Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၆ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

  စစ်ကောင်စီကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၅၀ ကျော်အပါအဝင် အရပ်သား ၁၀၆ ဦး သေဆုံး

 နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ အမျိုးသမီး ၅၀ ကျော်အပါအဝင် အရပ်သား ၁၀၆ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။

သေဆုံးသူအမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး အနက် အသက်မပြည့်သေးတဲ့  ကလေးငယ် ၁၆ ဦး ပါဝင်ကာ မကွေးတိုင်း တွင် ၂၇ ဦး၊ စစ်ကိုင်းတိုင်းမှာ ၂၆ ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၇၈ ဦး ရှိတယ်လို့ AAPP က ပြောပါတယ်။

 သေဆုံးအရေအတွက်မှာ AAPP မှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ပိုများနိုင်သလို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းအချိန်က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းမကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေရာတွင် ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့တာကြောင့် ၇ ဦး သေဆုံး ခဲ့တယ်လို့သိရပါတယ်။

Source – The Irrawaddy

ကရင်နီစစ်ရှောင်စခန်းများတွင် သ‌န္ဓေတားဆေးနှင့် ထိုးဆေးများ ပြတ်လပ်

ကရင်နီပြည်နယ်တွင်း စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူပို့ဆောင်ခွင့် ပိတ်ဆို့ထားတာကြောင့် စစ်ရှောင်စခန်းအချို့မှာ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ သ‌န္ဓေတားဆေးနဲ့ ထိုးဆေးများ ပြတ်လပ်တော့မယ်လို့ ကျေးလက်မြေအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မူဆဲကပြောပါတယ်။

စစ်‌ကောင်စီက  ကရင်နီပြည်နယ်တွင်း ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှု ပိတ်ပင်ထားသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ပြီး ဆေးရုံဆေးခန်းများနှင့် ဝေးကွာတဲ့ စစ်ရှောင်စခန်းးအချို့မှာ ဆေးဝါးပြတ်လပ်မှုနဲ့ ဆေးဈေးနှုန်း မြင့်တက်မှုတွေ ကြုံနေရ တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားကလည်း ပြောပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအများစုမှ အမျိုးသမီးတွေမှာ သန္ဓေတားဆေးများ ဝယ်ယူ ရန် ငွေကြေးအခက်အခဲ ကြုံတွေ့နေရပြီး ကျန်းမာရေးဗဟုသုတများလည်း လိုအပ်နေတယ်လို့ဆိုပါတယ်။ ကရင်နီ ပြည်နယ် မှာ စစ်ဘေးရှောင် သုံးသိန်းဝန်းကျင်ရှိပြီး စစ်ရှောင်စခန်း ၁၉ ခု ရှိတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

 Source – သံလွင်ခက်

ကရင်နိုင်ငံရေးအမျိုးသမီးခေါင်းဆောင် ဒေါက်တာဘလူးမင်းနိုက်ဇန် ကွယ်လွန်

အမျိုးသမီး၊နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကရင်နိုင်ငံရေးအမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Dr .P’Doh Naw Blooming Night Zan (ဒေါက်တာ ဘလူးမင်းနိုက်ဇန်) သည် ဖေဖော်ဝါရီ  ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် (၇၀) ရှိပြီဖြစ်တဲ့ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်ဟာ ကရင်အမျိုးသမီးခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်အရေးကို ဆယ်စုနှစ် ၃ ခုကျော် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သလို လက်ရှိမှာ KNU ကေအဲန်ယူဗဟိုတရားသူကြီး -၂ တာဝန်နှင့် KNU ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီဥက္ကဌ တာဝန်ယူထားသူတစ်ဦး လည်းဖြစ်ပါတယ်။

အိမ်ထောင်မရှိ လူလွတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်ဟာ ၁၉၇၄ ခုနှစ်တွင် မော်လမြိုင် တက္ကသိုလ် ပထမနှစ် တက်ရောက်စဉ် ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တာကြောင့် ကျောင်းထွက်ခဲ့ရပြီး ၁၉၈၈ ခုနှစ် ကျောင်းသား အရေးအခင်းစတင်ချိန်တွင် တော်လှန်ရေးနယ်မြေကိုအပြီးအပိုင် အခြေချခဲ့သူဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တွင် ကရင်အမျိုး သမီးအစည်းအရုံး-KWO ဗဟိုအမြဲတမ်းကော်မတီဝင်အဖြစ် ဝင်ရောက် အရွေး ခံခဲ့ပြီး တွဲဖက်အတွင်းရေးမှူး (၂ ) တာဝန်ကို နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

Source -HI

ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး သေဆုံး

 ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း လိုက်လံကောက် ယူစဉ် မီးရှို့ခံခဲ့ရတဲ့ ဆယ်အိမ်မှူး အမျိုး သမီးကြီးမှာ မတ်လ ၂ ရက် နေ့ညနေပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

 ယင်းအမျိုးသမီးကြီးမှာ မီးလောင်ဒဏ်ရာကို ဆေးရုံတွင် ကုသနေစဉ်ပိုးဝင်သေဆုံးခဲ့ခြင်းဖြစ်ပြီး  အတူတူ မီးရှို့ခံခဲ့ရတဲ့ရာ အိမ်မှူး ကိုနှုတ်ခမ်းမွှေး သေဆုံးခဲ့ပြီး ၄ ရက်အကြာမှာ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် ၊ ဓမ္မရိပ်သာလမ်း သွယ်မှာ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး ၊ ဆယ်အိမ် မှူးအမျိုးသမီးနဲ့ အမျိုးသမီးငယ်တစ်ဦးတို့က စစ်မှုထမ်းစာရင်း ပြုစုရန် သန်းခေါင်စာရင်း မိတ္တူများ လိုက်လံကောက်ယူ နေစဉ် အိမ်ရှင်တစ်ဦးက ဓာတ်ဆီဖြင့်ပက်၍ မီးရှို့ တိုက်ခိုက်ခဲ့ရာ မီးရှို့မှုကြောင့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အမျိုးသမီးကြီး တို့မှာနေရာအနှံ့အပြား မီးလောင်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ရာမှ နှစ်ဦးစလုံး ရှေ့ဆင့် နောက်ဆင့် သေဆုံးခဲ့တာဖြစ် ပါတယ်။

Source – Khin Thit

မြစ်ကြီးနားနှင့် သီပေါတွင် စွန့်ပစ်ခံရသည့် အမျိုးသမီးရုပ်အလောင်း ၄လောင်းတွေ့

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့်ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တို့မှာ  စွန့်ပစ်ခံထားရတဲ့ အမျိုးသမီးရုပ် အလောင်းလေးခုတွေ့ရှိရပြီး ဒေသတွင်း ဥပဒေစိုးမိုးမှု အားနည်းတာကြောင့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 မတ်လ ၄ ရက် နံနက်ပိုင်းမှာ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက် အထက(၆) ကျောင်းရှေ့ အမှိုက်ပုံတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားတဲ့ အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသမီးမှာ အသက် ၄၅ နှစ် အရွယ် ခန့်ရှိပြီး ခြေထောက်တွင် ဆိုင်ကယ်ကြိုးဖြင့် ချည်နှောင်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတဦးကပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာတွင်လည်း သတ်ဖြတ်ပြီးစွန့်ပစ်ခံထားရတဲ့ အသက် ၁၅ နှစ်မှ ၁၈ နှစ်ဝန်းကျင်အရွယ် ဆယ်ကျော်သက် အရွယ်အမျိုးသမီးသုံးဦးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့မှာ ဒေသခံတွေကကတွေ့ရှိခဲ့ပါတယ်။

အဆိုပါအမျိုးသမီးရုပ်အလောင်းသုံးလောင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသကဲ့သို့ သက်ဆိုင်ရာ အာဏာပိုင် များကလည်း စုံစမ်းဖော်ထုတ်ခြင်းမရှိဘဲ ဒေသတွင်းရှိ ကျားဖြန့်လုပ်ငန်းများ၊ KTV များတွင် လာရောက်အလုပ်လုပ်နေတဲ့ အခြားဒေသမှအမျိုးသမီးများဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပါတယ်။

 Source –  Mizzima

စစ်အုပ်စုခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ခယ်မနဲ့ NLD ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သမီးအပါအဝင် ကာဘိုးရွာခံ ခြောက်ဦး ကို စစ်အုပ်စု ဖမ်းဆီး

 စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ခယ်မ (ညီအရင်းဖြစ်သူရဲ့ ဇနီး) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်နိုင်ရဲ့ သမီးအပါအဝင် ကာဘိုးရွာဒေသခံ ခြောက်ဦးကို PDF ထောက်ပံ့ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက မတ်လ ၃ ရက် က ဖမ်းဆီး သွားတယ်လို့ ဒေသ ခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

 စစ်အုပ်စုဝန်ကြီး ဦးမြတ်ကျော်ဟာ ကာဘိုးရွာဇာတိဖြစ်ပြီး ဖမ်းဆီးခံရတဲ့အထဲမှာ ဦးမြတ်ကျော်ရဲ့ခယ်မ၊ ဒေါက်တာမြင့်နိုင်ရဲ့ သမီး၊ ကာဘိုးရွာခံ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦး၊ ဝက်မွေးမြူရေးလုပ်ကိုင် နေသူတစ်ဦးနဲ့ အခြား နှစ်ဦး စုစုပေါင်း ခြောက်ဦး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးမှုအပြင် ကန့်ဘလူနယ် အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ ပေကြီးနဲ့ ငှက်ပျော တိုင်း ရွာတွေကို စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့ ဖေဖော်ဝါရီလ ၂၀ ရက် ကတည်းက စီးနင်းဖမ်းဆီးထားတဲ့ ပြည်သူ ၃၀ ကျော်လည်း ဒီကနေ့ထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

 Source – Mandalay Free Press

တောင်သာတွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ၆ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းရှိ နတ်စောင့်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံမှသိရပါတယ်။

 အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးငယ်နှစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးရှိခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် လည်းတောင်သာမြို့နယ် နတ်စောင့် ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်မှဂျက်တိုက်လေ ယာဉ်တစီး ပျံဝဲနေခြင်းကြောင့် နတ်စောင့်၊ အင်းတဲ၊ ပုဒါတ်စာကုန်း၊ ထန်းကျင်း၊ ထန်းပင်ခြံ စသည့် ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။

Source – Mizzima

လားရှိုး MNDAA မှ တစ်လတိတိ ဖမ်းဆီးထားသည့် မိန်းကလေး ပြန်လည်လွတ်မြောက်လာ

မတ်လ ၇ ရက် ညနေ ၃ နာရီခွဲတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်းတွင် အခြေချ တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့  MNDAA  မှ တစ်လကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို မိဘများထံ ပြန်လည်အပ်နှံလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းယော်က ကိုးကန့်တပ်တွေ ဖမ်းထားတဲ့ ကောင်မလေးကို ဒီနေ့လယ် ၃ နာရီခွဲအချိန်မှာ ပြန်လွှတ်ပေး လိုက် တယ်။ မိဘတွေကတော့ သူတို့သမီး ပြန်လွတ်လာလို့ မပြောပြတတ်အောင် ဝမ်းသာနေတယ်။ အဘက်ဘက်က ကူညီပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ စကားပါးလိုက်တယ်”ဟု မိသား စုနှင့် နီးစပ်သည့် ၎င်းဒေသခံ အမျိုးသားက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းက လေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပြန်ပစ်သတ်ခဲ့သည့် ကိုးကန့်တပ်သားနှစ်ဦးနှင့် ဆက်စပ် သည်ဟု စွပ်စွဲကာ MNDAA တပ်သားများမှ ၎င်းတို့ စခန်းချတပ်စွဲထားသည့် လုံမွန်းရွာ ဘုန်းကြီးကျောင်းသို့အ သက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

MNDAA ထံ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ ဦးဆောင်၍ “Free Nang Ying Hom” အွန်လိုင်းကမ်ပိန်းကိုလည်း ပြုလုပ်ထားပြီး “MNDAA မှ ဖမ်းဆီးသွားသော နန်းယိင်းဟွမ်ကို အမြန်လွှတ်ပေးပါ”၊ “Civilian is not Hostage” စသည့် စာသားများဖြင့် တောင်းဆိုခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များနှင့် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်နှင့် ထိုင်း စသည့် သံရုံးများသို့ လိပ်မူ၍ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ မတ်လ (၁) ရက်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ မိဘများမှ လားရှိုးမြို့သို့ လာရောက်၍ မြို့ပေါ်ရှိ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ နန်းယိင်း ဟွမ်ပြန်လည်လွတ်မြောက်ရေးအတွက် UWSA ‘ဝ’ဆက်ဆံရေးရုံးသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် သွားရောက် အကူ အညီတောင်းခံကာ လောက်ကိုင်မြို့ရှိ MNDAA ဌာနချုပ်သို့လည်း စာပေးပို့ခဲ့ကြောင်း သိရသည်။

Source – Shan News

မုံရွာ – မန္တလေးလမ်း၊ ချောင်းဦးနယ် တိုက်ပွဲမှာ သားအမိနှစ်ဦး အပါအဝင် ခရီးသွားပြည်သူ သုံးဦး သေဆုံး၊

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမှာ ယမန်နေ့က ခရီးသည်တင်ကားနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို တော် လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီးနောက် အသက် နှစ်နှစ် အရွယ် ကလေးနဲ့ မိခင်ဖြစ်သူ အပါအဝင် ခရီးသွားပြည်သူ သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသူ သားအမိ နှစ်ဦးဟာ မုံရွာမြို့ခံပြည်သူတွေ ဖြစ်ပြီး ကလေးငယ်ဟာ အသက် နှစ်နှစ်အရွယ်နဲ့ မိခင်ဖြစ်သူက အသက် ၃၀ ၀န်းကျင် ဖြစ်ပြီး၊ မိခင်ဖြစ်သူ သေနတ်ထိမှန် သေဆုံးပြီးနောက် ကလေးငယ်က ဒဏ်ရာကို အချိန်မီ ဆေးမကု နိုင်လို့ သေဆုံးတာ ဖြစ်နိုင်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အထက်ပါ သားအမိနှစ်ဦးအပြင် နောက်ထပ် အသက်ကြီးပိုင်း အမျိုးသမီး တစ်ဦးလည်း သေဆုံးပြီး အဲ့ဒီ သေဆုံးသူ အမျိုးသမီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မုံရွာ-မန္တလေး လမ်းတလျှောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံရလေ့ ရှိတဲ့အတွက် ခရီးသွားပြည်သူတွေကို လူသားဒိုင်း ပြုလုပ်ပြီး ခရီးသည် တင်ကားတွေနဲ့ သွားလာ လှုပ်ရှားလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source – Mandalay Free Press

ပလက်ဝဒေသခံ သူနာပြုဆေးဆရာမတွေ ဆေးရောင်းခွင့်၊ ကုသခွင့်တွေကို AA ကတားမြစ်ပိတ်ပင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပလက်ဝဒေသခံသူနာပြုဆေးဆရာမတွေ ဆေးရောင်းခွင့်နဲ့ ကုသခွင့်ကို အာရက္ခတပ် တော် (AA)က တားမြစ်ပိတ်ပင်တာတွေ လုပ်နေတယ်လို့ ပလက်ဝဒေသခံတွေဆီက သိရပါတယ်။

 ပလက်ဝဘက်မှာ အိန္ဒိယ၊ ရန်ကုန်၊ ဟားခါး စတဲ့တခြားဒေသဖက်တွေ မထွက်ပြေးနိုင်တဲ့ ဆေးဆရာ၊ ဆရာမတွေကိုလည်း ဆေးရောင်းပိုင်ခွင့်တွေ တားမြစ်တာတွေလုပ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

 CDF – ပလက်ဝနဲ့ CNA ဆက်နွယ်တဲ့သူမှန်သမျှကို ဖမ်းဆီးတာတွေ တောက်လျောက်လုပ်နေတာကြောင့်    အခုလို သူနာပြု ဆေးဆရာမတွေ ဆေးရောင်းခွင့်ပိတ်တာက CDF – Paletwah တပ်သားတွေဆီ ဆေးပံ့ပိုးမှာ မလိုလားတာ တွေကြောင့် အခုလိုတားမြစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Source -Chin World

 ပုသိမ်မှာ စစ်မှုထမ်းစာရင်းပါလူငယ်တွေထွက်ပြေးလို့ မိခင်ဖြစ်သူကိုဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်မှုထမ်းဖို့ နာမည်ပြောင်း စာရင်းထည့်ခံရတဲ့ လူငယ်တွေ ထွက်ပြေးလို့ စစ်ကောင်စီတပ်က လူငယ်လေးတွေရဲ့ မိခင်ကို မတ်လ ၃ ရက်မှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေးက ရေခဲစက်ဟောင်း တက်ဆိပ်ဘက်မှာ မတ် ၂ ရက် ညပိုင်းက စစ်မှုထမ်းဖို့အတွက် မြို့နယ်က စာလာတယ်ဆိုပြီး လယ်ထွန်စက်မောင်းတဲ့ လူငယ်တယောက်ကို ဖုန်းနဲ့ဆက်ပြီး ခေါ်တာ ကြောင့် လူငယ်က ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ထွက်ပြေးတဲ့ လူငယ်အစား ညီဖြစ်သူကို အစားထိုးထည့်ဖို့ လုပ်တဲ့ အတွက် ညီဖြစ်သူပါ နောက်ထပ် ထွက်ပြေးသွားတာကြောင့် မိခင်ဖြစ်သူကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

အဲဒီလူငယ်တွေဟာ စစ်မှုထမ်းအတွက် အမှန်တကယ် အခေါ်ခံရတာမျိုးမဟုတ်ဘဲ အထက်ကပေးတဲ့ စာရင်းကို အစား ထိုး ထည့်ဖို့အတွက် အုပ်ချုပ်ရေးမှူးရဲ့ လိမ်လည် ခေါ်ယူခြင်းခံရတဲ့သူတွေလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပုသိမ်မြို့မှာ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် လူငယ်တွေကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လာဘ်စားတာနဲ့ တခြားလူစားထိုးတာတွေ မလုပ်တော့စေဖို့ ဆိုပြီး ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့် စာအိတ်နဲ့ပေးကာ ခေါ်ယူနေပြီး အောက်ခြေမှာ ငွေကြေးပေးနိုင်တဲ့သူအပေါ် မူတည်ပြီး လူစာရင်းချိန်းတာ၊ အစားထိုးနာမည် ပြောင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

Source –  DVB

Author:

Related Articles