လာကြောင်း KWAT ရဲ့ အစီရင်ခံစာက ဖော်ပြထားပါ တယ်။

အမျိုးသမီးအများစုသည် ဇနီးမယားအဖြစ် အတင်းအဓမ္မရောင်းစားမခံရမီ တရုတ်နိုင်ငံရှိစက်ရုံများ (သို့မဟုတ်) လယ်ယာများတွင် လစာကောင်းကောင်းဖြင့် အလုပ်ပေးမည်ဆိုကာ နယ်စပ်ဖြတ်ကျော်ရန် သွေးဆောင်ဖြားယောင်းခံကြရပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း စက်မှုဇုံများ၏ အလုပ်သမားလိုအပ်ချက်များ ဖြည့်ဆည်းရန် မြန်မာနိုင်ငံမှ အလုပ်သမားများ တရား မဝင်ခေါ်ယူမှု တိုးမြင့်နေသည့် အခြေအနေသည် လူကုန်ကူးသူများအတွက် အမျိုးသမီးများကို အလွယ်တကူ ဖျားယောင်း သိမ်းသွင်းနိုင်တဲ့ အကြောင်းပြချက် ဖြစ်နေတာပါ။

လက်ရှိအချိန်တွင် တရုတ်မယားအဖြစ်ရောင်းချခံရမှုသည် ယခင်ထက် ၃ ဆမြင့်တက်လာသည့် ဟု KWAT မှ တာဝန်ရှိသူ ဆန်ထွယ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

တရုတ်မယားအဖြစ်ရောင်းစားခံရသူများသည် သူငယ်ချင်း၊ မိတ်ဆွေတွေမှတဆင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန်၊ ထမင်း ဆိုင်တွင် အလုပ်လုပ်ရန်၊ တရုတ်ယွမ်နှစ်ထောင် ပေးဆောင်မည်အစရှိတဲ့ မက်လုံးတွေပေးကာ ခေါ်ဆောင်သွားမှုများလည်း ရှိကြောင်း KWAT တာဝန်ရှိသူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

“အရင်ကတော့ နှုတ်ကနေပြီး အယုံသွင်းခေါ်ကြတာ၊ ဒီဘက်ခေတ်မှာတော့ အင်တာနက်လိုင်းကနေတဆင့် ခေါ်တာ၊ အွန် လိုင်းကနေ ချိတ်ပြီးနောက်ဆုံးရောင်းစားခံရတဲ့ အဆင့်ထိပါသွားတယ် အများကြီးပဲ” လို့ပြောပါတယ်။

၂၀၁၇ ခုနစ် မှာ တရုတ်မယားအဖြစ် နှစ်ပေါင်းများစွာ ရောင်းစားခံရပြီး ပြန်လွှတ်လာသည့် ဆိုင်နော်က “ ကျမကို တရုတ် ပြည်မှာ ခေါက်ဆွဲဆိုင်လုပ်ဖို့အတွက် ကျမရဲ့ အဒေါ်က ဝမ်းတိန်ကိုပို့ခဲ့တယ်။ အဲဒီကနေ တဆင့်ကျမကို အဒေါ်ကတရုတ် ယောင်္ကျားနဲ့ ယူဖို့တိုက်တွန်းပြီး၊ ပွဲစားနဲ့ကျမကို ရောင်းလိုက်တာ” လို့ပြောပြခဲ့ပါတယ်။

မြန်မာ-တရုတ်နယ်စပ်တွင် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပြီး လက်မှတ် အထောက်အထားမရှိဘဲ တရုတ်ပြည်သို့ သွားနိုင်သည့်အချိန်ဖြစ်ပြီး ဆိုင်နော်ဟာ တရုတ်မယားအဖြစ် ရောင်းချခံရချိန်တွင် အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတယ် လို့ သူကပြောပြခဲ့ပါတယ်။

“ ကျမကိုပြောတော့ အေးဆေးနေရမယ် ဘာမှမလုပ်ရဘူးဆိုပြီး ပြောပေမယ့် အဲဒီတရုတ်အမျိုးသားကိုယူပြီး သူ့အိမ်ကိစ္စ တောင်ယာလုပ်ငန်းတွေ လုပ်ရတယ်။ နောက်ပြီး ယောင်္ကျားက အရက်မူးလာရင် ရိုက်တာလည်း ခံရတယ်။ နောက်ကျမ မခံစားနိုင်လို့ ပြေးဖို့ကြိုးစားလိုက်တယ်” လို့ဆိုင်နော်က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။

ကိုဗစ် ၁၉- ကပ်ရောဂါဆိုးကြောင့် နယ်စပ်ဂိတ်များပိတ်ခြင်း၊ ခရီးသွားလာမှုကန့်သတ်ချက်များအပြင် ၂၀၂၁ ခုနှစ် စစ် အာဏာ သိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ အတင်းအဓမ္မ လူကုန်ကူးခံရမှုနှုန်း လျော့ကျမှုရှိခဲ့ ပေမယ့် နောက်ပိုင်း အမျိုးသမီးများဟာ ရှမ်းပြည်နယ်အရှေ့မြောက်ရှိ တရုတ်ဦးစီးသည့် အွန်လိုင်ကနေ လိမ်လည်တဲ့ဂိုဏ်း များရှိရာကို ရောင်းစားခံရမှုများ ပြန်လည်စတင်လာခဲ့ပါတယ်။

မြစ်ကြီးနားမြို့နယ်က မဆိုင်ပန်(အမည်လွှဲ)ဆိုလည်း မူဆယ်သို့ ရောက်ရှိလာပြီး ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရာ ကိုဗစ်ကာလ ဟိုတယ် ပိတ်ခံလိုက်ရပြီးနောက် သူငယ်ချင်းရဲ့ မြူဆွယ်မှုကြောင့် တစ်လလျှင် လစာတရုတ်ယွမ်ငွေ ၃ထောင်ကျော် ရရှိမယ့် UWSA ထိန်းချုပ်ရာ မိုင်းပေါက်က ဂိမ်းဆိုင်တွင် အလုပ်လုပ်ဖို့လို့ပြောကာ ခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့ဆိုပါတယ်။

မိုင်းပေါက်သို့ရောက်လာချိန်တွင် ဂိမ်းဆိုင်မဟုတ်ဘဲ KTV ဆိုင်တွင် အပျော်မယ် အဖြစ်ရောင်းစားခံရ ကြောင်းသိလိုက်ကာ မဆိုင်ပန် တယောက် စိတ်သောကရောက်ခဲ့ရပါတယ်။

“အစကတော့ ကျမကို ဂိမ်းဆိုင်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်လာတာ၊ တကယ်တော့ ကျမကို KTV မှာ အပျော်မယ် အဖြစ် ရောင်းစားလိုက်တာ၊ ယောင်္ကျားတွေလုပ်သမျှခံရတာပေါ့။ ပထမတကြိမ်ထွက်ပြေးချိန် ကိုဗစ်ကာလဖြစ်နေလို့ မအောင်မြင် ခဲ့ဘူး။ နောက်ပိုင်း ဘာသာရေးဆရာတွေနဲ့ ချိတ်ပြီးလွှတ်မြောက်လာတာ”လို့သူဖြစ်ပျက်ခဲ့တာကို ဝမ်းနည်းစွာ ပြောပြပါ တယ်။

မြန်မာနိုင်ငံ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခရှုပ်ထွေးမှုအပြင် စီးပွားရေးကျဆင်းကာ ဝင်ငွေရှားပါးလာမှုတွေကြောင့် အမျိုးသမီးများ တရုတ်မယားအဖြစ်ရောင်းချခံရခြင်း၊ တရုတ်နိုင်ငံကို လူကုန်ကူးခံရခြင်းနှင့် တရုတ်စီးပွားရေးသမားများထံ ရောင်းစားခံရ သည့် ကိစ္စလျော့ကျလာဖို့ တရုတ်အစိုးရကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း KWAT အဖွဲ့ ထောက်ပြပြောဆိုခဲ့ပါ တယ်။

“တရုတ်အစိုးရ အနေနဲ့ အလုပ်သမားလိုအပ်ချက်ရှိနေတာကို ပွင့်ပွင်လင်းလင်းနဲ့ အလုပ်သမားဥပဒေ အခွင့်အရေးတွေကို စနစ်တကျချမှတ်ပြီး အလုပ်သမားကို ခေါ်ယူဖို့လိုပါတယ်။ နောက်ပြီး တရုတ်ပြည်ဘက် အလုပ်သွားလုပ်မယ်ဆိုရင် အလုပ် သမားအခွင့်အရေးတွေကို ပြဌာန်းဖို့လိုတယ်” လို့ KWAT အဖွဲ့ ကမဆန်ထွယ်ကဆိုပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေဖြင့် တရုတ်နိုင်ငံအတွင်း နိုင်ငံခြားသားလုပ်သားများ လိုအပ်တဲ့နေရာဒေသတွေကို မြန်မာနိုင်ငံ သားများ တရားဝင်ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်မည့် တရားဝင်လမ်းကြောင်းများကို တည်ဆောက်ရန်လည်း တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သို့မှသာ အမျိုးသမီးများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်ဖြစ်စေသည့် လူမှောင်ခိုဂိုဏ်းများအပေါ် အားကိုးမှီခိုရန် မလိုအပ် တော့ပဲ တရားဝင်အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

တရုတ်ရဲတပ်ဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ဒေသများသို့ လူကုန်ကူးခံရသည့် ရှင် သန်လွတ်မြောက်သူများကို ပြန်လည်ပို့ဆောင်သည့်အခါ သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ပေးကြဖို့လည်း KWAT မှ တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာအမျိုးသမီးငယ်များကို တရုတ်မယားအဖြစ် ရောင်းစားရန်နှင့် နည်းမျိုးစုံလူကုန်ကူးမှုဟာအရင်လို နယ်စပ် ဖြတ်ကျော် မှုပုံစံနဲ့သာ မဟုတ်တော့ဘဲ လူမှုကွန်ရက်ပေါ်တွင်ကြေညာခြင်း၊ ဗီဒီယို Tiktok များပေါ်တွင် ကြေညာခြင်းနှင့် နိုင်ငံကူး လက်မှတ် (Passport) ၊ လက်ထပ်ဗီဇာများအသုံးပြုကာ နိုင်ငံတကာလေဆိပ်မှတဆင့် လူကုန်ကူးမှုများလည်း ရှိလာပါတယ်။

“ အမျိုးသမီးတွေအနေနဲ့ အယုံမလွယ်ဖို့နဲ့ ဒီခေတ်ကာလမှာတော့ ဘယ်သူ့ကိုမှ မယုံကြည်ဖို့လိုပါတယ်။ ပိုက်ဆံနဲ့ မက်လုံး တွေများရင် အဲဒါကမသမာတဲ့ သူဆိုတာသိဖို့လိုတယ်” ဟု မစုမွန်ကလည်း ထောက်ပြပြောဆိုထားပါတယ်။

Author:

Related Articles